မြန်မာနိုင်ငံတွင် သုံးလေးရက်တကြိမ်ဆိုသလို အမည်ဆိုးဖြင့် ကျော်ကြားသည့် တယ်လီဂရမ် အကောင့်တခု ပေါ်ပေါ်လာသည်။ ထိုအကောင့်ကို ဖြုတ်ချသည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။ အများအားဖြင့် လိင်ကိစ္စများကို ဗြောင်ကျကျဖေါ်ပြနေကြောင်း သတင်းပို့ခံရပြီးနောက် ဖြုတ်ချခံရခြင်းဖြစ်သည်။ သို့သော် ထိုသို့ဖယ်ရှားခံရသည့် အခါတိုင်း မကြာမီ ထိုအကောင့်သည် နောက်ထပ်အသွင်တမျိုးဖြင့် ပြန်ပေါ်လာသည်။ ထိုအကောင့်သည် ဟန်ငြိမ်းဦး၏ အကောင့်ဖြစ်သည်။ တခါက ထင်ရှားကျော်ကြားသူများနှင့်ပတ်သက်သည့် အတင်းအဖျင်းရင်းမြစ် သို့မဟုတ် အဝါရောင်သတင်းရင်းမြစ်ဖြစ်သော်လည်း လတ်တလောတွင် ထိုအကောင့်မှ အကြောင်းအရာများသည် ထင်ရှားကျော်ကြားသူများအကြောင်းမဟုတ်တော့ဘဲ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများ၏ အတွင်းရေးများကို ဖေါ်ပြသည့် ဗီဒီယို အတုများနှင့် အစစ်များကို ဖြန့်ချိနေသည်။
တပ်မတော်ဟု ခေါ်သော မြန်မာစစ်တပ်က နိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန်မှစတင်ပြီး အညှိုးဖြင့် လက်စားချေသော အပြာဗီဒီယိုများသည် တဘက်နှင့်တဘက် အပြင်းအထန်ချေမှုန်းနေသည့် စစ်ကောင်စီကသာမက ၎င်း၏ အတိုက်အခံများကပါ သုံးသော လက်နက်တခုဖြစ်လာသည်။
စစ်ကောင်စီက ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး တပတ်အကြာ ဖေဖေါ်ဝါရီလအစောပိုင်းက စစ်ကောင်စီဝန်ကြီးတဦး၏ သမီးတဦးသည် ထိုတ်ိုက်ခိုက်မှုနည်းလမ်းတွင် လူသိများသော သားကောင်ဖြစ်လာသည်။ အမျိုးသမီးများ၏ မဖွယ်မရာပုံများကို စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများက ရည်ရွယ်ချက်ဖြင့် အကြီးအကျယ် ဖြန့်ချိကြသည်။ နောက်ရက်သတ္တပတ်များတွင် စစ်အုပ်စုလိုလားသူအဖြစ် သတ်မှတ်ခံရသည့် အမျိုးသမီးများနှင့် စစ်အုပ်စုကို ဆန့်ကျင်ကြောင်း လုံလောက်စွာ မပြောသော အမျိုးသမီးများ၏ပုံများ ဗီဒီယိုများတက်လာပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအကြား လူမှုဒဏ်ခတ်ခြင်းဆိုသည့် ဖြစ်ရပ်ဖြစ်လာသည်။
အာဏာသိမ်းချိန်မှ စတင်ပြီး လူမှုဒဏ်ခတ်ရေး စာမျက်နှာ အရေအတွက်သည် Facebook နှင့် Telegram တွင် ပေါ်ပေါက်လာပြီး ထင်ရှားကျော်ကြားသူများမှ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသူများအထိ ပစ်မှတ်ထားလာသည်။ ထိုစာမျက်နှာများသည် အမျိုးသမီးများ၏ လိပ်စာများ၊ ကိုယ်ရေးအချက်အလက်များကို ထုတ်ဝေပြီး အညှိုးဖြင့် လက်စားချေမှုများလည်း ရောနှောပါဝင်နေသည်။ စစ်ကောင်စီကို ဆန့်ကျင်သူအများအပြားက ထိုရုပ်ပုံများနှင့် အချက်အလက်များကို ဖြန့်ဝေခြင်းသည် ပြည်သူလူထု၏ အသံကို လျစ်လျူရှုပြီး အသိအမှတ်မပြုသောကြောင့် အရာရာသည် တရားမျှတသည်ဟု ဆင်ခြေပေးကြသည်။
ထိိုသို့သော စဉ်းစားပုံမျိုးဖြင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တယောက်၏ စာရိတ္တနှင့် ကျင့်ဝတ်ကို ၎င်းတို့ရပ်တည်သည့် နိုင်ငံရေးရပ်တည်ချက်အရ မှန်ကန်ကြောင်း သတ်မှတ်ကြသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် မြန်မာအမျိုးသမီး အခွင့်အရေးအဖွဲ့များက ရှေးရိုးစဉ်လာ အာဏာရှင်စနစ်ကို ကျားကန်ပေးသော မဟာဖိုဝါဒကို စိန်ခေါ်သည့် အားထုတ်မှုများ (ထင်ရှားသော ဥပမာတခုမှာ ထမီလှုပ်ရှားမှုဖြစ်သည်) ကို တွေ့ရသော်လည်း အထက်ဖော်ပြပါ လုပ်ရပ်များသည် ထိုတိုးတက်မှုကို အဟန့်အတားဖြစ်စေကာ မြန်မာ့နိုင်ငံရေး တိုက်ပွဲတွင် နှစ်ဖက်စလုံးက မဟာဖိုဝါဒစံနှုန်းများကို လက်နက်အဖြစ် သုံးနေကြောင်း ပြသနေသည်။
ဆယ်စုနှစ်များစွာကြာ မုဒိန်းကျင့်ခြင်းအား မြန်မာရှေ့တန်းစစ်မျက်နှာများတွင် လက်နက်အဖြစ် အသုံးပြုခြင်းကို အခြားလိင်မှုဆိုင်ရာ ထိပါးမှုများကဲ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့်မှတ်တမ်းတင်ထားပြီးဖြစ်သည်။ အလားတူစွာပင် ရုပ်ပိုင်းဆိုင်ရာ ထိပါးမှုဟု မဆိုနိုင်သော်လည်း နည်းလမ်းသစ်များကို မြန်မာပြည်သူများ သွားလေရာ ကိုင်ဆောင်သည့် ကိရိယာများပေါ်တွင် သုံးလာကြသည်။ လူမှုဒဏ်ခတ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းကို ကလစ်တချက်နှိပ်ရုံဖြင့် လုပ်နိုင်သောကြောင့် ထိုကိစ္စသည် အမျိုးသမီးထု တရပ်လုံးအပေါ် သက်ရောက်မှုကို ပိုမိုကြီးမားသွားစေသည်။
နိုင်ငံရေးအရ မှန်ကန်ကြောင်း ပြသမှုနှင့် သတင်းပေးပို့ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းသည် ထိုလူသားဂုဏ်သိက္ခာ ကျဆင်းခြင်းကို ပိုမိုဖြစ်စေသည်။ အာဏာသိမ်းပြီးနောက် ၆ လအတွင်း အမျိုးသမီးထောင်ပေါင်းများစွာသည် နိုင်ငံရေးကို အကြောင်းပြကာ ဖမ်းဆီးခံရသည်၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသည်၊ လူမှုရေးအရ ခွဲခြားချိုးနှိမ်ခံရသည်။ စစ်ကောင်စီနှင့် အားလုံးပါဝင်ခွင့်ရသော ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူမျာအကြား တိုက်ပွဲသည် ရှည်ကြာလာသည်နှင့်အမျှ ထိုသို့ တိုက်ခိုက်ခံရသော အမျိုးသမီးအရေအတွက်သည် လာမည့်လများတွင် ပိုမို များပြားလာဦးမည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုသည် အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ၎င်း၏နောက်ကွယ်မှ မဟာဖိုဝါဒလူမှုစနစ်ကို စိန်ခေါ်ရေးနှင့် မြန်မာအမျိုးသမီးများကို ရာစုနှစ်ပေါင်းများစွာ ကန့်သတ်ချုပ်ချယ်ထားသည့် လူမှုစံနှုန်းများကို ငြင်းပယ်ရေးတို့ကို ကျော်လွန်ပြီး များစွာလုပ်ဆောင်နိုင်သည်ကို သံသယဖြစ်ဖွယ်မလိုပေ။ တချိန်တည်းတွင် မည်သည့် နိုင်ငံရေးဘက်က ရပ်တည်သည်ဖြစ်စေ ထိုလှုပ်ရှားမှုသည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန် ပျက်ကွက်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဂုဏ်သိက္ခာသည် စစ်ကောင်စီအတွက် ဦးစားပေးမဟုတ်သော်လည်း ဒီမိုကရေစီလိုလားသောဘက်တွင် အဓိက တန်ဖိုးထားရမည့်အရာ ဖြစ်သင့်သည်။ ပိုမို ဒီမိုကရေစီကျပြီး အားလုံးပါဝင်ခွင့်ရသော မြန်မာနိုင်ငံ ထူတောင်ရန် ကြိုးစားနေသူများအတွက် အညှိုးဖြင့် လက်စားချေသည့် အပြာကိစ္စများကို နိုင်ငံရေးလက်နက်အဖြစ် သုံးစွဲခြင်းအား ဆန့်ကျင်ရန် အချိန်မနှောင်းသေးပေ။
(အမရသီဟသည် Myanmar Institute for Peace and Security (MIPS) ၏ ဒါရိုက်တာဖြစ်သည်။ The Diplomat ပါ ၎င်း၏ Revenge Porn Has Become a Political Weapon in Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ
သက်ငယ်မုဒိမ်း ဘာကြောင့် အဖြစ်များနေသလဲ
လိင်အမြတ်ထုတ်ကြောင်း တိုင်ကြားခံရတဲ့ ရဲရာထူးခန့်ချုပ် ဖြစ်ရပ်အပေါ် အမြင်များ
ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား