အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှာ အပြောနဲ့ အလုပ်ညီမှ ယုံကြည်ကိုးစားလို့ ရတယ်လို့ မှတ်ယူခံရတာပါ။ အာဏာသိမ်းမှုအပြီး နက်ရှိုင်းလာနေတဲ့ မြန်မာ့ အကျပ်အတည်းအတွက် အာဆီယံဟာ ပြောပိုင် ဆိုပိုင်ခွင့် ရှိသူလို့ သူ့ကိုယ်သူမှတ်ယူထားပါတယ်။ ဒါပေမယ့် အာဆီယံဟာ အပြောနဲ့ အလုပ် တလွဲစီဖြစ်နေပါတယ်။
တကယ်တော့ အာဆီယံရဲ့အပြောနဲ့ အလုပ်မတူဘူးဆိုတာကို သေချာကြည့်ရင် မြင်နိုင်ပါတယ်။ ဒီလောက်ကြီးမားတဲ့ အကျပ်အတည်းကြုံနေရချိန်မှာ အာဆီယံရဲ့ ရပ်တည်မှုဟာ တကယ့်ကို ကြေကွဲစရာပါ။ အာဆီယံရဲ့ ကြားနေမယ်၊ ဘက်မလိုက်ဘူး၊ စကားပြောဖြစ်ဖို့ ညှိနှိုင်းပေးမယ်ဆိုတဲ့ စကားတွေဟာလည်း ဘာမှ အနှစ်သာရမရှိတဲ့ ကြားကောင်းရုံ စကားတွေဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။
အမှန်တကယ် ကြားနေ၊ ဖြောင့်မတ်၊ ရိုးသားစွာ ရှေ့ဆောင် ရှေ့ရွက် လုပ်ရမယ့် အစား၊ မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံး စကားပြောဖြစ်အောင် လုပ်ပေးရမယ့် အစား အာဆီယံဟာ ခိုးကြောင်ခိုးဝှက်နဲ့ စစ်အာဏာရှင်ကို ဖြည်းဖြည်းချင်း အသိအမှတ်ပြုဖို့ လုပ်နေပါတယ်။ ပြည်သူကို အကြမ်းဖက် စစ်ပွဲဆင်နွဲနေတဲ့ စစ်အာဏာရှင်ကို မြန်မာပြည်သူတွေ ၆ လကျော်ထိ ဆန့်ကျင်နေတဲ့ ကြားထဲက အာဆီယံဟာ ဒီလို လုပ်ရပ်ကို လုပ်တာပါ။
ဩဂုတ်လ ၆ ရက်နေ့က အာဏာလု စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ဟာ အာဆီယံ- အီးယူ အွန်လိုင်းအစည်းဝေးမှာ ဝင်ထိုင်ပါတယ်။ အစည်းဝေးကို ဦးဆောင်တာက ဥရောပသမဂ္ဂပြည်ပရေးရာ အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဆက်ဘိုရယ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘာလာကရစ်ရ်နန်ဖြစ်ပါတယ်။
အစည်းဝေးမှာ ဥရောပ အဆင့်မြင့် ကိုယ်စားလှယ်က မြန်မာအရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောပါတယ်။ သူက “နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေမှာ အားလုံးပါဝင်နိုင်ရမယ်။ CRPH၊ NUG အပါအဝင် လူမျိုးစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်ရှိအကျပ်အတည်းကနေ ငြိမ်းချမ်းတဲ့ပြေလည်မှုရဖို့ စကားပြောရမယ်” လို့ပြောခဲ့ပါတယ်။ “စစ်အာဏာပိုင်တွေဟာ တနိုင်ငံလုံးမှာ အကြမ်းဖက်မှု ရပ်ရမယ်။ အာဏာသိမ်းမှုနဲ့ ဆက်စပ်နေတဲ့ ဖမ်းဆီးထားသူ အားလုံးကိုလွှတ်ပေးရမယ်” လို့လည်းပြောခဲ့ပါတယ်။
မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံး စကားပြောဖြစ်အောင် လုပ်ပေးရမယ့် အစား အာဆီယံဟာ ခိုးကြောင်ခိုးဝှက်နဲ့ စစ်အာဏာရှင်ကို ဖြည်းဖြည်းချင်း အသိအမှတ်ပြုဖို့ လုပ်နေပါတယ်။
ဒါဟာ အဓိပ္ပါယ်လည်းရှိ၊ ရှင်းလင်းလုံလောက်တဲ့ ရပ်တည်ချက်လည်း ဖြစ်ပါတယ်။
မရှင်းတာက အဲဒီအစည်းဝေးမှာ ဦးဝဏ္ဏမောင်လွင် ဘာလို့ပါနေတာလဲဆိုတာပါ။ ကိုယ့်ဘာသာ ခန့်ထားတဲ့ စစ်အာဏာရှင်ရဲ့ တရားမဝင် ကိုယ်စားလှယ် အဲဒီအစည်းဝေးမှာ ဘယ်အခြေခံပေါ်ကနေ ပါနေရတာလဲ။ အသိအမှတ်ပြုခံ တရားဝင်အစိုးရဲ့ နိုင်ငံခြားရေးဝန်ကြီးလို အာဆီယံ- အီးယူ အစည်းဝေးမှာ ဘာ့ကြောင့် သူဝင်ထိုင်နေတာကို လက်ခံရတာလဲ။
စစ်တပ်ဟာ မြန်မာပြည်သူတွေကို ကိုယ်စားမပြုပါဘူး။ ဒီမိုကရေစီနည်းနဲ့ လုပ်တဲ့ တရားဝင် ရွေးကောက်ပွဲရလာဒ်ကိုလည်း စစ်ကောင်စီက ပယ်ဖျက်ခဲ့တယ်။ ကြမ်းတမ်းရက်စက်လှတဲ့ အကြမ်းဖက်မှုတွေနဲ့ အပြစ်မဲ့ ပြည်သူ ၉၀၀ကျော်ကို သတ်ခဲ့တယ်။ ဆက်လည်း သတ်နေတုန်းပဲ။ လူ ၆၀၀၀ ကျော်ကို တရားမဝင် ဖမ်းဆီးထားတယ်။ ဖမ်းဆီးခံရသူတွေကို နှိပ်စက်သတ်ဖြတ်တာတွေ လုပ်နေတယ်။ အရပ်သားရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်။ ဆန္ဒပြတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ရာထောင်ချီတဲ့ လူတွေ ထွက်ပြေးပုံးရှောင်ကြရတယ်။ ၆ လအတွင်းမှာနိုင်ငံစီးပွါးရေး ပြိုကွဲပြီး ပြည်တွင်းစစ်အရှိန်မြင့်လာတယ်။ ကျရှုံးနိုင်ငံအဖြစ် ပြိုဆင်းလာနေတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ အီးယူကော်မရှင်ဟာ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု မထားပါဘူး။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေလည်း အလားတူပါပဲ။ ဒါဆိုရင် အကြမ်းဖက် ရက်စက်မှုတွေ အတွက် တာဝန်ရှိတဲ့၊ကိုယ့်ဘာသာ ရာထူးခန့်ထားတဲ့ အဖွဲ့ရဲ့ ကိုယ်စားလှယ်က တရားဝင် အီးယူ၊ အာဆီယံ ကိုယ်စားလှယ်တွေနဲ့ စားပွဲတခုထဲမှာ ဘာ့ကြောင့်ထိုင်နေရတာလဲ။
စစ်တပ်ဟာ မြန်မာပြည်သူတွေကို ကိုယ်စားမပြုပါဘူး။ ဒီမိုကရေစီနည်းနဲ့ လုပ်တဲ့ တရားဝင် ရွေးကောက်ပွဲရလာဒ်ကိုလည်း စစ်ကောင်စီက ပယ်ဖျက်ခဲ့တယ်။ ကြမ်းတမ်းရက်စက်လှတဲ့ အကြမ်းဖက်မှုတွေနဲ့ အပြစ်မဲ့ ပြည်သူ ၉၀၀ကျော်ကို သတ်ခဲ့တယ်။
အာဆီယံဘက်က ဘယ်သူတွေပါမယ်ဆိုတာကို အာဆီယံက ဆုံးဖြတ်တာပါလို့ အီးယူခေါင်းဆောင် ဘိုရယ်ကတော့ပြောပါလိမ့်မယ်။ အနာဂတ်မှာတော့ အီးယူဟာ အာဆီယံရဲ့ ကြားနေဖို့ ပျက်ကွက်တာ၊ ပြဿနာတွေအားလုံးကို စတင်ဖန်တီးတဲ့ ဘက်တဘက်တည်းကို ဖိတ်တာတွေအပေါ် မေးခွန်းထုတ်ပြီး ပယ်ချတာတွေ လုပ်ဖို့ လိုပါလိမ့်မယ်။
စစ်ကောင်စီဟာ အီးယူ- အာဆီယံ အစည်းအဝေးတက်ခွင့်ရတာကို ချက်ချင်းပဲ သူထိန်းချုပ်ထားတဲ့ ဝါဒဖြန့်ယန္တယားမှာ အသုံးပြုပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ အစည်းဝေးခန်းမကို အလွဲသုံးပြီး CRPH နဲ့ NUG ဟာ အကြမ်းဖက် အဖွဲ့တွေဖြစ်တဲ့အကြောင်း သူခိုးက လူပြန်ဟစ် သွားခဲ့ပါသေးတယ်။ သူပြောခဲ့တာကိုပဲ စစ်ကောင်စီမီဒီယာတွေက အပ်ကြောင်းထပ် ဖေါ်ပြပြီး ၆ လကျော် ကြံ့ကြံ့ခံနေကြရတဲ့ ပြည်သူတွေကို လဲရာသူခိုးထောင်း လုပ်လိုက်ပါသေးတယ်။
တကယ်တော့ အာဆီယံရဲ့တာဝန်က ကျရှုံးတဲ့ အာဏာသိမ်းမှုကနေပေါ်လာတဲ့ အကျပ်အတည်းကို ကြားဝင်စေ့စပ်ပေးဖို့ပါ။ ဒါဟာ အာဆီယံကလည်း သဘောတူထား၊ အီးယူ အပါအဝင် နိုင်ငံတကာကလည်း သဘောတူ အားပေးထားတဲ့ အချက် ၅ ချက်ပါ။
အာဆီယံဟာ လနဲ့ချီပြီး အရေးပါတာတွေ၊ အားလုံးနဲ့ စကားပြောဖို့တွေကို ဘာမှ မလုပ်ပါဘူး။ သူတို့စကားပြောတာဆိုလို့ အာဏာလု စစ်ကောင်စီပဲ ရှိပါတယ်။ တချိန်တည်းမှာ အာဆီယံဟာ အမေရိကန်၊ အီးယူတို့နဲ့ တွေ့တဲ့ ပွဲတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ခေါ်သွင်းလာပါတယ်။ ဒါဟာ တရားဝင်မြန်မာအင်အားစုတွေကို ဘေးပို့ပြီး စစ်ကောင်စီကို ခိုးကြောင်ခိုးဝှက်နည်းနဲ့ ဖြည်းဖြည်းချင်း အသိအမှတ်ပြုလာအောင် လုပ်တာပါ။ ဒါဟာ ကျူးကျော်သူဘက်က ရပ်တာ၊ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဆိုးဆိုးဝါးဝါး စွက်ဖက်တာပါပဲ။
အာဆီယံဟာ လနဲ့ချီပြီး အရေးပါတာတွေ၊ အားလုံးနဲ့ စကားပြောဖို့တွေကို ဘာမှ မလုပ်ပါဘူး။ သူတို့စကားပြောတာဆိုလို့ အာဏာလု စစ်ကောင်စီပဲ ရှိပါတယ်။ တချိန်တည်းမှာ အာဆီယံဟာ အမေရိကန်၊ အီးယူတို့နဲ့ တွေ့တဲ့ ပွဲတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ခေါ်သွင်းလာပါတယ်။
အီးယူအနေနဲ့ ရှေ့မှာတခြားအစည်းဝေးတွေ ရှိနေပါသေးတယ်။ ကမ္ဘောဒီးယားက အိမ်ရှင်လုပ်မယ့် အာဆမ် (ASEM) အစည်းဝေးက လာမယ့် နိုဝင်ဘာ ၂၅-၂၆ မှာပါ။ ရှေ့နှစ်မှာ အာဆီယံ- ဥရောပ ဆက်ဆံရေး ၄၅ နှစ်ပြည့် အီးယူ- အာဆီယံညီလာခံကလည်း ဘယ်ဂျီယံ ( ဘရပ်ဆဲလ်) မှာ လုပ်ဖို့ရှိပါတယ်။
အာဆီယံရဲ့ စစ်ကောင်စီကို ခိုးကြောင်ခိုးဝှက် ဖြည်းဖြည်းချင်း အသိအမှတ်ပြုလာအောင် လုပ်တာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာတွေကို အီးယူအနေနဲ့ ဆက်ပြီး လက်မခံသင့်တော့ပါဘူး။ မြန်မာစစ်ကောင်စီဟာ တရားဝင်အစိုးရလည်းမဟုတ်၊ ယာယီအစိုးရလည်း မဟုတ်ပါဘူး။ အစိုးရကို မဟုတ်ပါဘူး။ ကိုဗစ်ကပ်ဘေးမှာ ကြေကြေကွဲကွဲ မြင်လိုက်ကြရတာက စစ်ကောင်စီဟာ နိုင်ငံကို အုပ်ချုပ်နေတာမဟုတ်ပါဘူး။ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတာပဲ ရှိတာပါ။
တချိန်တည်းမှာ စစ်ကောင်စီဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို အသည်းအသန်လိုချင်နေတယ်။ အသိအမှတ်ပြုခံရဖို့ လုပ်နေတဲ့ စစ်ကောင်စီရဲ့ အကွက်တွေကို အီးယူက ရှောင်ဖို့လိုပါတယ်။
ရှုပ်ထွေးတဲ့ အီးယူ- အာဆီယံ အပြန်အလှန် ဆက်နွယ်ပက်သက်မှုတွေအရ စစ်ကောင်စီရဲ့ အချိတ်အဆက်တွေပါလာမှာကို လုံးဝရှောင်လွှဲလို့ မရရင်လည်း NUG ကိုယ်စားလှယ်တွေနဲ့ ကြိုတင်ချိတ်ဆက် စည်းဝေးတာလို နည်းတွေနဲ့ ဟန်ချက်မျှအောင် လုပ်ရပါမယ်။
အပြောမှာတော့ အားလုံးနဲ့ စေ့စပ်စကားပြောမယ်လို့ ပြောနေပေမယ့် အလုပ်မှာတော့ စစ်ကောင်စီဘက်က ရပ်တည်တာမျိုး အာဆီယံက လုပ်နေရင် ထိန်းညှိတဲ့ အလုပ်ကို လုပ်ဖို့ အီးယူ၊ အမေရိကန်နဲ့ ကနေဒါမှာ တာဝန်ရှိပါတယ်။
အပြောမှာတော့ အားလုံးနဲ့ စေ့စပ်စကားပြောမယ်လို့ ပြောနေပေမယ့် အလုပ်မှာတော့ စစ်ကောင်စီဘက်က ရပ်တည်တာမျိုး အာဆီယံက လုပ်နေရင် ထိန်းညှိတဲ့ အလုပ်ကို လုပ်ဖို့ အီးယူ၊ အမေရိကန်နဲ့ ကနေဒါမှာ တာဝန်ရှိပါတယ်။ CRPH၊ NUG၊ လူမျိုးစု၊ ဒီမိုကရေစီအင်အားစု အားလုံးနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုတယ်လို့ ပြောထားတဲ့အတိုင်း လုပ်ဆောင်ပြီး အာဆီယံကို တည့်မတ်ပေးရပါမယ်။
အဲဒီလို လုပ်မှာမို့ စစ်ကောင်စီအနေနဲ့ အစည်းဝေးတွေ မတက်ဘူးဆိုရင်လည်း ကောင်းတာပါပဲ။ အစထဲက သူတို့အတွက်နေရာ မရှိသင့်ပါဘူး။ မြန်မာပြည်သူတိုင်း ရှင်းရှင်းလင်းလင်း သိနေတာကတော့ ငြိမ်းချမ်းစွာ အဖြေရဖို့ လုပ်မနေတဲ့ တခုတည်းသော အဖွဲ့အစည်းဟာ စစ်တပ်ပဲ။ စစ်တပ်လုပ်နေတာက အခုထိ ကြံကြံခံနေတဲ့ ပြည်သူတွေအပေါ် ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အကုန်အကျရှိရှိ အနိုင်ရအောင်လုပ်ဖို့ပါ။ ဒါကိုပဲ စစ်တပ်က လုပ်နေပါတယ်။
(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦးဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)
You may also like these stories:
တွေ့ဆုံဆွေးနွေးရေး ကုလအထူးသံ၏ တောင်းဆိုမှု စစ်ကောင်စီ မသိကျိုးကျွန်ပြုနေဆဲ
တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
စစ်အာဏာရှင်တဦး၏ ရူးသွပ်မှုကြေညာစာတမ်း
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်