စစ်ကောင်စီ၏ တင့်ကားများသည် အဓိကမြို့ကြီးများသို့ ထွက်လာပြီး ဆန္ဒပြသူများကို ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းပြီး နာကျဉ်းနေသော တက်ကြွလှုပ်ရှားသူများက တိုက်ပွဲဝင်ရန်နှင့် အဝေးရောက် အစိုးရကို ဖွဲ့စည်းရန် နယ်စပ်ဒေသများသို့ ထွက်ခွာသွားကြသောအခါ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် သတင်းယူခဲ့သည့် စာရေးသူနှင့် အခြားသတင်းသမား အများအပြားတို့သည် အတိတ်ကို ပြန်လည်ခံစားကြရသည်။ သမိုင်းတပတ်လည်ပြန်ပြီလော။ ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် အနည်းငယ်၊ ခုခံမှုနှင့် ဒုက္ခများကို ပြန်လည် ကြုံတွေ့ရဦးမည်လော။ စစ်ယူနီဖေါင်းဝတ်များသည် အသိတရားရပြီး ၎င်းတို့သည် နိုင်ငံကို မကယ်တင်ဘဲ ဖျက်ဆီးနေကြောင်း သဘောမှပင် ပေါက်ပါဦးတော့မည်လော စသည့် မေးခွန်းများကို မေးမိသည်။
သမိုင်းတပတ်လည်ပြန်ပြီလော။ ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် အနည်းငယ်၊ ခုခံမှုနှင့် ဒုက္ခများကို ပြန်လည် ကြုံတွေ့ရဦးမည်လော။ စစ်ယူနီဖေါင်းဝတ်များသည် အသိတရားရပြီး ၎င်းတို့သည် နိုင်ငံကို မကယ်တင်ဘဲ ဖျက်ဆီးနေကြောင်း သဘောမှပင် ပေါက်ပါဦးတော့မည်လေ
သို့သော် အသေးစိတ်ပြန်လည်သုံးသပ်ကြည့်သောအခါ ယနေ့အခြေအနေနှင့်လွန်ခဲ့သော ၃၃ နှစ်က အခြေအနေအကြားတွင် အခြေခံကွဲလွဲချက်အချို့ ရှိနေသည်။ ပထမဆုံးအချက်မှာ ဒစ်ဂျစ်တယ် မီဒီယာက ကမ္ဘာကို ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုလည်းချွင်းချက်အဖြစ် ချန်လှပ်မထား ပေ။ ၁၉၈၈ ခုနှစ်က အင်တာနက်နှင့် စမတ်ဖုန်းများမရှိသေးဘဲ ဘန်ကောက်မှ သတင်းယူသော မိမိတို့သည် လိုင်းမကောင်းသည့် ကြိုးဖုန်းများကိုသာ အဓိကအားထားနေရသည်။ ထိုစဉ်က တနိုင်လုံးကျယ်ပြန့်သည့် ဆန္ဒပြပွဲများ သည် ၁၉၈၈ ခုနှစ်သြဂုတ်လ ၈ ရက်နေ့တွင် စတင်သည်။ ထို့ကြောင့် ၈၈၈၈ အရေးတော်ပုံဟုခေါ်သည်။ အရေးတော်ပုံ ဖြိုခွဲရန် စစ်တပ်ကို ထုတ်သုံးရာ စစ်တပ်ကလည်း ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းသည်။ ထိုစဉ်က မြို့တော် ရန်ကုန်နှင့် အခြားမြို့များတွင် ထောင်ပေါင်းများစွာသော ပြည်သူများ၊ အချို့မှတ်တမ်းဆရာများပြောသကဲ့သို့ ရာပေါင်းများစွာ မဟုတ်သည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ပစ်သတ်သည်။ ထိုနည်းလမ်းဖြင့် ပြည်သူများကိုကြောက်လန့်ပြီး အရှုံးပေးသွားအောင် မလုပ်နိုင်သောအခါ စစ်တပ်သည် ၎င်းတို့ဝင်စွက်နိုင်မည့် သို့မဟုတ် ငြိမ်ဝပ်ပိပြားမှုကိုထိန်းသိမ်းနိုင်မည့် ဖရိုဖရဲ အခြေအနေများဖြစ်လာမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် လမ်းများနှင့် အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်အုပ်စုသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ကို ဖွဲ့စည်းပြီး အာဏာသိမ်းလိုက်ကာ ဆန္ဒပြသူများကို နောက်တကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်သည်။
ထိုစဉ် သြဂုတ်လလယ်မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် ပထမဆုံး စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပထမဆုံးလအဖြစ် အသိပညာ လွတ်လပ်မှုကို ခံစားခဲ့ရသည်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာ မီဒီယာကို စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပြီးနောက် ရှင်သန်သော သတင်းစာများ ထွက်ပေါ်လာသည်။ အချို့မှာ နေ့စဉ်သတင်းစာများဖြစ်ပြီး အချို့မှာ ခဏတာသာ ထုတ်ဝေသော သတင်းစာများဖြစ်သည်။ သြဂုတ်လကုန်သို့ ရောက်သောအခါ ရန်ကုန် တမြို့တည်းတွင်ပင် နိုင်ငံရေးဆောင်းပါးများ ၊ ထိရောက်သော သရော်စာများနှင့် စစ်အုပ်စုကို လှောင်ပြောင်သည့် ကာတွန်းများဖြင့် ပြည့်နေသည့် လွတ်လပ်သော သတင်းစာ၊ မဂ္ဂဇင်းနှင့် ဂျာနယ် ၄၀ ကျော်ရှိသည်။ ထိုသတင်းစာများသည် the Light of Dawn, Liberation Daily, Scoop, New Victory နှင့် the Newsletter စသည့် စိတ်ကူးစိတ်သန်းကောင်းသော အမည်များရှိကြသည်။ အချို့မှာ လက်ရေးဖြင့်ရေးပြီး မိတ္တူကူးထားသော သို့မဟုတ် စာကူးစက်ဖြင့် လှည့်ထုတ်သော သတင်းစာများဖြစ်သော်လည်း အချို့သည် လုပ်ငန်းသုံး ပုံနှိပ်စက်များကို အသုံးပြုခွင့်ရကြပြီး ပုံနှိပ်စက် ပိုင်ရှင်များက ၎င်းတို့သည်လည်း ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသလိုသောကြောင့် အခမဲ့ အသုံးပြုခွင့်ရကြသည်။
ထိုစဉ်က ထုတ်ဝေမှုအများအပြားတွင် အင်္ဂလိပ်ဘာသာဖြင့် အမည်ပေးကြသော်လည်း မြန်မာဘာသာဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်နှင့် အခြားနေရာများတွင် ဒေသအလိုက် ထုတ်ဝေခြင်းဖြစ်ပြီး ထိုသတင်းစာများတွင်ပါဝင်သည့် အကြောင်းအရာများ ပြင်ပကမ္ဘာသို့ ရောက်သည်မှာ မရှိသလောက်ပင်ဖြစ်သည်။ ဓါတ်ပုံများသည်လည်း အလားတူပင်ဖြစ်သည်။ မြန်မာဓာတ်ပုံဆရာ အများအပြားသည် အကောင်းဆုံးဓါတ်ပုံများကို ရိုက်ကူးန်ိုင်ကြပြီး ပြည်တွင်းတွင်သာ ထုတ်ဝေကြသည်။ ထိုသို့သော ဓါတ်ပုံဆရာများအနက်တဦးမှ ဦးထိန်ဝင်း ဖြစ်ပြီး သူ၏ကျေးဇူးကြောင့် ၁၉၈၈ ဖြစ်ရပ်များအတွက် အထောက်အထားများ ရှိလာခဲ့သည်။ ဝါရင့် ဓါတ်ပုံဆရာ တဦးဖြစ်သော ဦးထိန်ဝင်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ ဈာပနကြောင့် ပေါ်ပေါက်လာသည့် ကျောင်းသားဆန္ဒပြပွဲများကိုလည်း ဓါတ်ပုံရိုက်ကူးခဲ့သည်။
သို့သော် ထိုစဉ်က နိုင်ငံတွင်းတွင် နိုင်ငံတကာသတင်းဓါတ်ပုံသမားလွန်စွာနည်းပြီး ၎င်းတို့တွင် ဘယ်လ်ဂျီယံမှ အယ်လိန်း အဲ့ဗရာရဒ် နှင့် ရ်ိုင်ယိုတာကီဒါ အမည်အသုံးပြုသော ဂျပန် ဓါတ်ပုံဆရာ တဦးတို့ပါဝင်သည်။ တာကီဒါသည် စစ်သားများရှေ့တွင် ဒူးထောက်ပြီး ပစ်ခတ်မှုမလုပ်ရန် တိုက်တွန်းနေသော ဆန္ဒပြသူများ၏ ဓါတ်ပုံများကို ရိုက်ကူးခဲ့ပြီး အဲ့ဗရာရဒ်က ၁၉၈၈ အရေးတော်ပုံ၏ သမိုင်းအဝင်ဆုံးဓါတ်ပုံကို ရိုက်ကူးနိုင်ခဲသည်။ ထိုပုံမှာ ဆန္ဒပြသူများကိုတိုက်ခိုက်ရာတွင် ဦးဆောင်နေသော အရာရှိတဦးနှင့် လှံစွပ်တပ်ဆင်ထားသော သေနတ်များကိုင်ထားသည့် စစ်သားများက လူအုပ်၏ နောက်သို့ပြေးလိုက်နေသည့် ပုံဖြစ်သည်။ အဲ့ဗရာရဒ်သည် သူ၏ ဖလင်လိပ်ကို အတွင်းခံအတွင်းတွင် ဖွက်ထားပြီး မြန်မာနိုင်ငံပြင်ပသို့ ခိုးထုတ်ရသည်။ ထိုဖြစ်ရပ်ပြီးသော ဘန်ကောက်သို့ရောက်သောအခါမှ ဖလင်ကိုဆေးပြီး ပုံနှိပ်ထုတ်ဝေရသည်။ VHS တွင် ရိုက်ကူးထားသည့် ဗီဒီယိုတိပ်အနည်းငယ် ဘန်ကောက်သို့ရောက်လာသော်လည်း ထိုဗီဒီယိုများ အားလုံးသည် အရည်အသွေးလွန်စွာ ညံ့ဖျင်းသည်။
SLORC ကို ဖွဲ့စည်းလိုက်ပြီး ဖိနှိပ်သော စစ်အုပ်ချုပ်ရေး ဥပဒေများချမှတ်ပြီးနောက် ပြောက်ကျား ဆန္ဒပြပွဲများ ခဏတာမျှ ဆက်လက်ပေါ်ပေါက်သော်လည်း စစ်တပ်သည် အချိန်အနည်းငယ်ကြာ သောအခါ မြို့ကြီးမြို့ငယ်များကိုသာမက ရွာကြီးများကိုပါ လုံးဝနီးပါး ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူငယ်အများစုပါဝင်သော တက်ကြွလှုပ်ရှားသူ ၁၀၀၀၀ ခန့်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်တလျှောက်သို့ ထွက်ပြေးကြသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုတက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ထူထောင်လိုက်ပြီး စစ်ရေးအရဖွဲ့စည်းကာ စစ်ဝတ်စုံနှင့် အမှတ်တံဆိပ်များဝတ်ဆင်ကြသည်။ ၎င်းတို့၏ မျှော်မှန်းချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ်များနှင့်အတူ စစ်အုပ်စုကို စစ်ရေးအရချေမှုန်းရန်ဖြစ်သည်။
ထိုနောက် ၁၉၉၀ မေလ ရွေးကောက်ပွဲဖြစ်လာပြီး ထိုရွေးကောက်ပွဲသည် လူအများအံ့သြစရာ ကောင်းလောက်အောင် မျှတလွတ်လပ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ယှဉ်ပြိုင်ခွင့်ရှိသည့် နေရာပေါင်း ၄၈၅ နေရာအနက် ၃၉၂ နေရာ အနိုင်ရပြီး တောင်ပြိုကမ်းပြိုနိုင်သည်။ ထိုစဉ်ကမဲဆန္ဒနယ်ပေါင်း ၄၉၂ ခုရှိသော်လည်း မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲများကျင်းပနိုင်ခြင်း မရှိသေးပေ။ စစ်အုပ်စုကထောက်ခံသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် နေရာ ၁၀ နေရာတွင်သာ အနိုင်ရသည်။ သို့သော် ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကို မည်သည့်အခါကမျှ ခေါ်ယူပေးခြင်းမရှိပေ။ နောက်ဆုံးတွင် SLORC သည် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ခန့်သာပါပြီး စစ်တပ်က စိတ်တိုင်းကျ ရွေးချယ်ထားသော ကိုယ်စားလှယ် ၆၀၀ ပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံကို ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
၁၉၉၀ မေလ ရွေးကောက်ပွဲအပြီး ၂ လ ခန့်ကြာသောအခါ SLORC သည် ရွေးကောက်ပွဲရလဒ်ကို မလိုက်နာကြောင်း အထင်အရှားတွေ့လာရပြီး ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များကို စတင် ဖမ်းဆီးသောအခါ အချို့လွှတ်တော်ကိုယ်စားလှယ်များသည် NLD တက်ကြွလှုပ်ရှားသူ အချို့နှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသည်။ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလသို့ရောက်သောအခါ ၎င်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမဝမ်းကွဲတော်သူ ရွေးကောက်ခံကိုယ်စားလှယ် ဦးစိန်ဝင်းသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ ၎င်းတို့သည် ABSDF ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် လျှော့လျှဲသော မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။
နိုင်ငံတကာနယ်ပယ်တွင် ၁၉၈၈ ခုနှစ်က အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုများကိုသာမက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုရန် SLORC ၏ ဆုံးဖြတ်ချက်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချကြသည်။ သို့သော် ထိုစဉ်က မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ မရှိသလောက်ပင်နည်းသည်။ ထိုအနည်းငယ်မျှထဲတွင် ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်နေပြီး လက်နက်များထုတ်လုပ်ရာတွင် ပါဝင်လုပ်ကိုင်နေသည့် ဂျာမန်လုပ်ငန်း Fritz Werner Industrie-Ausrüstungen ပါဝင်သည်။ တနည်းအားဖြင့် ဆိုရပါက မြန်မာ့အိမ်နီးချင်းများအပါအဝင် ပြင်ပကမ္ဘာအတွက် စီးပွားရေးအရ ပိုင်ဆိုင်မှု မရှိသလောက်ပင်ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုက ထိုဖြစ်ရပ်များကို ပြန်ကြည့်လျှင် မိမိတို့သည် ပြည်တွင်းအခြေအနေ၊ ဒေသတွင်းအခြေအနေနှင့် နိုင်ငံတကာအခြေအနေများ ကွဲပြားခြားနားသော ဆက်ဆံရေးများရှိသည့် လုံးဝသစ်လွင်သော အခြေအနေတခုကို ယခုအခါ ရင်ဆိုင်နေရသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုက ထိုဖြစ်ရပ်များကို ပြန်ကြည့်လျှင် မိမိတို့သည် ပြည်တွင်းအခြေအနေ၊ ဒေသတွင်းအခြေအနေနှင့် နိုင်ငံတကာအခြေအနေများ ကွဲပြားခြားနားသော ဆက်ဆံရေးများရှိသည့် လုံးဝသစ်လွင်သော အခြေအနေတခုကို ယခုအခါ ရင်ဆိုင်နေရသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စစ်တပ်သည် မြင့်မားသောအဆင့်ရှိသည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ထိုအခြေအနေသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအထိကြာမြင့်သည်။ သို့သော် ထိုဆယ်နှစ်အတွင်းတွင် Generation Z ဟု ခေါ်သည့် နည်းပညာရူးသွပ်သော လူငယ်များသည် အင်တာနက်အသုံးပြုရာတွင် ဆရာကြီးများ ဖြစ်လာကြပြီး ၎င်းတို့အနက် အများအပြားသည် စစ်အာဏာသိမ်းပြီးနောက် လှုပ်ရှားတက်ကြွနေဆဲဖြစ်သည်။ Facebook နှင့် အခြားလူမှုကွန်ရက်များတွင် မြန်မာတွင် ဖြစ်ပျက်နေသည်များကို ကမ္ဘာတဝှမ်းသိအောင် ဖြန့်ချိနိုင်ခြင်းမရှိလျှင် ယနေ့ မြန်မာတွင် မည်သည်မျှ ဖြစ်မည်မဟုတ်ပေ။ ပြည်သူများသည် ဒစ်ဂျစ်တယ် ပလက်ဖေါင်းများမှလည်း တဦးနှင့်တဦး နှိုင်းယှဉ်ချက်အားဖြင့် အန္တရာယ်ကင်းစွာ ဆက်သွယ်ကြသည်။ ထိုဒစ်ဂျစ်တယ် ပလက်ဖေါင်းများအနက် အချို့မှာ ကိုယ်ပိုင် သင်္ကေတများဖြင့် ဆက်သွယ်ခြင်းကို အသုံးပြုကြသည်။ အမှန်တကယ် ပြတ်ပြတ်သားသား ရက်ရက်စက်စက် ပြောရပါက ၁၉၈၈ က စစ်အုပ်စုသည် ယခုထက် ပိုမိုများပြားသော သူများကို ပစ်သတ်ခဲ့သော်လည်း မှတ်တမ်းအထောက်အထား မရပေ။
၁၉၈၈ ခုနှစ်လောက် မများသောသူအချို့သာ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းကို ရွေးချယ်ကြသော်လည်း ခေတ်သစ်မြန်မာ့သမိုင်းတွင် မကြုံဖူးသော နည်းလမ်းဖြင့် လက်နက်ကိုင်ဆန့်ကျင်ခြင်းဖြစ်သည်။ စစ်ရေးပုံစံဖြင့် တည်ဆောက်ထားသော ABSDF သည် မကြာမီ အဖွဲ့တွင်း အုပ်စုကွဲများကြား တိုက်ခိုက်ပြီး ပြိုကွဲကာ အချို့က အချင်းချင်းပင် သတ်ဖြတ်ကြသည်။ လက်နက်သာမက ဆေးဝါးမလုံလောက်မှုပင် အကြီးအကျယ် ကြုံရသည်။ အများအပြားသည် ငှက်ဖျားနှင့် အခြားတောတွင်းရောဂါများ ကူးစက်ခံရသည်။ နယ်စပ်မှတဆင့် လက်နက်ကိုင်ပုန်ကန်ရန် စိတ်ကူးသည် မည်သည့်အခါကမျှ အကောင်အထည် ပေါ်လာခြင်းမရှိပေ။ ထိုစဉ်က ABSDF အဖွဲ့ဝင်များသည် ၎င်းတို့ဇာတိမြို့များသို့ ပြန်ကြသည် သို့မဟုတ် အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျနှင့် ဥရောပတွင် အဝေးရောက်ဘ၀ဖြင့် အဆုံးသတ်ကြသည်။
ယခုအခါတွင်လည်း လက်နက်ကိုင်ပုန်ကန်မှုရှိသော်လည်း မြန်မာနိုင်ငံတွင် ယခင်က မတွေ့ဘူးသည့် မြို့ပြပြောက်ကျားများလည်း ပါဝင်လာသည်။ တနိုင်ငံလုံးမှ မြို့ကြီး၊ မြို့ငယ်များတွင် ဗုံးများ နေ့စဉ် ဆိုသလိုပေါက်ကွဲနေသည်မှာ မြို့တော်ဟောင်းရန်ကုန်တွင်သာမက မြို့တော်သစ် နေပြည်တော်တွင်လည်း ပေါက်ကွဲသည်။ စစ်ကောင်စီ ဒလံဟု သံသယရှိသူများကို လုပ်ကြံသတ်ဖြတ် နေပြီး စစ်တပ်ပိုင် မိုင်တယ် ဆက်သွယ်ရေးတာဝါများကို ဖေါက်ခွဲနေကြသည်။ ဗမာလွှမ်းမိုးနေသည့် အလယ်ပိုင်းဒေသများတွင် လှုပ်ရှားနေသည့် ဒေသခံ ခုခံရေးတပ်များသည် စစ်ကောင်စီယာဉ်တန်းများကို သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ချုံခိုတိုက်ခိုက်သည်။ ထို့အပြင် ယခုစစ်တပ်သည် ၁၉၈၀ ခုနှစ်များနှင့် ထိုမတိုင်မီကကဲ့သို့ စည်းကမ်းတင်းကျပ်သည့် တပ်ဖွဲ့မဟုတ်တော့ပေ။ အင်တာနက် တက်ကြွလှုပ်ရှားသူများအပြင် ပြည်တွင်းမှရသည့် သတင်းများကို အခြေခံပြောရပါက စစ်တပ်သည် ရာပေါင်းများစွာသော သေဆုံးမှုများနှင့် ထိုထက် ပိုမိုများပြားသည့် ထိခိုက်ဒဏ်ရာရမှုများကို ခံစားနေရသည်။
ထို့အပြင် ယခင် NCGUB သည် အသိအမှတ်ပြုခံရခြင်းဟု ယူဆနိုင်သည့် မည်သည့်အရာကိုမျှ မရခဲ့ပေ။ ၂၀၁၀ နောက်ပိုင်းတွင် အသုံးမဝင်တော့ဘဲ နောက် ၂ နှစ်အကြာတွင် ဖျက်သိမ်းရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၁၉၉၀ ကကဲ့သို့မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ ထောက်ခံမှုကို ရသည်။ ပြည်ပအစိုးရများနှင့် အလွတ်သဘော ဆွေးနွေးပွဲများ ကျင်းပသည်။ အောက်တိုဘာလ ၅ ရက်နေ့တွင် ပြင်သစ် အထက်လွှတ်တော်က NUG ကို အသိအမှတ်ပြုသည်ဟု ယူဆနိုင်သည့် လုပ်ရပ်ကို လုပ်ဆောင်သည်။ ထိုဆုံးဖြတ်ချက်ကိုပင် ဥရောပပါလီမန်ကလည်း နောက်တရက်တွင် အတည်ပြုသည်။ အောက်တိုဘာလ ၆ ရက်နေ့ မလေးရှားအစိုးရက စစ်ကောင်စီသည် မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက် မရှိပါက NUG နှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း နေပြည်တော်ကို သတိပေးလိုက်သည်။
အဆုံးအဖြတ်ပေးမည့်အချက်များမှာ ၁၉၈၈ ခုနှစ်က မရှိသောအခြေအနေများဖြစ်သည့် အောင်မြင်ခဲ့သည့် ပြည်တွင်းစီးပွားရေးပတ်ဝန်းကျင်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖြစ်န်ိုင်သည်။ အချုပ်အားဖြင့်ဆိုရပါက စီးပွားရေးသည် ပြိုလဲတော့မည်ဖြစ်သည်။
သို့သော် အဆုံးအဖြတ်ပေးမည့်အချက်များမှာ ၁၉၈၈ ခုနှစ်က မရှိသောအခြေအနေများဖြစ်သည့် အောင်မြင်ခဲ့သည့် ပြည်တွင်းစီးပွားရေးပတ်ဝန်းကျင်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖြစ်န်ိုင်သည်။ သပိတ်မှောက်မှုများနှင့် စစ်ကောင်စီ၏ ဖြိုခွဲမှုများသည် စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာဆိုးရွားသည်။ မြန်မာ့စီးပွားရေး တနှစ်တာကျဆင်းမှုသည် ၁၈ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ဇူလိုင်လတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည့်အတွက် မတ်လက ခန့်မှန်းထားသည်၏ ၂ ဆ ဖြစ်နေသည်။ အခြားအဖွဲ့အစည်းများ၏ ခန့်မှန်းချက်မှာ ပိုမိုဆိုးရွားနေသည်။ ဥပမာဆိုရပါက ကမ္ဘာ့ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်မှုအဆင့်သတ်မှတ်သည့် လုပ်ငန်းဖြစ်သည့် Fitch Solutions က မြန်မာ့စီးပွားရေးသည် ၂၀ ရာခိုင်နှုန်းအထက်ကျသွားမည်ဟု ခန့်မှန်းသည်။ အချုပ်အားဖြင့်ဆိုရပါက စီးပွားရေးသည် ပြိုလဲတော့မည်ဖြစ်ပြီး ထိုကိစ္စအတွက် အပြစ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းသည့် ဆုံးဖြတ်ချက်အပေါ် ပုံကျနေသည်။
ဒေသတွင်းကုန်သွယ်ဘက်များဖြစ်သည့် ASEAN နှင့် တရုတ်တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဂရုမစိုက်သော်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာစစ်မြေပြင်တွင် မီးခိုးဖုံးသွားသည်ကို မမြင်လိုကြပေ။ တရုတ်သည် မြန်မာနိုင်ငံ၏ ထွန်းသစ်စ စက်မှုလုပ်ငန်းနှင့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့သော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းများလည်း လုပ်နေပြီး ကုန်သွယ်ရေးအတွက် ဧရာဝတီမြစ်ကိုလည်း သောင်တူးရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများအား ရှောင်လွှဲမရမှသာ တရုတ်က မြင်လိုသည်။
စင်္ကာပူသည် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံသို့ တွင်းထွက်လောင်စာ၊ ရေနံ၊ အီလက်ထရောနစ်နှင့် စက်ပစ္စည်းများအဓိကပါသည့် ဒေါ်လာ ၂.၇ ဘီလီယံတန်သော ကုန်စည်များပို့သည်။ အာဏာမသိမ်းမီက ဗီယက်နမ်နှင့် ကုန်သွယ်ရေးသည်လည်း ထွန်းကားနေပြီး ဗီယက်နမ်လုပ်ငန်းများသည် ရန်ကုန်မှ အိမ်ခြံမြေလုပ်ငန်းများနှင့် ကြီးမားသည့် ဈေးဝယ်စင်တာတွင် ရင်းနှီးမြှုပ်နှံထားသည်။ မိုင်တယ်သည် စစ်အုပ်စုထိန်းချုပ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံမဟုတ်သည့် ဗီယက်နမ်သည် ပြည်ပနိုင်ငံတခုတွင် စစ်အာဏာသိမ်းသည်ကို ပုံမှန်အားဖြင့် ဂရုစိုက်မည်မဟုတ်သော်လည်း ဗီယက်နမ်တို့သည် ၎င်းတို့ ပူးတွဲပိုင်ဆိုင်သည့် မိုင်တယ်တာဝါတိုင်များ ဖေါက်ခွဲခံနေရပြီး အခြားစီးပွားရေးများလည်း စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးရသည်ကို မြင်ရသည်မှာ စိတ်ချမ်းသာမည်မဟုတ်ပေ။
ယခု စစ်ကောင်စီ မည်သို့ တစခန်းရပ်မည်ကို မခန့်မှန်းနိုင်ပါ။ သို့သော်လည်း သေချာပေါက် ပြောနိုင်သောအချက်မှာ မင်းအောင်လှိုင်နှင့် လက်ပါးစေများသည် ကြမ္မာငင်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာလုယူမှုမတိုင်မီက ယခုအခြေအနေများ၏ မည်သည်ကိုမျှ ကြိုမမြင်နိုင်ခဲ့ဆိုသည့်အချက်ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ ဆက်လက်ရှင်သန်နိုင်မည်လောဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ SLORC သည် ယခုစစ်ကောင်စီကဲ့သို့သော ပြည်တွင်းပြည်ပဖိအားများကို မခံစားရပေ။ သို့သော် နောက်ဆုံးတွင် ရှောင်လွှဲမရနိုင်ဖွယ်ရှိသော ပိုမိုနက်ရှိုင်းသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကျပ်အတည်း ကျရောက်သောအခါ စစ်တပ်အတွင်း ဖြစ်လာမည့်အခြေအနေများအပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်ခဲ့ပုံရသည်။ ယခု စစ်ကောင်စီ မည်သို့ တစခန်းရပ်မည်ကို မခန့်မှန်းနိုင်ပါ။ သို့သော်လည်း သေချာပေါက် ပြောနိုင်သောအချက်မှာ မင်းအောင်လှိုင်နှင့် လက်ပါးစေများသည် ကြမ္မာငင်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာလုယူမှုမတိုင်မီက ယခုအခြေအနေများ၏ မည်သည်ကိုမျှ ကြိုမမြင်နိုင်ခဲ့ဆိုသည့်အချက်ဖြစ်သည်။ ၁၉၈၈ ကဗိုလ်ချုပ်များကဲ့သို့ ၂၀၂၁ ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်ပေ။
(ဘာတေးလ်လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Under the Tatmadaw: Much Has Changed Since 1988 ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
ASEAN က မြန်မာစစ်ရာဇဝတ်ကောင်များကို ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဖိတ်မှာလား
စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်
နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား