မကြာခင်က ထွက်ရှိလာသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက မြန်မာနိုင်ငံစီးပွားရေးသည် ၂၀၂၀-၂၁ခု ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ ၁၈ ရာခိုင်နှုန်း ထိုးကျသွားလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ စစ်အာဏာမသိမ်းမီ ၂၀၂၀ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့သည့် အစီရင်ခံစာမှာတော့ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးကို ယခုဘဏ္ဍာရေးနှစ်၌ ၂ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု ခန့်မှန်းထားသဖြင့် စစ်အာဏာသိမ်းမှုက မြန်မာ့စီးပွားရေးကို ၂၀ ရာခိုင်နှုန်းထိုးကျစေသည်ဟု ဆိုရမည်ဖြစ်သည်။
ယခုလက်ရှိပြင်းထန်စွာ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉တတိယလှိုင်းမတိုင်ခင်ကပင် Fitch Solutions ကမြန်မာ့စီးပွားရေးကို ၂၀ ရာခိုင်နှုန်းလျှော့ကျလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ နိုင်ငံတနိုင်ငံ၏ ဂျီဒီပီသည် ထိုမျှလောက် ထိုးကျခြင်းသည် နိုင်ငံသူနိုင်ငံသားများအတွက် မည်မျှထိခိုက်မည်ဆိုသည်မှာ မတွေးဝံ့စရာပင်ဖြစ်သည်။
စစ်ကောင်စီသာ အဓိကတရားခံ
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် စစ်အာဏာသိမ်းခြင်းနှင့် ကိုဗစ်-၁၉ တတိယလှိုင်း သည် မြန်မာ့စီးပွားရေးကို ယခင်ပထမနှင့် ဒုတိယလှိုင်းများထက် ဆိုးဝါးစွာထိခိုက်စေပြီး ၁၈ ရာခိုင်နှုန်းခန့် ထိုးကျသွားစေမည်ဟုဖေါ်ပြထားသည်။ တကယ်တော့ အဓိကတရားခံမှာ အာဏာသိမ်းစစ်ကောင်စီသာဖြစ်သည်။ တတိယလှိုင်း ယခုလို ဆိုးဝါးစွာဖြစ်ပေါ်ရခြင်းမှာလည်း ၎င်း၏ တာဝန်မဲ့လုပ်ရပ်များကြောင့်သာဖြစ်သည်။
အလုပ်အကိုင် ၁ သန်းခန့် ဆုံးရှုံးသွားမည်၊ ကျန်အလုပ်ရှိသူများလည်း ဝင်ငွေလျှော့နည်းသွားကြမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်း၂ ဆမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ ပြည်သူပြည်သားများ မည်မျှဒုက္ခရောက်တော့မည်ကို ခန့်မှန်းကြည့်နိုင်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ပြည်သူလူထုမှာ နေ့စဉ်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ခံစားနေရပြီး ယခုတတိယလှိုင်းတွင်တော့ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ မဆုံးရှုံးသူ မရှိသလောက်ဖြစ်သည်။
စစ်ကောင်စီသာ အဓိကတရားခံဆိုသည်မှာ အကြောင်းမဲ့ပြောခြင်းမဟုတ်။ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ခန့်မှန်းချက်များအားလုံးတွင် အာဏာသိမ်းမှုနောက်ပိုင်း ဘဏ်များအကျပ်အတည်းဖြစ်လာခြင်း၊ ငွေထုတ်ရန် အင်မတန်ခက်ခဲခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဝန်ထမ်းများ၏ စီဒီအမ်(CDM)လှုပ်ရှားမှုများက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိလွယ်ရှလွယ်ဖြစ်နေသည့် စီးပွားရေးကို ဖြိုချဖျက်ဆီးပစ်လိုက်သည်ဟု ရေးသားတင်ပြကြသည်။
အဓိက စီးပွားရေးကဏ္ဍ ထိခိုက်ပျက်စီးရခြင်းသည် ပြည်သူလူထု၏ စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့မှု ဖြစ်သည်။ ဆက်စပ်၍လည်း ပြည်သူလူထုအများစုသည် မိမိတို့၏ အနာဂတ်မျှော်လင့်ချက်များ ကင်းမဲ့ပျောက်ကွယ်သွားပြီးဟု ခံစားရမှုကြောင့်လည်း စီးပွားရေးသည် ပိုမိုထိခိုက်လာရသည်။
ယခုတတိယလှိုင်း ဆိုးဝါးစွာဖြစ်ပေါ်နေရခြင်းမှာလည်း စစ်ကောင်စီ၏ မဆင်မခြင် ကျောင်းများနှင့် အများပြည်သူစုဝေးရာ WaterBoom လို အပန်းဖြေပန်းခြံများ၊ ကာရာအိုကေများ၊ စားသောက်ဆိုင်များကို အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ကူးစက်မှုများဆိုးဝါးနေချိန်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များကြား ခရီးသွားလာမှုများအား ထိန်းချုပ်ခဲ့သော စနစ် ပြိုပျက်သွားခြင်းကြောင့်လည်း ကူးစက်မှုသည် နိုင်ငံအဝှမ်းပြန့်ပွားနေရခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ဘေးကို အောင်မြင်စွာ ထိန်းချုပ်ကာကွယ်တာဆီးရေးနိုင်ရန် နိုင်ငံရေးတည်ငြိမ်မှု အထူးအရေးကြီးသည်ကို ကိုဗစ်-၁၉ ကပ်ဘေးအစမှပင် အမေရိကန်နိုင်ငံက သက်သေပြခဲ့သည်။ ခေါင်းဆောင်မှု၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ပြည်သူလူထု၏ အစိုးရအပေါ်ယုံကြည်မှုသည် ကိုဗစ်-၁၉ ကပ်ဘေးကို ထိရောက်စွာ တုန့်ပြန်မှုအတွက် အဓိကကျကြောင်းကို အမေရိကန်နိုင်ငံက သက်သေပြခဲ့သည်။ နိုင်ငံခေါင်းဆောင်သည် မိမိအာဏာရရှိရေး၊ နိုင်ငံရေးအမြတ်ထုတ်ရေးကိုသာ ဦးစားပေးပြီး တိုင်းသူပြည်သားများ၏ အသက်ကိုလောင်းကြေးထပ်သည့် သမ္မတထရန့်လို ခေါင်းဆောင်မျိုးကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ကို ထိရောက်စွာ တားဆီး ကာကွယ်ထိန်းချုပ်နိုင်သည့် အင်အားစွမ်းပကားရှိပင်သော်ငြားလည်း လူပေါင်း ၃၄ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၆ သိန်းကျော် သေဆုံးခဲ့ရသည်။
သမ္မတထရန့်သည် အစိုးရအဖွဲ့ခေါင်းဆောင် အကြီးအကဲဖြစ်သော်ငြား မိမိအစိုးရ အဖွဲ့ဋ္ဌာနများ၊ ပြည်နယ်အစိုးရများ (အထူးသဖြင့် ဒီမိုကရက်ပါတီဝင် အုပ်ချုပ်ရေးမှူးများ၏) ၏ ထုတ်ပြန်သည့် အမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာရန် ယုံကြည်မှုမရှိရန် မြှောက်ထိုးပင့်ကော်လုပ်ခြင်း၊ စည်းလုံးညီညွတ်မှုပျက်ပြယ်အောင် ပြုလုပ်ခြင်းတို့ကြောင့် လူ့အသက်တန်ဘိုးများ အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ရမှုသည် အကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် ပြည်သူများ၏ အစိုးရအပေါ်ယုံကြည်မှုတို့က မည်မျှအရေးကြီးကြောင်းကို မီးမောင်းထိုးပြခဲ့သည်။
အခြားလက်တင်အမေရိကတိုက်ရှိ နိုင်ငံရေးတည်ငြိမ်မှု အားနည်းသည့် ဘရာဇီး၊ ပီရူး၊ အာဂျင်တီနား၊ကိုလံဘီယာ အစရှိသည့်နိုင်ငံများ၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းမြင့်မားခဲ့ရသည်။ ယခုလက်ရှိ ဒုတိယ၊ တတိယလှိုင်းများ၌လည်း ဘာသာရေးအစွန်းရောက်မှုနှင့် ခွဲခြားမှုများရှိသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၊ နိုင်ငံရေးအကွဲအပြဲများသည့် ထိုင်း၊ မလေးရှားနိုင်ငံများတွင် ကူးစက်မှုနှုန်းများခြင်း၊သေဆုံးမှုနှုန်းများခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုတွင် နောက်ကျနေခြင်းတို့ကို တွေ့နိုင်သည်။
မြန်မာနိုင်ငံ ဗင်နီဇွဲလားလို ဖြစ်လာနိုင်သလား
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ကပ်ဘေးနှင့် စစ်အာဏာသိမ်းခြင်းသာ မဖြစ်ခဲ့လျှင် လက်ရှိအချိန်တွင် နိုင်ငံဂျီဒီပီသည် ၂၀၁၉ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နိုင်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖေါ်ပြထားသည်။ ယခုအခါတွင်တော့ ၂၀၂၁ ခုနှစ်၌ ယခင်နှစ်ကထက်ပင် ၁၈ ရာခိုင်နှုန်း ထိုးကျတော့မည်ဖြစ်သည်။
၂၀၂၂ ခုနှစ်၌ လည်း ဆင်းရဲမှုနှုန်း၂ ဆတက်၍ လူဦးရေ၏ထက်ဝက်နီးပါး ဆင်းရဲမှုဒဏ်ခံစားရဦးမည်ဆိုသောကြောင့် နောက်၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင်လည်း ဂျီဒီပီသည် ဆက်လက်ဆိုးဝါးစွား ကျဆင်းနိုင်သည့် အလားအလာများ ရှိနေသည်။ အထူးသဖြင့် လက်ရှိကိုဗစ်-၁၉ တတိယလှိုင်းနှင့် ကူးစက်မှုများကို မထိန်းချုပ်နိုင်လျှင်ဖြစ်သည်။ ထို့ပြင် စစ်ကောင်စီ အာဏာမစွန့်သရွေ့လည်း လူမှုစီးပွားအခြေအနေအရပ်ရပ်သည် ဆိုးဝါးသည်ထက်ဆိုးဝါးလာပြီး ကျရှုံးနိုင်ငံ လမ်းကြောင်းသို့ ဦးတည်နေပြီဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံသည် လက်တင်အမေရိကားတိုက်တွင် ချမ်းသာပြီး ရေနံပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ၂၀၁၃ခု နှစ် စာရင်းဇယားအရ တဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈ ထောင်ကျော် ၉ ထောင်နီးပါးရှိသည့် နိုင်ငံဖြစ်သည်။ အာဏာရှင် Hugo Chavez နဲ့ သူ့တပည့်နောက်လိုက် Nicolas Maduro တို့ အာဏာရပြီး အုပ်ချုပ်ချိန်မှစ တိုင်းပြည်စီးပွားရေးပျက်စီးလာခဲ့သည်မှာ ယခုအခါ ဗင်နီဇွဲလားနိုင်ငံ၏ ၂၀၂၀ ခုနှစ် ဂျီဒီပီသည် ၂၀၁၃ ခုနှစ်က ထက် ၇၅ ရာခိုင်နှုန်းကျော် နိမ့်ကျသွားခဲ့သည်။ နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းကျော်ဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသား ၅ သန်းကျော်သည် ဒုက္ခသည်အဖြစ် ပြည်ပနိုင်ငံများတွင် ခိုလုံနေရသည်။ ငွေကြေးဖေါင်းပွမှုနှုန်းသည်လည်း ၂၀၁၉ ခုနှစ်က ၉၅၈၅ ဒဿမ ၅ ရာခိုင်နှုန်း ရှိ ခဲ့သည်။ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည်လည်း ဆင်းရဲတွင်းထဲ သက်ဆင်းနေရပြီဟု သိရသည်။
ထိုအခြေအနေထိ ဗင်နီဇွဲလားနိုင်ငံရောက်ရှိရခြင်းမှာ အာဏာကို အလွဲသုံးစားလုပ်ခဲ့သည့် Hugo Chavez အစိုးရနှင့် အာဏာကို မတရား ဆက်လက်သိမ်းပိုက်ထားသည့် Nicolas Maduro အစိုးရကြောင့်သာဖြစ်သည်။ ၂၀၁၇ ခုနှစ်၌ အမေရိကန်အစိုးရက ချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကြောင့် မဟုတ်ဟု ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ Ricardo Hausmann က သူ၏ဆောင်းပါးများတွင် အချက်အလက်စုံလင်စွာဖြင့် ရေးသားတင်ပြခဲ့သည်။
နိုင်ငံပိုင်ရေနံကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်း ၂ သောင်းကျော်ကို Hugo Chavez အစိုးရက အလုပ်ဖြုတ်ခဲ့ခြင်း ကြောင့်လည်း ရေနံထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရေနံဈေးနှုန်းများကျဆင်းသည့်အခါ တိုင်းပြည်အခွန်ဘဏ္ဍာများစွာ ထိခ်ိုက်သွားခဲ့သည်။ တချိန်တည်းမှာပင် အစိုးရများသည် တိုင်းပြည်တွင် လိုအပ်နေသည့် ဆေးဝါးများ၊ မရှိမဖြစ် လိုအပ်သည့် စားသောက်ကုန်များကို ဝယ်ယူတင်သွင်းခြင်းထက် ရုရှား၊ တရုတ်တို့၏ ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းက လူသားခြင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဆိုးဝါးစွာဖြစ်ပေါ်စေသည်။ ဆရာဝန်ပေါင်း မြောက်မြားစွာ နိုင်ငံကို စွန့်ခွာသွားခြင်းကလည်း ကျန်းမာရေးယန္တရား ချည့်နဲ့သွားခဲ့ပြီး ယခင်က တိုက်ဖျက်နိုင်ခဲ့သည့်ငှက်ဖျား၊ ဝက်သက်ရောဂါများကအစ ပြန်လည်ဖြစ်ပွားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ ထိုကဲ့သို့သော အခြေအနေ ရောက်ရှိရခြင်းမှာ မိမိအာဏာတည်မြဲရေးတခုတည်းကိုသာ ရှေးရှုသည့် အာဏာရှင်အစိုးရကြောင့်သာဖြစ်ပြီး စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့် မသက်ဆိုင်ကြောင်းတွေ့ရသည်။ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အဂတိလ်ိုက်စားမှု တိုးပွားလာခြင်း၊ ရာဇဝတ်ဂိုဏ်းများက စိုးမိုးချယ်လှယ်လာမှုတို့က နိုင်ငံကို ချောက်ထဲတွန်းပို့ခဲ့၍ မူးယစ်ဆေးဝါးတင်ပို့မှုက ဒေသတွင်းနိုင်ငံများကို ဒုက္ခများစွာဖြစ်စေသလို၊ ဒုက္ခသည်ပြဿနာကိုလည်း အိမ်နီးချင်းနိုင်ငံများ ရင်ဆိုင် ဖြေရှင်းနေရသည်။
ထိုမျှလောက် အခြေအနေရောက်သည့်အထိ တိုင်းပြည်မျက်နှာမထောက်သည့် အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်းက မပြေလည်နိုင်ကြောင်းကိုလည်း Ricardo Hausmann နှင့် ပညာရှင်အချို့က ထောက်ပြခဲ့သည်။ နိုင်ငံတကာကို အဓိကတိုက်တွန်းသည်မှာ ပြည်သူလူထုအကျိုးရှိမည့် စေ့စပ်ညှိနှိုင်းမှု၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အာဏာရှင် Maduro နှင့် ယင်း၏လက်ပါးစေများ အကျိုးစီးပွားကို ပိုမိုထိခိုက်စေသည့် စီးပွားရေးနှင့် အခြားအရေးယူဒဏ်ခတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့အနေဖြင့် လက်ရှိအခြေအနေသည် အာဏာကိုစွဲကိုင်၍ ထင်တိုင်းကြဲနိုင်သည့် အခြေအနေဖြစ်ခြင်းကြောင့် အာဏာစွန့်ရမည့်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်မည့် ဒီမိုကရေစီအစိုးရမျိုးပေါ်ထွန်းလာရေးကို စိတ်ဝင်စားမည် မဟုတ်ဘဲ စစ်မှန်သည့် စေ့စပ်ညှိနှိုင်းမှုမျိုးကိုလည်း ပြုလုပ်မည်မဟုတ်ဟု Ricardo Hausmannနှင့် အခြားပညာရှင်များက ထောက်ပြကြသည်။ ယင်းတို့အကျိုးစီးပွားထိခိုက်မှသာလျှင် စစ်မှန်သည့် စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ အခြေအနေသည်လည်း ဗင်နီဇွဲလားနိုင်ငံလိုပင်။ စစ်ကောင်စီသည် အာဏာကို မရရသည့် နည်းဖြင့် ဆုပ်ကိုင်ဦးမည်သာဖြစ်ပြီး စစ်မှန်သည့်စေ့စပ်ညှိနှိုင်းဆွေးနွေးမှုမျိုးကို ပြုလုပ်မည်ဟု မထင်ရပါ။ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးနှုန်းမြင့်တက်နေချိန်၊ ပြည်သူလူထုက ရှိသမျှအင်အားဖြင့် မိသားစုဝင်များ၏ အသက်ကို ကယ်တင်ရန် အောက်ဆီဂျင်ရှာဖွေနေစဉ် အောက်ဆီဂျင်စက်ရုံများကို ထိန်းချုပ်ပစ်ခြင်း၊ သေဆုံးမှုကို လျှော့ချရန် လိုအပ်သည့်ဆေးဝါးနှင့် အောက်ဆီဂျင်များ ပြည်သူအတွက် ရှာဖွေစုဆောင်းပေးခြင်းထက် မီးသဂြိုလ်စက်များ ထပ်မံတပ်ဆင်ခြင်းက ၎င်းတို့၏စေတနာကို သဘောပေါက်နိုင်သည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဗင်နီဇွဲလားထက်ပင် မြန်ဆန်စွာ ၂၀၁၉ ခုနှစ် ဂျီဒီပီအောက် ၅၀ ရာခိုင်နှုန်းကျော် မကြာခင်အချိန်အတွင်း ကျဆင်းသွားနိုင်သလို ကျန်းမာရေးဝန်ထမ်း ၅၀ ရာခိုင်နှုန်းကျော်လျှော့နည်းသွားသည့် ကျန်းမာရေးကဏ္ဍကလည်း ပြည်သူလူထု၏ ဆိုးဝါးနေသည့် ကျန်းမာရေးအခြေအနေများကို ကုစားပေးရန် မလွယ်ကူပါ။ ပညာရေးကလည်း ဆိုးဝါးသည်ထက် ဆိုးဝါးလာရန်သာ ရှိသည်။
မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ပြုန်းတီးမှု၊ လူကုန်ကူးမှုများတိုးပွားလာမှု၊ မူးယစ်ဆေးဝါးတင်ပို့မှုနှင့် ဒုက္ခသည်ပြဿနာများသည် အိမ်နီးချင်းနိုင်ငံများအတွက် ခေါင်းခဲစရာကြီးမားသည့် အကျပ်အတည်းဖြစ်လာနေပြီဖြစ်သည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကလည်း အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်လာမည်ဖြစ်သည်။
အထက်ပါအချက်များကြောင့် နိုင်ငံတကာအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့်ပတ်သက်ပြီး Ricardo Hausmann အကြံပြုသလို စစ်ကောင်စီနှင့် လက်ပါးစေများ၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံးထိခ်ိုက်အောင်ပြုလုပ်ခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်၍ ပေးအပ်ခြင်းသာ စစ်ကောင်စီကို ဖယ်ရှားရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေး အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(လင်းထက်မြက်သည် လူထုရေးရာ မူဝါဒ လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို
ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူများ
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လျှပ်စစ်ကဏ္ဍ ဖရိုဖရဲဖြစ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ