မြန်မာနိုင်ငံ အကျပ်အတည်းသည် သတင်းခေါင်းစဉ်များတွင် မပါဝင်တော့ပေ။ ဆက်လက်ဖြစ်ပွားနေသော စစ်အာဏာသိမ်းမှု ဆန့်ကျင်မှုများကို ဖိနှိပ်ဖြိုခွဲမှုများ၊ ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားလာခြင်းနှင့် လူသားချင်းစာနာမှု အကျပ်အတည်းတို့သည် နယ်ပယ်စုံလှည့်နေသော သတင်းလောကတွင် ဆွဲဆောင်နိုင်ခြင်း မရှိတော့ပေ။ တိုက်စားခံထားသော ကမ္ဘာ့အသိတရားကို အာဖဂန်မှ အကျပ်အတည်း၊ ဒယ်လ်တာ မျိုးကွဲနှင့် နိုင်ငံတကာမှ ကပ်ရောဂါကြောင့် လူမှုဖရိုဖရဲဖြစ်ခြင်းတို့က ဖမ်းစားလိုက်သည်။
အကျပ်အတည်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) သို့ လက်ခွဲကန်ထရိုက် ချပေးလိုက်သောကြောင့် အနောက်နိုင်ငံများက ထုတ်ပြန် ရှုတ်ချသော ကြေညာချက်များလည်း ယခုအခါနည်းပါးလာသည်။ သို့သော်လည်း ဆက်လက်ပြီး နက်ရှိုင်းစွာ စိုးရိမ်နေကြဆဲဖြစ်သည်။ အရေးကြီးသည့် အချက်မှာ ၎င်းတို့သည် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲဖြစ်သည်။ သို့သော် ယခုကဲ့သို့ ငြင်းဆန်နေခြင်းမှာလည်း လက်ရှိအချိန်အထိသာဖြစ်သည်။ အရေးယူပိတ်ဆို့မှုများနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ္စတင် ရှရနာ ဘာဂနာ၏ မတောက်ပသော အားထုတ်မှုများ ပေါင်းစပ်လိုက်ခြင်းတို့က R2P ကို တောင်းဆိုမှုများဖြင့် အစားထိုးလိုက်သည်။ တနည်းအားဖြင့်ဆိုရပါက စွမ်းဆောင်ရည်ကင်းမဲ့သည့် လက်နက်ဟောင်းများပင်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများတွင် အခြားအရာများနှင့်အတူ ပါဝင်သည်မှာ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုအား ကုလသမဂ္ဂက ပိတ်ပင်ရန် တောင်းဆိုခြင်းဖြစ်သည်။ သို့သော် ထိုကိစ္စသည် လက်တွေ့ကျမကျမေးစရာရှိသည်။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုအား ကုလသမဂ္ဂက ပိတ်ပင်ရန် တောင်းဆိုခြင်းသည် လက်တွေ့ကျမကျမေးစရာရှိသည်။
ဇွန်လ ၁၈ ရက်နေ့က ချမှတ်လိုက်သည့် လိုက်နာရန် တာဝန်မရှိသော ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်က မျှော်လင့်ချက်များကို ဖြစ်လာစေသည်။ ထိုဆုံးဖြတ်ချက်တွင် “ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင်ချမှတ်လိုက်သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၅၃၂ (၂၀၂၀) အရ ကမ္ဘာတဝှမ်းတိုက်ခိုက်မှု ရပ်စဲရေးအတွက် အထွေထွေအတွင်းရေးမှူး၏ တောင်းဆိုမှုနှင့်အညီ အကြမ်းဖက်မှုလျှော့ချရန် လိုအပ်ခြင်းနှင့် ထိုကိစ္စအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင် နိုင်ငံများအားလုံးအပေါ် တောင်းဆိုသည်” ဟု ဆုံးဖြတ်ချက်က ဆိုသည်။ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ပင်ရန် ထောက်ခံခြင်းအဖြစ် ဖွင့်ဆိုနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်း သဘောထားကွဲလွဲမှုများကြောင့် နှောင်နှေးခဲ့ရသော ထိုဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၁၉ မဲ၊ ပျက်ကွက်မဲ ၃၆ မဲနှင့် ဥရောပအပယ်ခံနိုင်ငံ ဘယ်လာရပ်စ်မှ ကန့်ကွက်မဲ တမဲဖြင့် အတည်ပြုခဲ့သည်။
ASEAN တွင် အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က ထိုဆုံးဖြတ်ချက်ကို ထောက်ခံပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့က မဲမပေးဘဲ သဘောထားကွဲလွဲနေသည်။ ထို့ကြောင့် ASEAN ကြားဝင်ဆောင်ရွက်မှုအတွက်သာမက ကျယ်ပြန့်သော လက်နက်ရောင်းချမှုပိတ်ပင်ခြင်းအတွက်ပါ အလားအလာ မကောင်းလှပေ။
မေလ ၅ ရက်နေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များနှင့် မြန်မာ ကူညီစောင့်ရှောက်ရေးအဖွဲ့များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုသည်။ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ကျယ်ပြန့်သော လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းသည် လက်နက်၊ ခဲယမ်းနှင့် ယာဉ်များ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး ကိရိယာများအပါအဝင် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး ကိရိယာများအပါအဝင် အခြား စစ်ဘက်နှင့်ပတ်သက်သည့် ကိရိယာများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရောင်းချခြင်းသာမက လေ့ကျင့်ရေး၊ ထောက်လှမ်းရေးနှင့် အခြားစစ်ဖက် အကူအညီများပေးခြင်းကို တားမြစ်သင့်သည်ဟု ထိုကြေညာချက်က ဖေါ်ပြသည်။ ထိုကဲ့သို့သော လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို တောင့်တင်းကြံ့ခိုင်သည့် စောင့်ကြည့်အကောင်အထည်ဖေါ်သော ယန္တရားနှင့် ပူးတွဲ ဆောင်ရွက်ရမည်ဟုလည်း ထိုကြေညာချက်က ဆိုသည်။ ထိုကြေညာချက်မှ စကားလုံးများသည် ဖေဖေါ်ဝါရီလက တောင်းဆိုသည့် ၁၃၇ ဖွဲ့၏ ကြေညာချက်နှင့် အလားတူသည်။
မြန်မာနိုင်ငံသို့ အနောက်တိုင်း စစ်ရေးအကူအညီများကို ကန့်သတ်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။ တင်းကျပ်သော လက်နက်ရောင်းချမှု ပိတ်ပင်မှုများကို တနိုင်ငံချင်းစီက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည်မှာ ဆယ်စုနှစ် ၃ ခု ရှိပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) တို့သည် မြန်မာနိုင်ငံအပေါ်ကာလရှည်ကြာပြီဖြစ်သော လက်နက်ရောင်းချမှုများကို ပိတ်ပင်ထားပြီး စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ကိရိယာများကိုပင် ပိတ်ပင်ထားသည်။ ထိုနိုင်ငံများသည် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန် ကြိုးစားသည့်တိုင် ထိုအစီအမံများကို လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆက်လက်ထိန်းသိမ်းထားကြသည်။ သို့သော် ထိုသို့သော ပိတ်ဆို့မှုများသည် ကချင်၊ ရိုဟင်ဂျာ၊ ကရင်နှင့် ရှမ်းတိုင်းရင်းသားလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို လျှော့ချနိုင်ခြင်း မရှိပေ။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း မြန်မာနိုင်ငံအပေါ်လက်နက်ရောင်းချမှု ပိတ်ပင်ထားသောနိုင်ငံ ခန့်မှန်းခြေ ၄၂ နိုင်ငံရှိသည်။ ၎င်းတို့အနက် အများစုသည် ဥရောပသမဂ္ဂဝင် နိုင်ငံများ သို့မဟုတ် ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့သော ဘုံသဘောထားကို လိုက်နာသော နိုင်ငံများဖြစ်သည်။ တောင်ကိုရီးယားကလည်း စစ်ဘက်ဆက်ဆံရေးနှင့် လက်နက်တင်ပို့မှုကို မတ်လတွင် ဆိုင်းငံ့လိုက်သည်။
မြန်မာစစ်တပ်သည် အရပ်သားများကို သတ်ဖြတ်ရန်နှင့် မြို့ပြအုံကြွမှုကိုနှိမ်နင်းရန် ၎င်းတို့လိုအပ်သည့် လက်နက်ငယ်များနှင့်ခဲယမ်းများ အားလုံးနီးပါးကို ပြည်တွင်းတွင်သာ ထုတ်လုပ်သည်။
ကုလသမဂ္ဂလက်နက်ရောင်းချမှု ပိတ်ပင်ခြင်း အောင်မြင်ရန် ခက်ခဲသော အတားအဆီးများကိုဖြစ်စေသည့် ထင်ရှားသော အကြောင်းအရာများစွာ ရှိသည်။ ပထမဆုံးအချက်မှာ သာမန်ပြည်သူများကို သတ်ဖြတ်နေသော လက်နက်များကို ပြည်တွင်းတွင်သာ ထုတ်လုပ်နေခြင်းဖြစ်သည်။။ မြန်မာစစ်တပ်သည် အရပ်သားများကို သတ်ဖြတ်ရန်နှင့် မြို့ပြအုံကြွမှုကိုနှိမ်နင်းရန် ၎င်းတို့လိုအပ်သည့် လက်နက်ငယ်များနှင့်ခဲယမ်းများ အားလုံးနီးပါးကို ပြည်တွင်းတွင်သာ ထုတ်လုပ်သည်။ ထိုစစ်လက်နက်ပစ္စည်းများကိုသာ တနိုင်ငံလုံးမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အရပ်သားများကို စစ်ဆင်ရာတွင်လည်း သုံးသည်။
ထိုကာကွယ်ရေးပစ္စည်းများထုတ်လုပ်မှုဌာန (ကပစ) သည် အများအားဖြင့် ပြည်၊ ပဲခူးနှင့် အခြားနေရာများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပ်ိုင်းတွင် တည်ရှိပြီး ခန့်မှန်းခြေ စုစုပေါင်း ၃၈ နေရာရှိသည်။ နေပြည်တော်ရှိ စစ်အုပ်စုသမိုင်းပြတိုက်သို့ ရောက်ဖူးသူ မည်သူမဆို စစ်တပ်အတွက် လက်နက် အလုံအလောက်ထုတ်လုပ်နိုင်မှုအပေါ် ဂုဏ်ယူသည်ကို အံ့သြရမည်ဖြစ်သည်။ ထို့အပြင် ထိုသို့ဂုဏ်ယူခြင်းသည် ရူးသွပ်သည့်အဆင့်သို့ ရောက်နေကြောင်းလည်း အံ့သြဖွယ် တွေ့ရနိုင်သည်။ ကပစသည် လက်နက်ငယ်များ၊ ခဲယမ်းများ၊ မြေမြှုပ်မိုင်းများ၊ မော်တာများ၊ စစ်ဝတ်စုံများ၊ စားသောက်ကုန် ပစ္စည်းများ၊ ဘောလုံးများ၊ အာမီရမ်နှင့် အခြားပစ္စည်းအများအပြားကိုလည်း ထုတ်လုပ်သေးသည်။ စစ်အုပ်စုသည် ထိုစနစ်ကို နိုင်ငံခြားအကူအညီအများအပြား အထူးသဖြင့် ဂျာမဏီနှင့် နောက်ပ်ိုင်းတွင် မြောက်ကိုရီးယား၊ ယူကရိန်းနှင့် ရုရှားတို့၏ အကူအညီဖြင့် တည်ဆောက်ထားသော်လည်း ယခုအခါ အများအားဖြင့် အမှီအခိုကင်းစွာ ရပ်တည်နိုင်သည်။
ထားဝယ်၊ ရန်ကုန်၊ မန္တလေးစသည့် အမျိုးမျိုးသော မြို့များမှ ရဲများက ပြည်သူများကို ကျည်အစစ်ဖြင့် ပစ်ခတ်သည်ကို ကြည့်သောအခါ ထိုပစ်ခတ်မှုအများစုကို ဂျာမဏီက ဒီဇိုင်းထုတ်သည့် Heckler and Koch Gewehr 3 (H&K G3) 7.62mm များမှလာသော ကျည်ဆံများဖြစ်သည်။ ထိုလက်နက်သည် တခါက မြန်မာခြေလျှင်တပ်များအတွက် စံလက်နက်ဖြစ်ပြီး မြန်မာရိုင်ဖယ် ပုံစံ ၆၃ သို့မဟုတ် BA63 ဟု ခေါ်သည်။ ယင်းကို ဂျာမန်လုပ်ငန်း ဖရစ်ဝါနာက မြန်မာနိုင်ငံသို့ ၁၉၅၀ ခုနှစ်များအစောပိုင်းမှ စတင်ပေးပို့ပြီး ၁၉၉၀ ခုနှစ်များအထိ အနီးကပ်ဆက်သွယ်ထုတ်လုပ်သည်။ ထိုနောက် ၁၉၉၀ ခုနှစ်များအစောပိုင်းတွင် ကပစသည် အစ္စရေးအကူအညီဖြင့် MA တိုက်ခိုက်ရေးရိုင်ဖယ်များကို ထုတ်လုပ်သောအခါ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးသည်။ ယခုအခါ မြန်မာစစ်အုပ်စုသည် အစ္စရေးနှင့် ထုတ်လုပ်သည့် MA တိုက်ခိုက်ရေး ရိုင်ဖယ်များကို အသုံးပြုနေသည်။
လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု အဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ အရပ်သား ခုခံရေး တပ်များသည် ကပစကွန်ရက်များ၊ ၎င်းတို့စက်ရုံများ၊ ထောက်ပံ့ရေးလမ်းကြောင်းများ၊ ကုန်ကြမ်းများနှင့် ထိုတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားပါက စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။ ပြည်တွင်း သံချပ်ကာကားထုတ်လုပ်မှုနှင့် လူသတ်လက်နက်မဟုတ်သည့် အထောက်အပံ့များဖြစ်သော ရိက္ခာ၊ စစ်ဝတ်စုံနှင့် အခြေခံ ပစ္စည်းများထုတ်လုပ်မှုကို ဟန့်တားနှောက်ယှက်ခြင်းသည် စစ်အုပ်စုအတွင်း စိတ်ဓါတ်ပျက်ပြားပြီး စစ်အုပ်မှ ထွက်ပြေးသူ ပိုမိုများပြားစေနိုင်သည်။
အပိုပစ္စည်းများနှင့် ကုန်ကြမ်းမည်မျှကို ပြည်ပမှ မည်သည့်အတိုင်းအတာအထိ တင်သွင်းနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ပြည်တွင်းလက်နက်ထုတ်လုပ်ရေး လုပ်ငန်း၏ ဝယ်ယူဖြည့်တင်းသည့် ရင်းမြစ်များကို စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။
ထိုစက်ရုံများမှ ကုန်ကြမ်းအများအပြားကို တရုတ်နိုင်ငံမှ ကာကွယ်ရေးပစ္စည်းလုပ်ငန်းဖြစ်သော China North Industries Group (NORINCO) မှ ရရှိပြီး စင်္ကာပူမှတဆင့်တင်သွင်းကြောင်း မကြာသေးမီက လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် ပူးပေါင်းလိုက်ပြီး အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးလာသော အရာရှိတဦးက လွတ်လပ်သော အာရှအသံ မြန်မာပိုင်းသို့ပြောသည်။ သို့သော် အပိုပစ္စည်းများနှင့် ကုန်ကြမ်းမည်မျှကို ပြည်ပမှ မည်သည့်အတိုင်းအတာအထိ တင်သွင်းနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုကိစ္စသည် ထပ်မံစုံစမ်းစစ်ဆေးရန် အလားအလာရှိသော နောက်ထပ်နယ်ပယ်တခုဖြစ်သည်။ ပြည်တွင်းလက်နက်ထုတ်လုပ်ရေး လုပ်ငန်း၏ ဝယ်ယူဖြည့်တင်းသည့် ရင်းမြစ်များကို စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။
ကြီးမားသည့် နောက်ထပ်အခက်အခဲတခုမှာ တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် မြန်မာစစ်အုပ်စုအကြား နီးကပ်သည့် ဆက်ဆံရေးဖြစ်သည်။ တရုတ်သည် မြန်မာတင်သွင်းသည့် လက်နက်များ၏ ထက်ဝက်ကို တင်ပို့နေပြီး စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက ၂၀၂၁ ခုနှစ် မတ်လက ခန့်မှန်းချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် မြန်မာလက်နက်တင်သွင်းမှု၏ ၄၈ ရာခိုင်နှုန်းကို တင်ပို့သည်။ အိန္ဒိယက မြန်မာတင်သွင်းသည့်လက်နက်များ၏ ၁၆ ရာခိုင်နှုန်းကို တင်ပို့ပြီး ရုရှားက ၁၅ ရာခိုင်နှုန်းကို တင်ပို့သည်။
NORINCO နှင့် အခြား အာကာသလေကြောင်း လုပ်ငန်းကြီး အများအပြား အပါအဝင် တရုတ်နိုင်ငံသည် မြန်မာသို့ အဓိကလက်နက်တင်ပို့သည့် နိုင်ငံဖြစ်နေသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီဖြစ်သည်။ တရုတ်သည် ၁၉၉၀ ခုနှစ်များ အစောပိုင်းက မြန်မာ လေတပ်သို့ F-7 တိုက်လေယာဉ် အများအပြားရောင်းချခဲ့ပြီး မကြာသေးမီက တရုတ်နှင့် ပါကစ္စတန် ပူးတွဲထုတ်လုပ်သည့် JF-17 Thunder တိုက်လေယာဉ်များရောင်းချခဲ့သည်။ ၁၉၉၀ ခုနှစ်များအစောပိုင်းက လက်နက်များကို ရက်ရက်ရောရောရောင်းချမှုများတွင် အများစုသည် အရည်အသွေးအရ စိတ်ပျက်စရာကောင်းသော်လည်း တရုတ်နိုင်ငံသည် မြန်မာသို့ လက်နက်အဓိကရောင်းချသည့် နိုင်ငံ ဆက်ဖြစ်နေပြီး မြန်မာစစ်တပ်ကို လေ့ကျင့်ပေးနေသော နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ CH-3A ‘Rainbow’ surveillance UEVs မောင်းသူမဲ့ လေယာဉ်များရောင်းချခဲ့ပြီး မန္တလေးမှ ဆန္ဒပြပွဲများကို စောင့်ကြည့်ရန် ထိုထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အထူးသဖြင့် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်သို့ အဓိက လက်နက်ရောင်းချသည့် နိုင်ငံလည်းဖြစ်သည်။ ဘေ့ဂျင်း သို့မဟုတ် ပိုမိုဖြစ်နိုင်ခြေများသည်မှာ ယူနန်ပြည်နယ်မှ အရာရှိများသည် မြန်မာနိုင်ငံမှ ပဋိပက္ခအများအပြားသို့ တခုတည်းသော လက်နက်ရောင်းချသည့် ရင်းမြစ်ဖြစ်သည်။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီက မော်စကိုဘက်သို့ အာရုံကျလာပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုက စတင်ခဲ့သော ဆက်ဆံရေးကို တိုးချဲ့ကာ မြန်မာစစ်အရာရှိအများအပြားကို ရုရှားရှိ စစ်ကျောင်းများတွင် လေ့ကျင့်စေသည်။ ဇွန်လအတွင်းက ရုရှားသို့ သူသွားရောက်လည်ပတ်သောအခါ နှစ်ဘက် ခိုင်မာသောဆက်ဆံရေးရှိကြောင်း ထင်ရှားလာပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဆာဂျေ ရွှိုင်ဂုက စစ်အာဏာသိမ်းခေါင်းဆောင်ကို ထောက်ခံကြောင်း ဖေါ်ပြသည်။ လက်နက်များကိုလည်း ဆက်လက်ရောင်းချနေပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် အမေရိကန် ဒေါ်လာ ၁၅ သန်းတန်ဖိုး ရှိသော ရေဒါကိရိယာများကိုတင်သွင်းခဲ့ကြောင်း မော်စကိုတိုင်းမ်က ဖေါ်ပြသည်။ စစ်အာဏာသိမ်းမှုမတိုင်မီ ရက်ပိုင်းအတွင်းကလည်း မြန်မာစစ်တပ်သည် Orlan-10 မောင်းသူမဲ့လေယာဉ်များနှင့် Pantsir-S1 တာတိုလေကြောင်းကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ကြောင်း Justice for Myanmar ကဖေါ်ပြသည်။
တိုင်းရင်းသားလက်နက်ကိုင်များကိုသာမက အရပ်သားများကိုပါ တိုက်ခိုက်ရာတွင် သုံးနေသည့် Mi-35 ကဲ့သို့သော တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ ရောင်းချခြင်း အထောက်အပံ့ပေးခြင်းကိုလည်း ကျယ်ပြန့်စွာ ရှုတ်ချသင့်သည်
မူလက မြန်မာလေတပ်သည် ရုရှားလုပ် MiG-29 တိုက်လေယာဉ်အဟောင်းများကို ဘယ်လာရပ်စ်မှတဆင့် ဝယ်ပြီး SU-30 ဂျက်တိုက်လေယာဉ်များနှင့် Yak-130 အမောင်းသင်လေယာဉ်များကိုလည်း ဝယ်ယူမည်ဟု ကြေညာထားသည်။ မတ်လနှောင်းပိုင်းက ကရင်ပြည်နယ်တွင်ဖြစ်ခဲ့သည့်အတိုင်း အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ၊ အထူးသဖြင့် ညဖက်လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားသောကြောင့် ထိုလေယာဉ်များရောင်းချခြင်းသည် လက်နက်ရောင်းချမှုပိတ်ပင်ရေးလှုပ်ရှားမှုတွင် အဓိက အာရုံစိုက်ရာဖြစ်သင့်သည်။ လက်နက်ရောင်းချမှု ပိတ်ပင်ရေးလှုပ်ရှားမှုသည် တိုင်းရင်းသားလက်နက်ကိုင်များကိုသာမက အရပ်သားများကိုပါ တိုက်ခိုက်ရာတွင် သုံးနေသည့် Mi-35 ကဲ့သို့သော တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ ရောင်းချခြင်း အထောက်အပံ့ပေးခြင်းကိုလည်း ကျယ်ပြန့်စွာ ရှုတ်ချသင့်သည်။
ယူကရိန်းနိုင်ငံသည်လည်း ဝန်ခံခြင်းမရှိဘဲ မကြာခဏဆိုသလို မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသည့် နိုင်ငံဖြစ်သည်။ ၂၀၀၄ ခုနှစ်က မြန်မာစစ်တပ်သည် ခန့်မှန်ခြေ ၁၀၀၀ ခန့်ရှိသော BTR-3U တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ်များကို မြန်မာနိုင်ငံတွင် တပ်ဆင်ရန် ဝယ်ယူခဲ့သည်။ သို့သော် စစ်မြေပြင်တွင် အသုံးပြုနေသည့် ယာဉ်အရေအတွက် အတိအကျကို မသိရပေ။ ထို BTR သံချပ်ကာယာဉ်များတွင် ဂျာမဏီလုပ် Deutz ဒီဇယ်အင်ဂျင်များနှင့် အမေရိကန်လုပ် General Motors Allison အလိုအလျှောက် အော်တိုဂီယာ ကိရိယာများ ပါဝင်သည်။ ထိုသံချပ်ကာယာဉ်များသည် ဖေဖေါ်ဝါရီလက ရန်ကုန်မြို့၏ လမ်းမများပေါ် တက်လာကြသော်လည်း ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အသုံးပြုခြင်းမရှိပေ။ သို့သော် ထိုစဉ်က သတင်းများတွင်ဖေါ်ပြသကဲ့သို့ ထိုယာဉ်များကို တရုတ်စစ်သားများက မောင်းနှင်ခြင်း မဟုတ်ပေ။
အစ္စရေးသည်လည်း ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးထူထောင်ပြီးနောက် မြန်မာစစ်တပ်နှင့် ရှည်ကြာသောဆက်ဆံရေး ရှိသည်။ အစ္စရေးအရာရှိများသည် မြန်မာအထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးပြီး ထောက်လှမ်းရေးသတင်းရယူခြင်းအတွက် ကူညီကာ ရေတပ်အတွက် ကင်းလှည့်ရေယာဉ်များနှင့် အူဇီစက်သေနတ်များကို ပြည်တွင်းတွင် ထုတ်လုပ်ရန် နည်းပညာများကို ရောင်းချခဲ့သည်။ ထိုလက်နက်ကို အူဇီစက်သေနတ်များကို ယခုအခါ ရဲတပ်ဖွဲ့က အဓိကအားဖြင့် ကိုင်ဆောင်နေသည်။ နေပြည်တော်မှ လက်နက်မဲ့ ဆန္ဒပြသူတဦးကို ရဲအရာရှိတဦးက ပစ်ခတ်ခဲ့သည်မှာ အူဇီစက်သေနတ်ဖြစ်ပြီး ထိုစဉ်က သေဆုံးသွားသူ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ဦးခေါင်းတွင် ပစ်ခတ်ခံရပြီး နွေဦးတော်လှန်ရေးတွင် ပထမဆုံး ကျဆုံးသူဖြစ်သွားသည်။ ၂၀၁၇ ခုနှစ်တွင် တရားရုံးချုပ်အမိန့်ကြောင့် အစ္စရေးသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို ဆိုင်းငံ့ခဲ့သည်ဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
အခြားသော စိန်ခေါ်မှုတခုမှာ ဝန်ခံခြင်း မရှိသော်လည်း ဗြောင်ကျလှသည့် ကြောင်သူတော်ဝါဒဖြစ်သည်။ လက်နက်ရောင်းချမှုပိတ်ပင်ရေးကို ထောက်ခံသူများက နိုင်ငံတနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရာတွင် ထိုသို့ပိတ်ပင်ခြင်းကို ကမ္ဘာ့အကြီးမားဆုံး လက်နက်တင်ပို့သည့် နိုင်ငံများက ထောက်ခံရန်တောင်းဆိုကြသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတဝှမ်းရောင်းချနေသည့် လက်နက်အများစုကို ရောင်းချပြီး တရုတ်နှင့် ရုရှားတို့ထက် များစွာ ပိုမိုများပြားသည်။ ဗြိတိန်နိုင်ငံသည်လည်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ စည်းကမ်းရှိသော နည်းလမ်းကို ချီးကျူးနေသော်လည်း ဆော်ဒီအာရေးဗီးယားသို့ လက်နက်များကို ရက်ရက်ရောရောရောင်းချသည်။ ယီမင်တွင် ဗုံးကြဲတိုက်ခ်ိုက်မှုများကြောင့် ဆော်ဒီအာရေးဗီးယားသို့ လက်နက်ရောင်းချမှု ၂ နှစ်မျှ ဆိုင်းငံ့ထားပြီးနောက် ၂၀၂၁ ခုနှစ် အစောပိုင်း ပေါင် ၁.၄ ဘီလီယံဖိုး လက်နက်များပြန်လည်ရောင်းချသည်။ ဘိုင်ဒင်အစိုးရသည်လည်း အလားတူအကြောင်းကြောင့်ပင် ဆော်ဒီအာရေးဗီးယားသို့ လက်နက်ရောင်းချမှု ဆိုင်းငံ့ထားသော်လည်း အရှေ့အလယ်ပိုင်း လက်နက်တင်သွင်းမှု၏ ထက်ဝက်ကို ဆက်လက်တင်ပို့နေသည်။
ဝါရှင်တန်သည် မြန်မာနိုင်ငံမှ ခုခံမှုများကို အကြမ်းဖက်ဖိနှိပ်သော မြန်မာစစ်တပ်၏ စွမ်းရည်ကို သက်ရောက်စေရေး အစ္စရေးနှင့် ယူကရိန်းတို့မှ မဟာမိတ်များအပေါ် ဖိအားပေးရန် သံတမန်သြဇာ သုံး မသုံးကို သံသယဖြစ်စရာ ကောင်းသည်။ ဘိုင်ဒင်အစိုးရသည် မတ်လတွင် ယူကရိန်းသို့ လက်နက်အမေရိကန် ဒေါ်လာ ၁၂၅ သန်းဖိုးရောင်းချပြီး စစ်ရေးအကူအညီများ ပြန်လည်စတင်သည်။ အာဖဂန်မှ ဝရုန်းသုန်းကား ထွက်ခွာရသောကြောင့်လည်း အနောက်နိုင်ငံများအပေါ် ယုံကြည်မှု အကြီးအကျယ် ထိခိုက်သွားသည်။
ထို့ကြောင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းသည် မည်သို့ အလုပ်ဖြစ်မည်နည်း။ မည်သူက ဦးဆောင်မှု ပေးမည်နည်း။ လူ့အခွင့်အရေး အုပ်စုများသည် ပူးတွဲကြေညာချက်များကို ကောက်ရိုးမီးကဲ့သို့ ထုတ်ပြန်သော်လည်း လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို မည်သို့စီမံသင့်သည်ဆိုသည့် ရှင်းလင်းသော အစီအမံများကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူးသည် ရှုတ်ချခြင်းနှင့် လက်နက်ပိတ်ဆို့ရန် တောင်းဆိုခြင်းကို ပဲ့တင်ထပ်အောင် ပြောနေသော်လည်း မည်သို့ဆောင်ရွက်ရမည်ကို ပြောကြားခြင်း မပြုပေ။ သူ့ကိုပေးထားသော လုပ်ပိုင်ခွင့်သည်လည်း လက်နက်ရောင်းချမှုပိတ်ပင်ရေး မည်သည့် လှုပ်ရှားမှုတွင်မဆို ဦးဆောင်ရန်လည်း မသင့်တော်ပေ။ သူသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံရသော လွတ်လပ်သော ကျွမ်းကျင်သူတဦးသာဖြစ်သည်။ အင်ဒရူးသည် အမေရိကန် နိုင်ငံရေးတွင် သူ၏ အနာဂတ်အတွက်လည်း မျက်စောင်းထိုးနေနိုင်သောကြောင့် ဘိုင်ဒင်အစိုးရ သို့မဟုတ် ကွန်ဂရက်ကို အပြင်းအထန်တွန်းအားပေးရန် သို့မဟုတ် လက်နက်ရောင်းချမှုပိတ်ပင်ရေးအတွက် နိုင်ငံရေးအရင်းအနှီးကို သုံးရန် အားကိုးမရပေ။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးနောက် SAC-M သည် စစ်တပ်ကို ဖိအားပေးရေးအတွက် ဖြတ်သုံးဖြတ်စနစ်ကို ဖေါ်ထုတ်သည်။ လက်နက်၊ ငွေကြေးနှင့် အပြစ်ကင်းလွတ်မှု ဖြတ်တောက်ရေးများ ဖြစ်သည်။
လက်နက်ရောင်းချမှုပိတ်ပင်ရေး နိုင်ငံတကာဦးဆောင်မှုကို အထူးအကြံပေးကောင်စီ-မြန်မာ (SAC-M) မှ သုံးဦးအဖွဲ့က ဦးဆောင်နိုင်သည်။ ထိုအဖွဲ့တွင် ယခင်ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း ယန်ဟိလီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့မှာ ခရစ် စီဒေါ့တီနှင့် မာဇူကီ ဒရပ်စ်မင်းတို့ ပါဝင်သည်။ ထိုမတိုင်မီကပင် သန္ဓေတည်ခဲ့သော်လည်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးနောက် SAC-M သည် စစ်တပ်ကို ဖိအားပေးရေးအတွက် ဖြတ်သုံးဖြတ်စနစ်ကို ဖေါ်ထုတ်သည်။ လက်နက်၊ ငွေကြေးနှင့် အပြစ်ကင်းလွတ်မှု ဖြတ်တောက်ရေးများ ဖြစ်သည်။ ထိုအဖွဲ့သည် ငွေကြေးနှင့်ပြစ်ဒဏ်ကင်းလွတ်မှု ဖြတ်တောက်ရေး အတန်အသင့်ကောင်းသော နားလည်လာခဲ့ကြပြီး ခရစ်စီဒေါ့တီသည် စစ်တပ်၏ဘဏ္ဍာရေးကဏ္ဍကို လမ်းကြောင်းပြောင်းရန် အထူးသဖြင့်ပြောဆိုသည်။ သို့သော် SAC-M ၏ အင်တာနက်စာမျက်နှာတွင် လက်နက်ဖြတ်တောက်ရေးနှင့်ပတ်သက်သည့် မည်သည့်အသေးစိတ်ကိုမျှ ဖေါ်ပြထားခြင်း မရှိသေးပေ။ မည်သို့ဆိုစေကာမူ ၎င်းတို့ ၃ ဦး၏ ပိုမိုနားလည်နိုင်သော အမြင်နှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ နှစ်ပေါင်းများစွာကြာသော အတွေ့အကြုံအရ ၎င်းတို့တွင် လက်နက်ပိတ်ပင်မှု ပုံစံများကို ဆွေးနွေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကျုံးသွင်းနိုင်သည့် ကျွမ်းကျင်မှု၊ စွမ်းအားနှင့် စိတ်ပိုင်းဖြတ်မှု ရှိကြသည်။

လက်နက်ရောင်းချမှုပိတ်ပင်ရာတွင် ကျွမ်းကျင်သော သုတေသနနှင့် မှတ်တမ်းမှတ်ရာများဖြင့် ကျားကန်ပေးထားသော စုပေါင်း သံတမန်ရေးအားထုတ်မှု လိုအပ်သည်။ ထိရောက်သော လက်နက်ရောင်းချမှု ပိတ်ပင်ရေး လက်တွေ့ကျကျဖြစ်ပေါ်စေရန် လိုအပ်သော အချက်အလက် အသေးစိတ်များကို မည်သည့် နေရာမှ ရနိုင်သနည်း။ လိုအပ်သော ရန်ပုံငွေနှင့် နည်းပညာအထောက်အကူကို အနောက်နိုင်ငံများကပေးလျှင် အောင်မြင်ရန် အကောင်းဆုံးအလားအလာကို ပေးနိုင်သော ရင်းမြစ်နှစ်ခုရှိသည်။ တခုမှာ မြန်မာစစ်တပ်သို့ ဘဏ္ဍာရေးနှင့် လက်နက်အထောက်အပံ့များကို ဖေါ်ထုတ်ရာတွင် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် Justice for Myanmar ကဲ့သို့သော အဖွဲ့များကို ပိုမိုထောက်ပံ့ခြင်းဖြစ်သည်။ ထို လျှို့ဝှက်သော အဖွဲ့အစည်းသည် အရေးယူပိတ်ဆို့မှုများအတွက်နှင့် လက်နက်ပံ့ပိုးမှု လမ်းကြောင်း ဖြတ်တောက်ရေး ထိရောက်သော အစီအစဉ်များကို ထုတ်ပေးနိုင်သည်။ ထိုအဖွဲ့အစည်းအနေဖြင့် ပိုမိုအထောက်အပံ့ ရသင့်သည်။ ၎င်းတို့သည် ကုလသမဂ္ဂ၊ အနောက်နိုင်ငံအစိုးရများ၊ နိုင်ငံတကာသုတေသနနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများထက် ပိုမိုအရေးပါပြီး ထိခိုက်သော အလုပ်များကို လုပ်နိုင်စွမ်း ရှိကြသည်။
စစ်တပ်ကို ပြိုလဲအောင် လုပ်ရမည့်ကိစ္စသည် ပြည်တွင်းအားထုတ်မှုသာ အမြဲတစေဖြစ်နေရမည်။ ထိုကိစ္စကို အနောက်နိုင်ငံများအပေါ် ယုံကြည်အားကိုးခြင်းအား လျှော့ချရမည်ဖြစ်သည်။
နောက်ထပ်လှုပ်ရှားမှုအတွက် ရင်းမြစ်မှာ စစ်အာဏာသိမ်းမှုကြောင့် စွန့်ခွာထွက်ပြေးနေရသည့် သို့မဟုတ် ပြည်ပရောက်နေသည့် များပြားလှသော မြန်မာပြည်သူများ၏ လူ့စွမ်းအားရင်းမြစ်ကို အသုံးချပြီး စုံစမ်းထောက်လှမ်းဖေါ်ထုတ်သည့် သတင်းလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ သုတေသနများအတွက် ရန်ပုံငွေအများအပြား ဖန်တီးပေးရန်ဖြစ်သည်။ ဧရာဝတီ၊ Burma News International၊ Myanmar Now နှင့် အခြား မြန်မာမီဒီယာများအတွက် စုံစမ်းထောက်လှမ်းဖေါ်ထုတ် သတင်းရေးသားမှုရန်ပုံငွေ တိုးမြှင့်ခြင်းသည် ခြေလှမ်းတခုဖြစ်သည်။ အခြားအချက်တခုမှာ ပြည်တွင်းလက်နက်ထုတ်လုပ်မှု လုပ်ငန်းကို ဖေါ်ထုတ်သော စီမံကိန်းများအတွက် အလှူရှင်များက ငွေကြေးစိုက်ထုတ်ရန်ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်စည်ပေးသွင်းမှုလမ်းကြောင်းများကို လိုက်ပြီး ထုတ်လုပ်မှုကို နှောင့်ယှက်ဖြတ်တောက်ရန် လုပ်ဆောင်ခြင်းသည် လက်နက်ကိုင်ဆန့်ကျင်မှုကဲ့သို့ပင် ထိရောက်မှု ရှိနိုင်သည်။
ထိုလုပ်ငန်းများသည် အနောက်နိုင်ငံအလှူရှင်များ လွန်ခဲ့သော ၁၀ နှစ်ကပင် လုပ်သင့်သော လုပ်ငန်းအစိတ် အပိုင်းများဖြစ်သည်။ ယင်းသည် စစ်တပ်၏ အစီအစဉ်များကို နားလည်ခြင်းပင်။ ယင်းသည် လက်နက်ကိုင်တပ်များ၏ အတွင်းပိုင်း အားပြိုင်မှုများကို လေ့လာပြီး ၎င်း၏အင်အား၊ အဖွဲ့အတွင်း အလေ့အထများနှင့် စိတ်ဓါတ်၊ အက်ကြောင်းများနှင့် အားသာချက်များ၊ ပြည်တွင်းစီးပွားရေး အမူအကျင့်များနှင့် အမျိုးမျိုးသော လူမှုအသိုက်အဝန်းများနှင့် ဆက်ဆံရေးများ နှင့်ပတ်သက်သည့် ဇာတ်လမ်း အမှားများကို မေးခွန်းထုတ်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရပါက စစ်တပ်၏ ထိခိုက်လွယ်မှုများကို အကဲဖြတ်ရန် ဦးတည်သော မြန်မာက ဦးဆောင်သည့် သုတေသနပင်ဖြစ်သည်။
အရှေ့တောင်အာရှလေ့လာရေးအင်စတီကျုက မကြာသေးမီက ထုတ်ဝေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိပ်တန်း ဗိုလ်ချုပ်များ၏ အရေးပါသော အချက်အလက်များကဲ့သို့ မြန်မာမီဒီယာနှင့် ပညာရှင်များက ပြုလုပ်ထားသည့် ကောင်းမွန်သော သုတေသနများ ရှိနေပြီးဖြစ်သည်။ စစ်တပ်ကို ပြိုလဲအောင် လုပ်ရမည့်ကိစ္စသည် ပြည်တွင်းအားထုတ်မှုသာ အမြဲတစေဖြစ်နေရမည်။ ထိုကိစ္စကို အနောက်နိုင်ငံများအပေါ် ယုံကြည်အားကိုးခြင်းအား လျှော့ချရမည်ဖြစ်သည်။
လက်နက်ရောင်းချမှု ပိတ်ပင်ရေးသည် ရုပ်ပြ တက်ကြွလှုပ်ရှားမှု၏ ပဲ့တင်ရိုက်သံသာမက အဆင့်များစွာ၊ အသေးစိတ်လုပ်ငန်းများစွာ လိုသည်။ လက်နက်ရောင်းချမှုပိတ်ပင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ရာတွင် ရိုးသားမှုမရှိပါက ထိုကိစ္စကို ပြောပင် မပြောသင့်ပေ။ မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို အကာအကွယ်ပေးရန် ကမ္ဘာတွင် တာဝန်ရှိသည်။ ထပ်မံပျက်ကွက်ပါက စစ်အာဏာသိမ်းအလွန် သစ္စာဖေါက်မှုသာ ဖြစ်ပေါ်စေမည်။
(David Scott Mathieson သည် မြန်မာ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးပြဿနာများကိုလေ့လာသည့် အမှီအခိုကင်းသော သုတေသီတဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Can a UN Arms Embargo on Myanmar Work? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်
အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ
အချိန်ပြည့် အသင့်အနေအထားရှိရန် စစ်ကောင်စီက တပ်ဖွဲ့များကို ညွှန်ကြားထား
စစ်ရေး မတည်မငြိမ်မှုများနှင့် ကချင်ပြည်နယ်
အာဏာသိမ်း စစ်တပ် KNU ကို စစ်ထိုးဖို့ ပြင်နေသလား