အာဏာရှင် မင်းအောင်လှိုင်နှင့် အကြမ်းဖက် လက်နက်ကိုင်စစ်တပ်သည် ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၈ ရက်နေ့က မီးလောင်တိုက်သွင်းလိုက်သည်။ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ကလေးကဘော် ဒေသ နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဟားခါးမြို့၊ ထန်တလန်မြို့နှင့် အခြားမြို့နယ် အသီးသီးရှိ ချင်းလူမျိုး တို့သည် အကြမ်းဖက် လက်နက်ကိုင် စစ်တပ်၏ အပြင်းအထန် ချေမှူန်းခြင်းကို ခံနေကြရပါသည်။
ချင်းပြည်နယ်တွင် ချင်းလူမျိုး ၄ သိန်းကျော်နေထိုင်ကြသည်။ ၎င်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၀.၉ ရာခိုင်နှုန်းခန့်သာရှိပြီး ဗမာတိုင်းရင်းသား လူဦးရေ၏ ၁.၅ ရာခိုင်နှုန်းမျှသာရှိသည့် လူမျိုးဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရသော် စစ်တပ်ရှိ လူဦးရေနှင့် ချင်းလူမျိုး၏ လူဦးရေပမာဏသည် မတိမ်းမယိမ်းဟု ယေဘုယျအားဖြင့် တွက်ချက်နှိုင်းယှဉ်၍ ရသည်။
စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ လူနည်းစု လူမျိုးတမျိုးဖြစ်သော ချင်းလူမျိုးတို့အတွက် ထိတ်လန့် ခြောက်ခြားဖွယ်ကောင်းသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု လမ်းကြောင်းဆီသို့ ဦးတည်ကာ ရွေ့လျှားလျက်ရှိနေသည်။
စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ လူနည်းစု လူမျိုးတမျိုးဖြစ်သော ချင်းလူမျိုးတို့အတွက် ထိတ်လန့် ခြောက်ခြားဖွယ်ကောင်းသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု လမ်းကြောင်းဆီသို့ ဦးတည်ကာ ရွေ့လျှားလျက်ရှိနေသည်ကို တွေ့မြင်ရပါသည်။
လူမျိုးသုဉ်းသတ်ဖြတ်မှု အဓိပ္ပါယ်
စာရေးဆရာ ဘားထရို့က ၂၀ ရာစုနှစ်သည် “လူမျိုးသုဉ်းသတ်ဖြတ်မှု ရာစု” ဖြစ်သည်ဟု သမုတ်ခဲ့ဖူးသည်။ အာမေးနီးယန်းလူမျိုးများ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ဂျူးလူမျိုးတို့၏ မီးလောင် တိုက်သွင်းခံမှုနှင့် ရဝမ်ဒါတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု တို့သည် ထိုအဓိပ္ပါယ်နှင့်ကိုက်ညီသော နှစ်ဆယ်ရာစု၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်သည်။
“Genocide လူမျိုးသုဉ်းသတ်ဖြတ်မှု” ဟူသည့် အသုံးအနှုန်းကို ၁၉၉၄ ခုနှစ်တွင် ရာဖာအယ်လ် လန်ကင်းက ၎င်း၏ “Axis Rule in Occupied Europe” စာအုပ်တွင် ပထမဆုံးဖော်ပြ အသုံးပြုခဲ့သည်။ “လူမျိုးသုဉ်းသတ်ဖြတ်မှု ” ဟူသော ဝေါဟာရ၏ ဗျုပ္ပတ်ဗေဒသည် ရင်းမြစ်စကားလုံး Genos (ဂရိဘာသာဖြင့် “လူမျိုးနွယ်”) နှင့် Caeder (လက်တင်ဘာသာဖြင့် “သတ်ရန်”) မှ ဆင်းသက်သည်ကို တွေ့ရပါသည်။ လူမျိုးနွယ်/စုကို သတ်ဖြတ် ခြင်းဟု အဓိပ္ပါယ်ရသည်။
၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ဆိုင်ရာ သဘောတူ စာချုပ် (Genocide Convention) အရ လူမျိုးသုဉ်းသတ်ဖြတ်မှု ဆိုသည်မှာ “နိုင်ငံသား၊ လူမျိုးစုတစု၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအုပ်စု တခုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတခု” ဖြစ်သည်။ ၎င်းစာချုပ်၌ပင် “သမိုင်းကာလတိုင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုသည် လူသားမျိုးနွယ် အပေါ် ကြီးစွာသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်” ဟု မှတ်ချက်ချသည်။

ငြိမ်းချမ်းရေးကာလ၌ဖြစ်စေ စစ်မက်ဖြစ်ပွားချိန်၌ဖြစ်စေ နိုင်ငံသား၊ လူမျိုးစုတစု၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအုပ်စု တခုအပေါ် တခုလုံး (သို့မဟုတ်) တစိတ်တပိုင်း ဖျက်ဆီးရန် သီးခြား ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ဟု သတ်မှတ်ထားသည်။ (Section 1091(a) of title 18, United States Code)။
နိုင်ငံတကာဥပဒေ ပြဌာန်းချက်များ၏ အနက်ဖွင့်ဆိုချက်အရ လူမျိုးသုဉ်းသတ်ဖြတ်မှု ဟု အဓိပ္ပါယ် ဖွင့်ဆိုရာတွင် နိုင်ငံတနိုင်ငံရှိ (၁) နိုင်ငံသား၊ လူမျိုးစုတစု၊ ဘာသာရေးနှင့် လူမျိုးရေးအုပ်စုများ (၂) နိုင်ငံသား၊ လူမျိုးစုတစု၊ ဘာသာရေးနှင့် လူမျိုးရေးအုပ်စု တစုစုအပေါ် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရန်အလို့ငှာ အကြမ်းဖက်တိုက်ခိုက်ခြင်းများနှင့် (၃) နိုင်ငံသား၊ လူမျိုးစုတစု၊ ဘာသာရေးနှင့် လူမျိုး ရေးအုပ်စု တစုစုအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်စေရန် ဖျက်ဆီးလုပ်ဆောင်မှုများ ပါဝင်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ရက်စက်ကြမ်းကြုတ်သည့် စစ်တပ်သည် မြန်မာပြည်သူများအပေါ်နှင့် အထူးသဖြင့် ချင်းလူမျိုးတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေပါသည်။
အထက်ဖော်ပြပါ နိုင်ငံတကာဥပဒေပြဌါန်းချက်များအရ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ရက်စက်ကြမ်းကြုတ်သည့် စစ်တပ်သည် မြန်မာပြည်သူများအပေါ်နှင့် အထူးသဖြင့် ချင်းလူမျိုးတို့အပေါ် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်းကို တွေ့ရှိရမည်ဖြစ်ပါသည်။
ချင်းနဲ့ ဗမာ လူမျိုးရေးမုန်းတီးမှု မဟုတ်
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အာဏာရှင်မင်းအောင်လှိုင်နှင့် ၎င်း၏အကြမ်းဖက် လက်နက်ကိုင်စစ်တပ်သည် လက်နက်အင်အား၊ လူအင်အားအပြည့်ဖြင့် ချင်းပြည် နယ်ကို ဝန်းရံပိတ်ဆို့ထားသည်။ တူမီးသေနတ်ဖြင့် မိမိကိုယ်ကိုယ် ကာကွယ်သည့် ချင်းလူမျိုးတို့ကို ခေတ်မှီလက်နက်ကြီးများဖြင့် တိုက်ခိုက်ချေမှူန်းသည်။ ဂျက်တိုက် လေယာဉ်ကြီးများကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်သည်။
အစာရေစာဖြတ်တောက်သည်။ မြို့နှင့် ကျေးလက်တောရွာများကို မီးရှို့ဖျက်ဆီးသည်။ အမျိုးသမီးများကို မုဒိမ်းကျင့်သည်။ မြင်လေရာ လူငယ်များကို ရိုက်နှက်၊ ဖမ်းဆီးချုပ်နှောင် အကျဉ်းချသည်။ အချို့ကို အသေသတ်သည်။ ပြည်သူများ၏ စည်းစိမ်ဥစ္စာကို အဓမ္မလုယူသည်။ နေအိမ်များကို ဖျက်ဆီး ထွင်းဖောက် ခိုးယူသည်။ ဓါးပြတိုက်ယူသည်။ အပြစ်မဲ့ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်သည်။ ပြည်သူများကို မြို့ရွာများမှ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းစေရန် တမင်ဖန်တီး အကွက်ဆင်သည်။
ယခင် စစ်အစိုးရလက်ထက်ကပင် ချင်းလူမျိုးများသည် ညှဉ်းပမ်းနှိပ်စက်ခြင်းကို သည်းညည်းခံခဲ့ကြရသည်။ အခြေခံလွတ်လပ်ခွင့်များကို ပိတ်ပင်ခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်ပေးခြင်း၊ အခြားလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘာသာရေးလွတ်လပ်ခွင့်များကို ပိတ်ပင် ဖိနှိပ်ခြင်းများသည် ချင်းပြည်နယ်သာမက မြန်မာပြည်တနံတလျားရှိ လူမျိုးတိုင်း ခံစားကြရသည်။ ချင်းနှင့် ဗမာ လူမျိုးရေး ပြဿနာမဟုတ်။ စစ်အာဏာရှင်များ၏ ကျူးလွန်မှုသာဖြစ်သည်။ ချင်းတောင်တန်းနှင့် ကပ်လျက် ဗမာမြေပြန့်ဒေသများ၌ပင် မင်းအောင်လှိုင်နှင့် သူ့စစ်တပ်ကို တော်လှန်နေကြသည် မဟုတ်လော။

မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက် လက်နက်ကိုင် စစ်သည်များ၏ လုပ်ရပ်များက ချင်းပြည်သူများကို တစိုးတစိမျှ တုန်လှုပ်ခြောက်ခြား စေခြင်း မရှိ။ အကြောင်းမှာ အာဏာရှင် စစ်အုပ်စုသည် မိမိတို့အာဏာတည်မြဲရေးအတွက် ၎င်းလူမဆန်သည့် ရွှံ့ရှာ မုန်းတီးဖွယ်ကောင်းသည့် စစ်ရာဇဝတ်မှုကို ခေတ်အဆက်ဆက် ကျူးလွန်ခဲ့ကြသည်ကို သိနားလည်ထားပြီး ဖြစ်သောကြောင့်ပင်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ယနေ့တိုင် ရာစုနှစ်တခုမျှတိုင်အောင် စစ်တပ်သည် ကချင်လူမျိုး၊ ကရင်လူမျိုး၊ ရှမ်းလူမျိုးနှင့် အခြားသော လူနည်းစုလူမျိုးများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ပွဲများကို ဆင်နွှဲနေခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘာသာရေးလွတ်လပ်ခွင့်များကို ပိတ်ပင် ဖိနှိပ်ခြင်းများသည် ချင်းပြည်နယ်သာမက မြန်မာပြည်တနံတလျားရှိ လူမျိုးတိုင်း ခံစားကြရသည်။ ချင်းနှင့် ဗမာ လူမျိုးရေး ပြဿနာမဟုတ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရက်စွဲပါ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့၏ (United Nations Independent International Fact Finding Mission on Myanmar) ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချ သုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်သည်များသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် “လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်” ဖြင့် ဖျက်ဆီးတိုက်ခိုက်ခဲ့သည်ဟု ရှာဖွေတွေရှိခဲ့ပါသည်။
ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်မျိုးကို မင်းအောင်လှိုင်နှင့် ၎င်း၏စစ်တပ်သည် ချင်းလူမျိုးတို့ အပေါ် ကျူးလွန်လျက်ရှိနေပြီဟု ကောက်ချက်ချရမည်။ မင်းအောင်လှိုင်နှင့် အပေါင်းအပါ စစ်အာဏာရှင်များသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာမှသည် လူမျိုးသုဉ်း သတ်ဖြတ်မှုဆီသို့ ဦးတည်နေသည်မှာ ထန်တလန်မြို့ကို မီးတင်ရှို့ခဲ့သည်အထိ တနေ့ပြီးတနေ့ ထင်ရှားပေါ်လွင်လာသည်။
ချင်းခေါင်းဆောင်များ တင်ပြချက်
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က The Pastors Fellowship USA ကိုယ်စားလှယ်များအနေဖြစ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ကျုံလျန်ဟုတ်၊ သိက္ခာတော်ရဆရာတော် ဒေါက်တာ ရိုလင်ဗန်ဗျက်တို့နှင့်အတူ အထက်လွှတ်တော်အမတ် Ben Cardin ၏ Chief of Staff နှင့် တွေ့ဆုံစဉ်ခါ အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် (ကွန်ဂရက်) တွင် အစီရင်ခံတင်ပြ ဆွေး နွေးမည့် Burma Act of 2021 နှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ၏ အနာဂတ်ကံကြမ္မာနှင့် စပ်လျှင်း၍ သော်လည်းကောင်း ဆွေးနွေးသုံးသပ်တင်ပြနိုင်ခဲ့သည်။
၎င်းအစည်းအဝေးတွင် မင်းအောင်လှိုင်နှင့် ၎င်း၏ အာဏာသိမ်းစစ်အုပ်စုတို့သည် ချင်းလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ရေး ရည်ရွယ်ချက်ရှိနေကြောင်းနှင့် ၎င်းရည်ရွယ်ချက်ဖြင့် ချင်းပြည် နယ်နှင့် ချင်းလူမျိုးများကို ဖျက်ဆီးတိုက်ခိုက်၊ ရှင်းလင်းသုတ်သင်လျှက်ရှိကြောင်းကို အစီရင်ခံတင်ပြ ဆွေးနွေးခဲ့သည်။
ဖက်ဒရယ် ဗိသုကာ ပညာရှင်တဦးဖြစ်သည့် NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ဗီဒီယိုမိန့်ခွန်းတွင်လည်း အာဏာသိမ်း စစ်အုပ်စုသည် ချင်းလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စစ်ပွဲကို အကြီးအကျယ် ဆင်နွဲလျှက်ရှိသည်ဟု ပြောဆို ခဲ့သည်။
ချင်းလူမျိုးတို့ နားလည်သိရှိထားသည့် အရာတခုမှာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်ရာတွင် မိမိတို့၏ အသက်စည်းစိမ်၊ အိုးအိမ်နှင့် အသက်ကို ပေးဆပ် စွန့်လွှတ် အနစ်နာခံကြရမည်ဆိုသည့် အသိစိတ် ခံယူမှုဖြစ်သည်။
မင်းအောင်လှိုင်နှင့် အပေါင်းအပါ စစ်အာဏာရှင်များသည် မိမိတို့ ရှေ့ မှောက် မြန်မာလူထု တရပ်လုံး ဒူးထောက် အရှုံးပေးလာစေရန်၊ မိမိတို့အာဏာ အစဉ်ထာဝရ တည်မြဲရေးနှင့် လူတစု ကောင်းစားရေးအတွက် မြန်မာလူထု တရပ်လုံးအပေါ် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုများကို မရှက်မကြောက် ကျူးလွန်လျက် ရှိသည်မှာ ထင်ရှားပါသည်။
မြန်မာပြည်သူပြည်သားများနှင့်အတူ ချင်းလူမျိုးတို့ နားလည်သိရှိထားသည့် အရာတခုရှိပါသည်။ ၎င်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်ရာတွင် မိမိတို့၏ အသက်စည်းစိမ်၊ အိုးအိမ်နှင့် အသက်ကို ပေးဆပ် စွန့်လွှတ် အနစ်နာခံကြရမည်ဆိုသည့် အသိစိတ် ခံယူမှုဖြစ်သည်။
ချင်းအမျိုးသားတို့သည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးပိုင်ခွင့်၊ ချင်းလူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ရန်နှင့် မြန်မာပြည်သူပြည်သားများနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းရန် သံဓိဋ္ဌာန်ချ၊ သွေးသစ္စာဆိုပြီးဖြစ်သည်။
(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)
You may also like these stories:
စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ
ချင်းက မသန်စွမ်း စစ်ရှောင်တွေကို ကူညီပါ