နေအိမ်ဟူသောစကားကို အင်္ဂလိပ်စကားလုံး Home အတွက် ဖွင့်ဆိုကြသည်။ အိမ်ဟု ဆိုသော House နှင့် အဓိပ္ပာယ် အနှစ်သာရ ချင်း ကွာခြားလှပါသည်။ လူတစ်ဦးသည် အဆောက်အဦ တစ်ခု၊ အိမ်တစ်ခု၊ ဟိုတယ်တစ်ခု၊ မိမိ နေအိမ်ထက် ပိုမိုခန်းနားသော အိမ်တခုတွင် နေနိုင်ပါသည်။ သို့သော် မိမိနှင့် မိသားစု နှင့် နေထိုင်ခဲ့ရာနေအိမ် ကဲ့သို့ ကျေနပ်ရောင့်ရဲနိုင်မှု နှင့် အခြားသော အရသာ အားလုံး မရှိသည့် အတွက် နေထိုင်ရ သော ဘဝ၏ ရသ aesthetic ပျောက်ဆုံးနေပြီဟု ဆိုနိုင်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့က စခဲ့သော နိုင်ငံတော်အာဏာ ကို ဥပဒေမဲ့ အတင်းအဓမ္မရယူခဲ့ခြင်း နှင့် အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်မှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့ခြင်း တို့ နောက်တွင် နေအိမ်တွင် မနေနိုင်သောဘဝများစွာ မကြုံဘူးလောက်အောင် များပြားလာခဲ့သည်။ နိုင်ငံသမိုင်းတလျှောက်တွင် အဆိုပါ ဘဝများ သည် ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း အများဆုံးဟုပင်ဆိုနိုင်သည်။ အရေအတွက် များပြားသကဲ့ သို့ ထူးခြားသည်များကလည်း ယခု ဖြစ်ရပ်ကြီးတွင် ရှိနေပါသည်။
၂၀၂၀ က ခင်းခဲ့သော ကျေးရွာချင်းဆက် မြေသားလမ်းကလေး သည် မူရင်း စိတ်ကူးစီမံချက်အတိုင်း အမာခံ ကျောက်ခင်းလမ်း၊ ဂဝံလမ်း၊ ကွန်ကရိလမ်း၊ ကတ္တရာလမ်း အဆင့်သို့ မရောက်မီ ယခု မိုးတွင်းတွင် ပျက်စီးသွားပါ တော့မည်။ လူတိုင်း မိမိပိုင်သည့် ငွေကို တပတ်လျှင် ၂ သိန်း ထုတ်ရန်ပင် ခက်ခဲနေရသည်။
၁၉၈၈ နောက်ပိုင်းတွင် ဖြစ်ရပ်များစွာ၌ ယခုကဲ့သို့ တိမ်းရှောင်ခဲ့ရမှုများရှိခဲ့ပါသည်။ ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်ပါတီဝင်များ နှင့် စစ်ဘေးရှောင်များက အများစု ဖြစ်ပါသည်။ ထိုကာလ ကြောင့်ပင် မြန်မာနိုင်ငံသားမိသားစုများစွာ တတိယနိုင်ငံတွင် အခြေချ၍ ဘဝကို ထူထောင်ကြကာ အချို့ သော သားသမီးများဆိုလျှင် မြန်မာစကား၊ တိုင်းရင်းဘာသာစကားပင် မပြောတတ်သည်အထိ နှစ် ၃၀ ကြာဘဝ ရှည်ကြာခဲ့သည်။ အချုပ်ဆိုရလျှင် အဆိုပါကာလက နေအိမ်တွင် မနေနိုင်ခဲ့သူများသည် စစ်အစိုးရ ကို ဆန့်ကျင်သူများနှင့် စစ်ဘေးများအကြား ကြားညပ်ရသူများ ဖြစ်ပါသည်။
ယနေ့ နေအိမ်တွင် မနေနိုင်ကြသူများ
၂၀၂၁ အကြမ်းဖက်ကောင်စီ ဖြစ်လာခဲ့သည်မှာ ၈ လ ပြည့်ပါတော့မည်။ ဥပဒေအရ တရားဝင် de jure အစိုးရ မဟုတ်သည့်တိုင် စစ်အစိုးရ အဆက်ဆက်ကဲ့သို့ de facto government အဆင့် သို့ပင် တက်လှမ်းနိုင်ခြင်း မရှိ သေးပါ။ တနည်းအားဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်သည့် အခြေအနေကို မရောက်သေးကြောင်း ထင်ရှား ပေါ် လွင်နေပါသည်။ ဘဏ်များကိစ္စ၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စ တို့ သည် အထင်ရှားဆုံး ဥပမာများ ဖြစ်သကဲ့သို့ပင် အခြား ရုံးများသည်လည်း အလုပ် မလုပ်နိုင်ကြ။ တည်ဆောက်ရေး လုပ်ငန်းအများစု ရပ်တန့် နေသည်။
၂၀၂၀ က ခင်းခဲ့သော ကျေးရွာချင်းဆက် မြေသားလမ်းကလေး သည် မူရင်း စိတ်ကူးစီမံချက်အတိုင်း အမာခံ ကျောက်ခင်းလမ်း၊ ဂဝံလမ်း၊ ကွန်ကရိလမ်း၊ ကတ္တရာလမ်း အဆင့်သို့ မရောက်မီ ယခု မိုးတွင်းတွင် ပျက်စီးသွားပါ တော့မည်။ လူတိုင်း မိမိပိုင်သည့် ငွေ ကို တပတ်လျှင် ၂ သိန်း ထုတ်ရန်ပင် ခက်ခဲနေရသည်။ အဂတိ လိုက်စားသော နည်းလမ်း၊ တနည်းအားဖြင့် လာဘ်ပေးသောနည်းလမ်းဖြင့်သာ ထုတ်ယူနိုင်သူ အချို့ ရှိနေသည်။
အဆိုပါ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ စကာ နေအိမ်တွင် မနေထိုင်နိုင်သူများမှာ ပထမဆုံး အားဖြင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ပါသည်။ ပထမ၃ ရက်ခန့်တော့ အများစုကို မိမိတို့ နေထိုင်ရာ နေရာတွင် သာ အကျယ်ချုပ်သဘောမျိုး ချုပ်ထားခဲ့သည်။ နောက်တော့ အားလုံးကို ပြန်ခွင့်ပြုလိုက်သည်။ ထိုနေ့ မှ စ၍ နေအိမ်သို့ ပြန်မလာသူ လွှတ်တော် ကိုယ်စားလှယ်ပေါင်းများစွာ ရှိပါသည်။
ဝန်ကြီး ဒုဝန်ကြီးများကို အကျယ်ချုပ် သဘောမျိုး ထားရာမှ ပြန်လွှတ်ပေးခဲ့သည်။ မကြာပါ။ နောက်တကြိမ် ပြန်လည် ဖမ်းဆီး သည့် လူဖမ်းပွဲ ကြီးစပါတော့သည်။ အာဏာသိမ်းသည့် ပထမ တလ အတွင်းတွင်ပင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ၆ ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး များစွာ ဖမ်းဆီးခံရသည်။ မှတ်မိသမျှ ၁၃၀ ဦးခန့် ရှိပါမည်။ ထိုထက်များရန် ပိုဖြစ်နိုင်ပါသည်။
ငြိမ်းချမ်းစွာဆန္ဒပြပွဲ များ နောက်တွင် မတ်လဆန်းမှ စ၍ လူဖမ်းပွဲ အရှိန်အဟုန်မြင့်လာခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ် ခေါင်းဆောင် အဆင့်ဆင့် နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြ ရပ်တည်ကြသည့် ပြည်သူ့ ခေါင်းဆောင် များစွာ အဖမ်းခံရသည်။ ရှင်းပါသည်။ လူ တရာ အဖမ်းခံရသည်နှင့် အခြားလူ ၁၀၀၀ က နေအိမ်တွင် မနေပဲ ရှောင်တိမ်းကြရရာ၊ ယခု လူ ၅၀၀၀ ကျော် အဖမ်းခံထားရသည့် နိုင်ငံတွင် အဖမ်းဆီးခံရခြင်း မှ တိမ်းရှောင်ရသည့် နေအိမ်တွင် မနေနိုင်သူ အရေ အတွက် ကို ခန့်မှန်းကြည့်နိုင်ပါသည်။
၁၉၈၈ မှသည် ၁၉၉၀ နောက်ပိုင်း စစ်အာဏာရှင် ခေတ်နှင့် ကွာခြားသည်မှာ ယခု မူဝါဒက အဖမ်းမခံပဲ တိမ်းရှောင်၍ တော်လှန်ရေးကို ဆက်လုပ်ရေးပင်ဖြစ်သည်။
၁၉၈၈ မှသည် ၁၉၉၀ နောက်ပိုင်း စစ်အာဏာရှင် ခေတ်နှင့် ကွာခြားသည်မှာ ယခု မူဝါဒက အဖမ်းမခံပဲ တိမ်းရှောင်၍ တော်လှန်ရေးကို ဆက်လုပ်ရေးပင်ဖြစ်သည်။ ရှောင်တိမ်းရသည်မှာ မိသားစု တခုလုံး ဖြစ်သော်လည်း အိမ်ထောင်ဦးစီး သတ်သတ်၊ တခါတရံ သား၊ သမီး က သတ်သတ်၊ ကျန် မိသားစု က သတ်သတ် ဖြစ်ကာ မိသားစုပေါင်း သောင်းနှင့်ချီ၍ သီးခြား အဖြစ် အခြားမြို့ရွာ နေရာ တခုစီတွင် နေထိုင်နေကြရသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် Generation Z ခေါ် လူငယ်လေးများ (၈၈ က စကား နှင့် ဆိုရလျှင် ကျောင်းသားလူငယ် များ) မှာ လည်း နေအိမ်တွင် မနေနိုင်၊ တိမ်းရှောင်နေကြရသည်။ သူတို့ချည်းလားဆိုလျှင်ဖြင့် မဟုတ်ပါ။ ဆန္ဒပြပွဲများကို မှတ်တမ်းယူခဲ့သည့် သတင်းမီဒီယာများ သည်လည်း တရားမဝင် အဖြစ် သတ်မှတ်ခံရခြင်း နှင့် အတူ ယင်းတို့၏ သတင်းထောက်များ၊ ပြည်သူပြည်သားသတင်းသမား Citizen Journalist များသည်လည်း နေအိမ်တွင် မနေနိုင်ကြပါ။ (ကျန်နေသေးသော အစုအဖွဲ့များရှိလျှင်လည်း ဖြည့် စဉ်းစားပေးကြရန် တောင်းပန်ပါသည်။)
ယခု တော်လှန်ရေးတွင် အလွန်အရေးကြီးသော အခြားအင်အားစုဖြစ်သည့် Civil Disobedience Moment (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများစွာသည်လည်း သူတို့ ၏ မိသားစုများနှင့် တကွ တိမ်းရှောင်နေကြရသည်။ ကွာခြားချက်မှာ ၁၉၈၈-၉၀ ခေတ်က ကဲ့သို့ လက်ခံ ခိုလှုံခွင့်ပေးရဲသူ မနည်းခြင်းပင်။ သာမာန်ပြည်သူတို့က မိမိတို့ အိမ်တွင် ခေါ်ထားရဲကြသကဲ့သို့ ချမ်းသာသူ တို့ကလည်း မိမိတို့ အိမ်ကို ထိုးပေးကြသည်။ နေထိုင်ခွင့် ပေးသည်။ စီစဉ်ပေးကြသည်။ အချို့ ဆိုလျှင် အင်တာနက်ပါ ဆင်ပေးကြသည်။ တော်လှန်ရေးအပေါ် အများပြည်သူ၏ ယုံကြည်မှုနှင့် အကြောက်တရား လျော့နည်းလာမှု မှာ လွန်ခဲ့သော ဖြစ်စဉ်များနှင့် သိသာကွာခြား နေပါတော့သည်။
တိမ်းရှောင်သည်ဆိုသောအခါ အချို့ အဝက်သည် တိုင်းရင်းသားနယ်မြေများတွင် ရှိကြသည်။ အချို့ကတော့ ပြည်မကြီး အတွင်းတွင်ပင် ဆွေမျိုးများရှိရာရပ်ရွာများ၌ နေကြသည်။ သာသနာ့ နယ်မြေ များသည်လည်း ခိုလှုံရာ ဖြစ်လျက်ရှိသည်။ အချို့က မြို့ကြီးများအတွင်းတွင်ပင် နေရာပြောင်းရွှေ့ နေထိုင်ကြသည်။ စစ်အုပ်စုက တယ်လီဖုန်း အင်တာနက် အထိ ဖြတ်တောက်ခဲ့သော လပိုင်းကတော့ အဆက်အသွယ်ပြတ်ကြရသည်။ နောက်ပိုင်းတွင်တော့ ဆက်သွယ်ရန် နည်းလမ်းများ ပြန်လည်ရရှိကြကာ ယခု ဆိုလျှင် နိုင်ငံ အနှံ့အပြား က မိသားစုများသည် online မှ တဆင့် ပြန်လည် ဆုံတွေ့ နေကြပြီ။
လွန်ခဲ့သော ၆ လ အတွင်း ထူးခြားချက်ကမူ စစ်ဗိုလ်ချုပ်ကြီး များ နှင့် သူတို့ ၏ မိသားစုများပါ နေအိမ်တွင် မနေနိုင်ကြခြင်း ဖြစ်ပါသည်။ မတ်လ ကုန်ပိုင်း မှ ဧပြီလကုန်ပိုင်းအထိ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံ Quad 4 တို့ စစ်ရေးလေ့ကျင့် သည်ဟူသော သတင်း ထွက်ပေါ် ချိန် တလျှောက် ဗိုလ်ချုပ်ကြီးများသည် စုတ်စမြုတ်စ ပျောက်ခဲ့ကြသည်။ နိုင်ငံတကာ စစ်ရေး အစည်းအဝေးများကို online video meeting လုပ်သည့် အခါ ခန့် မှန်းရ ခက်သည့် နေရာကို setting လုပ်၍ ဆောင်ရွက်သည်။ ရှမ်းပြည်နယ် တနေရာတွင် တိမ်းရှောင်နေကြောင်း အများက ခန့်မှန်းကြရသည်။ နေအိမ်တွင် မနေနိုင်သောသူစာရင်း ထပ်တိုး ရချေပြီ။
လွန်ခဲ့သော လပိုင်းက ပေါ်ထွက်လာသော အသံဖိုင်တခုတွင် စကစ ပြည်ထဲရေး ဝန်ကြီး၏ ဇနီးက နေရာတကာ သတိထားဖို့ နေအိမ်ကို မသိအောင်လုပ်ဖို့ ပြောလာချက်များအရ ခေါင်းဆောင် အနည်းငယ်မျှမက အာဏာသိမ်း အဖွဲ့ဝင်များစွာ၏ မိသားစုများ လည်း အခြားသူများနည်းတူ မလုံခြုံကြောင်း ငြိမ်းချမ်းနွေးထွေး လုံခြုံသည့် နေအိမ်မပီသသော အိမ်များတွင် နေထိုင်ကြရရှာကြောင်း ပေါ်လွင်နေပါတော့သည်။
စကစ ခေါင်းဆောင် အနည်းငယ်မျှမက အာဏာသိမ်း အဖွဲ့ဝင်များစွာ၏ မိသားစုများလည်း အခြားသူများနည်းတူ မလုံခြုံကြောင်း ငြိမ်းချမ်းနွေးထွေး လုံခြုံသည့် နေအိမ်မပီသသော အိမ်များတွင် နေထိုင်ကြရသည်။
လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးသမားများသည် တိမ်းရှောင်ရခြင်းနှင့် အတူ မိမိတို့ နိုင်ငံရေး အလုပ်ကို ဆက်လုပ်ကြသည်။ မြို့ပေါ် တချို့ တောတွင်းတချို့၊ ကျေးရွာတွင်တချို့ ရှိနေလျက်မှပင် လွှတ်တော် ရအောင် ခေါ် သည်။ အစိုးရဖွဲ့သည်။ Gen-Z များက ပျောက်ကြားပုံသဏ္ဍာန်ဖြင့် ဆက်လက် ဆန္ဒပြနေသူများရှိသလို လက်နက်ကိုင်တိုက်ဖို့ ပြင်နေသူများလည်းရှိသည်။ သတင်းသမားများကလည်း ဆက်လုပ်နေကြသည်။ အိမ်တွင်မနေနိုင်ရုံမက မိဘ တကွဲ၊ သားတကွဲ၊ မယားတကွဲ ဖြစ်နေသည်မှပင် စိတ်ဓာတ်ကို မလျှော့ကြ။ အချို့ ကလည်း တတိယနိုင်ငံသို့ ရောက်သွားပြီးမှပင် ဆက်လုပ်နေကြသည်ကို တွေ့ ရပါသည်။
စစ်ဘေးရှောင်များ၏ဘဝ
စစ်ဘေးရှောင်များဟု ဆိုလိုက်လျင် ခေတ်အဆက်ဆက် တောတွင်း တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာထွက်ပြေး ရသူ မိသားစုများ၊ အထူးသဖြင့် တိုင်းရင်းသား အိမ်ထောင်စုများကို သာမြင်ပါသည်။ ယခု ၅ လ အတွင်းတွင်လည်း ကရင်၊ ကချင်၊ ချင်း တို့မှ စစ်ဘေးရှောင်များတိုးပွားလာပါသည်။ စစ်ပွဲများဖြစ်လာသည်နှင့် မိသားစုများ မှာ အိမ်တွင် မနေနိုင်၊ တောနက်အတွင်း သင့်သလို နေကြရပါသည်။ နယ်စပ်အနီးရှိမိသားစုများအား အစောပိုင်းတွင် အိမ်နီးချင်းနိုင်ငံက လက်မခံသကဲ့သို့ ဖြစ်ခဲ့သေးသည်။ သို့သော် အတန်အသင့် ပြေလည်သွားပါသည်။
သို့ရာတွင် ယခု တော်လှန်ရေး၌ ထူးခြားချက်အဖြစ် ပြည်မ အတွင်းရှိ စစ်ပွဲများကြောင့် တိမ်းရှောင်ရသူများ၊ CDM ဝန်ထမ်းများ၊ Gen-Z တို့၏ မိသားစုများမှာလည်း နေရာအမျိုးမျိုးတွင် ပုန်းအောင်းနေကြရသည်။ ရက်စက်သော ရန်သူ သည် အဆိုပါ တိမ်းရှောင်ပုန်းအောင်းသူများကိုပင် တွေ့ရာနေရာ၌ သတ်ဖြတ်လျက်ရှိသည်ကို သတင်း မီဒီယာတို့ တွင် တွေ့ နေရပါသည်။ ယခု ရက်ပိုင်း အထိ ပြည်မတွင် ဆိုလျှင် စစ်ကိုင်းတိုင်း ကနီဒေသ၊ ဒီပဲယင်း ဒေသ၊ ကောလင်းဒေသ နှင့် မကွေးတိုင်း ပေါက်ဒေသ၊ တိုင်းရင်းသား နယ်မြေ ၏ ချင်းပြည်နယ် မင်းတပ်၊ တောင်ခြေရှိ ကလေး ဂန့်ဂေါ၊ ကယား ဒီမောဆို ဝန်းကျင် တို့ တွင် စစ်ဘေးရှောင် သောင်းဂဏန်း ထိ ရှိနိုင်ပါသည်။
ကူညီလှူဒါန်းမှုများ
တနိုင်ငံလုံးရှိပြည်သူများ၊ ကမ္ဘာအနှံ့ရောက်ပြည်သူများက စစ်ဘေးရှောင်ရသူများကို ကူညီနိုင်ရန် ကြိုးစားကြသည်။ သို့သော် ပေးပို့လှူဒါန်း သော ရိက္ခာများကိုပင် ဖမ်းဆီးမီးရှို့ပစ်သည်အထိ ရန်သူ က အကြမ်ဖက် အဖွဲ့ အစည်း ဟူသော အမည်နှင့် ညီစွာ ကြမ်းတမ်းရက်စက်ကြသည်။ သို့ရာတွင် လှူဒါန်းသူ စေတနာရှင်တို့က လက်မလျှော့၊ နည်းအမျိုးမျိုးကြိုးစားကြသည်။
ပြည်သူ့ အစိုးရလက်ထက် ကိုဗစ်ကာလက လှူဒါန်းခဲ့သည်သာမက ယနေ့ စစ်ကာလ ထိလည်း ဆက်လက် ပေးလှူကြဆဲ၊ ပေးလှူနိုင်ရန် ကြိုးစားကြဆဲ ဖြစ်သည်မှာ နိုင်ငံရှိတိုင်းရင်းသား ပြည်သူအားလုံး၏ ခံနိုင်ရည်မြင့်မှုကို တွေ့ နေရခြင်းဖြစ်သည်
၁ နှစ်ခွဲကြာ ကိုဗစ်ကြောင့် ရပ်နားခဲ့ရသော စီးပွားရေး လုပ်ငန်းများ နှင့် အတူ လစာဝင်ငွေ မရခဲ့သူများသည် မိမိတို့ လက်ထဲရှိသမျှ၊ စုဆောင်းထားသမျှ ငွေများကိုလည်းကောင်း၊ အွန်လိုင်း စနစ်နှင့် နည်းအမျိုးမျိုးဖြင့် အစားအသောက် စီမံ ရောင်းချကာ ရရှိသော အမြတ်ငွေများ ကိုလည်းကောင်း ဆက်လက် လှူဒါန်းပံ့ပိုးနေကြဆဲဖြစ်သည်။ ပြည်သူ့ အစိုးရလက်ထက် ကိုဗစ်ကာလက လှူဒါန်းခဲ့သည်သာမက ယနေ့ စစ်ကာလ ထိလည်း ဆက်လက် ပေးလှူကြဆဲ၊ ပေးလှူနိုင်ရန် ကြိုးစားကြဆဲ ဖြစ်သည်မှာ နိုင်ငံရှိတိုင်းရင်းသား ပြည်သူအားလုံး၏ ခံနိုင်ရည်မြင့်မှုကို တွေ့ နေရခြင်းဖြစ်သည်။
CDM ဝန်ထမ်းများ အတွက်လည်း လှူရသည်။ စစ်ဘေးရှောင်အတွက်လည်း လှူရန်ကြိုးစားသည်။ မြို့ပြနှင့် အဝေးသို့ ရောက်ရှိနေကြသော နိုင်ငံရေးသမားတို့ အတွက်လည်း ကြုံလျင်ကြုံသလို လှူနေကြပါသည်။
တပြိုင်တည်းတွင် ပြည်ပရောက်တိုင်းရင်းသားများလည်း ရတတ်သမျှ စုဆောင်းလှူဒါန်းလျက်ရှိကြသည်။ CDM အတွက်ရော စစ်ဘေးရှောင်များအတွက်ရော မပျက်ကွက်စေရပေ။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယခုတကြိမ် တွင် ပြည်ပနိုင်ငံကြီးများနှင့် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းများ ဘက်မှ လှူဒါန်းရန် ခက်ခဲနေကြခြင်းပင် ဖြစ်သည်။ စစ်ကောင်စီ ၏ လူမှုဝန်ထမ်းဌာနက ပြည်တွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ NGO များကို မှတ်ပုံ ပြန်တင်ခိုင်းခြင်းဖြင့် ကန့်သတ်ခဲ့သည်။
စစ်အကြမ်းဖက်တို့က စေတနာ့ဝန်ထမ်းကူညီစောင့်လျှောက်ကြသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ We love Yangon အဖွဲ့ များ အပါအဝင် အလှူရှင်အဖွဲ့အစည်းကြီးပေါင်းများစွာကို ကန့်သတ်ခဲ့သည်။ အချို့ကို ပိတ်ပင်ခဲ့သည်။ နိုင်ငံသားချင်း ကူညီလှူဒါန်းရန် ကိုဗစ် ကိစ္စအပါအဝင် လူသားချင်းစာနာမှု လုပ်ငန်းအားလုံးသည် မြေအောက်လှုပ်ရှားမှု သဖွယ် လုပ်ဆောင်နေကြရသည်။
နေအိမ်သို့ပြန်ရန်မျှော်လင့်ချက်
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ပင် နေအိမ်တွင် မနေနိုင်သော ဘဝများသည် ယခု ၅ လ ကျော် အတွင်းတွင် အရောင်အသွေး စုံလင်လှသည်။
မျိုးဆက်သစ် လူငယ်တို့ကတော့ အိမ်ပြန်မရောက်လောက်တဲ့ လမ်းမှန်းလည်း သိတယ်ဟု ဆိုညည်းကြသည်။ မှန်ပါသည်။ အခြား ပြည်သူ သိန်းပေါင်းများစွာ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားကြရာ လမ်းတွင် ပန်းပွင့် ပေါင်းများစွာ ကြွေကျခဲ့နိုင်ပါသည်။
နိုင်ငံရေးသမားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဆရာဝန် ဆရာမ များ၊ ဝန်ထမ်းများ၊ မျိုးဆက်သစ်လူငယ်များ၊ သတင်းသမားများ၊ စေတနာ့ဝန်ထမ်းများ သည် မိမိ နေအိမ်တွင် မနေနိုင်ကြသော်လည်း ရောက်ရာအရပ်တွင် နေထိုင်ရာဝန်းကျင် ကိုကူညီနေကြဆဲဖြစ်သည်။ ဆရာဝန် နှင့် သူနာပြုများသည် ဆေးကုသပေးနေကြသည်။ ဆရာဆရာမ များသည် တိုင်းရင်းသားပညာရေး ဖြစ်စေ၊ ကျေးလက် ပညာရေးဖြစ်စေ ကူညီပေးနေကြသည်။
တနေ့ သောအခါ နေအိမ်သို့ ပြန်နိုင်မည်ဟု မျှော်လင့် နေကြဆဲဖြစ်သည်။ အနည်းဆုံး တော့ မိုးရာသီ တရာသီဖြင့် အဝေးတွင် နေကြရပေဦးမည်။ မျိုးဆက်သစ် လူငယ်တို့ကတော့ အိမ်ပြန်မရောက်လောက်တဲ့ လမ်းမှန်းလည်း သိတယ်ဟု ဆိုညည်းကြသည်။
မှန်ပါသည်။ အိမ်ရှိရာသို့ လာသည့် တိုင်အောင် အခြား ပြည်သူ သိန်းပေါင်းများစွာ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားကြရာ လမ်းတွင် ပန်းပွင့် ပေါင်းများစွာ ကြွေကျခဲ့နိုင်ပါသည်။ နိုင်ငံတခု၏ အမှောင်မိုက်ဆုံးကာလတွင် ကြယ်ပွင့်ငယ်များပမာ အလန်းတန်းပေးဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရပါသည်။
(စာရေးသူသည် လွန်ခဲ့သော ၁၀ နှစ်ခန့် က အရပ်ဖက်-စစ်ဖက်လေ့လာသူတဦး အဖြစ် ဧရာဝတီတွင် ရေးသားခဲ့ပြီး ၂၀၁၅-၂၀၂၀ တွင် လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ကာ ယခုအခါ NUG အစိုးရ၏ ဝန်ကြီးဌာနတခုအား စည်းရုံးဖော်ဆောင်နေသူဖြစ်ပါသည်။ )
You may also like these stories :
မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို
ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သရုပ်ခွဲလေ့လာခြင်း
NUG နဲ့ NLD အကြား သဘောထားကွဲနေသလား