မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

ရဲမျိုးဟိန်း
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့ စစ်ရေးပြပွဲ၌ တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်၏ ဒီမိုကရေစီအတွက် အားထုတ်မှုများကို ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂစစ်ရေးကော်မတီ (EUMC) သို့ ဂုဏ်ယူဝံ့ကြွားစွာ ရှင်းလင်းပြောကြားသည်။ အများအံ့သြစရာဖြစ်ရသည်မှာ သူ့ကို ဥရောပသမဂ္ဂ စစ်တပ်အကြီးအကဲများ အစည်းအဝေးသို့ ထိုစဉ်က EUMC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မစ်ခေးလ် ကိုစတာရာကော့စ်က ဧည့်သည်တော် အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုအစည်းအဝေးတွင် ပါဝင်ခြင်းသည် ကမ္ဘာ့နိုင်ငံရေးရှုခင်းတွင် “မြန်မာနိုင်ငံ ရောက်သင့်ရောက်ထိုက်သောနေရာသို့ ပြန်လည်ရောက်ရှိရေး” ကူညီရာတွင် စစ်ဖက်သံတမန်ရေးအောင်မြင်မှုဖြစ်သည်ဟု ဥရောပသမဂ္ဂက ၎င်းတို့၏ ကြေညာချက်တွင် ဖေါ်ပြသည်။ ထိုခရီးစဉ်တွင် မြန်မာစစ်တပ်အကြီးအကဲသည် စစ်တပ်အကြီးအကဲများ၊ ကာကွယ်ရေး ကုမ္ပဏီများနှင့်တွေ့ဆုံရန် အီတလီသို့ မသွားမီ ဥရောပသမဂ္ဂအရာရှိများနှင့် အနာဂတ် စစ်ဖက်ဆက်ဆံရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂစစ်ရေးကော်မတီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

ထိုနောက် ၂၀၁၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် သြစတြီးယားနှင့် ဂျာမဏီသို့ သွားရောက်သည်။ ထိုနိုင်ငံများသို့ရောက်သောအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျာမန်နှင့် သြစတြီးယား စစ်တပ်အကြီးအကဲများနှင့်တွေ့ဆုံပြီး ကာကွယ်ရေးကုမ္ပဏီများနှင့် စက်ရုံအများအပြားသို့ သွားရောက်သည်။ ထိုကာလတဝိုက်တွင် ဥရောပသမဂ္ဂသာမက အမေရိကန်ပြည်ထောင်စုသည်လည်း မြန်မာစစ်တပ်နှင့် စစ်ဖက်ဆက်ဆံရေးများ တဖြည်းဖြည်း ပြန်လည်ပြုလုပ်ရန် စီစဉ်ထားပြီး အရာရှိငယ်များအတွက် လေ့ကျင့်ရေးအစီအစဉ်အချို့ ကမ်းလှမ်းသည်။

အပြုသဘော ထိတွေ့ဆက်ဆံရေး ဇာတ်လမ်း

မြန်မာစစ်တပ်နှင့် အပြုသဘောထိတွေ့ဆက်ဆံခြင်းသည် မြန်မာစစ်အရာရှိများကြား ဒီမိုကရေစီ အမြင်နှင့် စစ်တပ်ပီသမှုကို မြှင့်တင်ပေးနိုင်ပြီး နိုင်ငံရေးမှ စစ်တပ်ထွက်ခွာခြင်းကို လျှင်မြန်စေနိုင်သည်ဆိုသည့် လိုရာဆွဲတွေးသည့် အတွေးအခေါ်များ အနောက်နိုင်ငံများတွင် လွှမ်းမိုးနေသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေး ဖွင့်ပေးပြီးနောက် အရပ်ဖက်အာဏာပိုင်များက ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်သစ်သည် နယ်မြေတည်တံ့ခိုင်မြဲရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမရှိဘဲ လည်ပတ်နေကြောင်း စစ်ခေါင်းဆောင်များကို အာမခံနိုင်ပါက စစ်တပ်သည် နိုင်ငံရေးမှ တဖြည်းဖြည်းထွက်ခွာရန် အဆင်သင့်ရှိသည်ဆိုသည့် ဇာတ်ကြောင်းမှ ထိုသို့သော အတွေးအခေါ်များ အခြေခံအားဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံကို ထာဝရ အုပ်ချုပ်ခွင့်ရှိသည်ဟု ၎င်းတို့ကိုယ် ၎င်းတို့မြင်နေသော လက်နက်ကိုင်တပ်ဖွဲ့တခုအနေဖြင့် မြန်မာစစ်တပ်သည် နိုင်ငံရေးမှ လုံးလုံးလျားလျား ဆုတ်ခွာရန် မည်သည့်အခါကမျှ ရည်ရွယ်ခြင်း မရှိပေ။

လက်တွေ့တွင် စစ်တပ်သည် “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ”တခုအောက်တွင် ၎င်းတို့၏ အာဏာကို အာမခံနိုင်အောင် ဂရုတစိုက်ကြံစည်ထားပြီး နိုင်ငံရေးနှင့် လမ်းခွဲရန် စစ်မှန်သော ဆန္ဒမရှိပေ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အရပ်သားများ လုပ်ကိုင်ဆောင်ရွက်ရမည့် နယ်ပယ် အတိုင်းအတာ၊ နိုင်ငံရေးစွက်ဖက်မှုမှ ၎င်းတို့နောက်ဆုတ်ပေးမည့် အတိုင်းအတာနှင့် မွေးကင်းစ နိုင်ငံရေးနယ်ပယ်ကို ပိတ်ပင်ရန် မည်သည့်အချိန်တွင် ဝင်ရောက်စွက်ဖက်မည်တို့ကို စစ်တပ်က ကြိုတင်ဆုံးဖြတ် သတ်မှတ်ထားပြီးဖြစ်သည်။ နိုင်ငံကို ထာဝရ အုပ်ချုပ်ခွင့်ရှိသည်ဟု ၎င်းတို့ကိုယ် ၎င်းတို့မြင်နေသော လက်နက်ကိုင်တပ်ဖွဲ့တခုအနေဖြင့် မြန်မာစစ်တပ်သည် နိုင်ငံရေးမှ လုံးလုံးလျားလျား ဆုတ်ခွာရန် မည်သည့်အခါကမျှ ရည်ရွယ်ခြင်း မရှိပေ။

စစ်တပ်သည် ဆန္ဒအလျှောက် နိုင်ငံရေးမှ ဆုတ်ခွာသည်ဆိုသည့် ဇာတ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းလိုက်သောအခါ တစစီပြိုကွဲသွားသည်။ စစ်တပ်သည် အာဏာသိမ်းရန် အစီအစဉ်မရှိဘဲ လွန်ခဲ့သော ၅ နှစ်အတွင်း ရွေးကောက်ခံအရပ်သား ခေါင်းဆောင်များနှင့် စစ်တပ်အကြား တင်းမာမှုများကြောင့် အာဏာသိမ်းရသည်ဟု အချို့က ပြောကောင်းပြောနိုင်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပထမ ၅ နှစ်အာဏာရစဉ်အတွင်း အရပ်သားအစိုးရသည် စစ်တပ်နှင့်ပြန်လည်သင့်မြတ်ရေး ရပ်တည်ချက်ဖြင့် ရပ်တည်ခဲ့ပြီး နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှု သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အန္တရာယ်ကျရောက်စေသည့် မည်သည့်ဖြစ်ရပ်မျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

သို့သော် အတိတ်ကို ပြန်ကြည့်သောအခါ အရပ်ဖက်-စစ်ဖက်တင်းမာမှုသည် ၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ ရေဆူအမှတ်သို့ရောက်လာပြီး ထိုရွေးကောက်ပွဲရလဒ်များကြောင့် စစ်ခေါင်းဆောင်များ အာဏာသိမ်းကြောင်း အထင်အရှားတွေ့မြင်ရသည်။ ထိုရွေးချယ်မှုသည် အရပ်ဖက်-စစ်ဖက်အားပြိုင်မှုကြောင့်ပြုလုပ်သည့် ရွေးချယ်မှုမဟုတ်ဘဲ NLD သည် သက်တမ်း ၂ ခုအပြည့်အ၀ အာဏာရနေပါက စစ်တပ်၏ နိုင်ငံရေး၊ စီးပွားရေးအခွင့်ထူးများကို အဆုံးသတ်ပစ်နိုင်သည့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို အခိုင်အမာထူထောင်တော့မည် ဆိုသည့် စစ်တပ်၏ စိုးရိမ်ပူပန်မှုကြောင့် ရွေးချယ်ခဲ့သည့် ရွေးချယ်မှုဖြစ်သည်။

အနောက်ဒီမိုကရေစီနိုင်ငံများက အပြုသဘောထိတွေ့ဆက်ဆံခြင်းသည် မြန်မာစစ်တပ်ကို စစ်တပ်ပီသသည့် အဖွဲ့အစည်းတခုဖြစ်အောင် မပြောင်းလဲနိုင်ခဲ့ဘဲ ခေါင်းဆောင်ပိုင်းက ထင်ရာစိုင်းရန် အတင့်ရဲ တရားဝင်ခြင်းကိုသာ မမျှော်လင့်ဘဲ ဖြစ်စေခဲ့သည်။ ဥရောပသမဂ္ဂသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီး တနှစ်မျှပင် မပြည့်မီတွင် ရိုဟင်ဂျာလူနည်းစုကို လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က သတ်မှတ်သည့် ရခိုင်ပြည်နယ်မှ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို မြန်မာစစ်တပ်က ကျူးလွန်သောကြောင့် တကမ္ဘာလုံး တုန်လှုပ်ခဲ့ရသည်။

အတိတ်က ရာဇဝတ်မှုများကို တာဝန်မခံစေဘဲ မြန်မာစစ်တပ်နှင့် အပြုသဘော ထိတွေ့ဆက်ဆံခြင်းသည် စစ်တပ်၏ နိုင်ငံရေးအနေအထားကို တောင့်တင်းကြံ့ခိုင်စေသည့် သဖွယ်ဖြစ်ပြီး ရိုင်းစိုင်းလှသော ရက်စက် ကြမ်းကြုတ်မှုများကို တရားဝင်စေသည့် မရည်ရွယ်သော အကျိုးဆက်များကို ဖြစ်စေခဲ့သည်။

လက်တွေ့တွင်မူ ထိုကိစ္စသည် မြန်မာ့သမိုင်းတွင် အသစ်အဆန်းမဟုတ်ပေ။ တိုင်းရင်းသားလူနည်းစု ဒေသများတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်သည့် ကြောက်မက်ဖွယ် စစ်ဆင်ရေးများမှသည် မြို့ပြဒေသများတွင် အရပ်သား ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအထိ ကျယ်ပြန့်သည့် မြန်မာစစ်တပ်၏ ရှည်လျှားလှသော ရက်စက်ကြမ်းကြုတ်မှု သမိုင်းရှိနေပြီးဖြစ်သည်။ အတိတ်က ရာဇဝတ်မှုများကို တာဝန်မခံစေဘဲ မြန်မာ စစ်တပ်နှင့် အပြုသဘော ထိတွေ့ဆက်ဆံခြင်းနှင့် အရပ်သားအစိုးရ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးမှု မရှိခြင်းသည် စစ်တပ်၏ နိုင်ငံရေးအနေအထားကို တောင့်တင်းကြံ့ခိုင်စေသည့် သဖွယ်ဖြစ်ပြီး ရိုင်းစိုင်းလှသော ရက်စက် ကြမ်းကြုတ်မှုများကို တရားဝင်စေသည့် မရည်ရွယ်သော အကျိုးဆက်များကို ဖြစ်စေခဲ့သည်။

ဒီမိုကရေစီလိုလားပြီး တည်ငြိမ်ရေး အင်အားစုဖြစ်သည်ဆိုသည့် ဇာတ်ကြောင်း

အလားတူစွာပင် အခြားသောလုပ်ဇာတ်တခုမှာ မြန်မာစစ်အရာရှိမျိုးဆက်သစ်သည် ပိုမိုလစ်ဘရယ်ဆန်ပြီး ဒီမိုကရေစီလိုလားသည်ဆိုသည့် ဇာတ်ကြောင်းဖြစ်သည်။ ထိုကဲ့သို့သော လုပ်ဇာတ်မျိုးသည် ၁၉၈၈ က ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီကပင် လွန်စွာရေးပမ်းစားသည်။ လေ့ကျင့်မှု အခွင့်အလမ်းနှင့် အနောက်နိုင်ငံများ ထိတွေဆက်ဆံစေခြင်းစသည့် မြန်မာစစ်အရာရှိမျိုးဆက်သစ်များအပေါ် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများက မြန်မာစစ်တပ်ကို နိုင်ငံရေးနှင့်လမ်းခွဲပြီး စစ်တပ် ပိုမိုပီသစေမည်ဟု ထိုဇာတ်ကြောင်းခင်းသူများက ယူဆကြသည်။ သို့သော် စဉ်းစားတွေးခေါ်ချဉ်းကပ်ပုံ ပြောင်းလဲလာသည့် စစ်အရာရှိမျိုးဆက်သစ်များ ပေါ်ပေါက်လာသည့် အထောက်အထားမတွေ့ရပေ။ ဆန့်ကျင်ဖက်ပင်ဖြစ်နေပြီး ၎င်းတို့သည် မြန်မာဒီမိုကရေစီအင်အားစုများကို ဆိုးဆိုးရွားရွား ပိုမိုရန်လိုသည့် တပ်များဖြစ်လာကြသည်။

ဖခင်ဖြစ်သူတည်ထောင်ခဲ့သော တပ်မတော်အဖြစ် စစ်တပ်ကို အမြဲတစေ ကြေအေးသောလေသံဖြင့် အမြဲတစေ ဆက်ဆံနေစေကာမူ ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည် သတိထားမိပုံရသည်။ သူမကို လိုလားသော စစ်အရာရှိငယ်များ ရှိ မရှိ ဝါရင့်သတင်းစာဆရာကြီး ဘာတေးလ်လစ်တနာက ၁၉၈၉ ခုနှစ် ဖေါ်ဖေါ်ဝါရီလတွင် မေးသောအခါ ဒေါ်အောင်ဆန်းစုကြည်က “မရှိပါဘူး။ ဆန့်ကျင်ဘက်တောင် ဖြစ်နေသေးတယ်။ အရာရှိဟောင်း တချို့ကမှ ကျမအဖေ (မြန်မာ့တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း) ကို သစ္စာရှိနေဆဲမို့ ပိုပြီး အဆင်ပြေပါသေးတယ်။ လူငယ်အရာရှိတွေက အဆိုးဆုံးပဲ။ သူတို့က ဦးနေဝင်း (မြန်မာစစ်အာဏာသိမ်းမှုကို စတင်ထူထောင်သော ပထမဆုံးအာဏာရှင်) အောက်မှာ ထင်ပေါ်လာကြပြီး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်ပြီး လေ့ကျင့်ထားတဲ့သူတွေပဲ” ဟု ပြန်ဖြေသည်။ ယခုလည်း ဦးသန်းရွှေ (၂၀၁၀ အလွန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဖန်တီးခဲ့သော အာဏာရှင်) လက်အောက်တွင် ထိပ်တန်းရာထူးများရလာသော အရာရှိသစ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမှ ဖြုတ်ချဖမ်းဆီးလိုက်ပြီး ၎င်းတို့ကာကွယ်ပေးရန် ကတိသစ္စာဆိုထားသော ပြည်သူများကိုသတ်ဖြတ်ကာ ယခင်အာဏာရှင်များ၏ လမ်းစဉ်ကို လိုက်ကြသည်။

နောက်ထပ်ရေပမ်းစားသော ဇာတ်ကြောင်းမှာ စစ်တပ်သည် နိုင်ငံတည်ငြိမ်ရေးအတွက် အင်အားစု ဖြစ်သည်ဆိုသည့် လုပ်ဇာတ်ဖြစ်သည်။ စစ်တပ်သည် ထိုလုပ်ဇာတ်ဖြင့် ၁၉၅၈ ခုနှစ်မှစတင်ပြီး နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ရကြောင်း အကြောင်းပြပြီး စစ်တပ်၏ဝါဒဖြန့် ယန္တရားမှတဆင့် အချို့သုတေသီများသာမက အိမ်နီးချင်းနိုင်ငံများကပါ ထိုလုပ်ဇာတ်ကို ယုံကြည်ကြသည်။ ဗိုလ်ချုပ်များ အမြဲပြောလေ့ရှိသည့်အတိုင်း စစ်တပ်က နိုင်ငံရေးတွင် ၎င်း၏တက်ကြွသော အခန်းမှ မပါဝင်လျှင် နိုင်ငံနှင့်အချုပ်အခြာအာဏာပြိုကွဲမည့် အန္တရာယ်ရှိသည်ဆိုသည့် ဇာတ်ကြောင်းကို ၎င်းတို့ ယုံကြည်ကြသည်။ ယခုအာဏာသိမ်းမှုအပြီးတွင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်ဟာ နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် စုစည်းထားပြီး နိုင်ငံမပြိုကွဲအောင်တားဆီးဖို့ အမြဲတမ်းကြိုးစားနေတဲ့ တခုတည်းသော အင်အားစုဖြစ်တယ်” ဟု ပြောသည်။

သမိုင်းအရပြောရပါက အင်ဒရူးနာခန်ဆွမ်ပြောသည့်အတိုင်း မြန်မာစစ်တပ်သည် တည်ငြိမ်ရေး အင်အားစုမဟုတ်ဘဲ ဖရိုဖရဲဖြစ်ရေးအင်အားစုဖြစ်သည်။

သမိုင်းအရပြောရပါက အင်ဒရူးနာခန်ဆွမ်ပြောသည့်အတိုင်း မြန်မာစစ်တပ်သည် တည်ငြိမ်ရေး အင်အားစုမဟုတ်ဘဲ ဖရိုဖရဲဖြစ်ရေးအင်အားစုဖြစ်သည်။ အရပ်သားအုပ်ချုပ်ရေးအောက်တွင် တိုင်းရင်းသားများ၏ ဖက်ဒရယ်ရည်မှန်းချက်ကြောင့် နိုင်ငံပြိုကွဲမည့် အန္တရာယ်အတွက်ဟုဆိုသည့် သံသယဖြစ်ဖွယ်အကြောင်းပြချက်ဖြင့် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းသည်။ ထိုအချိန်မှ စတင်ပြီး မြန်မာစစ်တပ်သည် ထိုအကြောင်းပြချက်ကို ဆုပ်ကိုင်ထားသည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင်ဗ်ိုလ်ချုပ်နေဝင်းက သူသည် ထိုအချိန်က ဗုဒ္ဓ ဓမ္မများကို နားလည်ပါက ထိုအာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့မည်မဟုတ်ကြောင်း ဝန်ခံခဲ့သည်။

နိုင်ငံကို တစုတစည်းတည်း ထိန်းသိမ်းသည့်အစား ၁၉၆၂ စစ်အာဏာသိမ်းမှုသည် တိုင်းပြည်ကို ဖျက်ဆီးကာ မြန်မာနိုင်ငံမှ တိုင်းရင်းသားအမျိုးမျိုးအကြား နိုင်ငံရေးအချိတ်အဆက်များကို ပျက်စီးစေခဲ့ကြောင့် ထင်ရှားသော ရှမ်းပညာရှင် ချောင်ဆန်ယောင်ဝေ ကလည်းပြောကြားခဲ့သည်။ မကြာသေးမီက အာဏာသိမ်းမှုတွင်လည်း စစ်တပ်သည် နိုင်ငံ၏ တိုတောင်းသော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု စမ်းသပ်ခြင်းကို အဆုံးသတ်ပစ်လိုက်ပြီး နိုင်ငံကို ဖရိုဖရဲဖြစ်စေကာ ကျဆုံးနိုင်ငံအဆင့်သို့ ဦးတည်သွားစေပြီး ယခင်တည်ငြိမ်သော နိုင်ငံရေးစနစ်ကို ဖရိုဖရဲဖြစ်သွားစေကြောင်းမှာ ထင်ရှားလှသည်။

ဒီမိုကရေစီ ပြန်လည်ထိန်းသ်ိမ်းရေး ဇာတ်ကြောင်း

စစ်အုပ်ချုပ်ရေးသည် ယာယီကြားခံသာဖြစ်ပြီး ဗ်ိုလ်ချုပ်များသည် ၎င်းတို့ကတိပေးထားသည့်အတိုင်း ရွေးကောက်ခံအရပ်သားများသို့ ဆန္ဒအလျှောက် အာဏာပြန်လွှဲပေးမည်ဆိုသည့် လုပ်ဇာတ်ကို စစ်အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်နှင့် ၁၉၉၀ ခုများကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိကြသည်။

နောက်ဆုံးနှင့် အဓိကကျသော ဇာတ်ကြောင်းမှာ စစ်အုပ်ချုပ်ရေးသည် ယာယီကြားခံသာဖြစ်ပြီး ဗ်ိုလ်ချုပ်များသည် ၎င်းတို့ကတိပေးထားသည့်အတိုင်း ရွေးကောက်ခံအရပ်သားများသို့ ဆန္ဒအလျှောက် အာဏာပြန်လွှဲပေးမည်ဆိုသည့် လုပ်ဇာတ်ဖြစ်သည်။ ထိုလုပ်ဇာတ်များကို စစ်အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်နှင့် ၁၉၉၀ ခုများကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိကြသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပြီး ၁၉၆၂ ခုနှစ် မတ်လ ၁၆ ရက်နေ့က ကျင်းပသည့် တော်လှန်ရေးကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းက “စစ်တပ်က တိုင်းပြည်ကို အကြာကြီး မအုပ်ချုပ်ပါဘူး”ဟုပြောသည်။ နေဝင်း၏ စစ်ကောင်စီက အရပ်သားနိုင်ငံရေးဦးဆောင်မှုက ခေါင်းဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အုပ်ချုပ်ရေးသို့ ပြန်သွားရေးအတွက် လမ်းခင်းပေးရန် ကတိပြုသည်။ သို့သော် ထိုစစ်ကောင်စီခေါင်းဆောင်များသည် စစ်ဝတ်စုံမှ အရပ်သားဝတ်စုံများ ပြောင်းလဲဝတ်ဆင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲကာ တိုင်းပြည်ကို ၂၆ နှစ်ကြာ အသွင်အမျိုးမျိုးဖြင့် လက်လွှဲ အုပ်ချုပ်ကြသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုအပြီး ထိုစဉ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးစောမောင်က စစ်တပ်သည် စစ်တန်းလျှားသို့ ပြန်မည်၊ ၁၉၉၀ ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ခံအရပ်သားများကို အာဏာပြန်လွှဲပေးမည်ဟု ကတိပေးသည်။ လက်တွေ့တွင်မူ စစ်တပ်သည် တိုင်းပြည်ကို ဆယ်စုနှစ် ၂ ခု ဆက်လက်အုပ်ချုပ်သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသ်ိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးသည် ယာယီသာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပကာ အရပ်သားများကို အာဏာပြန်လွှဲပေးမည်ဟု ထပ်ပြောပြန်သည်။ ထိုလုပ်ဇာတ်သည် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ဒေသတွင်း နိုင်ငံများကို ဆွဲဆောင်နိုင်သည်။

မည်သို့ဆိုစေကာမူ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ဘာဂနာ ပြောသည့်အတိုင်း စစ်အာဏာသိမ်းခေါင်းဆောင်များသည် NLD က အပြတ်အသတ် အနိုင်ရသော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းပြီး ၎င်းတို့ရာထူးသက်တမ်းကို ၂၀၂၃ ခုနှစ်သြဂုတ်လအထိ အရေးပေါ်ကာလ တနှစ်တိုးကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသစ်ဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ်ကြေညာပြီး ၎င်းတို့၏အာဏာကို ခိုင်မာအောင်လုပ်ရန် ဆုံးဖြတ်ထားပုံရသည် ဟုသာ ဆိုရမည် ဖြစ်သည်။ အာဏာသိမ်းပြီး ၆ လမျှသာကြာသေးသည့်အချိန်တွင် ယာယီစစ်အုပ်ချုပ်ရေးဆိုသည့် ဇာတ်ကြောင်းသည် မပီပြင်သည့် လုပ်ဇာတ်ဖြစ်ကြောင်း အထင်အရှားပြသနေပြီဖြစ်သည်။

စစ်တပ်နှင့်ပတ်သက်သည့် ထိုဇာတ်ကြောင်းများအားလုံး နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံကို ချဉ်းကပ်နားလည်ပုံတွင် အနည်းနှင့် အများဆိုသလို အရေးပါသည်။ စစ်ကောင်စီသည် ၎င်းတို့ဆန္ဒအလျှောက် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်အာဏာလွှဲပေးမည်ဆိုသည့် မျှော်လင့်ချက်များကို နိုင်ငံတကာအသိုက်အဝန်းမှ မူဝါဒ ချမှတ်သူများ မစွန့်လွှတ်ကြသေးပေ။ မြန်မာစစ်တပ်သည် နိုင်ငံကို တစုတစည်းတည်း ထိန်းသိမ်းထားပေးနိုင်သော မရှိမဖြစ် လိုအပ်သည့် တည်ငြိမ်မှု ထိန်းသိမ်းရေးအဖွဲ့အစည်ဖြစ်သည်ဟု စင်္ကာပူသံတမန်ဟောင်း ဘာရီယာဟာရီ ကော့စီကန် ယုံကြည်သကဲ့သို့ ၎င်းတို့ယုံကြည်နေကြသည်။ ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က လက်ရှိကြွေးကြော်နေသည့်အတိုင်း မြန်မာစစ်တပ်ကို ဖိအားများများ မပေးဘဲ အပြုသဘော ထိတွေ့ဆက်ဆံရေးသည် စစ်အရာရှိများ အသိတရားရရေးနှင့် တစုံတရာသော ပုံစံရှိသည့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားရေးသည် ၎င်းတို့အတွက် တခုတည်းသော နည်းလမ်းဖြစ်နေသည်။

အရပ်သားနိုင်ငံရေးသမားများအပေါ် မယုံကြည်မှု သွပ်သွင်းခံထားရပြီး နိုင်ငံတွင် နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သည်ဆိုသည့် အသိ အမြစ်တွယ်နေသော စစ်တပ်တတပ်ရှိနေသောကြောင့် စစ်ကောင်စီသည် ရွေးကောက်ပွဲမှတဆင့် အရပ်သားအစိုးရကို ဆန္ဒ အလျှောက်ပြန်လွှဲပေးမည်ဟု ယုံကြည်နေခြင်းသည် စိတ်ကူးယဉ်ခြင်းသက်သက်ထက် မည်သည်မျှ မပိုပေ။

စစ်တပ်၏ နိုင်ငံရေးအခွင့်ထူးများသည် မြန်မာ့နိုင်ငံရေးတွင် အမြစ်တွယ်နေသည်မှာ ကာလရှည်ကြာပြီ ဖြစ်သည်။ အရပ်သားနိုင်ငံရေးသမားများအပေါ် မယုံကြည်မှု သွပ်သွင်းခံထားရပြီး နိုင်ငံတွင် နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သည်ဆိုသည့် အသိ အမြစ်တွယ်နေသော စစ်တပ်တတပ်ရှိနေသောကြောင့် စစ်ကောင်စီသည် ရွေးကောက်ပွဲမှတဆင့် အရပ်သားအစိုးရကို ဆန္ဒ အလျှောက်ပြန်လွှဲပေးမည်ဟု ယုံကြည်နေခြင်းသည် စိတ်ကူးယဉ်ခြင်းသက်သက်ထက် မည်သည်မျှ မပိုပေ။

မြန်မာစစ်အရာရှိများသည် ဒီမိုကရေစီလိုလားသော အင်အားစုများကို အလွန်အမင်း ရန်လိုကြောင်း၊ တိုင်းပြည်ကို အုပ်ချုပ်ရရေးအတွက် တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် သို့မဟုတ် ဖျက်ဆီးပစ်ရန်ပင် လက်မရွံ့ကြောင်း မကြာသေးမီက အထောက်အထားများက ပြသနေပေသည်။ အလားတူစွာပင် ASEAN က လုပ်ဆောင်နေသည့် နောက်ထပ် အပြုသဘောထိတွေ့ဆက်ဆံရေးလည်း ကျဆုံးမည်မှာ မလွဲပေ။ မြန်မာစစ်တပ်နှင့်ပတ်သက်သည့် လုပ်ဇာတ်ဟောင်းများကို ယုံကြည်နေမည့်အစား နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိုလုပ်ဇာတ်ဟောင်းများကို နားလည်ရန်ကြိုးစားပြီး မြန်မာနှင့်ပတ်သက်သော မူဝါဒချမှတ်ရေးတွင် ၎င်းတို့၏ စဉ်းစားသုံးသပ်ပုံနည်းလမ်းကို ပြောင်းလဲရန် အချိန်ကျရောက်နေပြီဖြစ်ပေသည်။

(ရဲမျိုးဟိန်း (ခ) ကိုရဲသည် Wilson Center’s Asia Program မှ အများပြည်သူမူဝါဒဆိုင်ရာ သုတေသီနှင့် Tagaung Institute of Political Studies ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Demystifying the Narratives on the Myanmar Military ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်

တွေ့ဆုံဆွေးနွေးရေး ကုလအထူးသံ၏ တောင်းဆိုမှု စစ်ကောင်စီ မသိကျိုးကျွန်ပြုနေဆဲ

Did you find apk for android? You can find new Free Android Games and apps.
Loading