သူ့တပ်ဖွဲ့၏ နိုင်ငံရေး ရည်မှန်းချက်မှာ ၁၇၈၄ ခုနှစ်က ဗမာကုန်းဘောင်မင်းဆက်၏ ကျူးကျော်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ဆုံးရှုံးသွားခဲ့သော ရခိုင်အဖနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြန်လည်ထိန်းသိမ်းရေး ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နောက်ဆုံး ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။ ရခိုင်ပြည်နယ်၏ ဆုံးရှုံးသွားသော အချုပ်အခြာအာဏာကို ပြန်လည်ထိန်းသိမ်းရေးအားထုတ်မှုတွင် အပေးအယူ မရှိခဲ့ကြောင်းနှင့် နောင်တွင်လည်း ရှိမည်မဟုတ်ကြောင်း သူပြောသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထိုကဲ့သို့သောစကားမျိုးကို ပြောသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ကွန်ဖက်ရေးရှင်းစနစ်သည် AA ၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်အစောပိုင်းမှ စတင်ပြီး သူတစိုက်မတ်မတ်ပြောသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုမိုကြီးမားတဲ့ အာဏာရှိတဲ့ ၀ပြည်နယ်လို ပြည်နယ်တွေရဲ့ ကွန်ဖက်ဒရေးရှင်းစနစ်ကို ကျနော်တို့ ပိုမိုလိုလားတယ်” ဟု ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် သူ ပထမဆုံးအကြိမ်ပြောသည်။ ထိုစဉ်က သူ၏ပြောဆိုချက်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး ဗမာလူများစု၊ နိုင်ငံရေးသမားများနှင့် အထူးသဖြင့် မြန်မာစစ်တပ်ထံမှ ဝေဖန်မှုများ ရှုတ်ချမှုများကို ဖြစ်စေခဲ့သည်။
သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၀ ပုံစံအာဏာခွဲဝေသည့် အစီအစဉ်ဟု ရည်ညွှန်ပြောကြားခဲ့ခြင်းမှာ ထိန်းထိန်းသိမ်းသိမ်းပြောကြားခြင်းသာဖြစ်သည်။ ယခုအခါတွင်မူ သူသည် သူ၏ပိုမိုကြီးကျယ်သည့် ရည်မှန်းချက်များကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူသည် ယခင်ကဲ့သို့ ၀ ပုံစံအာဏာခွဲဝေမှု အစီအစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထည့်သွင်းပြောကြားခြင်း မပြုတော့ပေ။ သူပေးလိုသည့် ရှင်းလင်းသည့် သတင်းစကားမှာ ဆုံးရှုံးသွားသော ရခိုင်ပြည်နယ်၏ အချုပ်အခြာအာဏာ ပြန်လည်ထိန်းသိမ်းရေးဖြစ်သည်။
ယခင်က AA ၏ အဓိက အာဏာအခြေခံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့၏ သြဇာကို တောင်ပိုင်းသို့ အလျှင်အမြန်ချဲ့ထွင်လိုက်သည်။
ထူးဆန်းသည်မှာ ယခုတကြိမ်တွင် အပြင်းအထန်တုံ့ပြန်မှု မရှိခြင်းဖြစ်ပြီး စစ်တပ်ဘက်မှပင် အသံတိတ်နေသည်။ လက်တွေ့တွင် AA သည် စကားဖြင့်သာမဟုတ် အလုပ်ဖြင့်ပါ သြဇာပိုမိုခိုင်မာလာနေသည်။ AA နှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးကို တိတ်တဆိတ် သဘောတူလိုက်သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး AA သည် ရခိုင်ပြည်နယ်ကို ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်နိုင်ရေး ကြီးမားသည့် ရည်မှန်းချက်ကို အကောင်အထည်ဖေါ်သည်။ စစ်တပ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် အာရုံစိုက်လုပ်ဆောင်နေစဉ် AA သည် ရခိုင်ပြည်နယ်မှ ၎င်းတို့၏ တရားမဝင်သေးသော အာဏာကို အခိုင်အမာဖြစ်စေရန် သေနင်္ဂဗျူဟာအရ ရှေ့တိုးဆောင်ရွက်လိုက်သည်။
ယခင်က AA ၏ အဓိက အာဏာအခြေခံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့၏ သြဇာကို တောင်ပိုင်းသို့ အလျှင်အမြန်ချဲ့ထွင်လိုက်သည်။ ထို့ကြောင့် ယခုအခါ AA သည် ပြည်နယ်တခုလုံး၏ ၄ ပုံ ၃ ပုံကို ထိန်းချုပ်ထားနိုင်သည်ဟု ယူဆရသည်။ စစ်တပ်က ရန်သူကို ချော့မော့ရေး မူဝါဒ ကျင့်သုံးလိုက်သောကြောင့် စစ်အာဏာသ်ိမ်းချိန်မှ စတင်ပြီး AA သည် ထူးခြားသော အားသာချက် အနည်းငယ် ရရှိသွားသည်။ ရခိုင်ပြည်နယ်မှ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကို စစ်ကောင်စီက ရုတ်သိမ်းပေးလိုက်သည်။
AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးလိုက်ပြီး ထင်ရှားသော ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာအေးမောင်နှင့် AA အကြီးအကဲ၏ ဆွေမျိုးများ အပါအဝင် ရခ်ိုင်နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးသည်။ အပြန်အလှန်အားဖြင့် နိုင်ငံတဝန်း ကျန်အစိတ်အပိုင်းများတွင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ခုခံနေချိန်တွင် ရခိုင်ပြည်နယ်တွင် တစုံတရာ ငြိမ်သက်နေသည်။ ဒီမိုကရေစီလိုလားသော လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် လမ်းမပေါ်ဆန္ဒပြပွဲများ ရခိုင်ပြည်နယ်သို့ ပျံ့နှံ့လာခြင်းအား သူ မလိုလားကြောင်းပင် AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောသည်။ ထို့ကြောင့် လူများစု ဗမာများနှင့် သုတေသီအချို့ကပင် AA သည် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု စွပ်စွဲကြသည်။
AA သည် ၎င်းတို့ ရက္ခိတ လမ်းစဉ်ကို မတွန့်မဆုတ် အကောင်အထည်ဖေါ်နေကြောင်း AA ခေါင်းဆောင်က ပြောကြားပြီး ထိုစွပ်စွဲချက်များကို ပယ်ချသည်။ ရက္ခိတလမ်းစဉ်ဆိုသည်မှာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲနှင့် ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကို ရခိုင်ပြည်သူများထံ ပြန်လည်ပေးအပ်ရေး ဖြစ်သည်။ AA လက်ရှိသဘောထားမှာ တော်လှန်ရေးကို သဘောတရားအရ အဆင့် ၄ ဆင့်ခွဲထားရေးဖြစ်ကြောင်း၊ ကနဦးအဆင့်၊ တော်လှန်ရေးအဆင့်၊ အားပြိုင်မှုအဆင့်နှင့် အောင်ပွဲအဆင့်တို့ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် AA သည် တတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူရှင်းပြသည်။
စစ်ကောင်စီနှင့် အာဏာပြိုင်ရန် ရဲရင့်သော အားထုတ်မှုအနေဖြင့် AA သည် ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုထိန်းချုပ်ရေး နေအိမ်တွင်သာနေထိုင်ရန် အမိန့်ထုတ်ပြန်သည်။ AA အရာရှိများ၏ အဆိုအရ ရခိုင်ပြည်နယ်တွင်နေထိုင်သူများ၏ ၇၅ ရာခိုင်နှုန်းက ထိုအမိန့်ကို လိုက်နာပြီး AA ၏ ရခိုင်ပြည်သူများအကြား ကြီးမားသော သြဇာကို ပြသနေသည်ဟု သိရသည်။ AA သည် နောက်တဆင့်တက်လိုက်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တယားကို တည်ထောင်လိုက်ပြီး မကြာသေးမီကဆိုလျှင် တရားစီရင်ရေး ယန္တရားကိုပါ ထူထောင်လိုက်သည်။ လက်ရှိအချိန်အထိ စစ်ကောင်စီသည် AA ပေါ်လွင်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို အပြင်းအထန်တုံ့ပြန်ခြင်း မရှိသေးဘဲ ၎င်းတို့ ရင်းမြစ်များကို အင်အားနည်းစေသည့် နိုင်ငံ၏ အခြားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများဖြင့် အလုပ်ရှုပ်နေသည်။
AA ၏ မြောက်ပိုင်းမှ မဟာမိတ်များသည်လည်း မြန်မာနိုင်ငံ စစ်အာဏာသ်ိမ်းမှုအလွန် ဖရိုဖရဲအခြေအနေများကို ၎င်းတို့အကျိုးအတွက် အသုံးချနေသည်။ အာရှပစိဖိတ်ဒေသတွင် နိုင်ငံတော်မဟုတ်သည့် အကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) သည်လည်း နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရသည်များကို လျစ်လျူရှုနေပြီး ၎င်း၏ တစိတ်တပ်ိုင်းအားဖြင့် လွတ်လပ်သော ပြည်နယ်ဆိုသည့် တရားမဝင်သေးသော အဆင့်အတန်းကို ပိုမိုခိုင်မာအောင်လုပ်ဆောင် နေသည်။ တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို ခံယူပြီး UWSA သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် ဖက်ဒရယ် တိုက်ပွဲနှင့် ခပ်ကင်းကင်းနေသည်။ အခြားတိုင်းရင်းသားခေါင်းဆောင်များက အားပေးနေသည့် ဖက်ဒရယ် အစီအစဉ်သည် ၎င်းတို့၏ လက်ရှိအဆင့်အတန်းကို အာမခံချက် မပေးနိုင်ကြောင်း ၀ ခေါင်းဆောင်များ ကောင်းစွာသိနေသည်။
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ၏ လက်ရှိသဘောထား
အလားတူစွာပင် UWSA ထက်အင်အားနည်းသော တောင်ပိုင်းမဟာမိတ် မိုင်းလားအုပ်စုဟု လူသိများသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) သည်လည်း စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေသည်။ ဧပြီလက စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့သည် အာဏာသိမ်းရခြင်း အကြောင်းရင်းနှင့် လတ်တလောအခြေအနေကို ရှင်းပြရန် UWSA နှင့် NDAA ထံ သွားရောက်ပြီး စစ်ကောင်စီဆန့်ကျင်ရေးတွင် မပါဝင်ရန် ၎င်းတို့ကိုပြောသည်။ UWSA နှင့် NDAA တို့က စစ်ကောင်စီပြောသည်များကို နားထောင်နေသော်လည်း မည်သည့် ကတိမျှမပေးကြောင်း ထိုကိစ္စကို သိရှိသော သတင်းရင်းမြစ်များကပြောသည်။ လက်တွေ့တွင် ၎င်းတို့၏ အဓိက ပူပန်သောအချက်မှာ မြန်မာနိုင်ငံအခြား ဒေသများမှ အကျပ်အတည်းများနှင့် ပဋိပက္ခများ ၎င်းတို့ဒေသများသို့ မပျံ့နှံ့ရေး ဖြစ်သောကြောင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သို့မဟုတ် ဒီမိုကရေစီဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်ခြင်းမရှိပေ။
AA ၏ မြောက်ပိုင်းမှ မဟာမိတ်များသည်လည်း မြန်မာနိုင်ငံ စစ်အာဏာသ်ိမ်းမှုအလွန် ဖရိုဖရဲအခြေအနေများကို ၎င်းတို့အကျိုးအတွက် အသုံးချနေသည်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA-N) စသည့် UWSA ဦးဆောင်သည့် FPNCC အဖွဲ့ဝင်များသည် ရှမ်းပြည်မြောက်ပိုင်းတွင် ၎င်းတို့သြဇာခိုင်မာရေးကိုသာ လုပ်ဆောင်နေကြသည်။ TNLA နှင့် MNDAA တို့သည် AA နှင့် ညီနောင်သုံးဖွဲ့ မဟာမိတ်အနေဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာ စစ်ကောင်စီဆန့်ကျင်သူများကို အကြမ်းမဖက်ရန်၊ မသတ်ဖြတ်ရန်နှင့် နိုင်ငံရေးပြဿနာများကို အလျှင်အမြန်ဖြေရှင်းရန် စစ်ကောင်စီကိုတောင်းဆိုသည်။
စစ်ကောင်စီက ဆက်လက်အကြမ်းဖက်နေပါက နွေဦးတော်လှန်ရေးတွင် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပူးပေါင်းမည်ဟု ကနဦးတွင် နှုတ်ဆိတ်နေပြီးနောက် မတ်လကုန်တွင် ထိုအဖွဲများက ခြိမ်းခြောက်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် TNLA နှင့် MNDAA တို့သည် မြန်မာစစ်အုပ်စုနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားကြသော်လည်း စစ်ကောင်စီသည် ၎င်း၏တပ်များ ပျံ့ကျဲနေသောကြောင့် ထိုတိုက်ခိုက်မှုများကို အစောတလျင် တုံ့ပြန်နိုင်ခြင်း မရှိပေ။ TNLA နှင့် MNDAA တို့ကလည်း မရေရာသောအခြေအနေတွင် ၎င်းတို့၏ ပိုင်နက်များကို ချဲ့ထွင်ကြသည်။ TNLA သည် SSPP/SSA-N နှင့်ပူးပေါင်းပြီး အခြားရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) ကို ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ထုတ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာသည်။
စစ်ကောင်စီကိုတိုက်မည့်အစား အချင်းချင်း တိုက်ခိုက်သောကြောင့် အပြင်းအထန်ဝေဖန်ခံရသော်လည်း ထိုဒေသမှ နောက်ခံ နိုင်ငံရေး အကြောင်းရင်းများကို ဝေဖန်သူများ မမြင်နိုင်ကြပေ။
ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်ကောင်စီကိုတိုက်မည့်အစား အချင်းချင်း တိုက်ခိုက်သောကြောင့် အပြင်းအထန်ဝေဖန်ခံရသော်လည်း ထိုဒေသမှ နောက်ခံ နိုင်ငံရေး အကြောင်းရင်းများကို ဝေဖန်သူများ မမြင်နိုင်ကြပေ။ လက်တွေ့တွင် FPNCC အဖွဲ့ဝင်များသည် ၄င်တို့ထိန်းချုပ်ဒေသများကို သေနင်္ဂဗျူဟာအရ ချဲ့ထွင်ပြီး ထိုနယ်မြေများတွင် ၎င်းတို့၏ သြဇာခိုင်မာအောင် ကြိုးစားကြသည်။ ထိုလှုပ်ရှားမှုများကို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ဘဲ ၎င်းတို့နိုင်ငံရေး အစီအစဉ်များကို ဖြည့်ဆည်းရန် လုပ်ဆောင်ခြင်းဖြစ်သည်။
၎င်းတို့သည် ၎င်းတို့၏ ဦးတည်ချက်များကို ထုတ်ဖေါ်ပြောဆိုခဲလှသော်လည်း ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို အခြေခံပြောရပါက ၎င်းတို့၏ နိုင်ငံရေး အနာဂတ်သည် ဖက်ဒရယ်အစီအစဉ်တွင် မရှိပေ။ FPNCC အမည်သည် ဖက်ဒရယ်ဖြင့် စတင်သော်လည်း ဖက်ဒရယ် စနစ်ကို အနာဂတ်နိုင်ငံတော်၏ နိုင်ငံရေးစနစ်အဖြစ် လက်ခံခြင်းမရှိကြောင်း ထင်ရှားသည်။ နိုင်ငံရေး အနာဂတ်အတွက် ထိုအဖွဲ့၏ အဆိုပြုချက်များသည် ကွန်ဖက်ဒရိတ် နိုင်ငံရေးစနစ်နှင့် အလားတူနေသည်။ သို့သော် AA မှလွဲ၍ FPNCC အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ထောက်ခံသူများ၊ ဖက်ဒရယ် ကတိကို နိုင်ငံအတွက်အဖြေဟု ယူဆသည့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ ကြီးမားသောဆန့်ကျင်မှုကို ရှောင်ရှားလိုသောကြောင့် ၎င်းတို့၏ရပ်တည်ချက်ကို လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခြင်း မရှိကြပေ။ ယခုအခါ စစ်အာဏာသိမ်းမှုကာလအလွန် အခြေအနေများက ၎င်းတို့အနေဖြင့် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်ရေးအတွက် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
စစ်အာဏာသိမ်းပြီးနောက် FPNCC ၏ အခြားသော အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သာလျှင် စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သည်။ KIA သည် ယခင်စစ်အုပ်စုက သိမ်းပိုက်ထားသော စခန်းများကို ပြန်လည်သိမ်းပိုက်ရန် သေနင်္ဂဗျူဟာအရ စစ်ဆင်ရေးများ ပြုလုပ်ခြင်း ဖြစ်နိုင်ပြီး ကချင်ပြည်နယ်အပေါ်၎င်းတို့၏ ချုပ်ကိုင်မှုကို ချဲ့ထွင်သည်။ စစ်ကောင်စီကလည်း အပြင်းအထန် တုံ့ပြန်သည်။ ထို့အပြင် KIA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ ပါဝင်သည်ဟု ယူဆရသည့် ကချင်နိုင်ငံရေး ကြားဖြတ်ညှိနှိုင်းမှုအဖွဲ့(KPICT) မှ အဖွဲ့ဝင် အချို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အဓိကကျသည့်နေရာများယူထားပြီး ဒူးဝါ လရှီလသည် ခေတ္တသမ္မတ တာဝန်ယူထားသည်။
KPICT ကိုယ်စားလှယ်များ NUG တွင် ပါဝင်သည်ဆိုသည့် အချက်တချက်တည်းဖြင့် KIA သည် NUG အတွက် သို့မဟုတ် ဖက်ဒရယ်အနာဂတ်အတွက် တိုက်ပွဲဝင်နေသည်ဟု ယူဆလျှင် နိုင်ငံရေးအရ တုံးအ ရာကျသည်။
သို့သော် KPICT ကိုယ်စားလှယ်များ NUG တွင် ပါဝင်သည်ဆိုသည့် အချက်တချက်တည်းဖြင့် KIA သည် NUG အတွက် သို့မဟုတ် ဖက်ဒရယ်အနာဂတ်အတွက် တိုက်ပွဲဝင်နေသည်ဟု ယူဆလျှင် နိုင်ငံရေးအရ တုံးအ ရာကျသည်။ လတ်တလောတွင် KIA သည် ကချင်ပြည်နယ်တွင် ၎င်းတို့ထိန်းချုပ်ပိုင်နက်ကို တတ်နိုင်သမျှ တိုးချဲ့နေပုံရပြီး အနာဂတ်နိုင်ငံရေးစနစ်အတွက် လုပ်ကိုင်ခြင်းထက် ဘုံရန်သူစစ်ကောင်စီကိုသာ ပိုမိုတိုက်နေသည်။ ထင်ရှားသောအချက်တခုမှာ KIA သည် ယခင်က ဖက်ဒရယ်စနစ်ကို အကြီးအကျယ် ထောက်ခံသော်လည်း ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ နုတ်ထွက်ပြီး FPNCC သို့ဝင်ရောက်ပြီးနောက် ဖက်ဒရယ် ရည်မှန်းချက်နှင့်ပတ်သက်၍ နှုတ်ဆိတ်နေသည်။
ဖက်ဒရယ်စကားလုံးများသည် KIA တွင်သာမက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားတွင်ပင် ရေပမ်းမစားလှပေ။ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးသည် NCA ၏ အဓိက ရည်မှန်းချက်ဖြစ်ပြီး ထိုစာချုပ်ကို လက်မှတ်ရေးထိုးသောအဖွဲ့များသည် ထိုရည်မှန်းချက်ဖြင့်သာ အလုပ်များနေကြသည်။ သို့သော် လက်တွေ့တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေများအရ NCA သည် တရားဝင်ခြင်းမရှိတော့ဘဲ စစ်အုပ်စုက အာဏာရှင် အုပ်ချုပ်ရေး ကျင့်သုံးကာ တနိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည်။ စစ်အာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေးထိုးသော အဖွဲ့ ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် စစ်ကောင်စီတပ်များကို ပြန်လည်တိုက်ခိုက်နေသည်။
ဆက်ရန်ရှိသည်။
(ရဲမျိုးဟိန်း (ခ) ကိုရဲသည် Wilson Center’s Asia Program မှ အများပြည်သူမူဝါဒဆိုင်ရာ သုတေသီနှင့် Tagaung Institute of Political Studies ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Visions of a Federal Future for Myanmar are Fading Fast ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories :
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ
သံတမန်ရေးဖိအားက အသံသာမြည်ပြီး အဆံမပါ