မြန်မာပြည်သူအများစုက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ရှိစေလိုသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ၎င်းတို့က ဦးကျော်မိုးထွန်းသာ ၎င်းတို့နိုင်ငံကို ကိုယ်စားပြုစေလိုကြပြီး ဖေဖေါ်ဝါရီလက အာဏာသိမ်းခဲ့သော စစ်ကောင်စီက န်ိုင်ငံကို ကိုယ်စားပြုခြင်းအား မလိုလားကြပေ။ ပြည်သူများက ပေးလိုသောသတင်းစကားမှာ ရှင်းလင်းလှပြီး အာဏာသိမ်း စစ်ကောင်စီကို တရားဝင်မှု မပေးရေးသာ ဖြစ်သည်။
လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကို နိုဝင်ဘာလအထိ ဆက်လက်ထားရှိရန် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အလွတ်သဘောတူခဲ့သည်ဆိုသည့် သတင်းကို မြန်မာနှင့် ကျန်နိုင်ငံများတွင် စိတ်လှုပ်ရှားမှု စိတ်ဝင်စားမှုများဖြင့် ကြိုဆိုကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် ဖြုတ်ချခံအစိုးရမှ အဖွဲ့ဝင်များကလည်း ဦးကျော်မိုးထွန်းကို ထိုရာထူးတွင်သာ ဆက်လက်ထားရှိလိုကြသည်။ ဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဦးကျော်မိုးထွန်း ထိုရာထူးတွင် အနည်းဆုံး နိုဝင်ဘာလ အထိဆက်လက်ရှိနေမည့် သတင်းကို ကြားလျှင် ဝမ်းမြောက်ပေလိမ့်မည်။
ဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဦးကျော်မိုးထွန်း ထိုရာထူးတွင် အနည်းဆုံး နိုဝင်ဘာလ အထိဆက်လက်ရှိနေမည့် သတင်းကို ကြားလျှင် ဝမ်းမြောက်ပေလိမ့်မည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် အရည်အချင်းစစ်ဆေးရေး ကော်မတီကလည်း မြန်မာနိုင်ငံ သံတမန်ရေး က်ိုယ်စားပြုမှုကိစ္စ ဆွေးနွေးခြင်းကို ထိုအချိန်အထိ ရွှေ့ဆိုင်းထားရန် သဘောတူခဲ့သည်။ စစ်ကောင်စီက မြန်မာနိုင်ငံကို ကုလသမဂ္ဂတွင် ကိုယ်စားပြုမည့် သံအမတ်သစ်တဦးကို အဆိုပြုထားသည်။
နိုင်ငံတော်အတိုင်ပင်ခံနှင့် ယခုအခါ အဖမ်းခံနေရသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေအပါအဝင် သူ၏ဝန်ကြီးများသည် အာဏာသိမ်းမှုမတိုင်မီ ရက်များအတွင်း နိုင်ငံပေါ် ကျရောက်တော့မည့် ကြေကွဲစရာဖြစ်ရပ်ကို တစွန်းတစ သိမသိကို သုတေသီအများအပြားက သိလိုကြပေမည်။ သိသည်ဆိုလျှင် မည်သို့သော အကြံအစည်များ ချမှတ်ခဲ့ပါသနည်း။ ထိုသို့သော အကြံအစည်များတွင် အာဏာသိမ်းမှုဖြစ်ပွားပါက ကုလသမဂ္ဂတွင် စစ်ကောင်စီ တရားဝင်မှုမရရေး သေနင်္ဂဗျူဟာ တခုလည်း ပါဝင်မည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးကျော်မိုးထွန်းကို မည်သည့်သတင်းစကားနှင့် ညွှန်ကြားချက်များ ပေးခဲ့သည်ဆိုသည့် အချက်မှာ ပဟေဠိဖြစ်နေသည်။ သို့သော် NLD ခေါင်းဆောင်များသည် ဦးကျော်မိုးထွန်းအနေဖြင့် NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြုစေလိုမည်ဖြစ်သည်။
အာဏာသိမ်းပြီး ရက်သတ္တပတ်အတန်အကြာ ဖေဖေါ်ဝါရီလအတွင်းက ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းဖြင့် စစ်ကောင်စီကို ရှုတ်ချပြီး ခုခံမှု သင်္ကေတဖြစ်သော လက်သုံးချောင်းထောင် အလေးပြုလိုက်သောအခါ မြန်မာပြည်သူများနှင့် နိုင်ငံခြားအစိုးရများ အံ့သြသွားခဲ့ကြသည်။
ဦးကျော်မိုးထွန်း ပြဿနာနှင့် ပတ်သက်ပြီး ဘေ့ဂျင်း၏ သံတမန်နည်းလမ်းသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ၎င်း၏ ရှုပ်ထွေးပြီး အရင်းအနှီးကြီးမားသည့် သံတမန်ရေး ဆောင်ရွက်ချက်ဖြစ်သည်။
တရုတ်နိုင်ငံပါဝင်လာပြီး ထိုရာထူးတွင် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရန် သြဂုတ်လ အစောပိုင်းမှ စတင်ဆော်သြသော်လည်း သူ့ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် စကားပြောခွင့်မပေးရန် တောင်းဆိုသည်။ သံအမတ်ပြဿနာနှင့် ပတ်သက်ပြီး ဘေ့ဂျင်း၏ သံတမန်နည်းလမ်းသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ၎င်း၏ ရှုပ်ထွေးပြီး အရင်းအနှီးကြီးမားသည့် သံတမန်ရေး ဆောင်ရွက်ချက်ဖြစ်သည်။
ပျော့ပျောင်းသောနည်းလမ်း
ဖေဖေါ်ဝါရီလတွင် မြန်မာရွေးကောက်ခံအစိုးရကို စစ်ကောင်စီက ဖြုတ်ချပြီး မကြာမီ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ထိုလက်နက်ကိုင်အာဏာသိမ်းမှုသည် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်သည်ဟုသာဖေါ်ပြပြီး အာဏာသိမ်းခြင်းကို ရှုတ်ချခြင်းမရှိပေ။
စစ်တပ်၏ ဖြိုခွဲမှုများကို ရှုတ်ချရန် ဘေ့ဂျင်း၏ ပျက်ကွက်မှုနှင့် စစ်ကောင်စီဘက်မှ အပြည့်အဝရပ်တည်သည်ဆိုသည့် ယူဆချက်များကြောင့် ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ အထွဋ်အထိပ်သို့ တက်သွားသည်။
တရုတ်ကုမ္ပဏီများ ပိုင်ဆိုင် လုပ်ကိုင်သော စက်ရုံများ တိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံ၏ ပုံရိပ်မှာလည်း ကြေမွသွားကာ စစ်ကောင်စီကို ခါးခါးသီးသီးမုန်းသော မြန်မာပြည်သူများ၏ အမြင်တွင် ပြန်လည်ပြင်ဆင်မရတော့သည့် အထိ ပျက်စီးသွားသည်။
မြန်မာနိုင်ငံမှ ကြီးထွားနေသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအကြား ဖေဖေါ်ဝါရီလတွင် တရုတ်သံအမတ်ထွက်လာပြီး မြန်မာနိုင်ငံမှ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများသည် တရုတ်နိုင်ငံက မြင်တွေ့လိုသည့် ဖြစ်ရပ်များမဟုတ်ကြောင်းပြောသော်လည်း တရုတ်နိုင်ငံမှ သံတမန်ရေး ထုတ်ပြန်ကြေညာချက်များ၏ ထုံးစံအတိုင်း ဆက်လက်ဖွင့်ဆိုစရာများ ထားခဲ့သည်။
သြဂုတ်လတွင် တရုတ်က စစ်ကောင်စီကို မြန်မာအစိုးရဟု စတင်သုံးနှုန်းပြီး မြန်မာမှ စီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ကတိပြုသည်။
ထိုရည်မှန်းချက်ကြီးမားသည့် စီမံကိန်းများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချမှတ်ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံလိုက်ရသော NLD အစိုးရသို့ ဦးစွာ အဆိုပြုထားသည့် စီမံကိန်းများဖြစ်သည်။
တရုတ်နှင့် စစ်ကောင်စီတို့သည် ပိုးလမ်းမသစ် BRI အစီအစဉ် အောက်မှ တရုတ်၏ သေနင်္ဂဗျူဟာကျသည့် အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖေါ်ရန် သဘောတူကြသည်။ ထိုရည်မှန်းချက်ကြီးမားသည့် စီမံကိန်းများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချမှတ်ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံလိုက်ရသော NLD အစိုးရသို့ ဦးစွာ အဆိုပြုထားသည့် စီမံကိန်းများဖြစ်သည်။
ထိုနောက် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာမှတဆင့် တရုတ်ကို အိန္ဒိယသမုဒ္ဒရာကို သုံးခွင့်ပေးမည့် ရထားလမ်းသစ်ကို တရုတ်နိုင်ငံဘက်ခြမ်းနယ်စပ်တွင် ဖွင့်လှစ်လိုက်သည်။
ထိုရထားလမ်းသည် စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးမှ မြန်မာနိုင်ငံမှ ရှမ်းပြည်အရှေ့မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သော ချင်းရွှေဟော်နှင့် မျက်နှာချင်းဆိုင် ယူနန်ပြည်နယ်မှ ခရိုင်အဆင့် မြို့ဖြစ်သော လင်ကန်အထိ ဆက်သွယ်ထားသည်။
သြဂုတ်လ နှောင်းပိုင်းတွင်ပင် ယခင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တရုတ်၏ ရှေ့ပြေးအဖြစ်ဆောင်ရွက်ခဲ့သူ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်သည် ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်လာသည့် ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားအရာရှိများနှင့်တွေ့ဆုံသည်။
ထိုသို့ လူမသိသူမသိ ခရီးစဉ်အတွင်း သူသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့်လည်း တွေ့ဆုံသည်။
ထိုတပတ်ကြာခရီးစဉ်အတွင်း ဆွန်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်းဆိုခဲ့သော်လည်း အရာမရောက်ခဲ့ပေ။
တရုတ်ကွန်မြူနစ်ပါတီ က NLD ကို ဆက်လက်အသိအမှတ်ပြုနေကြောင်း စစ်ကောင်စီကို အချက်ပြလိုက်ခြင်းဖြစ်ဖြစ်သော်လည်း တရုတ်သည် လက်တွေ့တွင် မူဝါဒ ဟောင်းကိုသာ ဆက်လက် ကျင့်သုံးနေခြင်းဖြစ်သည်။
ထိုခရီးစဉ် အဆုံးသတ်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဝန်ဝမ်ဘင်က “ လူမှုတည်ငြ်ိမ်မှုပြန်လည်ထိန်းသိမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး စောလျှင်စွာ ပြန်လည်စတင်ရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်သော အခန်းမှ ပါဝင်မည်” ဟုပြောသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ထိုထုတ်ပြန်ကြေညာချက်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်နှင့်တူနေသည်။ မြန်မာန်ိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်ပြီး ကြေညာချက်များကို အလွယ်တကူ စိတ်ကုန်နိုင်သော်လည်း မြန်မာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြန်လည်စတင်စေလိုသည့် ဘေ့ဂျင်း၏ ဆန္ဒကို ဝန်က ပြောလိုက်သောအခါ လူအတော်များများ မျက်ခုံးပင့်မိသည်ထက် ပိုကြသည်။
တရုတ်နိုင်ငံသည် NLD နှင့် အလုပ်ဆက်လုပ်ရန် ကြိုးစားနေပြီး စစ်ကောင်စီက NLD ကို ဖျက်သ်ိမ်းမည်ဆိုလျှင် စိုးရိမ်မကင်းဖြစ်ကြောင်းလည်း သတင်းများထွက်လာနေသည်။
ထိုနောက် စက်တင်ဘာလ အစောပိုင်းသို့ရောက်သောအခါ NLD ကို တရုတ်ကွန်မြူနစ်ပါတီ (CPC) က ကျင်းပသည့် အာရှနိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းမှာ CPC က NLD ကို ဆက်လက်အသိအမှတ်ပြုနေကြောင်း စစ်ကောင်စီကို အချက်ပြလိုက်ခြင်းဖြစ်သည်။ ထိုသို့လုပ်ရာတွင် တရုတ်သည် လက်တွေ့တွင် မူဝါဒ ဟောင်းကိုသာ ဆက်လက် ကျင့်သုံးနေခြင်းဖြစ်သည်။
ယခင်ခေတ်က တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကို ထောက်ခံပြီး လက်နက်၊ နိုင်ငံရေးထောက်ခံမှု၊ ထောင်ချီသည့် စေတနာဝန်ထမ်းတပ်များနှင့် လျှို့ဝှက်အသံလွှင့်ရုံတရုံ ပေးသလို CPB ခေါင်းဆောင်များကိုလည်း ဘေ့ဂျင်းတွင် နေထိုင်ခွင့်ပေးသည်။ နယ်စပ်တွင် တရုတ်ကျောထောက်နောက်ခံပြု CPB နှင့် မြန်မာစစ်အုပ်စုအကြား ပြင်းထန်သော တိုက်ပွဲကြီးများဆင်နွဲခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဝင်ရောက်မစွက်ဖက်ရေးမူကို ကျင့်သုံးသည်ဟု ပြောနေသော်လည်း တရုတ်သည် မြန်မာ့ရေးရာများတွင် ဝင်ရောက်စွက်ဖက်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
တချိန်တည်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် ထိုစဉ်က ဆိုရှယ်လစ် အစိုးရနှင့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားသည်။ ၁၉၆၇ ခုနှစ်က မြန်မာတွင် ဖြစ်ပွားသည့် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် တရုတ်နှင့် တရုတ်မြန်မာကပြား နိုင်ငံသားများ ဒုက္ခရောက်ခဲ့ဖူးသော်လည်း ဆက်ဆံရေးသည် အများအားဖြင့် တည်ငြိမ်သည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံတို့သည် ၎င်းတို့၏ သံအမတ်များကို ပြန်လည် ခေါ်ယူခဲ့ကြသည်။ တရုတ်သည် CPB နှင့် ပါတီချင်း ဆက်ဆံရေးကြောင့် နေဝင်းအစိုးရနှင့် ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့သည်။ ထိုအချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် မြန်မာတွင် နိုင်ငံရေး သြဇာသက်ရောက်ရေး လှေနံနှစ်ဖက်နင်းသည့် မူဝါဒကို စတင်ကျင့်သုံးသည်။
၁၉၈၈ ခုနှစ်သွေးချောင်းစီး စစ်အာဏာသိမ်းမှုနောက်တွင် တရုတ်နိုင်ငံသည် ဘက်ပြောင်းသွားပြီး ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) ဆိုသည့် စစ်အုပ်စုဘက်သို့ပြောင်း ထောက်ခံလိုက်သည်။ တရုတ်သည် မြန်မာစစ်အုပ်စုကို စီးပွားရေးအကူအညီနှင့် စစ်လက်နက်ပစ္စည်းများ ပုံအောပေးသည်။ ဘေ့ဂျင်း၏ မူဝါဒအပြောင်းအလဲသည် မြန်မာနိုင်ငံမှ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို အကျိုးပြုသည်။ ထိုစဉ်က မြန်မာသည် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများခံနေရပြီး အထီးကျန်စစ်အုပ်စုကို တရုတ်၏ ပတ်လမ်းအတွင်းသို့ ပိုမိုရောက်ရှိသွားစေသည်။
၂၀၁၅ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံသည် NLD နှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ကာ ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေ့ဂျင်းသို့ ဖိတ်ခေါ်သည်။ ဘေ့ဂျင်းသို့ ရောက်သောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ရှီ ကိုယ်တိုင် လက်ခံတွေ့ဆုံပြီး ထိုနှစ် မြန်မာရွေးကောက်ပွဲတွင် သူ၏ ပါတီနိုင်သောအခါ ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သည်။
NLD အစိုးရအောက်တွင် ရှီသည် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလက မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီး ဒေါ်လာသန်းပေါင်းများစွာတန်သော အခြေခံအဆောက်အအုံစီမံကိန်းများတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးကာ နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်ဖြစ်ကြောင်း ကြေညာသည်။
မြန်မာနိုင်ငံတွင် ဝင်ရောက်မစွက်ဖက်ရေးမူကို ကျင့်သုံးသည်ဟု ပြောနေသော်လည်း တရုတ်သည် မြန်မာ့ရေးရာများတွင် ဝင်ရောက်စွက်ဖက်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ယနေ့ တရုတ်သည် မြောက်ပိုင်းမှ အင်အားကြီးမားလှသော ၀ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားအပေါ် သြဇာရှိနေသည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ ဗမာလွှမ်းမိုးသော အစိတ်အပိုင်းတွင် အဓိကကျသည့် အင်အားစုများဖြစ်ပြီး နိုင်ငံတည်ငြိမ်ရေးအတွက် အကျိုးပြုသည်ဟု တရုတ်ကမြင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် လမ်းကြောင်းအားလုံးကို ဖွင့်ပေးလိုက်သည်။
ယခု NLD ကို တရုတ်ကထောက်ခံခြင်းနှင့် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရန်ထောက်ခံခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စိတ်ဆိုးစေမည်မှာ သံသယရှိစရာ မလိုပေ။
တရုတ်သည် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာလွှမ်းမိုးသောနေရာများမှ NLD အပါအဝင် မြန်မာနိုင်ငံမှ အင်အားကြီးသူ အများအပြားနှင့်လည်း မဟာမိတ်ဖွဲ့ထားသည်။ တရုတ်သည် မြန်မာ စစ်တပ်နှင့် စစ်ကောင်စီကို မည်သို့ကိုင်တွယ် ဆက်ဆံမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းမှ အကြမ်းဖက်သမားများကို အင်အားကြီးမားသည့် အုပ်စုများက ထောက်ပံ့နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် လူသိရှင်ကြားပြောခဲ့သည်။ စစ်တပ်ပြောခွင့်ရသူတဦးကမူ ထိုစဉ်က ၎င်းတို့သိမ်းဆည်းမိသည့် လက်နက်အများစုသည် တရုတ်လုပ် လက်နက်များဖြစ်ကြောင်း၊ ထိုတိုင်းရင်းသားလက်နက်ကိုင်များသည် ထိုလက်နက်များကို တရုတ်မှ တရားမဝင် ရယူထားကြောင်း ပြောသည်။ ဗိုလ်ချုပ်များသည် အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးကို သွယ်ဝိုက်လက်ညှိုးထိုးနေပြီး ထိုနိုင်ငံသည် ပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အချို့ကို ထောက်ခံအားပေးနေကြောင်း စွပ်စွဲသည်။ လက်တွေ့တွင် ထိုဗ်ိုလ်ချုပ်များသည် ထိုနိုင်ငံ၏ အမည်ကို လူသိရှင်ကြား မပြောရဲကြသော်လည်း တရုတ်နိုင်ငံကို ရည်ညွှန်းကြောင်း ထင်ရှားသည်။
ယခု NLD ကို တရုတ်ကထောက်ခံခြင်းနှင့် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရန်ထောက်ခံခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စိတ်ဆိုးစေမည်မှာ သံသယရှိစရာ မလိုပေ။
ယနေ့တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေအရ လွန်စွာရှုပ်ထွေးသော သံတမန်ကစားနည်းကို ကစားနေသည်။ တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့၏ မဟာမိတ်သစ် မဟာမိတ်ဟောင်းများကို မည်သို့ ဆက်လက်ထိန်းသိမ်းထားမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ဖရိုဖရဲဖြစ်နေသော မြန်မာတွင် တရုတ်နှင့် ဆက်ဆံရေး ထူထောင်ထားသည့် ဇာတ်ကောင်အများအပြားသည် တဘက်နှင့်တဘက် ဆက်ဆံရေး အဆင်ပြေနေကြသည် မဟုတ်ပေ။
မည်သို့ဆိုစေကာမူ စစ်အုပ်စုအပါအဝင် မြန်မာမှ ထိုဇာတ်ကောင်အားလုံးသည် အလွန်အင်းအားကြီးလှသော ထိုအိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရာတွင် အထူးသတိထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်၏ မူဝါဒသည် တရုတ်၏ အကျိုးစီးပွားပေါ်တွင်သာ မူတည်နေသည်ကို ၎င်းတို့လည်း သိကြသည်။
(အောင်ဇော်သည် ဧရာဝတီ အယ်ဒီတာချုပ် ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ China Withholds Full Legitimacy From Myanmar Junta: Old Wine in a New Bottle? ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
NUG နဲ့ NLD အကြား သဘောထားကွဲနေသလား
ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ
မြန်မာ့သံတမန်ရေးသင်္ချိုင်းမှာ ကျဆုံးတော့မယ့် နောက်ထပ်အထူးသံတမန်တဦး
တရုတ် ရင်းနှီးမြှုပ်နှံမှုကို တာလီဘန် ကော်ဇောနီဖြင့် ကြိုဆို