PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များ၏ လက်ရှိသဘောထား
မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KNU တပ် အချို့သည် စစ်အာဏာသိမ်းမှုမတိုင်မီကပင် စစ်အုပ်စုကို တိုက်ခိုက်နေပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ KNU သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ခိုလှုံခွင့်ပေးပြီး စစ်သင်တန်းများလည်း ပို့ချနေပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် သွေးစည်းခိုင်မာမှုကို ပြသရန် ၎င်းတို့၏ စစ်ဆင်ရေးနယ်မြေများတွင် စစ်ကောင်စီစခန်းများကို သိမ်းပိုက်နေသည်။ CNF သည်လည်း ချင်းပြည်နယ်မှ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ခုခံရန် ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည်။ ထို့ကြောင့် စစ်ကောင်စီကလည်း အပြင်းအထန်တုံ့ပြန်ကာ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများဖြင့် လက်စားချေသည်။
NCA လက်မှတ်ရေးထိုးသောအဖွဲ့များအတွင်း နိုင်ငံရေးအခြေအနေသည် လွန်စွာရှုပ်ထွေးသည်။ ခေါင်းဆောင်ဖြစ်သူ ရွက်ဆစ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို စကားအရဆန့်ကျင်သော်လည်း NCA လက်မှတ်ရေးထိုးသော အဖွဲ့များအနက် အကြီးမားဆုံး အဖွဲ့တခုဖြစ်သော RCSS/SSA-S သည် စစ်ကောင်စီနှင့်ဖြစ်စေ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုနှင့်ဖြစ်စေ တဘက်ဘက်မှ ရပ်တည်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။ ရွက်ဆစ်သည် မည်သည့်ဘက်က အားသာသည်ကို စောင့်ကြည်ပြီး အားသာသည့်ဘက်နှင့် သဘောတူညီချက်ပြုလုပ်ရမည်ကို စောင့်ကြည့်ရင်း ဝေ့လည်ကြောင်ပတ် လုပ်နေကြောင်း မြန်မာ့အရေးသုတေသီ ဒေးဗစ်စကော့ မက်သီဆန်က ထောက်ပြထားသည်။ စစ်အာဏာသိမ်းပြီး ၆ လတာကာလအတွင်း RCSS/SSA-S သည် ပိုမိုကျယ်ပြန့်သော နယ်မြေနှင့် ရင်းမြစ်များထိန်းချုပ်နိုင်ရေး ကြိုးစားရင်း စစ်တပ်ကိုမတိုက်ဘဲ TNLA နှင့် SSPP/SSA-N ကဲ့သို့သော အခြားတိုင်းရင်းသားအဖွဲ့အစည်းများကိုသာ အာရုံစိုက်ပြီး တိုက်ခိုက်နေသည်။
တချိန်တည်းတွင် NCA လက်မှတ်ရေးထိုးထာသော အဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့ဖြစ်သော PPST မှ အခြားအဖွဲ့ဝင်များသည် စစ်ကောင်စီကို သွေးတိုးစမ်းနေ သို့မဟုတ် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေကြသည်။ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့သည် ဧပြီလတွင် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးပြီး ရခိုင်လွတ်မြောက်ရေးပါတီသည် KNLA/PC နှင့်အတူ မတ်လ ၂၇ ရက် စစ်အုပ်စုနေ့ စစ်ရေးပြပွဲသို့ တက်ရောက်သည်။
NCA အကောင်အထည် ဖေါ်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားကြောင်း PPST က ဇူလိုင်လ ၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။ ထို့အပြင် ရွက်ဆစ်ကလည်း PPST အကြီးအကဲအဖြစ်မှ နုတ်ထွက်သွားသည်။
NMSP ဥက္ကဋ္ဌ နိုင်ဟံသာသည် မကြာသေးမီက လေသံပြောင်းလာပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သော ဗမာ များအကြား ညီညွတ်ရေးကိုတောင်းဆိုသော်လည်း NMSP ၏ သဘောထားမည်သို့ ရှိသည်ကို ရှင်းလင်းစွာမသိရသေးပေ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့သည် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေကြသည်။ NCA အကောင်အထည် ဖေါ်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားကြောင်း PPST က ဇူလိုင်လ ၇ ရက်နေ့တွင် အဖွဲ့အစည်းအနေဖြင့် တရားဝင် ထုတ်ပြန်ကြေညာသည်။ ထို့အပြင် ရွက်ဆစ်ကလည်း PPST အကြီးအကဲအဖြစ်မှ နုတ်ထွက်သွားသည်။
သို့သော် သြဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်သည့် နောက်ဆုံးကြေညာချက်တွင် PPST သည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆိုသည့် စကားစုကို မသုံးသော်လည်း ယခင်ကြေညာချက်များကအတိုင်း ထိုပုံစံကိုသာ အနည်းငယ် ယိမ်းနေသည်။ KNU နှင့် အချို့အဖွဲ့ငယ်များသည် ဖက်ဒရယ် ရည်မှန်းချက်ကို ယုံကြည်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖက်ဒရယ်စနစ်သည် နိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သမိုင်းအရနှင့် လက်တွေ့အရ သိသောကြောင့် KNU ခေါင်းဆောင်ပိုင်းသည် ဖက်ဒရယ်စနစ်ကို အခိုင်အမာယုံကြည်ကြောင်း KNU ၏ နိုင်ငံခြားရေးရာ အကြီးအကဲ ပဒို စောတောနီးက စာရေးသူကိုပြောသည်။ သို့သော် ကရင်တိုင်းရင်းသားအချို့က ဖက်ဒရယ်စနစ်သည် ၎င်းတို့အတွက် အကောင်းဆုံး ဟုတ်မဟုတ်ကို သံသယရှိနေကြောင်း သူဝန်ခံသည်။ NCA လက်မှတ်ရေးထိုးသောအုပ်စုမှ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အထူးသဖြင့် အဖွဲ့ငယ်များသည် နိုင်ငံ၏ နိုင်ငံရေးအနာဂတ်အကြောင်း စဉ်းစားခြင်းထက် ၎င်းတို့ဆက်လက်ရပ်တည်ရန်ပင် ရုန်းကန်နေကြရပြီး ယခုကဲ့သို့ ဖရိုဖရဲကာလတွင် ဖက်ဒရယ်အယူအဆကို စိတ်ကုန်နေကြသည်။
ဖြုတ်ချခံ NLD လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖက်ဒရယ်ဒိမိုကရေစီ ပဋိဉာဉ်ကို မူကြမ်းရေးဆွဲသောအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ၏ တုံ့ပြန်မှုကို ကြည့်ပါက ထိုအချက်ကို အထင်အရှားမြင်နိုင်သည်။ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်သည် EAOs များ၏ တိတ်ဆိတ်သော သို့မဟုတ် ခြွင်းချက်ဖြင့် ထောက်ခံမှုကိုသာ ရခဲ့သည်။ PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NCA လက်မှတ်ရေးထိုးထားတဲ့ EAO တွေက ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ကို ကြိုဆိုပေမယ့် အသေးစိတ်တွေကို လေ့လာစမ်းစစ်ဖို့ အချိန်လိုတယ်” ဟု ထိုပဋိဉာဉ်ကို ထုတ်ပြန်ပြီးနောက်ပြောသည်။ AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမူ ဗမာနိုင်ငံရေးသမားများပေးသော ဖက်ဒရယ်ကတိကို တုံ့ပြန်ရာတွင် ပိုမို ပွင့်လင်းပြီး “ NLD အစိုးရက ၁၉၈၈ နောက်ပိုင်း ဖက်ဒရယ်ကတိပေးပြီး တိုင်းရင်းသားတွေကို ဒီကတိပေးတယ်။ ဒါပေမယ့် သူတို့အာဏာလည်း ရလာရော ဒီကတိကို မစောင့်ထိန်းတော့ဘူး” ဟု ပြောသည်။
မြန်မာနှင့် ဖက်ဒရယ်ဒေသနာ
NLD က ထိုကတိကိုစောင့်ထိန်းရန် ပျက်ကွက်ခြင်းသည် တိုင်းရင်းသားလူနည်းစုများအကြား ဖက်ဒရယ်ရည်မှန်းချက်ကို သံသယဖြစ်စေသော အဓိကအကြောင်းရင်းများအနက် တခုဖြစ်ပြီး လက်ရှိ အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ပွဲတွင် တိုင်းရင်းသားများအကြား မဟာမိတ်ဖွဲ့စည်းရေးအတွက် အဓိက အတားအဆီးများအနက် တခုဖြစ်နေသည်။ ၁၉၆၂ ခုအာဏာသိမ်းမှုနောက်ပိုင်းတွင် ဖက်ဒရယ်စနစ်ဆိုသည့် စကားသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးတားမြစ်ချက်ဖြစ်ခဲ့ပြီး အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းရခြင်းသည် တိုင်းရင်းသားများက ဖက်ဒရယ်တောင်းဆိုသောကြောင့် မြန်မာနိုင်ငံပြိုကွဲမည့် အန္တရာယ် သို့မဟုတ် ပိုင်နက်နယ်မြေများ အစိတ်စိတ်အမွှာမွှာကွဲမည်ကို တားဆီးရန်ဖြစ်ကြောင်း အကြောင်းပြသည်။
ဖက်ဒရယ်အယူအဆကို မုန်းတီးသည်မှာ ကာလကြာမြင့်ပြီဖြစ်သော မြန်မာစစ်တပ်သည် နောက်ဆုံးတွင် ဖက်ဒရယ်စနစ်ထူထောင်ရန် သဘောတူသော်လည်း ဖက်ဒရယ်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းမှသာ ဖွင့်ဆိုသည်။
ထိုစစ်အုပ်ချုပ်ရေးအောက်တွင် ဖက်ဒရယ်ဆိုသော စကားကိုသုံးခြင်းသည်ပင် ထောင်နှစ်ရှည်ကျနိုင်သည်။ ၂၀၁၁ ခုနှစ် နိုင်ငံရေး လွတ်လပ်ခွင့်ပေးသောအခါမှသာ ထိုစကားလုံးသည် အဓိက နိုင်ငံရေးဒေသနာအဖြစ် ပြန်လည်ရှင်သန်လာသည်။ အထူးသဖြင့် EAO များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။ ဖက်ဒရယ်အယူအဆကို မုန်းတီးသည်မှာ ကာလကြာမြင့်ပြီဖြစ်သော မြန်မာစစ်တပ်သည် နောက်ဆုံးတွင် ဖက်ဒရယ်စနစ်ထူထောင်ရန် သဘောတူသော်လည်း ဖက်ဒရယ်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းမှသာ ဖွင့်ဆိုသည်။ ၂၀၁၆ ခုနှစ်သြဂုတ်နှင့် စက်တင်ဘာလအတွင်းက ပထမအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပသောအခါ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ် စရိုက်လက္ခဏာများဖြင့် ရေးသားထားကြောင်းပြောပြီး စစ်တပ်ကရေးသားထားသည့် ဖွဲ့စည်ပုံ အခြေခံဥပဒေကို ဆက်လက်ဆုပ်ကိုင်ရေး အခိုင်အမာရပ်တည်သည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ပါတီ ၂၀၁၂ ခုနှစ်တွင် လွှတ်တော်သို့ ဝင်ရောက်သောအခါ ဖက်ဒရယ်စနစ်သည် နိုင်ငံ၏ ရှည်ကြာလှသော တိုင်းရင်းသား ပဋိပက္ခများအတွက် အဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။ သို့သော် ဖက်ဒရယ်စနစ်အပေါ် NLD ၏ သဘောထားမှာ လွန်စွာ ယေဘုယျဆန်ပြီး မှုန်ဝါးနေကာ ၎င်း၏ ခေါင်းဆောင်များကလည်း ထိုအငြင်းပွားဖွယ်ရာ နိုင်ငံရေးအယူအဆတွင် မည်သည့် အသေးစိတ်မူဝါဒကိုမျှ ချမှတ်ခြင်းလည်း မရှိကြပေ။ ဖက်ဒရယ်စနစ်အပေါ် NLD ၏ မူဝါဒချမှတ်ရန် ပျက်ကွက်ခြင်းအတွက် ၁၉၄၈ ခုနှစ်က ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သည့် ဝါရင့်နိုင်ငံရေးသမား ဦးထွန်းမြင့် (တောင်ကြီး) က ဒေါ်ဆောင်ဆန်းစုကြည်ကို ဝေဖန်သည့် စာတစောင်ရေးသားပေးပို့ခဲ့ဖူးသည်။ ၁၉၈၉ ခုနှစ်က အစည်းအဝေးတခုတွင် တွေ့ဆုံစဉ် သူမ၏ပါတီကြေညာချက်တွင်ဖေါ်ပြထားသည့် အနာဂတ်တွင် တည်ဆောက်မည်ဖြစ်သော ပြည်ထောင်စုသည် ဖက်ဒရယ်ပြည်ထောင်စုဖြစ်မည်လား သို့မဟုတ် တပြည်ထောင်ပြည်ထောင်စု ဖြစ်မည်လားဟု မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ပြည်ထောင်စုလို့ပဲ ရည်ညွှန်းသုံးစွဲတယ်။
ဖက်ဒရယ်ပြည်ထောင်စုတို့ တပြည်တောင်ပြည်ထောင်စုတို့ဆိုတာ သဘောတရားတွေသာဖြစ်ပြီး လက်တွေ့နဲ့ ကွဲလွဲနေတယ်။ ဘယ်လိုပြည်ထောင်စုမျိုးဖြစ်လာမယ်ဆိုတာကို အခုချိန်မှာ အတိအကျမပြောနိုင်သေးဘူး။ ဒါကိုအမျိုးသားအဆင့်မှာ ညှိနှိုင်းရမှာဖြစ်ပြီး အားလုံးသဘောတူတာကို ကျမ လက်ခံမယ်” ဟု ပြန်လည်ပြောကြားသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းပါတီတခုအနေဖြင့် NLD အနေဖြင့် အခြားသူများ၏ သဘောတူညီချက်များကို လက်ခံလုပ်ကိုင်ခြင်းထက် အနာဂတ်တွင် ပြည်ထောင်စုကို မည်သို့တည်ဆောက်မည်နှင့်ပတ်သက်သည့် အသေးစိတ် မူဝါဒ ရှိသင့်ကြောင်း ဦးထွန်းမြင့်က အကြံပြုသည်။ (ဦးထွန်းမြင့် – တောင်ကြီး ၊ ရှမ်းနိုင်ငံရေးသမားတဦး၏ အုပ်တချပ်၊ သဲတပွင့်။ စာမျက်နှာ ၅၃၃-၅၄၂။)
NLD ၏ ခြေလှမ်းမှားများဖြစ်သော ဗမာဇာတ်သွင်းခြင်းနှင့် ဗဟိုချုပ်ကိုင်မှု စီမံကိန်းများဖြင့် နိုင်ငံရေးဗိုလ်ကျခြင်းကို ကျင့်သုံးလိုက်သောကြောင့် NLD နှင့် တိုင်းရင်းသား လူနည်းစုများဆက်ဆံရေး ယိုယွင်းလာသောအခါ အခြေအနေသည် ပိုမိုဆိုးရွားသွားသည်။
NLD တွင် ဖက်ဒရယ်နှင့်ပတ်သက်သည့် မူဝါဒအသေးစိတ်မရှိခြင်းကို နောင်ဆယ်စုနှစ် ၂ ခုကြာသော အခါ အခြားသုတေသီနှစ်ဦးကလည်း ထပ်မံပြောကြားသည်။ NLD ၏ ၂၀၁၅ ခုနှစ် ကြေညာစာတမ်းတွင် တိုင်းရင်းသားလူမျိုးစုများအားလုံး၏ သွေးစည်းချစ်ကြည်မှုဖြင့် လွတ်လပ်မှု၊ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူများကို အခြေခံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက်များကို ဖေါ်ပြထားသည်။ ရှမ်းပြည်နယ် ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ပြောကြားသော မိန့်ခွန်း ၂ ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပြည်ထောင်စုဆိုသည့်စကားကို ၃၁ ကြိမ်ထက်မနည်း ပြောကြားခဲ့သည်ဟု ဆိုသည်။ သို့သော် NLD အာဏာရလာသောအခါ ဖက်ဒရယ် အနာဂတ်ကို အားပေးရန် လိုအပ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းမရှိပေ။ NLD သည် ၂၀၁၅ ခုနှစ်တွင် တခါက မဟာမိတ်ဖြစ်သည့် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ပြည်နယ်တိုင်းဝန်ကြီးချုပ်များအားလုံးကို ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ပါတီဝင်များကိုသာ ခန့်အပ်ခြင်းဖြင့်လည်း အများအပြားကို အံ့သြသွားစေခဲ့သည်။ ၎င်းတို့ အနည်းစုသာ အနိုင်ရသည့် ပြည်နယ်များတွင်ပါ ဝန်ကြီးချုပ်များကို NLD က ၎င်းတို့လူများကိုသာ ခန့်ခဲ့သည်။ NLD ၏ တကိုယ်တော်ဝါဒကို တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များက ဝေဖန်ကြပြီး ဖက်ဒရယ် ပြည်ထောင်စုအတွက် ကောင်းသောအလားအလာ မဟုတ်ကြောင်းပြောကြားသည်။
ထိုအခြေအနေတွင် NLD ၏ ခြေလှမ်းမှားများဖြစ်သော ဗမာဇာတ်သွင်းခြင်းနှင့် ဗဟိုချုပ်ကိုင်မှု စီမံကိန်းများဖြင့် နိုင်ငံရေးဗိုလ်ကျခြင်းကို ကျင့်သုံးလိုက်သောကြောင့် NLD နှင့် တိုင်းရင်းသား လူနည်းစုများဆက်ဆံရေး ယိုယွင်းလာသောအခါ အခြေအနေသည် ပိုမိုဆိုးရွားသွားသည်။ NLD သည် တိုင်းရင်းသားဒေသများတွင် နိုင်ငံရေးအရ ဗိုလ်ကျခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့် NLD ၏ နိုင်ငံရေး သင်္ကေတဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ကယားပြည်နယ်နှင့် အခြားတိုင်းရင်းသား အများအပြားရှိသော ပြည်နယ်များတွင် စိုက်ထူသည်။ ထိုရုပ်တုကို ကယားပြည်နယ်တွင် စိုက်ထူရန် အစီအစဉ်သည် ကန့်ကွက်ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေပြီး ဒေသ ဆိုင်ရာ NLD အရာရှိများက ထိုဆန္ဒပြပွဲများကို အကြမ်းနည်းဖြင့်နှိမ်နင်းပြီး အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့သည်။ မော်လမြိုင်မှ တံတားတခုအမည်ကို NLD က ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပြောင်းရန် ဆုံးဖြတ်လိုက်သောအခါ မွန်ပြည်နယ်တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်သည်။
NLD အာဏာရချိန်အတွင်း တိုင်းရင်းသားဒေသများတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ နှုတ်ဆိတ်နေခြင်းနှင့် တခါတရံ တိတ်တဆိတ်ထောက်ခံခြင်းကြောင့်လည်း တိုင်းရင်းသားလူနည်းစုများအကြားတွင် NLD ၏ ဖက်ဒရယ်ကတိအပေါ် မုန်းတီးမှုများကို ဖြစ်စေသည်။ NLD အာဏာရချိန်မှစတင်ပြီး AA နှင့် ရခိုင်ပြည်သူများသည် ဖက်ဒရယ်အယူအဆကို စိတ်ကုန်သွားသည်ဟု ဆိုလျှင်မှားမည်မဟုတ်ပေ။
တဘက်တွင်လည်း ကွဲပြားလှသည့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများသည်လည်း မည်သည့် တိကျသည့် ဖက်ဒရယ်စနစ်၏ တိကျသော ဖွဲ့စည်းပုံ အစီအစဉ်ကိုမျှ စဉ်းစားခြင်းမရှိကြပေ။ EAO အများစုက ပိုမိုဗဟိုချုပ်ကိုင်မှုလျှော့ချသည့် ဖက်ဒရယ်ပြည်ထောင်စုကို လိုလားသည်။ ထိုသို့သော ဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားပြည်နယ်များသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် ကိုက်ညီသည့် မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်။
သို့သော် ဝါရင့် သုတေသီကြီး ဘာတေးလစ်တနာတခါက ရေးခဲ့သည့်အတိုင်းပင် EAO များသည် “မည်သို့သော ဖက်ဒရယ် ပြည်ထောင်စုမျိုးကို လိုချင်သနည်း” “ပြည်နယ်များနှင့် ဗဟိုအစိုးရအကြား အာဏာကို မည်သို့ ခွဲဝေလိုသနည်း” “အချို့အုပ်စုများပြောကြားနေသည့် ဖက်ဒရယ် တပ်မတော်ဆိုသည်မှာ အတိအကျ မည်သည့်ပုံစံရှိသနည်း” စသည့် မေးခွန်းများကို ဖြေရမည်ဖြစ်သည်။ နိုင်ငံရေးနှင့် ပညာရပ် ဆိုင်ရာနယ်ပယ်များတွင် နယ်မြေပိုင်နက်ဆိုင်ရာ၊ လူမျိုးစုဆိုင်ရာ၊ အချိုးညီ၊ အချိုးမညီ၊ အသွင်နှစ်မျိုး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် တီထွင်ဆန်းသစ်သော စသည့် ဖက်ဒရယ်စနစ်အမျိုးမျိုးကို ဆွေးနွေးမှုများ ရှိသော်လည်း မည်သည့် ဘုံသဘောတူညီချက်မျှ မရသေးပေ။ ပြည်နယ်များအတွင်း လူမျိုးစုများစွာ ရှိနေခြင်းနှင့် AA ကဲ့သို့သော အချို့အဖွဲ့အစည်းများက ကွန်ဖက်ဒရေးရှင်းကို ပိုမိုလိုလားခြင်းတို့သည် အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ စစ်အာဏာသိမ်းလိုက်သောအခါ အခြေအနေ ထပ်မံဆိုးရွားသွား ပြန်သည်။
ကွဲပြားခြားနားသည့် နိုင်ငံရေးနှင့် တိုင်းရင်းသားအုပ်စုများအကြား သွေးစည်ခိုင်မာမှု သို့မဟုတ် တူညီသော နိုင်ငံရေး ရည်မှန်းချက်မရှိလျှင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသည် လက်ရှိနိုင်ငံတွင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည့် အလားအလာမရှိပေ။
လုံး၀သေချာသော ကိစ္စမှာ စစ်ကောင်စီ အာဏာသိမ်းခြင်းသည် နိုင်ငံကို ကျဆုံးနိုင်ငံဖြစ်လာစေပြီး ပြိုကွဲကာ နယ်မြေ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း အန္တရာယ်ကို ဖြစ်စေသည်။ ကွဲပြားခြားနားသည့် နိုင်ငံရေးနှင့် တိုင်းရင်းသားအုပ်စုများအကြား သွေးစည်ခိုင်မာမှု သို့မဟုတ် တူညီသော နိုင်ငံရေး ရည်မှန်းချက်မရှိလျှင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသည် လက်ရှိနိုင်ငံတွင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည့် အလားအလာမရှိပေ။
ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် ဖက်ဒရယ်စနစ် လိုလားသူများကြား နိုင်ငံရေးအရ သွေးစည်းခိုင်မာမှု တည်ဆောက်ရန် ဘုံနိုင်ငံရေး ရည်မှန်းချက်အဖြစ် ဖက်ဒရယ်စနစ်ကို များစွာ မျှော်လင့်ခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ အရေးပါသော အချိန်တွင် ဖက်ဒရယ်စနစ်သည် ယခင်က အကြီးအကျယ်ထောက်ခံသူများအကြားတွင်ပင် ဆွဲဆောင်မှု ဆိုးဆိုးရွားရွားကျဆင်းနေပြီး ကွန်ဖက်ဒရေးရှင်းနှင့် သီးခြားပြည်နယ်များကို ပိုမိုလိုလားကြောင်း ထင်ရှားလာသည်။ စစ်အာဏာသိမ်းမှုသည် နိုင်ငံကို နိုင်ငံရေးတွင်းနက်ကြီးတခုအတွင်း ကျဆင်းစေပြီး နိုင်ငံ၏ အနာဂတ်သည် ပိုမိုမှောင်မိုက်ဆိုးရွားစေသည်မှာ သေချာသည်။ အထူးသဖြင့် ၎င်းတို့အားထုတ်နေသည့် ရည်မှန်းချက်နှင့် ၄င်တို့ တည်ဆောက်ရန်ကြိုးစားသည့် နိုင်ငံနှင့်ပတ်သက်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက် ကင်းမဲ့နေသောကြောင့် ထိုသို့ဖြစ်ရသည်။ နိုင်ငံအတွက် ဘုံရည်မှန်းချက်ကို အလျှင်အမြန် ပြင်ဆင်ပြီး ရည်မှန်းချက်သစ်မချမှတ်လျှင် မြန်မာနိုင်ငံသည် ဆိုးရွားသောလမ်းကြောင်းသို့ ဦးတည်နေမည် ဖြစ်သည်။
(ရဲမျိုးဟိန်းသည် တကောင်းနိုင်ငံရေးလေ့လာမှု အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars မှ အာရှ အစီအစဉ်ဆိုင်ရာ သုတေသီဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Visions of a Federal Future for Myanmar are Fading Fast-Part II ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်နဲ့ NUG အစိုးရအကြား ဘာတွေဆွေးနွေးခဲ့ကြသလဲ
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် Asean အထူးသံတမန်၏တောင်းဆိုမှု ငြင်းပယ်ခံရ