မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆိုခဲ့သောနိုင်ငံများသည် ၎င်းတို့အတွက် လျှော်ကြေးများကို တောင်းခံရန် အနုညာတ ခုံရုံးတွင် စတင် တင်သွင်းနိုင်သည်။
ဆုံးရှုံးနိုင်ခြေများရှိသော်လည်း မြန်မာ့ထွန်းသစ်စ စီးပွားရေးသည် ရင်းနှီးမြှုပ်နှံရန်နေရာ ဖြစ်သည်ဟုထင်သော အညံ့ဖျင်းဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် သဲနှင့်တည်ဆောက်ထားသော မျှော်လင့်ချက်ရဲတိုက်သည် စီးပွားရေးပြိုလဲမှုနှင့်အတူ ပြိုကျသွားသည်ကို မြင်နေကြရသည်။ အာဏာသိမ်းပြီးနောက် စီးပွားရေးပတ်ဝန်းကျင်တွင် အခက်အခဲများနှင့်ပြည့်နေသောကြောင့် ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို နှစ်ဘက်သဘောတူစာချုပ်များဖြင့် အကာအကွယ်ပေးထားသောကြောင့် ထိုဆုံးရှုံးမှုများအတွက် မြန်မာအစိုးရက လျှော်ကြေးပေးသင့်သည် မဟုတ်ပါလော ဆိုသည့်မေးခွန်းသည် လူအများ နှုတ်ဖျားတွင်ရောက်နေသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် စစ်အုပ်ချုပ်ရေးသည် လူမှုတည်ငြိမ်ရေးကို တစုံတရာ အာမခံချက်ပေးသည်ဆိုသည့် ယုံတမ်းစကားကို ဖျက်သိမ်းလိုက်ပြီး ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဆုံးရှုံးမှုများကို မည်သို့ပြန်လည်ရယူမည်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေကာ အချို့ကုမ္ပဏီများသည် ဥပဒေကြောင်းအရ လုပ်ကိုင်ခြင်းကို စဉ်းစားလာသည်။
မြန်မာဥပဒေကို ကြည့်ပါ။ နိုင်ငံခြားကုမ္ပဏီတခုသည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို စစ်တပ် သို့မဟုတ် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းတခု၏ လုပ်ဆောင်မှုများ သို့မဟုတ် စစ်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိခိုက်ပါက ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ ပဋိညာဉ် သို့မဟုတ် ပြည်တွင်းဥပဒေ ချိုးဖေါက်မှုအတွက် မြန်မာနိုင်ငံအပေါ် ဥပဒေကြောင်းအရ ကုစားမှုတောင်းခံနိုင်သည်။ မြန်မာနိုင်ငံနှင့် ရင်နှီးမြှုပ်နှံမှုသဘောတူညီချက် လက်မှတ်ရေးထိုးထားသော နိုင်ငံများမှ လာသော ကုမ္ပဏီများသည် ၎င်းတို့၏ ရပိုင်ခွင့်များကို ရရှိရန် အနုညာတ ကြားနာမှုကို စတင်နိုင်သည် ဟု မြန်မာစစ်အာဏာသိမ်းမှု – နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဘာဆက်လုပ်မလဲ (“Coup d’etat in Myanmar – What Next for Foreign Investors?”) အမည်ရှိ မကြားသေးမီက ထုတ်ဝေသော ဆောင်းပါးတွင် ဆွစ် ဥပဒေ အတိုင်ပင်ခံလုပ်ငန်း Lalive မှ Lorraine de Germiny and Vincent Reynaud တို့က ရေးသားခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဆုံးရှုံးမှုများကို မည်သို့ပြန်လည်ရယူမည်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေကာ အချို့ကုမ္ပဏီများသည် ဥပဒေကြောင်းအရ လုပ်ကိုင်ခြင်းကို စဉ်းစားလာသည်။
မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု မူဝါဒများပြောင်းလဲလိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံရာ နေရာဖြစ်လာသည်။ ထို ပြောင်းလဲလိုက်သော ရင်းနှီးမြှုပ်နှံမှုမူဝါဒ အဓိကသွင်ပြင်လက္ခဏာများမှာ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ (MIL) ကို ပြဋ္ဌာန်းခြင်းနှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ (MIR) ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း မူဘောင်အတွင်းမှ နိုင်ငံတကာကုန်သွယ်ရေးသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားသည်။
နိုင်ငံခြားကုမ္ပဏီများ အလုံးအရင်းနှင့် ထွက်ခွာခြင်း
နိုင်ငံခြားသား စီးပွားရေးသမား အများအပြားသည် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီက အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းတို့ကြောင့် အားလျှော့စိတ်ပျက်ကာ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တီး ကပ်ရောဂါတို့ကြောင့် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းကျော် ကျုံ့ပြီး လွန်စွာအထိနာနေသော မြန်မာ့စီးပွားရေးကို အယုံအကြည်မရှိတော့ပေ။
သို့သော် အာဏာသိမ်းစစ်ကောင်စီသည် အကောင်းမြင်များကိုသာ လမ်းကြောင်းနေသည်။ ၎င်းသည် လက်ရှိဖြစ်ပေါ်နေသည့် ပြည်ပကုမ္ပဏီများ နိုင်ငံမှ အလုံးအရင်းနှင့် စွန့်ခွာနေခြင်းကို ပိုမိုဆိုးစေလိုခြင်း မရှိပေ။ ယခုလအစောပိုင်းက နော်ဝေးနိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောသည် စစ်ကောင်စီအောက်တွင် လုပ်ကိုင်ရသည်မှာ လွန်စွာခက်ခဲကြောင်းပြောကြားပြီး မြန်မာစီးပွားရေးလောကမှ ထွက်ခွာသွားသဖြင့် မြန်မာနိုင်ငံမှ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခု ထွက်ခွာသွားခြင်းဖြစ်သည်။ စစ်ကောင်စီက ၎င်း၏မိုဘိုင်းလုပ်ငန်းကို အပြင်းအထန် ကန့်သတ်သောကြောင့် တယ်လီနောသည် မြန်မာနိုင်ငံမှလုပ်ငန်းကို လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း M1 အုပ်စု သို့ရောင်းချလိုက်သဖြင့် ခရိုနာ ၆ ဒဿမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇၃၀ နီးပါး) အရှုံးပေါ်သွားသည်။
တယ်လီနောသည် စစ်ကောင်စီအောက်တွင် လုပ်ကိုင်ရသည်မှာ လွန်စွာခက်ခဲကြောင်းပြောကြားပြီး မြန်မာစီးပွားရေးလောကမှ ထွက်ခွာသွားသဖြင့် မြန်မာနိုင်ငံမှ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခု ထွက်ခွာသွားခြင်းဖြစ်သည်။
အဓိက နိုင်ငံတကာလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို စစ်ကောင်စီနှင့် ခပ်ကင်းကင်းနေကြသည်။ ကိုကာကိုလာ၊ ကမ္ဘာ့ဘဏ်နှင့် မက်ကင်ဆေးတို့က ၎င်းတို့သည် ရန်ကုန်ရှိ စစ်တပ်ပိုင်မြေတွင် တည်ဆောက်ထားသော ဆူးလေးစကွဲအဆောက်အအုံမှ ထွက်ခွာသွား သို့မဟုတ် ငှားရန်းထားခြင်းကို ပြန်လည်သုံးသပ်နေကြောင်း BBC သတင်းဌာနသို့ပြောသည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့ ထုတ်ချေးမည့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၃ ဘီလီယံကို ယခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ဆိုင်းငံ့ထားလိုက်ပြီး အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း မတ်လ ၁၀ ရက်နေ့တွင် အလားတူ လုပ်ဆောင်ကာ ချေးငွေ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅၇ ဘီလီယံကို ဆိုင်းငံ့လိုက်ကာ အဖွဲ့အစည်းနှစ်ခုလုံးက ၎င်းတို့စိတ်မချမ်းမြေ့မှုကို ပြင်းပြင်းထန်ထန်ဖေါ်ပြခဲ့သည်။
ထိုသို့ အလုံးအရင်းနှင့် ထွက်ခွာနေသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် စစ်ကောင်စီက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တာဝန်ပေးသည်။ သို့သော် ထိုရင်းနှီးမြှုပ်နှံမှုဌာနတွင်လည်း ဝန်ထမ်း ၈၀ ကျော်က သပိတ်မှောက်နေသောကြောင့် ဖရိုဖရဲဖြစ်နေပြီး ဧပြီလတွင် အလုပ်မှ ထုတ်ပယ်လိုက်သည်။
ဥပဒေအရ အရေးယူပြီးလျှော်ကြေးတောင်းရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုပြင်းထန်လာပြီး အထူးသဖြင့် သတ္တုတူးဖေါ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ပြင်းထန်လာသည်။ ထိုကဏ္ဍများသည် သယ်ယူပို့ဆောင်ရေး ပြဿနာများ ရင်ဆိုင်ရပြီး အချို့သည် ၎င်းတို့၏ လုပ်ငန်းများကိုပင် ဆိုင်းငံ့ထားရသည်။ ထိုကုမ္ပဏီများအနက်အချို့က လုပ်ငန်းခွင်သို့ မသွားရန် ဝန်ထမ်းများကို ညွှန်ကြားထားသည် သို့မဟုတ် အန္တရာယ်ပေးခံရ၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်း မရှိဖြစ်နေကြသည်။ မတည်ငြိမ်မှု အများအပြားမှာ အဓိက စီးပွားရေးဆိပ်ကမ်းမြို့ဖြစ်သော ရန်ကုန်တွင်ဖြစ်ပွားသောကြောင့် စီးပွားရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေပြီး ကုန်ကြမ်းနှင့် ပိုု့ကုန်များ နှောင့်နှေးနေသည်။ အင်တာနက်နှင့် ဆက်သွယ်ရေး မကြာခဏပြတ်တောက်သောကြောင့် နိုင်ငံတဝှမ်း စီးပွားရေးများကို ထိခိုက်နေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို MIL နှင့် MIR အောက်တွင် အကာအကွယ်ပေးထားသည်။ ပထမအချက်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များ ဆုံးရှုံးသွားစေမည့် ပိုင်ဆိုင်မှုကို သိမ်းယူခြင်း သို့မဟုတ် လွှဲပြောင်းခြင်း စသည့် ပြည်သူပိုင်သိမ်းခြင်းမှ အကာအကွယ် ပေးထားသည်။ ထိုဥပဒေများနှင့် နည်းဥပဒေများက အများပြည်သူအကျိုးအတွက် မဟုတ်လျှင် ပြည်သူပိုင် သိမ်းခြင်းကို တားမြစ်ပြီး ခွဲခြားဆက်ဆံခြင်းမရှိဘဲ သိမ်းယူလျှင်လည်း ချက်ခြင်းမျှတလုံလောက်သော လျှော်ကြေးပေးရမည်ဖြစ်သည်။ မျှတသော လျှော်ကြေးဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှု၏ ဈေးကွက်ပေါက်ဈေးဖြစ်ကြောင်း MIL တွင်ဖွင့်ဆိုထားသော်လည်း အများပြည်သူအကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးအမြတ် ရနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားသည်။
ဒုတိယအကာအကွယ်မှာ ရင်းနှီးမြှုပ်နှံသူများကို မျှတပြီး ညီမျှသောဆက်ဆံရေး (FET) ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတကို ထိခိုက်စေမည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရပိုင်ခွင့်ကို အာမခံထားသည်။ ထို့အပြင် အစိုးရက ချထားပေးသော ရင်းနှီးမြှုပ်နှံမှု လိုင်စင်နှင့် ပါမစ်များ၏ သက်တမ်းအပြောင်းအလဲအပါအဝင် အစိုးရ၏ အစီအမံများကို စိစစ်အယူခံခွင့်လည်းပေးထားသည်။ အားလုံး၏ ပြောကြားချက်များအရ အာဏာသိမ်းမှုအတွင်း ရင်းနှီးမြှုပ်နှံသူများသည် FET ကို ခံစားခွင့်မရကြပေ။
ဥပဒေအရ အရေးယူပြီးလျှော်ကြေးတောင်းရေးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုပြင်းထန်လာပြီး အထူးသဖြင့် သတ္တုတူးဖေါ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ပြင်းထန်လာသည်။
တတိယအကာအကွယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံသားများနှင့် ခွဲခြားဆက်ဆံမှု မပြုရေးဖြစ်သည်။ (သို့သော် မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံသားများသည် မျက်သာနှာပေးဆက်ဆံရေးကို ရနေကြသည်။) ထိုအကာအကွယ်များအားလုံးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသို့ စနစ်တကျပေးခဲ့ပုံမရပေ။ စတုတ္ထအကာအကွယ်မှာ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော ငွေများကို အချို့စည်းကမ်းချက်များဖြင့် လွတ်လပ်စွာ လွှဲပြောင်းပေးခွင့်ဖြစ်သည်။
အနုညာတ စီရင်မှု လုပ်ငန်းစဉ်
ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတော်အကြား မည်သည့်အငြင်းပွားမှုကိုမဆို ၂၀၂၀ ခုနှစ်က ထူထောင်လိုက်သည့် ရင်းနှီးမြှုပ်နှံသူ နစ်နာမှုဖြေရှင်းရေးယန္တရားဖြင့် ချစ်ကြည်ရင်းနှီးစွာဖြေရှင်းရေးဖြစ်သည်။ အငြင်းပွားမှုကို နှစ်ဘက်ဖြေရှင်းနိုင်ခြင်းမရှိပါက ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ နစ်နာမှုများကို အနုညာတ စီရင်ဆုံးဖြတ်ခြင်း၊ နိုင်ငံတော်တရားရုံးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များကပေးသော ယန္တရားများဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သို့သော် အနုညာတစီရင်ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားနှင့် ဆန့်ကျင်ပါက ပယ်ချနိုင်သောကြောင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှု များစွာရှိသည်။
ဥပဒေ သုတေသီ Lorraine de Germiny နှင့် Vincent Reynaud တို့က “မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်လျှင် ဆိုးရွားသော မှတ်တမ်းရှိပြီး မြန်မာနိုင်ငံမှ ဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများသည် မည်မျှ ပျက်စီးလွယ်သည်ကို စစ်အာဏာသိမ်းမှုက ပြသလိုက်ပြီဖြစ်သည်။ သို့တိုင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဥပဒေတာဝန်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ နှောင့်ယှက်ခံရခြင်း အပေါ် ကုစားမှုတောင်းခံရန် ပိုမိုခိုင်မာသော အခြေခံဖြစ်မည်”ဟု ယုံကြည်သည်။
အနုညာတစီရင်ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားနှင့် ဆန့်ကျင်ပါက ပယ်ချနိုင်သောကြောင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှု များစွာရှိသည်။
မြန်မာနိုင်ငံသည် မကြာသေးမီက နှစ်နိုင်ငံနှင့် Asean မူဘောင်အတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော ကမ္ဘာ့သဘောတူစာချုပ် အများအပြားကို ချုပ်ဆိုခဲ့သည်။ မြန်မာနိုင်ငံသည် ၂ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီး ၎င်းတို့အနက် တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မကြာသေးမီက စင်္ကာပူအပါအဝင် သဘောတူစာချုပ် ၈ ခုသည် သက်ဝင်နေသည်။ ထို ၂ နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလားတူ အကာအကွယ်ပေးသည်။
နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကို ထပ်မံအကာအကွယ်ပေးရန် မြန်မာနိုင်ငံသည် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် တတိယကြားလူပုဂ္ဂိုလ်အဖွဲ့အစည်းကဖြစ်စေ၊ နိုင်ငံတော်က်ိုယ်တိုင်ကဖြစ်စေ ကျူးလွန်သော ရုပ်ပိုင်းအကြမ်းဖက်မှုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အပြည့်အ၀ ကာကွယ်ရေးနှင့် လုံခြုံရေး (FPS) ကတိကဝတ်ကိုလည်း ပေးထားသည်။ FPS အရ ကတိကဝတ် ပေးသော နိုင်ငံတိုင်းသည် နိုင်ငံတိုင်းသည် ရဲတပ်ဖွဲ့အဆင့် ကာကွယ်မှု ပေးရန်လိုသည်။
မြန်မာနိုင်ငံသည် ၂ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီး ၎င်းတို့အနက် တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မကြာသေးမီက စင်္ကာပူအပါအဝင် သဘောတူစာချုပ် ၈ ခုသည် သက်ဝင်နေသည်။
နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များအရ ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများ၏ စိတ်တပိုင်းကို စစ်တပ် သို့မဟုတ် အာဏာပိုင်များ၏ အခြေအနေအရ မလိုအပ်ဘဲ ဖျက်ဆီးခံရခြင်းကြောင့် ဖြစ်ပေါ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဆုံးရှုံးမှုများရှိပါက အိမ်ရှင်နိုင်ငံသည် သိမ်းယူပစ္စည်းပြန်လည်ပေးအပ်ခြင်း သို့မဟုတ် လျှော်ကြေးပေးခြင်း သို့မဟုတ် နှစ်မျိုးလုံးကို လုပ်ဆောင်ပေးရမည်ဖြစ်သည်။
ထိုကဲ့သို့သော နိုင်ငံရေးအခြေအနေတွင် လုပ်ကိုင်နေရသည့် စိန်ခေါ်မှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အနာဂတ်တွင် လွန်စွာ သတိထားကြမည်ဖြစ်ပေသည်။
(Harish Mehta သည် ပညာရပ်ဆိုင်ရာ မဂ္ပဇင်း Rising Asia Journal ၏ အယ်ဒီတာချုပ်ဖြစ်သည်။ စင်္ကာပူ စီးပွားရေး အွန်လိုင်းသတင်းစာ The Business Times ပါ ၎င်း၏ Foreign companies in Myanmar may seek legal action for losses ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ