လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၈ ရက်နေ့သည် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် မင်္ဂလာရှိပြီး အာမခံချက်များ ပြည့်နေသောနေ့ဖြစ်သည်။
တနိုင်ငံလုံးမှ မဲဆန္ဒရှင်သန်းပေါင်းများစွာသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဂုဏ်ယူ၊ ပျော်ရွင်၊ တာဝန်သိစွာဖြင့် ၎င်းတို့၏ ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးရန် မဲရုံများသို့ သွားကြသည်။ ၎င်းတို့၏ အဓိကအကြောင်းရင်းမှာ ရိုးရှင်းသော်လည်း ပြတ်သားသည်။ ၎င်းတို့၏ ဇာတိမြေကို ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ထိန်းသိမ်းထားနိုင်ရေးဖြစ်သည်။ နိုင်ငံသားများအနေဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်း ကြသည်။
သို့သော် ၎င်းမသိနိုင်ခဲ့သောကိစ္စမှာ ထိုနေ့ကဖြစ်ရပ်များသည် နောက်ဆုံးတွင် အတိတ်နမိတ်မကောင်းသော နိုင်ငံရေးရလဒ်နှင့် တနိုင်ငံလုံးဖရိုဖရဲဖြစ်မှုသို့ ဦးတည်နေသည်ဆိုသည့် အချက်ဖြစ်သည်။
နောက် ၃ လကြာသောအခါ ပြည်သူများ၏ ရွေးကောက်ပွဲရလဒ် လုယက်ခိုးယူ ခံရသည်။ ၎င်းတို့ဘဝများကို ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးခံရသည်။ အရှက်တရားကင်းမဲ့သော စစ်ခေါင်းဆောင်များက ရွေးကောက်ခံ အစိုးရထံမှ အာဏာကို ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် လုယူပြီး ရွေးကောက်ပွဲသစ်အကြောင်း ပြောလာသည်။
ရွေးကောက်ပွဲသစ်ဟူ၏။ အသစ်ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မခေါ်မီ နာရီအနည်းငယ်အလို ဖေဖေါ်ဝါရီ ၁ ရက်နေ့ နံနက်တွင် အာဏာကို သိမ်းယူခဲ့သော ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲသစ် ကျင်းပရေးကို စပြောလာခဲ့သည်။
“ဘာစကားပြောတာလဲ” ဆိုသည်သာ ထိုကိစ္စအပေါ် မြန်မာပြည်သူများ၏ တုံ့ပြန်မှုကို လုံလောက်စွာ ဖေါ်ပြနိုင်သော မေးခွန်းဖြစ်သည်။ ပြည်သူများသည် လွန်ခဲ့သော ၃ ကပင် မဲပေးပြီးဖြစ်သည်။ ထိုရွေးကောက်ပွဲများ လွတ်လပ်မျှတကြောင်း ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးက ပြောကြားထားပြီးဖြစ်သည်။ အငြင်းပွားဖွယ်မရှိပေ။ ဂရက်ဖစ်တီ သမားများက နံရံများတွင် “Fuck the coup” ဟု ပက်ဖြန်းရေးဆွဲပြီး တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ သန်းပေါင်းများစွာ ကိုယ်စားပြောကြားပေးသည်။
အာဏာသိမ်းပြီး ၆ လအကြာ သြဂုတ်လ ၁ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင်က သူ၏အသစ်ဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရတွင် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ပြီး ရွေးကောက်ပွဲသစ်အကြောင်းပြောပြန်ကာ ၂၀၂၃ ခုနှစ် ကျင်းပမည်ဆိုသည့် အချိန်ဇယားကို ချပြလာပြန်သည်။
သူ၏စစ်ကောင်စီသည် အာဏာသိမ်းပြီး ပထမဆုံးနေ့ကပင် ထိုအစီအစဉ်ကို အကောင်အထည်ဖေါ်ရန်ကြိုးစား နေသည်မှာ သေချာသည်။ ထိုနည်းလမ်းသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ရန်နှင့် နိုင်ငံကို စစ်အုပ်စုက ဆက်လက်အုပ်ချုပ်ရေး တရားဝင်မှု အတုအယောင်ရယူရန် စစ်ကောင်စီအတွက် တခုတည်းသောနည်းလမ်းဖြစ်သည်။ လက်တွေ့တွင်မူ ထိုနည်းလမ်းသည် ယခု အာဏာသိမ်းခေါင်းဆောင်၏ ဆရာသမား အာဏာရှင်သန်းရွှေသုံးခဲ့သည့် ဟောင်းနွမ်း၊ တုံးအ၊ ဗျောင်ကျသည့် တရားမဝင်သော နည်းလမ်းဖြစ်သည်။
မင်းအောင်လှိုင်သည် နောက်ပေါက် ဗိုလ်ချုပ်တဦးအဖြစ် သူ၏ဆရာသမားနှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သမ္မတဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ထံမှ ညစ်ပတ်ကောက်ကျစ်သော နိုင်ငံရေးကို အကြီးအကျယ် လေ့လာခဲ့သည်။ ထိုညစ်ပတ်ကောက်ကျစ်သော နိုင်ငံရေးမှာ (၁၉၉၀ ရွေးကောက်ပွဲတွင် သန်းရွှေနှင့် စစ်အုပ်စု လုပ်ခဲ့သည့်အတိုင်း) ရွေးကောက်ပွဲရလဒ်ကို မရှက်မကြောက် ခိုးယူရေးနှင့် (၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ပူးပေါင်းလုပ်ခဲ့သည့်အတိုင်း) ရွေးကောက်ပွဲအတုတွင် မဲလိမ်ပြီး “တောင်ပြိုကမ်းပြို”နိုင်ရေးဖြစ်သည်။ ဒီမိုကရေစီအစိုးရအတုအဖြစ် အရပ်သားဝတ်စုံဝတ်ကာ နိုင်ငံကို ဆက်လက်အုပ်ချုပ်ရေးဖြစ်သည်။ ထိုကစားနည်းသည် အရပ်သားသမ္မတဆိုသူ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သော နည်းလမ်းဖြစ်သည်။
ထိုလှည့်ကွက်များကို မြန်မာပြည်သူများက ကောင်းစွာနားလည်သည်။ သို့သော် အတိတ်ကမြန်မာပြည်သူများသည် ၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်ဗိုလ်ချုပ်များ ပုံဖေါ်ခဲ့သည် ဒီမိုကရေစီမကျသည့် နိုင်ငံရေးစနစ်တွင် အမြစ်တွယ်နေသည့် ခါးသီးသော နိုင်ငံရေးအရှိတရားကို သည်းခံခဲ့ကြသည်။ ကွယ်လွန်သူ အာဏာရှင် ဗိုလ်နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာသိမ်းယူခဲ့သည့် အချိန်မှ စပြီး ပြည်သူများသည် ညစ်ပတ်သည့် လှည့်ကွက်များနှင့် အလိမ်အညာများကို ၅၉ နှစ်လုံးလုံး အကြိမ်ကြိမ်ခံစားကြရသည်။
တော်တန်ရုံသာလျှင် ကောင်းသည်။ ယခုတကြိမ်တွင်မူ မြန်မာပြည်သူများသည် မင်းအောင်လှိုင်၏ အလားတူ လိမ်ညာမှုများကို လုံး၀ သည်းမခံနိုင်တော့ပေ။
ကမ္ဘာကလည်း ထိုကိစ္စကို နားလည်ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော နေ့စဉ် သတ်ဖြတ် ဖမ်းဆီးမှုများအကြား လွန်ခဲ့သော ၉ လအတွင်း ပြည်သူများ၏ အရေးပါလှသော ခုခံမှုတိုက်ပွဲများ ဖြစ်ပေါ်တိုးတက်နေစဉ် မြန်မာပြည်သူများ၏ ပြန်လည်နိုးထနိုင်စွမ်းကို စောင့်ကြည့်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲသစ် မလိုအပ်ပေ။ ထိုအမြင်သည် ယနေ့မြန်မာပြည်သူများ၏ နိုင်ငံရေး ဆန္ဒနှင့် ရပ်တည်ချက်ဖြစ်သည်။ မူအားဖြင့်နှင့် ပုဂ္ဂလိက ခံစားချက်အရ စစ်အုပ်စုတခုက ကျင်းပသည့် ရွေးကောက်ပွဲများကို မည်သူမျှ လက်မခံတော့။ ရလဒ်ကို စာဖတ်သူတို့ သိပြီးဖြစ်သလို မြန်မာတနိုင်ငံလုံးကလည်း သိပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူတို့သည် အာဏာသိမ်းပြီးနောက် လမ်းမများပေါ်ထွက်လာတိုင်း “စစ်အာဏာသိမ်းမှု အလိုမရှိ၊ ငါတို့ဆန္ဒမဲတွေကို လေးစားပါ” ဆိုသည့် စာတန်းကို အခိုင်အမာ ကိုင်ဆောင်ကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း အကျည်းတန်များသာမက အလှအပများကိုပါ တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများသည် လက်ရှိစစ်ကောင်စီကဖြစ်စေ မည်သည့် စစ်အုပ်စုမဆိုကဖြစ်စေကျင်းပသည့် မည်သည့် ရွေးကောက်ပွဲကိုမျှ လက်ခံမည်မဟုတ်ပေ။ မြန်မာပြည်သူများက ဆုံးဖြတ်ချက်ရှိရှိဖြင့် ဆက်လက်တိုက်ပွဲဝင်နေသည့်အရာမှာ ၂၀၂၀ ခုနှစ်က မဲများကို လေးစားရေးနှင့် နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးဖြစ်သည်။
ထိုသတင်းစကားသည် စစ်ကောင်အတွက်သာမက တကမ္ဘာလုံးနှင့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကဲ့သို့သော အဓိက လှုပ်ရှားနေသည့် နိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နှင့် အာရှအိမ်နီးချင်းနိုင်ငံများသို့ပါ ပေးလိုသော သတင်းစကားဖြစ်သည်။
ယုတ်မာကောက်ကျစ်သော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့လိုချင်သော ရလဒ်ကို ဖြစ်စေမည့် ရွေးကောက်ပွဲသစ် ကျင်းပရေး အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖေါ်မည်မှာ သေချာသည်။ ယင်းသည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ ကဲ့သို့သော စစ်တပ်ကျောထောက်နောက်ခံပြုသော လက်ဝေခံပါတီများသာ ရွေးကောက်ပွဲတွင် နိုင်ပြီး သူတို့နည်း သူတို့ဟန် အရပ်သားအစိုးရမျိုးသာဖြစ်သည်။
ယခုတကြိမ်တွင်မူ နွေဦးတော်လှန်ရေးအမည်အောက်မှ မြန်မာပြည်သူများသည် ထိုသို့သမိုင်းတပတ်လည်သည်ကို ခွင့်ပြုတော့မည်မဟုတ်ပေ။ လွန်ခဲ့သောနှစ် ရွေးကောက်ပွဲများမှ တရားဝင် ဆန္ဒမဲများကို ပြန်လည်ထိန်းသိမ်းနိုင်ရေး မြန်မာပြည်သူများ အသက်စွန့်ရန်ပင် စိတ်အားထက်သန်နေကြသည်။
ဤသည်မှာ မြန်မာပြည်သူများ၏ ဆန္ဒဖြစ်သည်။ အခြေခံအားဖြင့်ဆိုရပါက နိုင်ငံရေးတွင်း အရေးအပါဆုံးမှာ ပြည်သူများသာဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar Does NOT Need New Elections ကို ဘာသာပြန်သည်။)
You may also like these stories:
PR စနစ်ကို အနိုင်ရ နိုင်ငံရေးပါတီများ ထပ်ကန့်ကွက်
ပြည်သူ့ဆန္ဒ ပယ်ဖျက်ခံလိုက်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ၁ နှစ်ပြည့် စကားသံများ
ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်