တနင်္ဂနွေနေ့က စတင်သည့် အရှေ့တောင်အာရှသို့ သူမ၏ ပထမဆုံးခရီးစဉ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ အမေရိကန်၏ ထူးခြားသော မိတ်ဆွေ ၂ နိုင်ငံသို့ သွားရောက်ရန် အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ် ရွေးချယ်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ အမြင်မှကြည့်ပါက ထိုနှစ်နိုင်ငံသည် ဝါရှင်တန်၏ ရည်မှန်းချက်များ အထူးသဖြင့် လွတ်လပ်ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသတွင် ၎င်းတို့၏သေနင်္ဂဗျူဟာတန်ဖိုး တိုးပွားစေရန် စိတ်အားထက်သန်မှုကို အခြေခံသည့် အဓိကမဟာမိတ်များဖြစ်သည်။
သူမ၏ခရီးစဉ်ကို ASEAN အဖွဲ့ဝင်နိုင်ငံများအားလုံးက အနီးကပ်စောင့်ကြည့်နေသည်။ အထူးသဖြင့် အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်တို့လက်သို့ ကျရောက်သွားနောက် ယခုခရီးစဉ် ဖြစ်ပေါ်လာသောကြောင့် စောင့်ကြည့်ကြခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်းတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်းနှင့် အမေရိကန်ကတိကဝတ်များသည် အာဖဂန်တွင် ဖြစ်ပျက်နေသည်များနှင့် မတူကြောင်း အရှေ့တောင်အာရှနိုင်ငံများကို အမေရိကန်က ပြောမပြော ASEAN က သိလိုသည်။
ချမ်းသာကြွယ်၀ပြီး အဆင့်မြင့်သည့် နိုင်ငံတခုဖြစ်သော စင်္ကာပူသည် ၎င်း၏ လုံခြုံရေးကို အကာအကွယ်ရရန်အတွက် အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုများ အမြင့်မားဆုံး ထားလိုမည်ဖြစ်သည်။ စင်္ကာပူသည် အမေရိကန်နှင့် တရုတ်အကြား ကောင်းစွာ ချိန်ခွင်လျှာညီသော မူဝါဒကို ချမှတ်ထားသည်။ လက်ရှိအချိန်အထိ စင်္ကာပူသည် ထိုဆက်ဆံရေးနှစ်ခုကို အကောင်းဆုံး စီမံနိုင်ဆဲဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် မတူညီသည့် နိုင်ငံရေးအတွေးအခေါ်ရှိသည့် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရာတွင် ခက်ခဲသော အနေအထားရှိသည်။ သို့သော် နှစ်နိုင်ငံတို့သည် ကံမကောင်းအကြောင်းမလှသည့် အတိတ်ကို မြှုပ်နှံရန်နှင့် ပိုမိုစိန်ခေါ်မှုများသော ကိစ္စဖြစ်သည့် တရုတ်သြဇာကြီးထွားလာခြင်းကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြသည်။ ဝါရှင်တန်၏ အမြင်မှ ကြည့်ပါက ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် တရုတ်ကို ရင်ဆိုင်ရာတွင် အဓိကကျသည့် နိုင်ငံဖြစ်သောကြာင့် ဗီယက်နမ်နှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်လာသည်။ ဗီယက်နမ်အနေဖြင့် နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် အဆင့်မြင့်ကုန်သွယ်ရေးစာချုပ်ဖြစ်သည့် ကျယ်ပြန့်တိုးတက်သော ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု – Comprehensive and Progressive Trans-Pacific Partnership တွင် ပါဝင်ရန် အမေရိကန်က အားပေးနေသည်။ ထိုသို့ပါဝင်လျှင် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဖြစ်သည်။ လတ်တလောတွင် အမေရိကန်နှင့် ကုန်သွယ်ရေးပိုငွေ အကြီးအကျယ်ပြနေသော ဗီယက်နမ်သည် အမေရိကန်လက်နက်များကို ဝယ်ယူသည့် နိုင်ငံဖြစ်လာနိုင်သည်။
ဗီယက်နမ်အနေဖြင့် အဆင့်မြင့်ကုန်သွယ်ရေးစာချုပ်ဖြစ်သည့် Comprehensive and Progressive Trans-Pacific Partnership တွင် ပါဝင်ရန် အမေရိကန်က အားပေးနေသည်။ ထိုသို့ပါဝင်လျှင် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်။
ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ ခရီးစဉ်ကဲ့သို့ပင် အမေရိကန်အတွက် ထုတ်ဖေါ်ပြောဆိုရာတွင် မှီခိုအားထားလောက်သော မိတ်ဆွေများအဖြစ် စင်္ကာပူနှင့် ဗီယက်နမ်ကို ဂရုတစိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့သော အခြားအဖွဲ့ဝင်များသည် ၎င်းတို့ အမြင်ကို ထုတ်ဖေါ်ပြောဆိုမှုနည်းသည်ဟု သတ်မှတ်ထားသည်။ အော်စတင်၏ ခရီးစဉ်အတွင်း ဖေါ်ပြခဲ့သည့်အတိုင်း ဖိလစ်ပိုင်သည် အင်ဒိုပစိဖိတ်ဒေသတွင် အရေးပါသော မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသည်။ သူသည် အစောပိုင်းက သမ္မတ ဒူတာတေက ဖျက်သိမ်းခဲ့သည့် အမေရိကန်တပ်များ ဖိလစ်ပိုင်တွင် အခြေစိုက်စခန်း ထားရှိနိုင်ရေး သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုနိုင်ခဲ့သည်။
ဗီယက်နမ်နှင့် စင်္ကာပူကို မျက်နှာသာပေးလိုက်ခြင်းဖြင့် ဝါရှင်တန်သည် ASEAN အပေါ် ပါးပါးလှီးသည့် သေနင်္ဂဗျူဟာကို ကျင့်သုံးလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ASEAN ကိုသွေးခွဲအုပ်ချုပ်ရေး ကျင့်သုံးကြောင်း အမေရိကန်က အပြစ်တင်တတ်သည်။ သမ္မတ ဂျိုးဘိုင်ဒင်သည် ယခင်သမ္မတ ဘားရက်အိုဘားမားလောက် ASEAN အပေါ် စိတ်အားထက်သန်မှုမရှိသည်မှာ အားလုံးသိနေသော လျှို့ဝှက်ချက်ဖြစ်သည်။ အရှေ့တောင်အာရှခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရာတွင် မည်သည့် အမေရိကန်သမ္မတမျှ အိုဘားမားနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးရှိသောကြောင့် ယခုအချိန်မှ စတင်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများတွင် စင်္ကာပူနှင့် ဗီယက်နမ်၏ သဘောထားကို ကျန် ASEAN များက အထူးလေ့လာစမ်းစစ်ကြမည်ဖြစ်သည်။ တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးကြောင့် ကမ္ဘောဒီးယားအပေါ် ဝေဖန်သံများနှင့် အလားတူပေလိမ့်မည်။ မည်သို့ဆိုစေကာမူ အမေရိကန်သည် အလားအလာရှိသော ASEAN အဖွဲ့ဝင်များကို ထည့်သွင်းကာ အင်ဒိုပစိဖိတ်လေးနိုင်ငံမဟာမိတ် Quad ကို တိုးချဲ့လိုသည်။
အမေရိကန်သည် အလားအလာရှိသော ASEAN အဖွဲ့ဝင်များကို ထည့်သွင်းကာ အင်ဒိုပစိဖိတ်လေးနိုင်ငံမဟာမိတ် Quad ကို တိုးချဲ့လိုသည်။
ဟားရစ်၏ခရီးစဉ်သည် အင်ဒိုပစိဖိတ်မှ အမေရိကန်၏ အဆင့်နိမ့်မဟာမိတ် ထိုင်းနိုင်ငံသို့လည်း ပြင်းထန်သော သတင်းစကားတခု ပေးပို့လိုက်သည်။ ထိုသတင်းစကားမှာ ဘန်ကောက်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်သည့် ၎င်း၏ လုံခြုံရေးမူဝါဒကို ပြင်ဆင်ရန်လိုသည် ဆိုသည့် သတင်းစကားဖြစ်သည်။ ဒေသတွင်းတွင် အကြီးမားဆုံးနှင့် အရေးအပါဆုံးဖြစ်သော ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင်မှုကို ကိုဗစ်နိုင်တင်းကြောင့် လျှော့ချခဲ့ပြီး ယခုနှစ်တွင် နှစ် ၄၀ ပြည့်သောနှစ်ဖြစ်သော်လည်း မည်သည့်အခမ်အနားမျှ ကျင်းပခြင်း မရှိပေ။ မဟာအင်အားကြီး နိုင်ငံတခုအနေဖြင့် အမေရိကန်သည် ကမ္ဘာမှ မည်သည့်နိုင်ငံနှင့် ပေါင်းသင်းမည်ကို ရွေးချယ်နိုင်သည်။ သို့သော် အမေရိကန်က ထိုင်းနိုင်ငံကိုလျစ်လျူရှုခြင်းသည် အမေရိကန်အတွက် ဆိုးကျိုးကိုသာဖြစ်စေနိုင်သည်။
(Kavi Chongkittavorn သည် ဝါရင့် ထိုင်းသတင်းစာဆရာ ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US Vice President’s Visit to SE Asia Sends Signals to ASEAN ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ
တာလီဘန်တို့အတွက် ဖြစ်သွားသော အမေရိကန်လုပ် လက်နက်သစ်များ
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်