တပ်မတော်ကာကွယ်ကွယ်ရေး ဦးစီးချုပ်တဦးအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က နိုင်ငံ၏ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချသော အာဏာသိမ်းမှုတွင် အများပြည်သူ မြင်ကွင်းသို့ ထွက်ပြရသည်။ သို့သော် သူသည် တကိုယ်တော် အာဏာသိမ်းခဲ့ခြင်း မဟုတ်ပေ။ သူ၏ယခင် ဆရာသမား ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ သမ္မတဦးသိန်းစိန်နှင့် အခြားသော လုပ်ဖေါ်ကိုင်ဖက်များက သူ၏လုပ်ရပ်ကို သံသယရှိစရာ မလိုလောက်အောင် ထောက်ခံအားပေးခဲ့ကြသည်။
၎င်းတို့ အားလုံးသည် စစ်အာဏာသိမ်းမှုက ထူထောင်ရန်ကြိုးစားသည့် လမ်းကြောင်းကို ပြင်ဆင်ရာတွင် အခန်းကဏ္ဍတခုမှမှ ပါဝင်နေကြသည်။ စစ်အုပ်စု ထူထောင်ရန် ကြိုးစားသည့် လမ်းကြောင်းမှာ ၎င်းတို့စစ်တပ်သည် နိုင်ငံရေးစနစ်တွင် ချုပ်ကိုင်လွှမ်းမိုးမှုကိုသာမက စစ်တပ်သည် မြန်မာလူ့အဖွဲ့အစည်းတွင် သြဇာအကြီးမားဆုံး အဖွဲ့အစည်းအဖြစ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နောက်ဆုံးကျင်းပသည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာများ၏ ၂၅ ရာခိုင်နှုန်း အနိုင်ရခဲ့လျှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းခဲ့မည် မဟုတ်ပေ။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲရှုခင်းမှာ လွှတ်တော်နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်သားကိုယ်စားလှယ်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ခန့်မည်၊ USDP ကိုယ်စားလှယ်များအနိုင်ရသော ၂၅ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်များပြားသော လွှတ်တော်နေရာများနှင့် ပေါင်းလိုက်သောအခါ စစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားသည့် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် မည်သည့်စစ်အာဏာသိမ်းမှုမျှ ပေါ်ပေါက်မည်မဟုတ်ပေ။ မင်းအောင်လှိုင် သို့မဟုတ် USDP ဥက္ကဋ္ဌ မည်သူ သမ္မတဖြစ်သင့်သည်ဆိုသောကိစ္စမှာ စစ်တပ်နှင့် သူ၏လက်ဝေခံပါတီအကြား အတွင်းရေးကိစ္စမျှသာ ဖြစ်ခဲ့မည်။

သို့သော် USDP သည် လွှတ်တော်ကိုယ်စားလှယ်နေရာများ၏ ၆.၄ ရာခိုင်နှုန်းသာ အနိုင်ရပြီး အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နောက်တကြိမ် တောင်ပြိုကမ်းပြိုနိုင်ကာ ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံနေရာများ၏ ၈၃ ရာခိုင်နှုန်းကို အနိုင်ရသည်။
နောက်ဆုံးတွင် ထိုရလဒ်သည် စစ်တပ်တခုလုံးအနေဖြင့်အတွက်သာမက တားဆီးခံလိုက်ရသော သူ၏ ပုဂ္ဂလိက ရည်မှန်းချက်ကို အဖတ်ဆယ်ရန်အတွက်ပါ မင်းအောင်လှိုင်အား အာဏာသိမ်းမှုစေခဲ့သည်။ သူ ထိုသို့ မလုပ်ပါက ဒုတိယသက်တမ်းဖြစ်သော ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိကာလတွင် NLD သည် နိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို မှေးမှိန်ပြုလုပ်ခြင်းအပါအဝင် နိုင်ငံ၏ မွေးကင်းစ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ခိုင်မာအောင် လုပ်တော့မည်ဖြစ်သည်။ ထိုသို့သော ရည်မှန်းချက်အတွက် အသစ်ရွေးကောက်ခံရသော အရပ်သားအစိုးရ၊ အခြားနိုင်ငံရေးအင်အားစုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများသည် ပိုမိုလွတ်လပ်သော နိုင်ငံရေးပတ်ဝန်းကျင်တွင် လှုပ်ရှားပြီး NLD ပထမသက်တမ်းအတွင်းက လုပ်ခဲ့သည့်အတိုင်း စစ်တပ်စိတ်တိုင်းကျရေးဆွဲထားသည့် ၂၀၀၈ ဖွဲစည်းပုံ ပြင်ဆင်ရေးကို ဆက်လက်တွန်းအားပေးကြမည်ဖြစ်သည်။
နိုင်ငံရေးအယူဝါဒ
နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာစစ်တပ်၏အယူဝါဒမှာ ၎င်းတို့၏ ဦးဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းထားရေးဖြစ်သည်။ ထိုလမ်းကြောင်းသည် တရားဝင်အားဖြင့် ၂၀၀၈ ခုနှစ်စတင်သည်ဟု မိမိတို့ ပြောနိုင်သည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် ယခင်စစ်အုပ်စုသည် ၎င်းတို့၏ ဒီမိုကရေစီမကျသော ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ကြသည်။ ၎င်းတို့ဖွဲ့စည်းပုံ၏ အခြေခံမူများအနက်တခုကို ပုဒ်မ ၆ (စ) တွင် အထင်အရှားဖေါ်ပြထားသည်။“ နိုင်ငံတော်၏အခြေခံမူများမှာ နိုင်ငံတော်သည် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဟု ထိုပုဒ်မတွင် ဖေါ်ပြထားသည်။
မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ထည့်သွင်းလိုက်သည်။ ထိုလုပ်ရပ်သည် စစ်တပ်၏ အသာစီးယူခြင်းကို ဥပဒေအဖြစ် တရားထည့်သွင်းလိုက်ခြင်းနှင့် တပ်မတော်သည် စံချိန်မီ တပ်မတော် သို့မဟုတ် စစ်သားပီသသော တပ်မတော်ဖြစ်သည်ဆိုသည့် ဟန်ဆောင်မှုကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ထိုကဲ့သို့သော ပုဒ်မမျိုး ယခင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှစ်ခုတွင် ပါဝင်ခြင်းမရှိပေ။ နိုင်ငံလွှတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကရေးဆွဲသည့် ဖွဲ့စည်းပုံတွင်သာမက ၁၉၇၄ ခုနှစ်တွင် အာဏာရှင် ဗ်ိုလ်ချုပ်နေဝင်းရေးဆွဲသည့် ဒုတိယဖွဲ့စည်းပုံတွင်ပင် ထိုသို့သော ပုဒ်မမျိုး မပါဝင်ပေ။

၂၀၀၈ ဖွဲ့စည်းပုံသည် စစ်တပ်နှင့် စစ်တပ်အကြီးအကဲကို အထူးအာဏာများပေးအပ်ရုံသာမက သွင်ပြင်လက္ခဏာများအားလုံးတွင် စစ်တပ်ကို အသာစီးပေးသည်။ တနည်းအားဖြင့်ဆိုပါက စစ်တပ်၏ နိုင်ငံရေးအယူဝါဒကို နန်းတင်ထားခြင်းဖြစ်သည်။
ဗိသုကာနှင့် အကောင်အထည်ဖေါ်သူများ
၂၀၀၈ ဖွဲ့စည်းပုံသည် ၎င်းတို့အပေါ်စတင် ဖိစီးလာသည့် ရှည်ကြာသော ပြည်တွင်းပြည်ပ ဖိအားများမှ လွတ်မြောက်ရေး သေနင်္ဂဗျူဟာ၏ တစိတ်တပိုင်းဖြစ်သည်။ ပြည်ပဖိအားများတွင် ၁၉၈၈ ခုနှစ်က နိုင်ငံတဝှမ်း ဒီမိုကရေစီအရေးတော်ပုံအပြီး အစောပိုင်းဆယ်စုနှစ်များက အာဏာသ်ိမ်းမှုနှင့် ထိုနောက်တွင် ဆက်လက် ကျူးလွန်သည့် ဗြောင်ကျသော လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် စစ်အုပ်စုရင်ဆိုင်နေရသည့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများလည်း အပါအဝင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်၏ တရားဝင်စကားလုံးအရ စည်းကမ်းကျသော ဒီမိုကရေစီ တည်ဆောက်ရေးသို့ ဦးတည်မည့် အဆင့် ၇ ဆင့်ပါ ထွက်ပေါက်သေနင်္ဂဗျူဟာတွင် အရေးအကြီးဆုံး အခြေခံဖြစ်သည်။ ထိုဖွဲ့စည်းပုံကို ယခင်စစ်အုပ်စု စုပေါင်းဖန်တီးသည်ဟု မြင်နိုင်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်အုပ်စုအကြီးအကဲနှင့် စစ်တပ်အကြီးအကဲအဖြစ် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဗိသုကာဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေးတွင် စစ်တပ်က ဦးဆောင်မှုကဏ္ဍမှ အမြဲတမ်းပါဝင်ရေး အဓိကလမ်းကြောင်းအပါအဝင် စစ်တပ်၏ နိုင်ငံရေးသေနင်္ဂဗျူဟာ၏ ဗိသုကာဖြစ်လျှင် ဗ်ိုလ်ချုပ်ကြီးမှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်သည် ထိုဖွဲ့စည်းပုံကို အဓိက အကောင်အထည်ဖေါ်သူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ စစ်အုပ်စုကို န်ိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီအဖြစ် ပြန်လည်ဖွဲ့စည်းသော ၁၉၉၇ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် စစ်အုပ်စု၏ အဓိကအဖွဲ့ဝင်ဖြစ်လာသည်။
နိုင်ငံရေးအယူဝါဒအပါအဝင် ထိုသေနင်္ဂဗျူဟာကို အကောင်အထည်ဖေါ်ရန် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အနာဂတ် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံရေးဆွဲရန် တာဝန်ပေးထားသည့် စစ်အုပ်စု၏ အမျိုးသား ညီလာခံကို ၂၀၀၃ ခုနှစ်မှ စတင်ပြီး လမ်းညွှန်သည်။ သူသည် ၂၀၀၄ ခုနှစ်တွင် စစ်အုပ်စု အတွင်းရေးမှူး-၁ ဖြစ်လာပြီး ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည်။
နောက်တနှစ်ကြာသောအခါ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဒီမိုကရေစီနည်းလမ်းမကျသော ဖွဲစည်းပုံကို ဆန္ဒခံယူပွဲဖြင့် တရားဝင်အတည်ပြုသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုဆန္ဒခံယူပွဲကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးစေသည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်း အပြီးတပတ်အကြာတွင် ကျင်းပခဲ့သောကြောင့် ထိုဖွဲ့စည်းပုံကို နာဂစ် ဖွဲ့စည်းပုံဟုလည်း လူသိများသည်။ မည်သို့ဆိုစေကာမူ ထိုကိစ္စသည် စစ်တပ်၏ လမ်းပြမြေပုံကို အကောင်အထည်ဖေါ်ရာတွင် အရေးပါသော ခြေလှမ်းတခုဖြစ်သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် သူ၏ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်သောကြောင့် ထိုအချိန်မတိုင်မီကပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ကို အနာဂတ်သမ္မတအဖြစ် မြင်နေခဲ့ပုံရသည်။ စစ်ဗိုလ်ချုပ်တဦးထက် ကျောင်းအုပ်ဆရာတဦးနှင့်တူသော ဦးသိန်းစိန်သည် လာမည့်နိုင်ငံရေးတိုက်ပွဲတွင် လူထုထောက်ခံမှုများသော ဒေါ်အောင်ဆန်းစုကြည်ကို ချေမှုန်းရန် ပြီးပြည်စုံသူဖြစ်သည်ဟုလည်း မြင်နေခဲ့မည်ကို သံသယရှိရန် မလိုပေ။
ဦးသိန်းစိန် သမ္မတရာထူးရလာသည်အထိ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသားသာ ဖြစ်နေသေးသည်။ ၂၀၀၃ ခုနှစ်တွင် ဦးသိန်းစိန်ကို စစ်အုပ်စုအတွင်းရေးမှူး-၂ ရာထူးသို့ တိုးပေးပြီး လ အနည်းငယ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းကို စစ်အုပ်စုက ဖွဲ့စည်ထားပေးသည့် လူရမ်းကား အုပ်စုက စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် တိုက်ခိုက်သည်။ ထိုချောင်းမြောင်းတိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည် ပွတ်ကာသီကာ လွတ်မြောက်ပြီး ထိုတိုက်ခိုက်မှုသည် လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြသည်။ ထိုအကြမ်းဖက်လုပ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာ သေဆုံးသည်။
၂၀၁၀ ခုနှစ်ဧပြီလတွင် ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်မှအငြိမ်းစားယူပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လူမှုရေးအဖွဲ့အစည်းဟုဆိုကာ ဖွဲ့ခဲ့သောအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် အသွင်ပြောင်းပြီး ပထမဆုံး ဥက္ကဌဖြစ်လာသည်။
ထိုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အုပ်စုသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး USDP က အပြတ်အသတ် အနိုင်ရသော်လည်း ထိုရွေးကောက်ပွဲကို NLD၊ အခြား အဓိက တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးပါတီများက သပိတ်မှောက်ကြသည်။ USDP ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် သူအဖွဲ့သည် ရွေးကောက်ပွဲအောင်ပွဲခံသောညတွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်တွင် အကျဉ်းသားအဖြစ်သာ ရှိနေသေးသည်။ နောက် ၆ ရက်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည်။
သမ္မတဖြစ်လာမည့် ဦးသိန်းစိန်၏ ထိုအချိန်အထိ “အောင်မြင်မှု” ဆိုသည်များအား မိမိတို့ မေ့မထားသင့်ပေ။ ယခင် စစ်အုပ်စု အတွင်းရေးမှူး-၁ အဖြစ် (သန်းရွှေနှင့်မောင်အေးပြီးလျှင် တတိယအဆင့်အမြင့်ဆုံးအရာရှိ) နှင့် စစ်အုပ်စု ဝန်ကြီးချုပ်အဖြစ် သူသည် လွန်ခဲ့သော ဆယ်စုနှစ်က အထူးသဖြင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ကိစ္စများအတွက် တာဝန်ကြီးမားစွာ ရှိသည်။ အထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များကို စစ်အုပ်စုက အကြမ်းဖက်နှိမ်နင်းမှုအတွက် တာဝန်ရှိသည်။ အထူးသဖြင့် ဆိုင်ကလုန်း နာဂစ်ပြီးပြီးခြင်း နိုင်ငံတကာ အကူအညီများကို စနစ်တကျ ပိတ်ပင်မှုအတွက် တာဝန်ရှိသည်။ (သူသည် ဝန်ကြီးချုပ်အနေဖြင့် စစ်အုပ်စု သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗဟိုကော်မတီ ဥက္ကဌဖြစ်သည်။) နိုင်ငံရေးဖိနှိပ်မှုများ အပါအဝင် စစ်အုပ်စုအခြားလုပ်ရပ်များအတွက်လည်း တာဝန်ရှိသည်။
၂၀၁၁ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် စီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာသည်။ ထိုဖြစ်ရပ်သည် စစ်အုပ်စုလမ်းပြမြေပုံ အဓိကအားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးဆွဲပြီး ဦးသိန်းစိန်က အကောင်အထည်ဖေါ်သည့် စစ်အုပ်စု၏လမ်းပြမြေပုံတွင် နောက်ထပ်ခြေလှမ်းဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံအတွက် ခေတ်သစ်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများသည် သူတို့စီစဉ်ထားသည့် အရာအားလုံးကို အောင်မြင်အောင် လုပ်နိုင်ကြသည်။ စစ်တပ်ကို မျက်နှာသာပေးသော ဖွဲ့စည်းပုံ၊ စစ်တပ်၏ နိုင်ငံရေးလမ်းကြောင်းကို ပုဒ်မ ၆(စ) တွင် ထည့်သွင်းခြင်း၊ ဦးသန်းရွှေ စိတ်တိုင်းကျရွေးချယ်ထားသော ဦးသိန်းစိန် အရပ်သားသမ္မတ ဖြစ်လာခြင်း၊ စစ်အုပ်စုကဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းကို ကျေနပ်စေခြင်းတို့ပင်ဖြစ်သည်။
ထိုအခါ မြန်မာနိုင်ငံသည် “ပုံမှန်” နိုင်ငံ ဖြစ်လာခဲ့သည်။
“ပြုပြင်ပြောင်းလဲရေးသမား” ခေတ်
ဦးသိန်းစိန်တွင် အောင်မြင်အောင် လုပ်ဆောင်ရမည့် ခက်ခဲသော ကိစ္စတခု ရှိနေခဲ့သည်။ ပြုပြင်ပြောင်းလဲရေးဖြင့် ဟန်ဆောင်သရုပ်ဖေါ်ထားသော်လည်း စစ်အုပ်စုအလိုကျ လုပ်နေဆဲဖြစ်သော ထိုနိုင်ငံရေး အခင်းအကျင်းသစ်တွင် သူ၏ အဓိကတာဝန်မှာ စစ်တပ်လွှမ်းမိုးသော အရပ်သား အစိုးရအောက်တွင် တိုင်းပြည်ကို တံခါးဖွင့်ပေးရန်ဖြစ်သည်။ ထိုသို့လုပ်ရန်အတွက် သူသည် ချိန်ခွင်လျှာ ညီမျှအောင် လုပ်ဆောင်ရန် လိုသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ထိုသို့လုပ်ရာတွင် စစ်တပ်၏ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားရေးဖြစ်သည်။ အနှစ်ချုပ်အားဖြင့်ဆိုရပါက သူသည် စစ်တပ်က ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် အတိုင်းအတာအထိ နိုင်ငံကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။ ထိုအယူဝါဒသည် သူ၏ဆရာသမား ဦးသန်းရွှေ၊ သူကိုယ်တိုင်နှင့် အခြားဗိုလ်ချုပ်များအားလုံးက လွန်ခဲ့သောဆယ်စုနှစ်အတွင်း ၎င်းတို့ စစ်တပ်အဖွဲ့အစည်းအတွက် ဖော်ဆောင်ခဲ့မှုသာ ဖြစ်သည်။
သမ္မဦးသိန်းစိန်သည် မည်သည့်အခါမျှ စည်းမကျော်ပေ။ သူသည် (မြန်မာပြည်သူနှင့် ဒီမိုကရေစီအင်အားစုက တောင်းဆိုသည့်) နိုင်ငံရေးတွင် စစ်တပ်အခန်းကဏ္ဍလျှော့ချရေးကဲ့သို့သော အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှုများကို မလုပ်ခဲ့ပေ။ စစ်တပ်၏လမ်းကြောင်းကို အဓိက အကောင်အထည်ဖေါ်သူအနေဖြင့် သူသည် စစ်တပ်ကို သစ္စာရှိသည်။
မည်သို့ဆိုစေ သူ၏ အရပ်သားတပိုင်းအစိုးရက အကောင်အထည်ဖေါ်သည့် အကန့်အသတ်ဖြင့် ပြုပြင်ပြောင်းလဲရေးသည်ပင် သူ့ကို ပြုပြင်ပြောင်းလဲရေး သမ္မတကြီးဆိုသည့် ဂုဏ်ပုဒ်ကို ရစေခဲ့သည်။ သူ့ကို မြန်မာနိုင်ငံ၏ မစ်ခေးဂေါ်ဘာချော့ ဟု ခေါ်ကြပြီး လက်တွေ့တွင်လည်း မျှတသော နှိုင်းယှဉ်ပြောကြားချက်ဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကပင် ပြုပြင်ပြောင်းလဲရေး အသိအမှတ်ပြုပြီး “အမှောင်ထုတွေကို နှစ်ပေါင်းများစွာတွေ့ပြီးနောက် ကျနော်တို့ တိုးတက်မှုကလေး ဖြတ်ကနဲလက်လာတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။ သို့သော် ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားတတ်ဆုံးသူများသည် ထိုဖြတ်ကနဲလက်သည့် တိုးတက်မှုအလင်းရောင်လေးသည် စစ်မှန်ကျယ်ပြန့်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မီးတောက်ကြီး ဖြစ်လာ မလာကို သံသယရှိကြသည်။
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးသမားဖြစ်လာသောအခါ သူ၏အစိုးရတွင် အဓိကကျသော ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးများသည်လည်း ၎င်းတို့ကိုယ်၎င်းတို့ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ခန့်အပ်လိုက်တော့သည်။ ထိုသို့လုပ်လိုက်ခြင်းကြောင့် ၎င်းတို့သည် နေရာအနှံ့အပြားမှ ရိုသေလေးစားမှုများ ရရှိကြသည်။ နိုင်ငံတကာခေါင်းဆောင်များက ၎င်းတကို လေးစားကြသည်၊ သံတမန်များက ၎င်းတို့ကို ချစ်ကြသည်။ ပြည်တွင်းပြည်ပပညာရှင်များ (ပညာရှင်ဆိုသူများ အပါအဝင်) သည် ၎င်းတို့၏ အသိပညာဆိုင်ရာ အသေးစိတ်သရုပ်ခွဲမှုများကို ပစ်ပယ်ပြီး စိတ်ခံစားမှု နောက်သို့ လိုက်ကြလေသည်။ ပြည်တွင်းပြည်ပမှ သတင်းသမားများနှင့် အခြားပညာရှင်များသည်လည်း ထိုအသစ်အဆန်းဖြစ်ပုံရသော အစိုးရကို လေ့လာချဉ်းကပ်ရာတွင် ဝေဖန်စမ်းစစ်သည့်အတွေးအခေါ်များကို စွန့်လွှတ်လိုက်ကြသည်။

အတော်ရီစရာကောင်းသည်မှာ ထိုခေတ်ကမြန်မာနိုင်ငံတွင် သူ့တိို့ကိုယ်သူတို့ စစ်အရာရှိ အငြိမ်းစား ပြုပြင်ပြောင်းလဲရေးသမားဟု ဆိုသူများသည် ယခင်ကလည်း တန်ဖိုးကြီးစွာပေးဆပ်ခဲ့ပြီး ဆက်လက်၍လည်း ပေးဆပ်နေဆဲဖြစ်သော လွတ်လပ်မှုနှင့် ဒီမိုကရေစီတိုက်ပွဲဝင်သူများထက်ပင် ပိုမိုရေပန်းစားခြင်းဖြစ်သည်။ ထိုလွတ်လပ်မှုနှင့် ဒီမိုကရေစီတိုက်ပွဲဝင်သူများသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ဒီမိုကရေစီ လိုလားသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများအတွက် ထောင်များတွင် သေလုမျောပါးခံစားခဲ့ရသည်၊ ပြည်ပသို့ ထွက်ပြေး သို့မဟုတ် စစ်မြေပြင်များတွင် ဒဏ်ရာရ သို့မဟုတ် သတ်ဖြတ်ခံကြရသည်။
လှည့်စားခံရသူများ သို့မဟုတ် ရိုးရိုးသားသား နားမလည်သူများသည် အခြေအနေ၏ ရှုပ်ထွေးမှုကြောင့် ဘာမျှ မမြင်နိုင်တော့ပေ။ ဦးသိန်းစိန်၏တာဝန်မှာ အပေါ်ယံအပြောင်းအလဲများကိုသာ အကောင်အထည်ဖေါ်ရန်သာ ဖြစ်ပြီး စစ်တပ်၏လမ်းကြောင်းကို ပြောင်းလဲသွားစေမည့် အခြေခံကျသော အပြောင်းအလဲဖြင့် စနစ်အပြောင်းအလဲကို လုပ်ရန်မဟုတ်ပေ။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအားထုတ်မှုများသည် ခိုင်မာသော အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း မရှိသည်ကို ထိုသို့သော ရပ်ကြည့်သူများ မသိနိုင်ကြပေ။
သို့သော် သာမန်မြန်မာပြည်သူများက ၎င်းတို့ကိုယ်တွေ့အတွေ့အကြုံများနှင့် စစ်အာဏရှင်စနစ်၏ ဗီဇကို မဆိုထားနှင့် ဗိုလ်ချုပ်မှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်နှင့် စစ်တပ်အငြိမ်းစား ပြုပြင်ပြောင်းလဲရေးသမားများနှင့် ပတ်သက်သည့် ၎င်းတို့၏ အလိုအလျှောက် သိမြင်မှုကို အခြေခံကာ ထိုအခြေအနေအား ကောင်းစွာ သဘောပေါက်သည်။ ပြည်သူများ၏ ဘဝအသိသည် သမ္မတဦးသိန်းစိန်ထံ အညံ့ခံရေးသမားများ၊ ပညာရှင်များ၊ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတဖြစ်နေစဉ် သူ့အနီးတွင် ဝန်းရံနေသူများနှင့် လွန်စွာ ကွဲပြားခြားနားနေသည်။
သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် မည်သည့်အခါကမျှ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသို့ ဦးတည်ခြင်း မရှိဘဲ စစ်တပ်လိုလားသော ဖွဲ့စည်းပုံအောက်မှ ကပြားဒီမိုကရေစီကိုသာ ဦးတည်သည်။ ၎င်း၏ ရည်မှန်းချက်သည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် ကိုက်ညီခြင်းမရှိဘဲ ၎င်း၏ အန္တိမ ရည်မှန်းချက်မှာ စစ်တပ်နှင့် စစ်တပ်လက်ဝေခံပါတီက နိုင်ငံကို ဆက်လက်အုပ်ချုပ်ရေးသာ ဖြစ်သည်။
နောက်ဆုံးတွင် ဦးသိန်းစိန်သည် ထိုရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ခြင်းမရှိတော့။
ကယ်တင်ရှင်
ဦးသိန်းစိန်ခေါင်းဆောင်မှုအောက်မှ USDP သည် NLD နှင့်ရွေးကောက်ပွဲ စစ်မျက်နှာ ၂ ခုလုံးတွင် ရှုံးသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်သည်။ သူ၏ ရုပ်သေးဆရာကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရည်မှန်းချက်ဖြစ်သော သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ချေမှုန်းလိမ့်မည်ဆိုသည့်အချက်သည် အကောင်အထည်ပေါ်မလာခဲ့ပေ။
သို့သော် ထိုကိစ္စသည် ဦးသိန်းစိန်၏ အမှားသက်သက် မဟုတ်ပေ။ မြန်မာပြည်သူအများစုသည် (၁၉၉၀ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ အမည်ပြောင်းခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင်) စစ်တပ်ကျောထောက်နောက်ခံပြုပါတီများကို စစ်ခေါင်းဆောင်များနှင့် စစ်အုပ်စုကို မုန်းသကဲ့သို့ မုန်းတီးကြသည်။ ထို့ကြောင့် မည်သည့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတွင်မျှ စစ်တပ်ကျောထောက်နောက်ခံပြုပါတီများ နိုင်ရန် မည်သည့် အလားအလာမျှ မရှိပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် သူကိုယ်တ်ိုင်နှင့် သူ၏ပါတီသည် ရှုံးနိမ့်ပြီးနောက် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဇာတ်စင်မှ ဆင်းရသည်။ ထိုရွေးကောက်ပွဲပြီးနောက် NLD သည် ဆယ်စုနှစ် ၅ ခုကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဖွဲ့စည်းပုံကို ပြုပြင်ပြီး စစ်တပ်၏ အထူး နိုင်ငံရေး အာဏာကိုလျှော့ချရန် ကြိုးစားသည့် အာဏာရ NLD အစိုးရထံမှ ခြိမ်းခြောက်မှုအစစ်ကို စစ်တပ်က ခံစားရသည်။၂၀၂၀ ခုနှစ်သို့ရောက်သောအခါ USDP သည် ဥက္ကဋ္ဌသစ်အောက်တွင် ခွက်ခွက်လန်ရှုံ့းပြန်သည်။
အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ် ရှုံးပြီးသောအခါ လက်ဝေခံပါတီဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန် စစ်အုပ်စု၏ အကြံအစည် မအောင်မြင်ကြောင်း ထင်ရှားလာသည်။ သို့သော် စစ်တပ်၏ နိုင်ငံရေးအယူဝါဒကို ဆက်အကောင်အထည်ဖော်ရန် ဒုတိယလမ်းကြောင်း ရှိပြီးဖြစ်ကာ ၎င်းမှာ စစ်အာဏာသိမ်းခြင်းပင်ဖြစ်သည်။ ထိုနည်းလမ်းကို ရွေးချယ်မည်မဟုတ်ဟု ကျော်ကြားသော မြန်မာ့အရေးလေ့လာသူများနှင့် ပညာရှင်များအပါအဝင် လူအများအပြားက ယူဆထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ဟောင်းများ၏ စိတ်ဓါတ်အခြေခံကို သို့မဟုတ် အထက်ဖေါ်ပြပါ စစ်တပ်၏ နိုင်ငံရေးအယူဝါဒကို နားမလည်သောကြောင့် ဖြစ်သည်။
ယခုအခါစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်၏ အလှည့်ကျရောက်လာပြီဖြစ်သည်။ စစ်တပ်နှင့် စစ်တပ်၏ နိုင်ငံရေးလမ်းကြောင်းကို အရပ်သားအစိုးရလက်မှ ကယ်တင်ရန်မှာ သူ၏တာဝန်ဖြစ်လာသည်။

အရပ်သားအစိုးရ ရှေ့တိုးလုပ်ဆောင်မှုများကို လက်ဦးမှုရယူရန် မင်းအောင်လှိုင်သည် အသစ်ရွေးချယ်ခံရသော လွှတ်တော်ကို မြန်မာနိုင်ငံမြို့တော်နေပြည်တော်တွင် မခေါ်ယူမီ နာရီပိုင်းအလိုတွင် အာဏာသိမ်းလိုက်သည်။ ရွေးကောက်ခံအစိုးရခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိ အားလုံးနီးပါး အဖမ်းခံရသည်။ ထွန်းသစ်စ ဒီမိုကရေစီသည် သတ်ဖြတ်ခံရပြီး တိုင်းပြည်အနာဂတ်အပါအဝင် အရာရာကို ထိုလုပ်ရပ်တခုတည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ဖျတ်ကနဲမြင်ရသည့် တိုးတက်မှု အလင်းရောင်များ မည်သည့်နေရာသို့ ရောက်ကုန်သနည်း။ အာဏာသိမ်းသူ၏ အကိုကြီးများ၊ ဆီနီယာများ မည်သည့်အရပ်ရောက်ကုန်သနည်း။ မင်းအောင်လှ်ိုင်ကို ၂၀၁၁ တွင် စစ်တပ် အကြီးအကဲအဖြစ် ခန့်အပ်သည့် ဦးသန်းရွှေ မည်သည့်အရပ်ရောက်နေသနည်း။ သူသမ္မတအဖြစ် တာဝန်ယူစဉ် မင်းအောင်လှိုင်က သတင်းပို့ရသည့် ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန် မည်သည့်အရပ်ရောက်နေသနည်း။
၎င်းတို့အားလုံးသည် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပ်ိုင်းတွင် ဝစီပိတ်ကျင့်နေပုံရသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် ဝစီပိတ်ကျင့်မနေကြောင်း ၎င်းတို့၏ လုပ်ရပ်များက အထင်အရှားပြသနေသည်။
လက်ရှိ စစ်ကောင်စီအစိုးရမှ ဝန်ကြီးအနည်းဆုံး ၆ ဦးသည် ဦးသိန်းစိန်အစိုးရမှ ဝန်ကြီးဟောင်းများဖြစ်ကြသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးအောင်သန်းဦးနှင့် ပြန်ကြားရေး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီး ဦးမောင်မောင်အုန်းတို့ဖြစ်သည်။
ဦးမောင်မောင်အုန်းမှအပ ကျန်သူအားလုံးသည် ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်အပ်ခံရသော ဝန်ကြီးဌာနများတွင်သာ ခန့်အပ်ခံရသည်။ ယခင် ဗိုလ်မှူးချုပ်ဟောင်းနှင့် ရဲချုပ်ဟောင်း ဦးခင်ရီသည် လက်ရှိ USDP ဒုဥက္ကဌဖြစ်သည်။သူသည် ဦးသိန်းစိန်အစိုးရတွင် အဓိကကျသည့် ဝန်ကြီးတဦးဖြစ်ပြီး အခြားအဓိက ကျသော သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ဗိုလ်ချုပ်အောင်မင်းတို့နှင့် လက်တွဲဆောင်ရွက်ခဲ့သူဖြစ်သည်။ ၎င်းတို့အားလုံးသည် ဦးသိန်းစိန်အောက်တွင် နိုင်ငံတံခါးဖွင့်လာခြင်း အတွက် သံတမန်များနှင့် ပြည်တွင်းပြည်ပပညာရှင်များက ပြုပြင်ပြောင်းလဲရေးသမားများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သူများ ဖြစ်သည်။ ဦးမောင်မောင်အုန်းကို ဦးသိန်းစိန်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်ခဲ့သည်။
ယခုအခါ ထို”ပြုပြင်ပြောင်းလဲရေးသမားများ” မည်သည့်နေရာတွင် ရပ်တည်နေကြသနည်း။
ယုံကြည်အားထားရသော သတင်းရင်းမြစ်များ၏ အဆိုအရ နောက်ထပ်ဝန်ကြီးများသည် စစ်အာဏာသိမ်းမှုအပြီး ၆ လအကြာတွင် မင်းအောင်လှိုင်ထူထောင်လိုက်သော အိမ်စောင့်အစိုးရနှင့် ပူပေါင်းရန် အချိန်အခါကို စောင့်နေကြသည်။ အခြားသူများကလည်း စစ်ကောင်စီက ၂ နှစ်အတွင်း ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရကို စိတ်ရှည်ရှည်စောင့်နေသည်ဟု စာရေးသူကိုပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အိမ်စောင့်အစိုးရတွင် ယခင်စစ်အုပ်စု ဝန်ကြီးအများအပြားပါဝင်နေခြင်းသည် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဟောင်းများနှင့် ယခင်ဦးသိန်းစိန်အစိုးရတခုလုံးအနေဖြင့် လူသိရှင်ကြားဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ မည်မျှပျော်ရွှင်မြူးတူးနေသည်ကို ပြသနေသည့် အထောက်အထားဖြစ်သည်။ ၎င်းတို့အတွက် မင်းအောင်လှိုင်သည် စစ်တပ်က ၎င်းတို့ရသင့်သည်ဟု ၎င်းတို့ဘာသာထင်သည့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ သို့မဟုတ် နိုင်ငံကို မပြိုကွဲအောင် ကာကွယ်နိုင်သော တခုတည်းသော အဖွဲအစည်းဆိုသည့် အဆင့်၊ အကြွင်းမဲ့စစ်အာဏာရှင်စနစ်ကို ပြန်လည်ထိန်းသိမ်းပေးသည့် ကယ်တင်ရှင်ဖြစ်သည်။ ၎င်းတို့အတွက် တရားဝင်မှု၊ မဝင်မှုပြဿနာဆိုသည်မျိုး မရှိပေ။
သန်းရွှေနှင့်သိန်းစိန်တို့သည် မင်းအောင်လှိုင်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ရန် အကြောင်းမရှိပေ။ သူသည် စစ်တပ်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပြန်လည်ထိန်းသိမ်းရန် အာဏာသိမ်းသည်။ ထိုအခန်းကဏ္ဍများသည် ၎င်းတို့ဖွင့်ဆိုပြီး အကောင်အထည်ဖေါ်ရန် ကာကွယ်ခဲ့သော အခန်းကဏ္ဍပင်ဖြစ်သည်။ ၎င်းတို့သည် မင်းအောင်လှိုင်အတွက် ဂုဏ်ယူကြမည်မှာ သေချာသည်။
ယခုအခါ စစ်တပ်အကြီးအကဲသည် ၎င်းတို့အားလုံး၏ တူညီသောရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖေါ်ရန် အကြွင်းမဲ့အာဏာရှိနေပြီဖြစ်သည်။
သန်းရွှေသည် စစ်တပ်၏ နိုင်ငံရေးလမ်းကြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံမှတဆင့် ဖန်တီးသူအဖြစ်နှင့် သိန်းစိန်သည် ၎င်းကို ပထမဆုံး အကောင်အထည်ဖေါ်သူအဖြစ် မိမိတို့တွေ့ရှိထားသော်လည်း မင်းအောင်လှိုင်သည် ယခုအခါ စစ်အုပ်စု၏ ကယ်တင်ရှင်ဖြစ်လာပြီး မြန်မာနိုင်ငံသည် ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံမှ စစ်အုပ်ချုပ်ရေးနိုင်ငံပြန်ဖြစ်သွားသည်။ ပိုမိုတိတိကျကျပြောရပါက စစ်အာဏာရှင်စနစ်အောက် ကျရောက်သွားသည်။
လက်တွေ့ကျကျပြောရလျှင် ထိုဗ်ိုလ်ချုပ် ၃ ဦးသည် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်က စစ်တပ်မပီသဘဲ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေးလမ်းကြောင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သူများသာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အာဏာကို အချိန်အကန့်အသတ်မရှိ ချုပ်ကိုင်နိုင်ရေးနှင့် နိုင်ငံအတွင်းမှ အခြားသူများအားလုံးထက် အခွင့်ထူးများ ခံစားနိုင်ရေးအတွက် ဥပဒေယန္တရားကို ထူထောင်ရန် လုပ်ဆောင်ခဲ့သည်။
၎င်းတို့လုပ်သမျှ အရာရာသည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည်။ ၎င်းတို့သည် တိုင်းပြည်၏ ဒီမိုကရေစီ၊ မည်သည့်တောက်ပသော အနာဂတ်မဆိုနှင့် ပြည်သူများ၏ မည်သည့် ရည်မှန်းချက်မဆိုကို ဖျက်ဆီးသူများဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar’s Military Chief Staged a Coup. But He Did Not Act Alone ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့
ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်