လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က အသက် ၂၀ ကျော်အရွယ် ‘ဗိုလ်နဂါး’ အမည်ခံ လူငယ်တဦးသည် သူ၏ မိသားစုထံ အရေးတကြီး ဖုန်းဆက်ပြီး မြန်မာစစ်အုပ်စုသည် သူနှင့်သူ့ရဲဘော်များ ပုန်းအောင်နေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော် မြို့သစ်ကို စစ်ဆင်ရန် ပြင်ဆင်နေကြောင်း ပြောခဲ့သည်။
“ကျနော့်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်နက် မရှိဘူး၊ ငွေလည်း မရှိဘူး၊ သေနတ်ဝယ်ပေးလို့ ရမလား” ဟု မိသားစုကို သူကပြောသည်။ ထိုအကြောင်းကို သိရသောအခါ မိသားစုသည် ဆွေမျိုးများနှင့် မိတ်ဆွေများ၏ အကူအညီဖြင့် သူလိုအပ်နေသော M16 A4 အော်တိုမက်တစ် ရိုင်ဖယ်သေနတ် ဝယ်ရန် အမေရိကန်ဒေါ်လာ ၃၀၀၀ ခန့်ကို ရှာဖွေပေးရန် စီမံကြသည်။
ဗိုလ်နဂါးသည် ပြောက်ကျားစစ် အတွေ့အကြုံနှင့် လက်နက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ကွပ်ကဲမှုအောက်တွင် လက်နက်တပ်ဆင်မှု ချို့တဲ့သည့် ထောင်ပေါင်းများစွာသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တဦး ဖြစ်သည်။ PDF အဖွဲ့ဝင်များသည် လက်ရှိအချိန်အထိ လက်နက် အထောက်အပံ့ အနည်းငယ်သာရပြီး ၎င်းတို့ဖာသာ လက်နက်တပ်ဆင်ရန် ရန်ပုံငွေ ရှာနေရသည်။
နောက်ဆုံးတွင် ဗိုလ်နဂါးသည် မြန်မာနိုင်ငံ မြို့ကြီးတမြို့တွင်နေထိုင်သော သူ၏ မိသားစုထံမှ ငွေရရှိပြီး ရိုင်ဖယ်သေနတ်တလက် မှာယူလိုက်သော်လည်း ထိုသေနတ်ကိုမရရှိမီ သူနှင့်သူငယ်ချင်းများ ပုန်းအောင်းပြီး စစ်သင်တန်းတက်နေသော နေရာသို့ တိုက်ပွဲများ ရောက်ရှိလာသည်။
လက်တွေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက် တဘက်ခြမ်း လေးကေကော်မှ လက်နက်ကိုင် ပဋိပက္ခသည် ကရင်ပြည်နယ်တွင် ကျယ်ပြန့်သည့် လက်နက်ကိုင် ပဋိပက္ခများ၏ နိဒါန်းသာဖြစ်ကြောင်း လူအများ ယုံကြည်ကြသည်။ စစ်ကောင်စီတပ်များသည် ကရင်တပ်များနှင့် PDF တပ်များထက် ပိုမိုကောင်းမွန်သော လက်နက်များ တပ်ဆင်ထားသော်လည်း ကရင်နှင့် PDF တပ်များသည် စိတ်ဓာတ်ရေးရာနှင့် တိုက်ခိုက်ရေး စိတ်ဓာတ်တို့တွင် များစွာသာလွန်နေသည်။ ရန်သူသည် အင်အားကြီးမားကြောင်း သိသော်လည်း ၎င်းတို့သည် ထိုစစ်ပွဲကို စောင့်မျှော်နေကြသူများ ဖြစ်သည်။
လက်ရှိအချိန်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF များအပါဝင် ပူးပေါင်းတပ်များသည် KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေများမှ စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။
‘ငြိမ်းချမ်းရေးကျေးရွာ’ တိုက်ခိုက်ခံရခြင်း
KNLA ၏ နိုင်ငံရေးပါတီဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်အုပ်စုအကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ထိုးပြီးနောက် လေးကေကော်ကို ဂျပန် နိပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၄ ခုနှစ်က စတင် တည်ဆောက်ခဲ့သည်။
ဗိုလ်နဂါးသည် မြန်မာနိုင်ငံ မြို့ကြီးတမြို့တွင်နေထိုင်သော သူ၏ မိသားစုထံမှ ငွေရရှိပြီး ရိုင်ဖယ်သေနတ်တလက် မှာယူလိုက်သော်လည်း ထိုသေနတ်ကိုမရရှိမီ သူနှင့်သူငယ်ချင်းများ ပုန်းအောင်းပြီး စစ်သင်တန်းတက်နေသော နေရာသို့ တိုက်ပွဲများ ရောက်ရှိလာသည်။
KNLA တပ်မဟာ ၆ က စီမံခန့်ခွဲပြီး ထိုင်းနယ်စပ်နှင့်နီးသော မြဝတီအနီးရှိ လေးကေကော်ကို တည်ဆောက်ခြင်းသည် ထိုစဉ်က ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုပ်ဖြစ်ကြောင်းပြသသည့် သင်္ကေတအဖြစ် ဂုဏ်ယူ ပြောကြားခဲ့ကြသည်။
၁၉၈၀ ခုနှစ်များအလယ်က ဖလူးဒေသသည် ဒေသခံပြည်သူအများအပြား ထွက်ပြေးရသည့် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာနေရာဖြစ်သည်။
၂၀၁၈ ခုနှစ်က မီဒီယာသတင်းများအရ လေးကေကော်တွင် နေထိုင်သူပေါင်း ၃,၁၉၉ ဦးရှိပြီး ၎င်းတို့အနက် အများအပြားမှာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ ပြန်လာသူများဖြစ်သည်။ ယနေ့တွင်မူ ၎င်းတို့သည် ထိုင်းနိုင်ငံ သို့မဟုတ် ကရင်ပြည်နယ်အတွင်းမှ ပိုမိုအန္တရာယ်ကင်းသော နေရာများသို့ ထပ်မံထွက်ပြေးရပြန်သည်။ ဝမ်းနည်းစရာကောင်းသော အချက်မှာ ထိုသူများအနက် အများအပြားမှာ တဘဝလုံး ပြေးနေရသူများ ဖြစ်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။
ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်ပြီး မြို့ပြမှ တက်ကြွလှုပ်ရှားသူ အများအပြား လေးကေကော်သို့ ထွက်ပြေးလာကြသည်။
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် PDF အရပ်သား ခုခံရေးအုပ်စုများ ပုန်းအောင်းနေသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်သား ၂၀၀ ခန့်က ထိုဒေသကို လွန်ခဲ့သောသီတင်း ၂ ပတ်က ဝင်ရောက်စီးနင်းသောအခါ စစ်ရေးတင်းမာမှု မြင့်မားလာသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူများဖြစ်သော ဦးဝေလင်းအောင်နှင့် ဒေါက်တာ ပြည့်ဖြိုးတို့သည် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ၄၀ ဦးခန့်တွင် အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KNU သည် သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများနှင့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှု အဖွဲ့များကို ထောက်ပံ့ခိုလှုံခွင့် ပေးထားသည်ဟု စစ်ကောင်စီက စွပ်စွဲပြီးနောက် ဝင်ရောက်စီးနင်းမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
KNLA တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နှင့် ၆ တို့သည် စစ်ကောင်စီ၏ ဖမ်းဆီးမှုမှ ရှောင်ရှားလာသူများကို ခိုလှုံခွင့်နှင့် သင်တန်းများပေးကာ နိုင်ငံအတွင်း မြို့ကြီးမြို့ငယ် အများအပြားတွင် မြို့ပြပြောက်ကျား လှုပ်ရှားမှုလုပ်သည့် အဖွဲ့များကို လက်နက်များ ထောက်ပံ့နေသည်ဟု စစ်ကောင်စီက ပြောသည်။
ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူများ၊ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ ပါမောက္ခများ၊ သမားတော်များ၊ နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်ရှားကျော်ကြားသော အနုပညာရှင်များနှင့် ၎င်းတို့၏ မိသားစုများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော နယ်မြေများတွင် ခိုလှုံနေပြီး ကရင်ပြည်နယ်သည် လူသိများသည့် ခိုလှုံရာနေရာဖြစ်သည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက် KNLA တပ်မဟာ ၆ ထိန်းချုပ်ဒေသ တခုတည်းတွင်ပင် ထွက်ပြေးလာသော စစ်ကောင်စီဆန့်ကျင်သူနှင့် PDF အဖွဲ့ဝင် ၃၀၀၀ ကျော်ရှိနေသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တိုက်ပွဲစတင် ဖြစ်ပွားနောက် ယခု ဆက်လက် ဖြစ်ပွားနေသည်။ ပြီးခဲ့သည့်ရက်များအတွင်း လေးကေကော်တွင် KNLA နှင့် PDF အရပ်သား ခုခံရေးတပ်များ ပူးပေါင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ထိခိုက်သေဆုံးမှုများကို အကြီးအကျယ် ရင်ဆိုင်ရသည်။ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ နှင့် တိုးတက်သော ဒီမိုကရက်တစ် ကရင်တပ်မတော် အပါအဝင် ကရင်တိုင်းရင်းသား တပ်များ ပူးပေါင်းအဖွဲ့သည် ဆွမ်းကြီးလောင်းပွဲကို စောင့်နေသည့် ဗိုလ်နဂါးနှင့် ငယ်ရွယ်သော PDF ရဲဘော်များနှင့်အတူ တိုက်ပွဲဆင်နွှဲကြသည်။
တချိန်က ငြိမ်းချမ်းရေးကျေးရွာသည် ယခုအခါ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသော နေရာဖြစ်သွားသည်။ ထိုပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော စစ်ကောင်စီတပ်သား အလောင်းများကို ပြသသည့် ဗီဒီယိုအများအပြား ထွက်ပေါ်လာသည်။
လက်ရှိအချိန်အထိ ဒါဇင်ပေါင်းများစွာသော စစ်ကောင်စီစစ်သားများ သေဆုံးပြီးဖြစ်ကာ စစ်ကောင်စီသည် အမြောက်ကြီးများကို အသုံးပြု တိုက်ခိုက်လာရသည်။ အရပ်သားများနေထိုင်သည့် အိမ်များပေါ်သို့ အမြောက်ဆံ ၁၀၀ ကျော် ကျရောက်ပေါက်ကွဲသောကြောင့် လူထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရသည်။
မြန်မာစစ်တပ်၊ ထိုစဉ်က သမ္မတ ဦးသိန်းစိန်အစိုးရနှင့် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် လွန်စွာ အမွှမ်းတင်နေသော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အသက်ငင်နေသည်။
လက်တွေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၌ မီးကုန်ယမ်းကုန် စစ်ပွဲတခုကို ရှောင်လွှဲမရမည့် ပုံစံဖြစ်နေသည်။
လက်ရှိအချိန်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF များအပါဝင် ပူးပေါင်းတပ်များသည် KNLA တပ်မဟာ (၆) ထိန်းချုပ်နယ်မြေများမှ စစ်ကောင်စီတပ်များကို မောင်းထုတ်နိုင်ခဲ့သည်။
ကရင်နှင့် PDF အဖွဲ့များအပါအဝင် မြန်မာအတိုက်အခံ အင်အားစုများသည် ထိုတိုက်ပွဲအတွက် လွန်စွာ စိတ်အားထက်သန်နေကြသည်။ ၎င်းတို့သည် တိုက်ခိုက်ရေး စိတ်ဓာတ်မြင့်မားနေပြီး တနိုင်ငံလုံးမှ နိုင်ငံသားများ၊ မိသားစုများနှင့် မိတ်ဆွေများထံမှ ၎င်းတို့ရရှိနေသော ထောက်ခံမှုသည်လည်း မကြုံစဖူး များပြားလှသည်။
လေးကေကော်နှင့် ပတ်ဝန်းကျင် ဒေသများမှ လူထောင်ပေါင်းများစွာသည် စစ်ကောင်စီက အမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ တိုက်မည်ကို စိုးရိမ်သဖြင့် လာရောက်ခိုလှုံသောကြောင့် ထိုင်းနိုင်ငံကလည်း နယ်စပ်ကိုစောင့်ကြပ်ရန် တပ်များစေလွှတ်ရသည်။ မြန်မာနိုင်ငံမှ လူ ၅၀၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာပြီး အများအပြားမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သကဲ့သို့ ပြည်တွင်း စစ်ဘေးရှောင် အရေအတွက်မှာလည်း ခန့်မှန်းခြေ တသောင်းနီးပါးရှိနေသည်။
ဒုက္ခသည်အခြေအနေနှင့် ပတ်သက်ပြီး စင်ပြိုင် အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က လေးကေကော်မှ ထွက်ပြေးလာသူများကို လက်ခံရန်နှင့် နယ်စပ်ကို တတ်နိုင်သမျှ ဘေးကင်းစွာ ဖြတ်ကျော်ခွင့် ပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။
ပြည်တွင်း စစ်ဘေးရှောင်များသို့ အရေးပေါ် လူသားချင်းစာနာမှု အကူအညီနှင့် အခြားအကူအညီများပေးရန် စင်ပြိုင်အစိုးရက နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှု လျှော့ချရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကို ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်းပြောသည်။
သို့သော် ဝမ်းနည်းစရာကောင်းသောအချက်မှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ အခြေအနေမှန်ကို နိုင်ငံတကာ အသိုက်အဝန်းက သိချိန်တွင် လွန်စွာ နောက်ကျနေမည်ဆိုသည့်အချက် ဖြစ်သည်။
စစ်ကောင်စီ၏ တုံ့ပြန်မှု
စစ်ကောင်စီသည် အမြောက်ကြီးများနှင့် ဂျက်တိုက်လေယာဉ်များ အပါအဝင် တပ်ကူများ ပေးပို့နေသည်။ အစောပိုင်းက ရရှိသော သတင်းများအရ စစ်ကောင်စီသည် ထိခိုက်သေဆုံးမှုများ အကြီးအကျယ် ခံစားနေရသော်လည်း နောက်ဆုတ်မည် မဟုတ်ပေ။ ကရင်တိုင်းရင်းသား လက်နက်ကိုင်များသည် ၎င်းတို့၏ လက်ရှိရန်သူနှင့် ၎င်းတို့နယ်မြေနှင့် အသက်များစွာ ဆုံးရှုံးခဲ့သည့် ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များက တိုက်ပွဲများတွင် ထိတွေ့ခဲ့သော စစ်အုပ်စုအကြား ကွဲပြာခြားနားမှုကို သတိထားမိကြသည်။ ယနေ့စစ်တပ်ကို လူထု ထောက်ခံမှုမရှိဘဲ စိတ်ဓာတ်နိမ့်ကျကာ တပ်မှူးများ၏ အရည်အချင်းမှာ ညံဖျင်းသည် သို့မဟုတ် လွန်စွာအရှုံးပေးကြသည်။
ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ နှင့် တိုးတက်သော ဒီမိုကရက်တစ် ကရင်တပ်မတော် အပါအဝင် ကရင်တိုင်းရင်းသား တပ်များ ပူးပေါင်းအဖွဲ့သည် ဆွမ်းကြီးလောင်းပွဲကို စောင့်နေသည့် ဗိုလ်နဂါးနှင့် ငယ်ရွယ်သော PDF ရဲဘော်များ၏ အကူအညီဖြင့် ထိုတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲကြသည်။
တပ်များ ပြန့်ကျဲနေသောကြောင့် စစ်ကောင်စီသည် သေနင်္ဂဗျူဟာ နှစ်မျိုးသုံးနေရသည်။ နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် အကြီးအကျယ် တိုက်နေသော်လည်း မြောက်ပိုင်းတွင် သံလွင်ခက် ကမ်းကာ အေးရာအေးကြောင်း လုပ်နေရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကရင်ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဝင်နေစဉ်မှာပင် စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းရှိ မိုင်းလားသို့သွားကာ တရုတ်နိုင်ငံ အကူအညီဖြင့် ထိုဒေသမှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများ ကျင်းပနေသည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည်။
ထိုဆွေးနွေးပွဲများကို မိုင်းလားမှ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း (SSPP/SSA-N) တို့လည်း တက်ရောက်သည်။ သို့သော် သတိပြုစရာ ကောင်းသည်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ထိုဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိပေ။
ယနေ့စစ်အုပ်စုကို လူထု ထောက်ခံမှုမရှိဘဲ စိတ်ဓာတ်နိမ့်ကျကာ တပ်မှူးများ၏ အရည်အချင်းမှာ ညံဖျင်းသည် သို့မဟုတ် လွန်စွာအရှုံးပေးကြသည်။
KIA သည် ၎င်းတို့ပိုင်နက်အတွင်းတွင် ထောင်ပေါင်းများစွာသော PDF များကို နေရာထိုင်ခင်းပေးကာ လေ့ကျင့်ပေးသည်။ ထို PDF တပ်များသည် ယခုအခါတွင် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မကွေးတိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့ရသောကြောင့် ထို PDF တပ်များ အားရကျေနပ်ကြမည်ကို သံသယဖြစ်ရန် မလိုပေ။ ထိုကဲသို့ဖြစ်ရန် ၎င်းတို့စောင့်ဆိုင်းနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
မိုင်းလားဆွေးနွေးပွဲတွင် ပါဝင်သော ကိုယ်စားလှယ်များ၏ အဆိုအရ စစ်ကောင်စီ ထိပ်တန်းဗိုလ်ချုပ်များသည် ယခင်က အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ၎င်းတို့ တံဆိပ်ကပ်ခဲ့သည့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အံ့သြစရာကောင်းလောက်အောင် ဖော်ရွေပြီး အလျှော့ပေး ဆက်ဆံကြောင်း မှတ်သားဖွယ်ရာ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့ရသောကြောင့် ထို PDF တပ်များ အားရကျေနပ်ကြမည်ကို သံသယဖြစ်ရန် မလိုပေ။ ထိုကဲသို့ဖြစ်ရန် ၎င်းတို့စောင့်ဆိုင်းနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် များပြားလှသော တိုင်းရင်းသား လက်နက်ကိုင်များက ၎င်းတို့တွင် လက်နက်ရှိလျှင် စစ်ကောင်စီက ၎င်းတို့ကို လေးစားမည် ဆိုသည့်အချက်ကို ပိုမိုသိလာကြသည်။ ထိုသို့သော ကောက်ချက်မျိုးကို ချခဲ့သည်မှာ ယခုအချိန်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခုတကြိမ်တွင်မူ ထိုကောက်ချက်သည် မှန်ကန်ကြောင်း သက်သေ ပြလိုက်သကဲ့သို့ပင် ဖြစ်သည်။ PDF တပ်များကလည်း ထိုသတင်းစကားကို ကြားသိလိုက်ရပြီ ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ As War Brews in Myanmar’s Karen State, Civilian PDF Groups Welcome the Fight ကို ဘာသာပြန်ဆိုသည်။ အောင်ဇော်သည် ဧရာဝတီသတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories :
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ
ကရင်ပြည်နယ်တိုက်ပွဲ ဒုဗိုလ်ချုပ်ကြီးအောင်စိုး ဘယ်လိုကိုင်တွယ်မလဲ
မြောက်ပိုင်း EAO အဖွဲ့အချို့ NCA အလုပ်မဖြစ်ကြောင်း စစ်ကောင်စီကို ပြော