လက်ထပ်လက်စွပ်တကွင်းကို လုယူရန် လူသေအလောင်းမှ လက်ချောင်းတချောင်းကို ဖြတ်တောက်ခြင်းသည် ယုတ်မာရိုင်းစိုင်းလွန်းလှသည်။ ထိုလုပ်ရပ်သည် မြန်မာစစ်ကောင်စီတပ်များ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအနက်မှ မကြာသေးမီက တခုမျှသာဖြစ်သည်။ ထိုဖြစ်ရပ်တွင် သတ်ဖြတ်ခံရသူမှာ ကလေး ၂ ဦးနှင့် မိခင်ဝမ်းမှ မထွက်ရသေးသော နောက်ထပ်ကလေးတယောက်တို့၏ ဖခင် အသက် ၃၀ အရွယ် တရားဟောဆရာဖြစ်သည်။
ထိုတုန်လှုပ်စရာကောင်းသောဖြစ်ရပ်သည် မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်မှ လှပသော တောင်ပေါ် မြို့ကလေးဖြစ်သည့် ထန်တလန်မြို့တွင် စနေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်များနှင့် အရပ်သား ခုခံရေးတပ်များကြား တ်ိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်များက လူနေရပ်ကွက်အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို့ အမြောက်ဖြင့်ပစ်သောကြောင့် အိမ်အလုံး ၂၀ ခန့်မီးလောင်သွားသည်။
ချင်းတိုင်းရင်းသား ခရစ်ယာန်တရားဟောဆရာ ကျုံးဗျက်ဟွမ် Cung Biak Hum သည် မီးကူညီသတ်ပေးရန် သွားရောက်စဉ် စစ်ကောင်စီတပ်များက သူ့ကို အချက်ပေါင်းများစွာ ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့သည်။ ထိုနောက် စစ်ကောင်စီတပ်များက သူ၏လက်ချောင်းကို ဖြတ်ပြီး ရွှေဖြင့်ပြုလုပ်ထားသည့် မင်္ဂလာလက်စွပ်ကို လုယူသွားကြသည်။
စစ်ကောင်စီတပ်များက လူနေအိမ်များအတွင်းသို့ ရမ်းသမ်းပစ်ခတ်ပြီး မြို့ကို အမြောက်ဖြင့် ပစ်ခြင်း၊ တရာဟောဆရာကို သတ်ဖြတ်ခြင်းနှင့် သူ၏အလောင်းကို မဖွယ်မရာလုပ်ခြင်းတို့ကြောင့် ထန်တလန် တမြို့လုံး ကြောက်လန့်တုန်လှုပ်သွားသည်။ ချက်ခြင်းဆိုသလိုပင် ထိုပျက်စီးသွားသော မြို့မှ ဒေသခံအားလုံး ၁၀၀၀၀ ခန့်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးကြသည်။ ထိုသို့ထွက်ပြေးရသူများတွင် ကွယ်လွန်သူ တရားဟော ဆရာ၏ မိသားစုလည်း ပါဝင်သည်။
ထိုဖြစ်ရပ်သည် လွန်စွာ စက်ဆုပ်ဖွယ်ကောင်းလှသည်။
သို့သော် တနိုင်ငံလုံးမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် အပြစ်မဲ့ နိုင်ငံသားများအား သတ်ဖြတ်၊ ညှင်းပမ်းနှိပ်စက်၊ ဖမ်းဆီးရန် အာဏာသိမ်းခေါင်းဆောင်များက ၎င်းတို့၏ စစ်သားများနှင့် ရဲများကို စေလွှတ်ထားသောကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး ကမ္ဘာသည် ကျုံးဗျက်ဟွမ် ကြုံတွေ့ရသည့် ကြောက်မက်ဖွယ်ဖြစ်ရပ်ကဲ့သို့သော မရေတွက်နိုင်သည့် ဖြစ်ရပ်များကို မြင်နေရသည်။
ထိုကဲ့သို့သော ကြေကွဲစရာဇာတ်လမ်းများသည် များပြားလှသောကြောင့် ချက်ခြင်းမှတ်တမ်းဝင်လာကြသည်။ ချင်းတရားဟောဆရာသည် စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၁၁၁၄ ဦးအနက် တဦးမျှသာဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာ) ၏ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် နောက်ဆုံးစာရင်းအရ သိရသည်။
စစ်ကောင်စီတပ်များက လူနေအိမ်များအတွင်းသို့ ရမ်းသမ်းပစ်ခတ်ပြီး မြို့ကို အမြောက်ဖြင့် ပစ်ခြင်း၊ တရာဟောဆရာကို သတ်ဖြတ်ခြင်းနှင့် သူ၏အလောင်းကို မဖွယ်မရာလုပ်ခြင်းတို့ကြောင့် ထန်တလန် တမြို့လုံး ကြောက်လန့်တုန်လှုပ်သွားသည်။
ကိုယ်တွင်း အင်္ဂါများထုတ်ယူထားသည့် အလောင်းများ၊ သေလောက်အောင် ဖူးယောင်နေသော ဒဏ်ရာများနှင့် ဦးခေါင်းတွင် ကျည်ဆံထိမှန်ထားသည့် ဒဏ်ရာများကို ပြသနေသည့် သတင်းများ၊ ဓါတ်ပုံများအရဆိုရပါက အချို့သော သတ်ဖြတ်ခံရသူများသည် အထက်ပါ တရားဟောဆရာထက်ပင် ပိုမိုဆိုးရွားသည့် ကံကြမ္မာကို ရင်ဆိုင်ခဲ့ရပုံပေါ်သည်။ ထိုမှတ်တမ်းများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် စစ်ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုအများအပြားကို ကျူးလွန်ခဲ့ကြောင်း အငြင်းပွားစရာမလိုသည့် အထောက်အထားများဖြစ်သည်။
ထိုပြည်သူများသည် ထိုသို့တုန်လှုပ်စရာ သေဆုံးသင့်သူများ မဟုတ်ပေ။ လုံး၀ (လုံးဝ) မဟုတ်ပေ။ သို့သော် ၎င်းတို့အားလုံးသည် ၎င်းတို့၏မြင့်မြတ်ရဲရင့်သော လုပ်ရပ်များကြောင့် အသတ်ခံရခြင်း ဖြစ်သည်။ သူတို့သည် သူရဲကောင်းများဖြစ်ကြသည်။
သေချာသည်မှာ စစ်အင်အား ၄ သိန်းခန့်ကို စိတ်တိုင်းကျ သုံးနိုင်သည့် ဗိုလ်ချုပ်များက လူဦးရေ ၅၄ သန်းရှိသော နိုင်ငံတွင် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုမှ စတင်ပြီး ၎င်းတို့ပြည်သူများအား ၎င်းတို့ ပြန်တိုက်နေသည့် စစ်သည် မတရားသော စစ်ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
နောက်ဆုံးတွင် ပြည်သူများသည် ၎င်းတို့ကိုယ်တိုင်၊ မိသားစုများ၊ လူမှုအသိုက်အဝန်းများနှင့် နိုင်ငံကို ခုခံ ကာကွယ်ရန်မှအပ အခြားရွေးစရာ မရှိတော့ပေ။
အဆံမပါသည့် သံတမန်ရေးဖိအား
နိုင်ငံရေးနည်းလမ်း၊ နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှု သို့မဟုတ် ဖိအား၊ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးသည် စစ်အာဏာသိမ်းခေါင်းဆောင်များ၏ သွေးဆာသော စိတ်ဓါတ်အပေါ် သက်ရောက်မှု မရှိဘဲ ၎င်းတို့၏ အာဏာငမ်းငမ်းတက်မှုကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း သမိုင်းက ပြသနေသည်။
နိုင်ငံတကာအသိုက်အဝန်းကဖြစ်စေ ပြည်တွင်းအတိုက်အခံများကဖြစ်စေ အသုံးပြုသော ထိုနည်းလမ်းများအနက် မည်သည့်နည်းလမ်းကမျှ လွန်ခဲ့သော ၅၉ နှစ်လုံးလုံး အာဏာသိမ်းမှုများ ကျုးလွန်နေသော စစ်တပ်ကို ထိန်းချုပ်ထားသည့် ဗိုလ်ချုပ်များအား စေ့စပ်ဆွေးနွေးလာစေရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေးအကြမ်းဖက်မှုများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။
ထိုသူများသည် တုန်လှုပ်စရာ သေဆုံးသင့်သူများ မဟုတ်ပေ။ သို့သော် ၎င်းတို့အားလုံးသည် ၎င်းတို့၏မြင့်မြတ်ရဲရင့်သော လုပ်ရပ်များကြောင့် အသတ်ခံရခြင်း ဖြစ်သည်။ သူတို့သည် သူရဲကောင်းများဖြစ်ကြသည်။
ပထမဆုံးအာဏာရှင် ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ န်ိုင်ငံကို ၂၆ နှစ်အုပ်ချုပ်သည်။ သူ့ကိုဆက်ခံသည့် ဗိုလ်ချုပ်ကြီးစောမောင်နှင့်နောင်ဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ်အုပ်ချုပ်ကြသည်။
ဒုတိယအကြိမ် စစ်အုပ်ချုပ်ရေးအတွင်း အတိုက်အခံအုပ်စုအမျိုးမျိုး၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား အုပ်စုများက နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပြေလည်ရေး တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တောင်းဆိုကြသည်။ ထိုသို့ဖြစ်လာစေရေးအတွက် အနောက်နိုင်ငံများဦးဆောင်သည့် နိုင်ငံတကာအသိုက်အဝန်းကလည်း ဗိုလ်ချုပ်များအပေါ် သံတမန်ဖိအားများ၊ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ကြပြီး ကုလသမဂ္ဂက ၎င်းတို့ကို ရှုတ်ချကာ ၎င်းတို့ကို ကိုင်တွယ်ရန် အထူးသံတမန်အများအပြားကို အကြိမ်မရေတွက်နိုင်လောက်အောင် စေလွှတ်ခဲ့သည်။
ဘာမှ ဖြစ်မလာခဲ့ပေ။
ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်များစာရင်းတွင် အမြဲတမ်းပါဝင်နေခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် စစ်အုပ်စုသည် ဆယ်စုနှစ် ၂ ခုကြာအောင် ၎င်းတို့ရည်မှန်းချက်များအောင်မြင်ရေး အချိန်ဆွဲရန် ထိုအထူးသံတမန်များကို အသုံးချသည်။
စစ်အုပ်စုက ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေး အသွင်ကူးပြောင်းမှု ပြုလုပ်လာခြင်းမှာ နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ဘဲ ဗိုလ်ချုပ်များချမှတ်ထားသည့် ရည်မှန်းချက် အောင်မြင်ပြီးစီးသောကြောင့်သာ ဖြစ်သည်။ ထို ရည်မှန်းချက်မှာ စစ်အုပ်စုအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရေးနှင့် အားလုံးပါဝင်ခြင်း မရှိသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပရေးဖြစ်သည်။ ထိုရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှုကို အာမခံချက်ပေးနိုင်မည်ဟု ၎င်းတို့ယူဆခဲ့ကြသည်။
လွန်ခဲ့သော ၅၉ နှစ်လုံးလုံး အာဏာသိမ်းမှုများ ကျုးလွန်နေသော စစ်တပ်ကို ထိန်းချုပ်ထားသည့် ဗိုလ်ချုပ်များအား စေ့စပ်ဆွေးနွေးလာစေရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေးအကြမ်းဖက်မှုများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။
ခေါင်းမာသော ဗိုလ်ချုပ်များသည် ထိုစဉ်က မည်သည့်အတွက် ၎င်းတို့၏ နိုင်ငံရေးလမ်းကြောင်းကို ရုတ်တရက် ပြောင်းခဲ့သည်အား နိုင်ငံတကာအသိုက်အဝန်း၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် လေ့လာသူများ မေးခွန်းထုတ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့သည် ယခုတိုင် အဓိကအချက်ကို နားမလည်ဘဲ ရှိနေနိုင်သေးသည်။ အဓိကအချက်မှာ ဗိုလ်ချုပ်များသည် စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး ပုံစံ ရုပ်ဖျက်ထားရန် ၎င်းတို့၏ လမ်းပြမြေပုံကို အကောင်အထည်ဖေါ်နေခြင်းသာ ဖြစ်သည်။
ယခု ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် ဗိုလ်ချုပ်မျိုးဆက်သည် ရွေးကောက်ခံအရပ်သား အစိုးရထံမှ အာဏာကို ထပ်မံသိမ်းယူလိုက်ပြီး သမိုင်းတပတ်လည်ကာ ယခင်ကအတိုင်း သံသရာ လည်ပြန်သည်။ အာဏာသိမ်းမှု၊ စစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးက ဆန့်ကျင်ကန့်ကွက်ခြင်း၊ စစ်တပ်က အကြမ်းဖက် ဖြိုခွဲခြင်းနှင့် နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ ဗိုလ်ချုပ်များကို န်ိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ၊ နိုင်ငံတကာသံတမန်ရေး၊ တွေ့ဆုံဆွေးနွေးရန် နိုင်ငံတကာအသိုက်အဝန်းက အဆက်မပြတ်တောင်းဆိုခြင်း၊ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းတို့က အထူးသံတမန်များ ခန့်အပ်ခြင်း စသည် စသည်တို့၏ သံသရာဖြစ်သည်။
ထိုဖြစ်စဉ်သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ၎င်းကို အကြိမ်ကြိမ်ကြုံဖူးသော မြန်မာပြည်သူများအမြင်တွင် ရိုးအီနေပြီ ဖြစ်သည်။ အတိတ်က ထိုဖြစ်စဉ်သည် မည်သည့် ရလဒ်မျှ ဖြစ်မလာခဲ့ပေ။
ယခု ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် ဗိုလ်ချုပ်မျိုးဆက်သည် ရွေးကောက်ခံအရပ်သား အစိုးရထံမှ အာဏာကို ထပ်မံသိမ်းယူလိုက်ပြီး သမိုင်းတပတ်လည်ကာ ယခင်ကအတိုင်း သံသရာ လည်ပြန်သည်။
ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများ အစောပိုင်းလများတွင် လူငယ်အများအပြား အပါအဝင် ဆန္ဒပြသူများက ရန်ကုန်ရှိ သံရုံးအများအပြားနှင့် ကုလသမဂ္ဂရုံးများရှေ့တွင် စုဝေးပြီး စစ်အာဏာသိမ်းမှုကို စောစီးစွာ အဆုံးသတ်ပြီး ဒီမိုကရေစီသို့ ပြန်သွားရေး ကာကွယ်စောင့်ရှောက်ရန် တာဝန် R2P မူဖြင့် နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုသည်။
သို့သော် ထိုကိစ္စသည် မျှော်လင့်ချက်ကင်းမဲ့သော အားထုတ်မှုဖြစ်ကြောင်း ဆန္ဒပြသူများ လျှင်မြန်စွာ သဘောပေါက်သွားပြီး နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်များ၏ ပိုမိုပြင်းထန်သော အကြမ်းဖက်မှု အမှန်တရားကို ရင်ဆိုင်ကြရသည်။
ထို့သို့ အကြမ်းဖက်မှုကြောင့် ဆန္ဒပြသူများအားလုံး အထူးသဖြင့် လူငယ်များသည် လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ရန် လိုလားခဲ့ကြသည်။ အခြေအနေတခုလုံးက ၎င်းတို့အနေဖြင့် လက်လုပ်ဒိုင်းများ၊ လေးခွများ (အချို့မှာ ပုံမှန်အရွယ်အစားဖြစ်ပြီး အချို့မှာ အကြီးစားများ) နှင့်လေသေနတ်များဖြင့် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန် တွန်းပို့ခဲ့သည်။
ထိုသို့သော လက်နက်များကို အသုံးပြုပြီး အော်တိုမက်တစ်သေနတ်များ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်များအား ချေမှုန်းနိုင်မည်ဟု ထင်ရလောက်အောင် ၎င်းတို့သည် တုံးအသူများ မဟုတ်ပေ။ ၁၉ ရာစုတလျှောက်လုံး မြန်မာနိုင်ငံတွင် ဗြိတိသျှအင်ပါယာ၏ တပ်များကို ၎င်းတို့ဘိုးဘွားများ တိုက်ခိုက်စဉ်က ခံစားရသည့်အတိုင်း သူတို့တွင် ရွေးစရာမရှိတော့ဟု ၎င်းတို့ ခံစားရသောကြောင့်ဖြစ်သည်။ ထိုဘိုးဘွားများသည်လည်း ၎င်းတို့တွင် ဓါးများ၊ လှံများ၊ လေးမြှားစသည့် ရိုးရာလက်နက်များမှ လွဲပြီး မည်သည့်လက်နက်မျှမရှိဘဲ ခေတ်မီစစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့ရသည်။
ဓါးများ၊ လှံများ၊ လေးမြှားနှင့် တူမီးသေနတ် စသည့် ရိုးရာလက်နက်များကို အသုံးပြုပြီး အော်တိုမက်တစ်သေနတ်များ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်များအား ချေမှုန်းနိုင်မည်ဟု ထင်ရလောက်အောင် ၎င်းတို့သည် တုံးအသူများ မဟုတ်ပေ။
ယနေ့လူငယ်ဆန္ဒပြသူများ အထူးသဖြင့် စစ်အာဏာသိမ်းမှုမတိုင်မီက အွန်လိုင်းဂိမ်းကစားခြင်းကိုသာ အများအားဖြင့် စိတ်ဝင်စားသည့် “Gen Z” သို့မဟုတ် Generation Z မှ လူငယ်များနှင့် တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ပြည်သူများအတွက် စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းကိုသာ ပိုမိုလိုလားမည်မှာ မေးခွန်းထုတ်စရာမလိုပေ။ သို့သော် ခေါင်းမာသော ဗိုလ်ချုပ်များ၏ ဆယ်စုနှစ်များက အတွေ့အကြုံနှင့် အမျိုးမျိုးသော သံတမန်ရေးနည်းလမ်းများ၏ မအောင်မြင်မှုအတွေ့အကြုံကို အခြေခံပြီး ပြည်သူများက သံတမန်နည်းလမ်းသည် တုံးအသော လုပ်ရပ်ဖြစ်သည်ဟု မြင်လာပြီး နိုင်ငံတကာအသိုက်အဝန်းသည် အသုံးမဝင်ဟု ယုံကြည်လာသည်။
ထိုနောက် လက်နက်ကိုင်အုံကြွမှုသစ် သို့မဟုတ် ပြည်သူ့ခုခံစစ်ပွဲ စတင်လာသည်။ အရပ်သား ခုခံတိုက်ခိုက်ရေး သမားများ၏ အန္တိမ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး မှန်သော်လည်း လတ်တလော ရည်မှန်းချက်ပန်းတိုင်မှာ စစ်ကောင်စီက နိုင်ငံကို လုံးဝအုပ်ချုပ်မရစေရန် နှောက်ယှက်ဟန့်တားခြင်းဖြစ်သည်။ ထိုခုခံမှုနှင့် အာဏာသိမ်းပြီးနောက် ပြည်သူများကျင့်သုံးနေသည့် အခြားအမျိုးမျိုးသော လူမှုအာဏာဖီဆန်ရေးနည်းလမ်းများကြောင့် စစ်ကောင်စီသည် ယင်းအနေအထားကို ယခုရင်ဆိုင်နေရသည်။
စစ်ကောင်စီအား လက်နက်ကိုင် တိုက်ခိုက် တော်လှန်ကြရန် မြန်မာစင်ပြိုင်အစိုးရ NUG ၏ တောင်းဆိုချက်ကို မြန်မာပြည်သူအများစုက ထောက်ခံနေကြသော်လည်း နိုင်ငံတကာအသိုက်အဝန်းကမူ သဘောကျခြင်း မရှိပေ။
ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် ငြိမ်းချမ်းသော အားထုတ်မှုကို ထောက်ခံကြောင်းပြောပြီး အမေရိကန်ပြည်ထောင်စုက အားလုံးငြိမ်းချမ်းစွာ လုပ်ဆောင်ရန် တိုက်တွန်းသည်။ ဗြိတိန်နှင့် အမေရိကန်တို့က ငြိမ်းချမ်းသော အားထုတ်မှုကို တောင်းဆိုပြီးချိန်မှ စတင်ပြီး တရားဟောဆရာ ကျုံးဗျက်ဟွမ် အပါအဝင် အရပ်သားများကို စစ်ကောင်စီတပ်များက ပိုမိုသတ်ဖြတ်လာသည်။ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ် မီးရှို့ခံရသော မြို့ရွာများအကြောင်းကို ထည့်မပြောသေးပေ။ ၎င်းတို့၏ စစ်ကြေညာခြင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် တရားမျှတသော အဖြေရှာရန် သံတမန်ရေးအားထုတ်မှုများ မအောင်မြင်သောကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရက ပြောသည်။
မြန်မာပြည်သူများအတွက် ရွေးစရာမရှိသောကြောင့် လတ်တလော အရပ်သားလက်နက်ကိုင် ခုခံမှုသည် မြန်မာနိုင်ငံတွင် ပိုမိုပြင်းထန်လာမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားသည် သမ္မာကျမ်းစာလာ ရန်သူ လူ့ဘီလူးကြီး ဂလိုက်ယားကို လေးခွနှင့် ရင်ဆိုင်တိုက်ခိုက်သည့် လူငယ်လေး ဒေးဗစ်တို့၏ တိုက်ပွဲနှင့်တူနေ၏။ အတိတ်က မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှ အရေးအတော်များများတွင် ဂလိုက်ယားကသာ ဒေးဗစ်ကို အမြဲနိုင်ခဲ့သည်။
ယနေ့ မြန်မာ့အရေးကို သံတမန်နည်းဖြင့် နိုင်ငံတကာမှ ထိထိရောက်ရောက် မဖြေရှင်းကြသဖြင့် ပြည်သူအများက အဆိုပါ သံခင်းတမန်ခင်းနည်းကို စိတ်ကုန်နေကြပြီဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူများသည် အမြင်တွင် အထင်ကြီးစရာ မရှိသော်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့် တိုက်ခိုက်ရေးသမား ဒေးဗစ်ကို အသံသာကျယ်ပြီး အဆံမရှိသည့် သင်္ကြန်အမြောက် နိုင်ငံတကာ သံတမန်ရေးထက် ယခုအခါ ပိုမို အားထားနေကြပြီဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Diplomacy Is Wasted on Myanmar’s Junta ကို ဘာသာပြန်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
စစ်ကောင်စီ၏ အပစ်ရပ်ရေး ကြေညာချက် လက်နက်ကိုင်အဖွဲ့တွေ မယုံကြည်
အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ