စက်တင်ဘာလက တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဖမ်းဆီးခံခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ကို တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံရေးပါတီများ၏ ဗီဒီယို ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဘေဂျင်း၏ အာရှရေးရာအထူးသံတမန် ဆွန်ကော့ရှန်သည် မြန်မာနိုင်ငံသို့ လူမသိသူမသိ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရာ ငြင်းပယ်ခံရကာ မကြာမီ NLD ကိုယ်စားလှယ်ကို ထိုသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူသည် နိုဝင်ဘာလတွင်လည်း ကြိုတင်ကြေညာခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာသည်။
ဘေဂျင်းသည် စစ်ကောင်စီအုပ်ချုပ်ရေးကို အသိအမှတ်ပြုစေကာမူ ထိုလုပ်ဆောင်မှုများသည် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရအဖြစ်မှ ဖြုတ်ချခဲ့သည့် NLD နှင့် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားလိုသည့် ဘေဂျင်း၏ ဆန္ဒကို မီးမောင်းထိုးပြနေသည်။ CCP ပိုင်သတင်းစာဖြစ်သော ဂလိုဘယ်တိုင်းမ်၏ စက်တင်ဘာလ အယ်ဒီတာ့အာဘော်တခုတွင် NLD ကို မြန်မာနိုင်ငံမှ တရားဝင်ပါတီတခု အဖြစ်ဖော်ပြသည်။ သို့သော် ဘေဂျင်းသည် NLD ကို ထောက်ခံခြင်းနှင့် မြေအောက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံခြင်းအကြား စည်းတခုခြားထားသည်။ NUG သည် စစ်ကောင်စီကို ဖြုတ်ချရန် လုပ်ဆောင်နေသည်။ NUG ကို NLD အဖွဲ့ဝင်များနှင့် ဝန်ကြီးဟောင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တရုတ်နိုင်ငံက ထိုအဖွဲ့အစည်းသည် မတည်မငြိမ်ဖြစ်စေသည့် အင်အားစုဖြစ်သည်ဟု မြင်သည်။
စစ်ကောင်စီသည် နောက်ဆုံးတွင် မြန်မာနိုင်ငံကို ထိရောက်စွာ ထိန်းချုပ်နိုင်လိမ့်မည်သော ယူဆချက်ဖြင့် တရုတ်နိုင်ငံက ပိုမိုလုပ်ဆောင်လာနေပြီး စစ်ကောင်စီ၏ အာဏာကို တရားမဝင် အသိအမှတ်ပြုသည့် ဘက်သို့ ယိမ်းလာနေသည်။ အာဏာသိမ်းပြီးနောက် ကိုးလကြာသောအခါ တရုတ်အရာရှိများသည် စစ်ကောင်စီနှင့် အတော်အသင့် ပုံမှန်ထိတွေ့ဆက်ဆံမှုကို ပြုလုပ်လာသည်။ NLD နှင့်လည်း ဆက်သွယ်ရေးလမ်းကြောင်း တခု ထူထောင်ထားသော်လည်း ဘေဂျင်းသည် နက်ရှိုင်းလာနေသော အကျပ်အတည်းတွင် ဝင်မပါရန် ကြိုးစားပြီး အာဏာချုပ်ကိုင်ထားသည့် အုပ်စုနှင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ရှေ့တန်းတင်ရန် လုပ်ဆောင်နေသည်။
စစ်ကောင်စီသည် နောက်ဆုံးတွင် မြန်မာနိုင်ငံကို ထိရောက်စွာ ထိန်းချုပ်နိုင်လိမ့်မည်သော ယူဆချက်ဖြင့် တရုတ်နိုင်ငံက ပိုမိုလုပ်ဆောင်လာနေပြီး စစ်ကောင်စီ၏ အာဏာကို တရားမဝင် အသိအမှတ်ပြုသည့် ဘက်သို့ ယိမ်းလာနေသည်။
အာဏာသိမ်းပြီးစ ကာလတွင် တရုတ်သည် မြန်မာစစ်ကောင်စီနှင့် ခေါင်းဆောင် မင်းအောင်လှိုင်ကို နောက်တွင်ချန်ထားရန် စိတ်ထက်သန်ခြင်း မရှိပေ။ သို့သော် မတ်လတွင် ရန်ကုန်ရှိ စက်မှုဇုန်တခုမှ တရုတ်စက်ရုံများကို လက်သည်မပေါ်သော တိုက်ခိုက်မှုများသည် ဘေဂျင်းအတွက် အဓိက အလှည့်အပြောင်း ဖြစ်စေသော ဖြစ်ရပ်များဖြစ်ပြီး မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ပူပန်လာသည်။ ရန်ကုန်ရှိ တရုတ်သံရုံးပြင်ပ ဆန္ဒပြပွဲများနှင့် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော တရုတ်ဆန့်ကျင်ရေးစိတ်များကြောင့် ဘေဂျင်း၏ ပူပန်မှုများကို လျော့နည်းစေခြင်း မရှိပေ။ စစ်ကောင်စီနှင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသူများ အကြား တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဘေဂျင်းက တောင်းဆိုထားသော်လည်း ဗိုလ်ချုပ်များကို ဖိအားမပေးရခြင်းမှာ ဝင်ရောက် မစွက်ဖက်ရေးမူကြောင့်ဖြစ်ကြောင်း အကြောင်းပြသည်။ ထိုသဘောထားသည် ဂျပန်၊ တောင်ကိုရီးယား၊ အနောက်နိုင်ငံများနှင့် မတူသော သဘောထားဖြစ်သည်။
တရုတ်နိုင်ငံသည် ကာလအတန်ကြာ ဆိုင်းငံ့ထားပြီးနောက် မြန်မာအစိုးရဝန်ကြီးဌာနများနှင့် အလုပ်သဘော လုပ်ငန်းများ ပြန်လည်စတင်ပြီး မြန်မာနှင့်ဆက်ဆံရေးကို သြဂုတ်လတွင် ပုံမှန်အခြေအနေအတိုင်း ပြန်လည် လုပ်ဆောင်လာသည်။ ထိုအချိန်မှစတင်ပြီး တရုတ်ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အစိုးရများသည် စစ်ကောင်စီအရာရှိများနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြားကိစ္စများတွင် ထိတွေ့ဆက်ဆံလာကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုမှ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။ ထိုလတွင်ပင် တရုတ်က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ၂၁ ခုအတွက် မြန်မာသို့ဒေါ်လာ ၆ ဒသမ ၁ သန်း လွှဲပြောင်းပေးရန် သဘောတူသည်။
တရုတ်၏ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးသည် ဆုံးရှုံးနိုင်ခြေကြီးမားသည့် အန္တရာယ်ရှိသည်။ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ဘေဂျင်းသည် ၎င်း၏ အနောက်တောင်ပိုင်း အိမ်နီးချင်းမြန်မာနိုင်ငံကို ၎င်းတို့၏ သြဇာအောက်တွင် ထားနိုင်ရန် ကြိုးစားသည်။ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ် အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက် အသုံးပြုခွင့်ရစေသော်လည်း ဘေဂျင်းသည် နယ်စပ်တွင်ဖြစ်နေသော အကျပ်အတည်းကို လျစ်လျူရှု မထားနိုင်ပေ။ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ်ခြိမ်းခြောက်မှုများ အထူးသဖြင့် ဒေါ်လာ ၂ ဘီလီယံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပေါ် ခြိမ်းခြောက်မှုများသည် စိုးရိမ်စရာ ဖြစ်လာသည်။ ထိုပိုက်လိုင်းများ၏ လုံခြုံရေးကို မြှင့်တင်ရန် တရုတ်အရာရှိများက ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် တောင်းဆိုကြသည်။
မတ်လတွင် ရန်ကုန်ရှိ စက်မှုဇုန်တခုမှ တရုတ်စက်ရုံများကို လက်သည်မပေါ်သော တိုက်ခိုက်မှုများသည် ဘေဂျင်းအတွက် အဓိက အလှည့်အပြောင်း ဖြစ်စေသော ဖြစ်ရပ်များဖြစ်ပြီး မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ပူပန်လာသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနယ်စပ်ကို ပိတ်ထားပြီး ဆေးပစ္စည်းကိရိယာနှင့် ကာကွယ်ဆေးများကို စစ်ကောင်စီထံသို့သာမက အစိုးရများကို ဆယ်စုနှစ်များစွာ တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့လည်း ပေးပို့သည်။ “တရားဝင်အနေနဲ့ တရုတ်က စစ်ကောင်စီကို အပြည့်အ၀ ထောက်ခံနေပြီး တရားမဝင်အနေနဲ့ တရုတ်က မြောက်ပိုင်းက တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ (ရခိုင်ပြည်နယ်က) ရက္ခိုင့်တပ်တော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုတွေကိုပါ ထောက်ခံတယ်” ဟု တာဝါက ပြောသည်။ “ဒါကြောင့် မြန်မာစစ်ကောင်စီက မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေကို အသေအကြေ တိုက်ခိုက်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေတယ်” ဟုလည်း သူက ပြောသည်။
တရုတ်နိုင်ငံက စစ်ကောင်စီကို တဖြည်းဖြည်း အသိအမှတ်ပြုလာခြင်းသည် စစ်ကောင်စီခေါင်းဆောင်များက လအတန်ကြာ ကြိုးစားအားထုတ်မှုကြေင့် ဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်များသည် အထူးသဖြင့် အဓိက ကျသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ အလျင်အမြန် လုပ်ဆောင်ရေးမှတဆင့် တရုတ်အသိအမှတ်ပြုမှု ရရန် ကြိုးစားကြသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်၌ မြန်မာ့စီးပွားရေးသည် အကြမ်းဖျဉ်းအားဖြင့် ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည်။ အခြားနိုင်ငံများက လုပ်ငန်းများ မြန်မာမှ နောက်ပြန်ဆုတ်ကြသောအခါ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် စစ်ကောင်စီ တရားဝင်မှုအတွက် အပေါ်ယံအားဖြင့် ပေးစွမ်းနိုင်သည်။ “သူတို့ရဲ့ တရားဝင်မှုကို ပြသဖို့အတွက် စစ်ကောင်စီဟာ စီးပွားရေး နာလန်ထစေရေးကို လွန်စွာ လိုလားပါတယ်” ဟု အရှေ့တောင်အာရှရေးရာများကို အထူးပြုလေ့လာသည့် တရုတ်နိုင်ငံ၊ ရှာမင်း တက္ကသိုလ်မှ တရုတ်နွယ်ဖွား မြန်မာသုတေသီ ဝူကျင်းရှန်က ပြောသည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်သည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျမည့် ဧရာဝတီတိုင်း၊ မီးလင်းဂျိုင်မှ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစီမံကိန်းကို မေလက အတည်ပြုပေးခဲ့ပြီး ထိုစီမံကိန်းသည် စစ်ကောင်စီက ခွင့်ပြုခဲ့သည့် တခုတည်းသော အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ စစ်ကောင်စီသည် တရုတ် – မြန်မာစီးပွားရေးစင်္ကြံအတွက် အရေးပါသော ကော်မတီ သုံးခုကိုလည်း ပြန်လည်ဖွဲ့စည်းပြီး ထိုကော်မတီများတွင် ၎င်းတို့ခန့်အပ်သူများကို အစားထိုးခဲ့သည်။ ကချင်နှင့် ရှမ်းပြည်နယ်မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် ရခိုင်ပြည်နယ်မှ အထူးစီးပွားရေးဇုန်တို့ ပါဝင်သည့် ထိုရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် တရုတ်နိုင်ငံ ယူနန်နှင့် မြန်မာမြို့ကြီးများဖြစ်သော မန္တလေး၊ ကျောက်ဖြူနှင့် ရန်ကုန်ကို ဆက်သွယ်သော စင်္ကြံဖြစ်သည်။
“တရားဝင်အနေနဲ့ တရုတ်က စစ်ကောင်စီကို အပြည့်အ၀ ထောက်ခံနေပြီး တရားမဝင်အနေနဲ့ တရုတ်က မြောက်ပိုင်းက တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ (ရခိုင်ပြည်နယ်က) ရက္ခိုင့်တပ်တော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုတွေကိုပါ ထောက်ခံတယ်” ဟု တာဝါက ပြောသည်။
“ကျနော် နားလည်သလောက် ပြောရရင် စစ်ကောင်စီအရာရှိတွေက အခုရပ်နေတဲ့ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းနေတယ်။ ဒါပေမယ့် တရုတ်က ရှေ့ဆက်ဖို့ စိတ်အားထက်သန်ခြင်း မရှိဘဲ အရမ်းကို သတိထားနေတယ်” ဟု ဝူက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းတခုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ အဆိုပြုချက်များကို ပြန်လည် ညှိနှိုင်းလိုသည့် လက္ခဏာများကို စစ်ကောင်စီက ပြသနေသည်။ ၂၀၁၈ ခုနှစ်တွင် NLD အစိုးရသည် မြန်မာနိုင်ငံအတွက် ပိုင်ဆိုင်မှုအချိုးအစား ပိုမိုများပြားအောင် ပြန်လည်ညှိနှိုင်းခဲ့သည်။ သို့သော် ကိုဗစ်နိုင်တင်း အဓိကလှိုင်းတခု ဖြစ်ပွားနေချိန် ဇူလိုင်လနှောင်းပိုင်းတွင် စစ်ကောင်စီသည် ထိုစီမံကိန်းကို ရှေ့ဆက်လုပ်ရန် ဥပဒေဆိုင်ရာ ဝန်ဆောင်မှုများအတွက် တင်ဒါခေါ်ယူသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့်ဆက်ဆံရေး ပြန်လည် စတင်သောကြောင့် အစိုးရပိုင် တရုတ်လုပ်ငန်းစုဖြစ်သော CITIC အုပ်စုသည် ထိုစီမံကိန်းအတွက် မြေပြင်လေ့လာမှုများ ပြုလုပ်ရန် သဘောတူစာချုပ်တခုကို မကြာသေးမီက ချုပ်ဆိုခဲ့သည်။
NUG သည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံခြင်းဖြင့် အစိုးရ ယန္တရားကို ဖြတ်တောက်ခြင်း၊ စစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်ရန် ကုမ္ပဏီများကို ဖိအားပေးခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ခံခြင်းတို့ဖြင့် စစ်ကောင်စီကို စိန်ခေါ်နေသည်။
တချိန်တည်းတွင် စတင်ထူထောင်ချိန်မှစတင်ပြီး ပြည်ပအစိုးရများ၏ အသိအမှတ်ပြုခံရရန် ကြိုးစားကာ တရားဝင်မဟုတ်သော ဆက်ဆံရေးလမ်းကြောင်းများ ထူထောင်ထားသည့် NUG အစိုးရနှင့် တရုတ်နိုင်ငံသည် ဆက်ဆံခြင်း မပြုပေ။ NUG သည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံခြင်းဖြင့် အစိုးရ ယန္တရားကို ဖြတ်တောက်ခြင်း၊ စစ်တပ်ပိုင်လုပ်ငန်းများနှင့် အဆက်အသွယ်ဖြတ်ရန် ကုမ္ပဏီများကို ဖိအားပေးခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ခံခြင်းတို့ဖြင့် စစ်ကောင်စီကို စိန်ခေါ်နေသည်။
ဘေဂျင်းက မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် နောက်ဆုံးတွင် အနိုင်ရမည်ဟု မြင်နေသောကြောင့် NUG နှင့် အလုပ်မလုပ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တရုတ်ပညာရှင်များနှင့် အခြားကျွမ်းကျင်သူများက ပြောသည်။ “စစ်အုပ်စုက အပေါ်စီးရနေပြီး NUG က နိုင်ငံတကာအသိုက်အဝန်းနဲ့ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုရပေမယ့် သြဇာမရှိဘူး” ဟု ရှာမင်းတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ဒါရိုက်တာ ဖန်ဟောင်ဝေက ပြောသည်။ “တရုတ်က NUG ကို လိုလားရင်တောင်မှ တိုက်ရိုက်ဆက်ဆံဖို့ အဆင်မပြေဘူး” ဟုလည်း သူက ပြောသည်။
“ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ စစ်ကောင်စီနဲ့ပဲ စကားပြောမယ်ဆိုတာက ဘေဂျင်းအတွက် အမှားကြီးတခုပဲ။ မြန်မာပြည်သူတွေက မင်းအောင်လှိုင်ကို သူတို့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘူးဆိုတာ တရုတ်အရာရှိတွေ သိနေတာပဲ” ဟုလည်း ဒေါက်တာ ဆာဆာက ပြောသည်။
တရုတ်နိုင်ငံသည် မြေအောက်မှ အရပ်သားခေါင်းဆောင်များကို အေးတိအေးစက် ဆက်ဆံသော အဓိက နိုင်ငံအနည်းငယ်တွင် ပါဝင်ကြောင်း၊ တတိယကြားလူဖြင့်သာ ဆက်ဆံကြောင်း NUG အစိုးရ သတင်းရင်းမြစ်များက ပြောသည်။ “ကျနော်တို့နဲ့ဆွေးနွေးဖို့ကို တရုတ်က အရမ်းခေါင်းမာနေတယ်” ဟု NUG ပြောခွင့်ရသူနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောသည်။ တရုတ်အစိုးရသတင်းဌာန ဖြစ်သော ဆင်ဝှာနှင့် တရုတ် ရုပ်သံများသည် စစ်ကောင်စီ အရာရှိများကို တွေ့ဆုံမေးမြန်းသော်လည်း NUG ကို ထိုသို့ ဖိတ်ကြားခြင်း မရှိပေ။ “ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ စစ်ကောင်စီနဲ့ပဲ စကားပြောမယ်ဆိုတာက ဘေဂျင်းအတွက် အမှားကြီးတခုပဲ။ မြန်မာပြည်သူတွေက မင်းအောင်လှိုင်ကို သူတို့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘူးဆိုတာ တရုတ်အရာရှိတွေ သိနေတာပဲ” ဟုလည်း ဒေါက်တာ ဆာဆာက ပြောသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုမပြည့်မီက ဘေဂျင်းသည် ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်း ကြိုဆိုခဲ့သည်။ စစ်အုပ်စုက မထိန်းချုပ်နိုင်တော့လျှင်လည်း စစ်အုပ်စုကို ကျောခိုင်းနိုင်သည်။ လတ်တလောတွင် တရုတ်နိုင်ငံသည် ၎င်းတို့လောင်းကြေးကို ဗိုလ်ချုပ်များဘက်မှ ထပ်လိုက်သောကြောင့် တရုတ်သည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ခုခံရေးလှုပ်ရှားမှုတွင် ပဋိပက္ခဖြစ်မည် ဖြစ်သည်။ ဖရိုဖရဲအခြေအနေများနှင့် လူထုဆန့်ကျင်မှုသည် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံမှ ရည်မှန်းချက်များအတွက် ဆုံးရှုံးနိုင်ခြေကို ဖြစ်စေသည်။ သို့သော် ကန့်လန့်ကာ နောက်ကွယ်တွင် တရုတ်သည် ၎င်း၏နယ်စပ်၌ နောက်ထပ် ကျဆုံးနိုင်ငံတခုကို တွေ့ရနိုင်ကောင်းသည်။
(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော John Liu နှင့် Thompson Chau တို့၏ China Warms Up to Myanmar’s Generals ကို ဘာသာပြန်ဆိုပါသည်။ John Liu သည် မြန်မာ့အရေးကို ဇောင်းပေးရေးသားသည့် ထိုင်ဝမ်အခြေစိုက် ဂျာနယ်လစ်ဖြစ်ပြီး Thompson Chau သည် ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ် သတင်းဌာန၏ သတင်းထောက်ချုပ်ဟောင်းနှင့် တွဲဖက် အယ်ဒီတာဟောင်း ဖြစ်သည်။)
You may also like these stories:
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း
မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
တရုတ်-ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာစစ်ခေါင်းဆောင် မပါ