၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံအခြေအနေသည် ဆက်တိုက် ယိုယွင်းပျက်စီးနေပြီး ပြည်သူလူထုသည် ကျန်းမာရေးအခွင့်အရေးများသာမက အခြားသော လူ့အခွင့်အရေးများကိုပါ ဆိုးရွားစွာ ထိခိုက်နေသော ကြောက်မက်ဖွယ်အခြေအနေတွင် နေထိုင်ကြရသည်။ ယခု စာရေးချိန်တွင် လူပေါင်း ၉၈၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။ ပထမဆုံး သတ်ဖြတ်ခံရသူမှာ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလက နေပြည်တော်ရှိ ဆန္ဒပြပွဲတခုတွင် ချိန်ရွယ် ပစ်သတ်ခံရသည့် အသက် ၁၉ နှစ်သာရှိသေးသော အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်ဖြစ်သည်။
ကိုးလကြာ ခုခံမှုသည် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုကြီးမားစွာဖြစ်စေပြီး လူအများအပြားသည် ဒေါသ၊ စိုးရိမ်ပူပန်မှု၊ အားကိုးရာမဲ့မှုများကို ခံစားနေရပြီး လူငယ်များသည် ပျောက်ဆုံးသွားသောအနာဂတ်အတွက် စိတ်ဓါတ်ကျဆင်းနေကြသည်။ ထိခိုက်ဆုံးရှုံးရသော မိသားစုများသည် ကပ်ရောဂါနှင့် အကြမ်းဖက်မှုများကြောင့် မိသားစုဝင်များ ဆုံးရှုံးခြင်းကို ရင်ဆိုင်နေရသည်။ သိမ်းကြုံးအကြမ်းဖက်၊ ဖိနှိပ်သောအခြေအနေတွင် အိပ်မပျော်သောရောဂါ၊ စိတ်ဖိစီးမှုနှင့် သေကြောင်းကြံမှုများမြင့်မားနေသည်။
ကျန်းမာရေးဝန်ထမ်းများသည် ဆက်လက်ပြီး ကြားနေ မရတော့ပေ။ ၎င်းတို့သည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပထမဆုံးပါဝင်သူများဖြစ်လာပြီး နိုင်ငံနှင့်ပြည်သူများဘ၀ သာယာစိုပြေရေးအတွက် ရွေးကောက်ခံအစိုးရထံ အာဏာပြန်အပ်ရန် စစ်ကောင်စီကို ဖိအားပေးကြရသည်။ စစ်ကောင်စီကလည်း ထိုသို့သပိတ်မှောက်သော သို့မဟုတ် CDM လှုပ်ရှားမှုကို ထောက်ခံသော ကျန်းမာရေးဝန်ထမ်းများကို မည်သည့်ဆေးဘက်ဆိုင်ရာ ဌာနတွင်မဆို ကျန်းမာရေးဝန်ဆောင်မှုပေးခွင့် ရုတ်သိမ်းမည့်အပြင် သပိတ်မှောက်ခြင်းကို ကူညီသူများကိုပါ ဥပဒေဖြင့်ပါ အရေးယူမည်ဟု ကြေညာတုံ့ပြန်သည်။
စစ်အာဏာသိမ်းဆန့်ကျင်သူ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်ခြင်းသည် အရပ်သားများ၏ ဆန့်ကျင်မှုကို ချေမှုန်းရေး ပြည်သူ့ကျန်းမာရေးကို လက်နက်သဖွယ်သုံးရန် စစ်ကောင်စီက သုံးသည့် နည်းလမ်းများအနက် တခု ဖြစ်သည်။ ထိုသေနင်္ဂဗျူဟာကို ကျင့်သုံးရာတွင် ပိုမိုကျယ်ပြန့်သည့် အများပြည်သူကျန်းမာရေး၊ လူသားနှင့် လူမှုရေးအရ ပေးဆပ်ရမည့်တန်ဖိုးကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် ဒဏ်ရာရသော အရပ်သားများအား ဆေးကုသပေးခြင်းအတွက်ပင် ဆရာဝန်များ၊ သူနာပြုများကို ဖမ်းဆီးသည်။
စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့်အနေဖြင့် ကမ္ဘာ့ဆေးပညာအသင်းကြီးက “စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုသည့် သည်းမခံနိုင်လောက်အောင်ပင်။ အရေးပေါ်ကုသမှုပေးသည့် ပုဂ္ဂလိကဆေးခန်းများ၊ ဆေးဝန်ထမ်းများနှင့် လူနာတင်ယာဉ်များကို အကြောင်းမဲ့ပစ်ခတ်သည်။ ဆရာဝန်များ အဖမ်းခံနေရခြင်းနှင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း မခံရရန် နေအိမ်များမှ ထွက်ပြေးပုန်းအောင်နေသည့် သတင်းများကို မိမိတို့ရရှိထားသည်” ဟု ဖေါ်ပြခဲ့သည်။ ထိုသတင်းများကို လူ့အခွင့်အရေးဆိုင်ရာ မြန်မာ ဆရာဝန်များကွန်ရက်က အတည်ပြုပေးခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုစောင့်ကြည့်ရေးစနစ်က သက်သေအထောက်အထားများ ပေးသည်။ ယခုအခါ ထိုစောင့်ကြည့်မှုစနစ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးလုပ်သားများအတွက် အန္တရာယ်အကြီးမားဆုံးဒေသများအနက် တခုအဖြစ် သတ်မှတ်လိုက်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်တနှစ်တည်းတွင်ပင် မှတ်တမ်းတင်နိုင်သည့် ကျန်းမာရေးလုပ်သားများအပေါ် တိုက်ခိုက်မှု ၂၆၀ ရှိပြီး တကမ္ဘာလုံးတွင်ဖြစ်ပွားသည့် ကျန်းမာရေးလုပ်သားများအပေါ်တိုက်ခိုက်မှုအားလုံး၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။
ထိုသို့သော တိုက်ခိုက်မှုများသည် ၂၀၂၁ ဇူလိုင်လတွင် အထွဋ်အထိပ်ရောက်သည့် ကိုဗစ်နိုင်တင်း တတိယလှိုင်းအတွင်း ဖြစ်ပွားခြင်းဖြစ်သည်။ ထိုတိုက်ခိုက်များအတွင်း သာမန်ပြည်သူများနှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများသည် ၎င်းတို့ကိုယ်၎င်းတို့ကာကွယ်ရန် ဆေးဝါးကုသမှုခံယူရန်နေရာနှင့် အောက်ဆီဂျင် ရှာကြရသည်။ စစ်ကောင်စီက ပြည်သူများကို ပိုမိုဖမ်းဆီးလာသောကြောင့် ထောင်အတွင်း လူကျပ်ခြင်းသည်လည်း ပိုမိုဆိုးရွားလာပြီး ကိုဗစ်နိုင်တင်း ကူးစက်မှုကို ပိုမိုဆိုးရွားစေသည်။ အကျဉ်းသားများ အထူးသဖြင့် နိုင်ငံအကျဉ်းသားများ ဆေးဝါးကုမှုရသည် ဆိုလျှင်ပင် မည်သို့သောကုသမှုဖြစ်သည်ကို သတင်းမသိရပေ။ နှာခေါင်းစည်းမရဘဲ တကိုယ်ရည် သန့်ရှင်းမှု အခြေအနေသည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားကြောင်း ပြန်လည်လွတ်မြောက်လာသူများ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သို့ပြောသည်။
စစ်အာဏာသိမ်းမှု အမြန်ဆုံးကျဆုံးရေးဆိုသည့် စိတ်ဓါတ်မျိုးအားလုံးတွင် ရှိနေသောကြောင့် ပြည်သူများကလည်း ကျန်းမာရေးလုပ်သားများဘက်မှ ရပ်တည်ကြသည်။ ပြည်သူများက စစ်ကောင်စီကို မယုံကြည်ကြဘဲ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံခြင်း မရှိကြပေ။ ကိုဗစ်နိုင်တင်း ကူးစက်ခံထားရနိုင်သည်ဖြစ်စေ၊ ကာကွယ်ဆေးထိုးလိုသည်ဖြစ်စေ ပြည်သူများက စစ်ကောင်စီထံမှ ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံခြင်းကို ရှောင်ရှားကြသည်။
ဆရာဝန်များနှင့် သူနာပြုများသည် အစိုးရနှင့် မပတ်သက်သောနေရာများတွင် အန္တရာယ်ကို ရင်ဆိုင်ပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးနေချိန်တွင် စစ်ကောင်စီက ထိုကျန်းမာရေး လုပ်သားများသည် အလုပ်ဌာနသို့ မလာသောကြောင့် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲလိုက်သေးသည်။ သို့သော် မည်သူတို့သည့် ရက်စက်ကြမ်းကြုတ်မှုများကို အမှန်တကယ် ကျူးလွန်နေသနည်း။ စစ်ကောင်စီ၏ အကြမ်းဖက်မှုများသည် မည်သူ့ကိုမျှ ကလေးငယ်များကိုပင် ချမ်းသာမပေးပေ။ စစ်အာဏာသိမ်းပြီး ၂ အတွင်း အရွယ်မရောက်သေးသူ အနည်းဆုံး ၄၃ ဦး သတ်ဖြတ်ခံရသည်။ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများလည်း အနှံ့အပြား ဖြစ်ပေါ်သည်။ စစ်အုပ်စုက တိုင်းရင်းသားလူနည်းစုများကို စစ်ဆင်ရာတွင် အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ်သုံးသည်ဟု ကျော်ကြားလှသော နိုင်ငံတွင် ရှေ့တန်းမှ ဆန့်ကျင်ကန့်ကွက်ရဲသည့် အမျိုးသမီးများသည် လိင်ပိုင်ဆိုင်ရာ တိုက်ခိုက်မှု ခံရသည်။ အထူးသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရချိန်တွင် ထိုသို့ တိုက်ခိုက်ခံရသည်။ ခုခံရေးလှုပ်ရှားမှုတွင် ပါဝင်သော LGBTI တက်ကြွလှုပ်ရှားသူများလည်း အလားတူ အကြမ်းဖက်ခံရပြီး ယခင်ရှိပြီး အာဃာတဖြင့် ပိုမိုဆိုးရွားသည့် စော်ကားမှုများကို ရင်ဆိုင်ရသည်။
ကျန်းမာရေးနှင့် ဘဝသာယာစိုပြေရေးကို ပြန်လည်ထိန်းသိမ်းရန်မှာ စစ်ကောင်စီက ကျူးလွန်ခဲ့သော၊ ဆက်လက်ကျူးလွန်နေသော ကြောက်မက်ဖွယ် အခြေခံ လူ့ဂုဏ်သိက္ခာချိုးဖေါက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် လိုသည်။ ထိုသို့သော ကျူးလွန်မှုများတွင် ကျန်းမာရေးစနစ်ကို လက်နက်သဖွယ်သုံးခြင်းသည် ကြေကွဲစရာကောင်းပြီး ခွင့်မလွှတ်နိုင်လောက်သည့် ဥပမာတခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးလုပ်သားများ အနေဖြင့် မိမိတို့သည် ယခုအခြေအနေကို ဆက်လက်ပြီး ငြိမ်သက်စွာစောင့်ကြည့်နေပါက မည်သူ့ကိုမျှ အန္တရာယ်မကျရောက်စေရေးဆိုသည့် မိမိတို့၏ ကျင့်ဝတ်တာဝန်ကို ဖေါက်ဖျက်ရာရောက်သည်။
စစ်ကောင်စီကို မည်သည့် အသိအမှတ်ပြုမှု၊ တရားဝင်မှုမျှ မပေးရဟု မိမိတို့ယုံကြည်သည်။ ကမ္ဘာ့ကျန်းမာရေး စီမံအုပ်ချုပ်မှုနှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းမဆို ခိုင်မာသောရပ်တည်ချက်ဖြင့် စစ်ကောင်စီအား ထုတ်ပယ်ရမည့်အချိန်ဖြစ်သည်။ ထိုသို့သော လုပ်ဆောင်မှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ပထမဆုံးနှင့် အစောဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ မကြာသေးမီက ကျင်းပသည့် ၇၄ ကြိမ်မြောက်အထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ထုတ်သည့် ဆုံးဖြတ်ချက်ကို မိမိတို့ ကြိုဆိုသည်။ WHO အနေဖြင့် ဦးဆောင်မှုပေးနိုင်ရန်၊ ၎င်း၏မူများကို ကျင့်သုံးနိုင်ရန်နှင့် ၎င်း၏ အခွင့်အရေးအခြေပြု အခွင့်အာဏာကို အကောင်အထည်ဖေါ်နိုင်ရန် စစ်ကောင်စီအပေါ် ပိုမိုပြတ်သား တည်မြဲသည့် အရေးယူမှုများကို မိမိတို့ဆက်လက်စောင့်မျှော်နေသည်။
ဒီမိုကရေစီသည် ကျန်းမာရေးပင်ဖြစ်ပြီး ကျန်းမာရေးသည် ဒီမိုကရေစီပင်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများနှင့်အတူ ရပ်တည်ထောက်ခံကြရန် ကမ္ဘာ့ကျန်းမာရေး အသိုက်အဝန်းအား Sarli, D’Apice နှင့် Cecchi တို့၏တောင်းဆိုမှုကို မိမိတို့ ထပ်မံတောင်းဆိုသည်။ ကျန်းမာရေးနှင့် ဒီမိုကရေစီသည် ပင်ကိုယ်သဘောအရပင် ဆက်စပ်နေပြီး တခုရှိမှ အခြားတခုလည်းရှိနိုင်သည့် ကြိုတင်လိုအပ်ချက်ဖြစ်ပေသည်။
(Fabio Saini နှင့် Marc van der Putten တို့သည် ထိုင်းနိုင်ငံ သမ္မာဆတ်တက္ကသိုလ် Thammasat University ၏ ပြည်သူ့ကျန်းမာရေး မဟာဌာနမှ ဖြစ်ပြီး Rosalia Sciortino သည် SEA Junction မှ အကြီးအကဲ ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်းတို့၏ Myanmar’s Military Regime Has Weaponized Public Health https://www.irrawaddy.com/opinion/guest-column/myanmars-military-regime-has-weaponized-public-health.html ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီတွင် သံတမန်ရေးကစားကွက် မရှိ
ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ
ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး