ကိုလိုနီထိန်းချုပ်မှုအောက် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ကဲ့သို့ပင် ၂၀၂၁ ခုနှစ်နှင့် စစ်အုပ်ချုပ်ရေးကို လူထုတော်လှန်ရေးသည် နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ဒုတိယ အရေးပါသော အပြောင်းအလဲကာလ ဖြစ်သည်။
သို့သော် ထိုရှုပ်ထွေးပြောင်းလဲနေသည့် နှစ်ကုန်တွင်မူ လူထုထောက်ခံမှုရသော ဒီမိုကရေစီ အင်အားစုများနှင့် လုပ်ချင်ရာလုပ်သော စစ်ကောင်စီတို့ တိုက်ခိုက်နေသည့် သွေးချောင်းစီးမှုအတွင်း ကျဆင်းသက်ရောက်သွားစေသော တိုက်ပွဲ၏ အနာဂတ်သည် အန္တရာယ်များသည့် မရေရာသော အခြေအနေတွင် ရှိနေသည်။
မကြာသေးမီ လများအတွင်းက သတင်းလောက အသုံးအနှုန်းများတွင် လက်ရှိ ပဋိပက္ခကို အကျပ်အတည်းဟု သုံးသည်။ သို့သော် ပကတိအခြေအနေမှာ မြန်မာနိုင်ငံအလယ်ပိုင်း၏ ကျယ်ပြန့်လှသော ပထဝီအနေအထားနှင့် လွတ်လပ်စွာ သတင်းတင်ပြနိုင်မှု အကြီးအကျယ် ကင်းမဲ့နေသောကြောင့် စစ်၏အခြေအနေနှင့် စိတ်ဓာတ်ရေးရာ အင်အားစုများ၏ လမ်းကြောင်းကို ဖွင့်ဆိုရန် မဖြစ်နိုင်သေးပေ။
သို့သော် ဗမာလူများစုများ လွှမ်းမိုးသည့် နှစ်ဘက်အင်အားစုများ၏ အဓိက အားသာချက်နှင့် အားနည်းချက်များကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။ ထို့အပြင် ရှေ့လာမည့်နှစ်သည် နှစ်ဘက်စလုံးအတွက် သေရေးရှင်ရေးဖြစ်ပြီး ပြင်ပကမ္ဘာက ဖြေရှင်းနိုင်ခြင်း မရှိရုံသာမက ကြားဝင်စေ့စပ်၍ပင် ရနိုင်ဖွယ်မရှိဟုမြင်သော တိုက်ပွဲတွင် မည်သူ အသာစီးရမည်ဆိုသည့် အဓိကမေးခွန်းအတွက် အဖြေကို ပိုမိုရှင်းလင်းလာအောင် လုပ်ပေးနိုင်ပေမည်။
တဘက်တွင် စစ်အာဏာသိမ်းမှုကို အဓိကအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် ပြီးခဲ့သည့် ဧပြီလက ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက အမျိုးမျိုးရှိနေသည်။ နောက်လများတွင် နိုင်ငံရေးချုပ်ကိုင်မှု ပြန်လည်ထူထောင်ရန် ကြိုးစားမှုများကြောင့် ထိုတပ်ဖွဲ့များ ပျံ့နှံ့လာသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့နယ်များ အားလုံးနီးပါးနှင့် တိုင်းရင်းသား လူနည်းစု ဒေသများတွင် လှုပ်ရှားနေသည့် သီးခြားစီဖြစ်နေသော PDF တပ်ဖွဲ့ ၁၅၀ မှ ၂၀၀ အထိ ရှိခဲ့သည်။ နှစ်လယ်မှ စတင်သည့် ပြန်လည်ဖွဲ့စည်းမှုများနှင့် အင်အားချည့်နဲ့လာခြင်းကြောင့် ထိုအရေအတွက်မှ အတန်အသင့် ကောင်းစွာ ထူထောင်ထားကြောင်း ထင်ရှားသည့် အဖွဲ့ ၅၀ အထိ လျော့ကျသွားသည်။
၎င်းတို့၏ ခုခံစစ်ကြောင့် နိုင်ငံအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားသည်။ PDF များက စစ်ကောင်စီခန့် အရာရှိများနှင့် ဒလန်ဟု သံသယရှိသူများကို နေ့စဉ်ပစ်မှတ်ထား သတ်ဖြတ်ခြင်းမှတဆင့် စစ်စခန်း၊ ရဲစခန်းများကို ကားမောင်းပစ်ခတ်ခြင်းအထိ အရှိန်မြင့်လာသော တိုက်ခိုက်ခြင်းများကြောင့် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် ဒေသအုပ်ချုပ်ရေးသည် အင်အားချည့်နဲ့သွားခဲ့သည်။
လက်လုပ်မိုင်း (IED) များကို နေရာအနှံ့အသုံးပြုမှုသည် ကနဦးတွင် အစိုးရ အဆောက်အအုံများနှင့် စစ်ယာဉ်တန်းများကို ပစ်မှတ်ထားသော်လည်း ယခုအခါ ရထားလမ်း၊ တံတားနှင့် စစ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါစသည့် အခြေခံ အဆောက်အအုံများကိုပါ ပစ်မှတ်ထားလာသည်။

အနောက်မြောက်ပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်းသည် တိုက်ပွဲများ၏ ဗဟိုချက် ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကာလကြာမြင့်စွာ ထောက်ခံပြီး အောက်ခြေလူတန်းစားများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုပြင်းထန်သော ခေတ်နောက်ကျသည့် ကျေးလက်ဒေသဖြစ်သော စစ်ကိုင်းတိုင်းနှင့် ပတ်ဝန်းကျင် မကွေးတိုင်းရှိ မြို့နယ်များမှ အကြမ်းဖက် မတည်ငြိမ်မှုများသည် စုစည်းထားသည့် PDF များ၏ ပုန်ကန်တိုက်ခိုက်မှုကို ဖြစ်စေပြီး စစ်ကောင်စီကို တုန်လှုပ်သွားစေကြောင်း ထင်ရှားသည်။
နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး “အလောင်းမင်းတရား” ဟု ခေါ်သည့် စစ်ဆင်ရေးတွင် လေကြောင်း အကူအညီသုံးပြီး စီးနင်းတိုက်ခိုက်မှုများ၊ နယ်မြေရှင်းလင်းမှုများနှင့် ရဟတ်ယာဉ်ဖြင့် သယ်ပို့ တိုက်ခိုက်မှုများ ပါဝင်သော်လည်း ခုခံမှုများကို ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။
မည်သို့ဆိုစေကာမူ အနောက်ဘက် အိန္ဒိယ နယ်စပ်ရှိ ချင်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ အရှေ့ဘက်တွင် ၉ လကြာမျှ တိုက်ပွဲများ ဖြစ်ပွားပြီး နိုင်ငံတဝှမ်း အဓိကကျသည့် မြို့ပြဒေသများကို အနှောင့်အယှက်များ ဖြစ်စေပြီးနောက် လူထုထောက်ခံမှု အကြီးအကျယ် ရနေသော်လည်း နီးကပ်လာသည့် စိန်ခေါ်မှု ၂ ခုကို PDF ရင်ဆိုင်နေရသည်။
ပထမစိန်ခေါ်မှုမှာ ခေတ်မီလက်နက်များ ရရှိရေးဖြစ်သည်။ ဧပြီလမှစတင်ပြီး အုပ်စုအများအပြားသည် မြန်မာနိုင်ငံ၏ တောတောင်ထူသော နယ်စပ်ဒေသများတွင် အခြေစိုက်ပြီး ၎င်းတို့ကို စာနာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ ဝယ်ယူထားသည့် အော်တိုမက်တစ် လက်နက်များဖြင့် ရိုးရာတူမီးသေနတ်များကို အားဖြည့်ခဲ့ကြသည်။
လျှော့မတွက်ရမည့်အချက်မှာ အင်အား တသောင်းရှိသော ကချင်လွတ်လတ်ရေး တပ်မတော် (KIA) သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ငယ်များကို ထုတ်လုပ်နေပြီး စစ်ကိုင်းတိုင်းမှ PDF အချို့ကို ထောက်ပံ့နေသည်။ အရှေ့ပိုင်းတွင် ကရင်နှင့် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်များသည် ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းထားသော အထောက်အပံ့များကို ပေးနေသည်။
သို့သော် PDF က စစ်ကောင်စီကို တိုက်ခိုက်မှုများသည် စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်သည့် လက်နက်များဖြစ်သော စက်သေနတ်၊ ဒုံးပစ်လောင်ချာ (RPG) နှင့် မော်တာကဲ့သို့သော လက်နက်များ အပါအဝင် လက်နက် အထောက်အပံ့နည်းသောကြောင့် တိုက်ခိုက်ပြီး ထွက်ပြေးသည့် စစ်ဆင်ရေးများ ဖြစ်နေသည်။
အောက်တိုဘာလမှ စတင်ပြီး အချို့တီထွင်သော အုပ်စုများက ထုတ်လုပ်သည့် ဒုံးပစ်လက်နက်များနှင့် မော်တာများသည် ပြဿနာကို ဖြေရှင်းခြင်းထက် လိုအပ်ချက်ကို ပိုမိုပြသနေသည်။ PDF တို့၏ အဓိက လက်နက်ဖြစ်လာသော လက်လုပ်မိုင်းများကို အသုံးပြုခြင်းသည်ပင် နည်းပရိယာယ်နှင့် နည်းပညာအရ စမ်းသပ်ခြင်းဖြစ်ပုံရသည်။
လက်လုပ်ဗုံးအများစုသည် ပေါက်ကွဲအားနည်းသည့် ယမ်းမဲများ (ပိုတက်စီယမ်နိုက်ထရိတ်နှင့် ဆာလ်ဖာအခြေခံ) ကို အသုံးပြုနေရသောကြောင့် ထိရောက်မှုမြင့်မားသည့် လက်လုပ်မိုင်းများ မထုတ်လုပ်နိုင်ဘဲ ဖြစ်နေသည်
လက်လုပ်ဗုံးအများစုသည် ပေါက်ကွဲအားနည်းသည့် ယမ်းမဲများ (ပိုတက်စီယမ်နိုက်ထရိတ်နှင့် ဆာလ်ဖာအခြေခံ) ကို အသုံးပြုနေရသောကြောင့် ထိရောက်မှုမြင့်မားသည့် လက်လုပ်မိုင်းများ မထုတ်လုပ်နိုင်ဘဲ ဖြစ်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှ မလေးသူပုန်များ အသုံးပြုသည့် အမိုနီယမ် နိုက်ထရိတ်-လောင်စာဆီသုံး (ANFO) ဗုံးများသည် သိသိသာသာ ထိရောက်မှုရှိပြီး ကားများကို ဖောက်ခွဲသောအခါ အသုံးဝင်သည်။
PDF များအတွက် ဒုတိယလိုအပ်ချက်မှာ ညှိနှိုင်းဆွေးနွေးမှုနှင့် ၎င်းတို့ကိုလမ်းညွှန်မည့် သေနင်္ဂဗျူဟာ ဖြစ်သည်။ နှစ်လယ်ပိုင်းမှစတင်ပြီး များပြားလှသော မြို့နယ်အခြေစိုက် အုပ်စုများသည် ပတ်ဝန်းကျင် မြို့နယ်များ အလိုအလျောက် အချိတ်အဆက်များ ထူထောင်လာသည်။ သို့သော် ဒေသများအတွင်းနှင့် အကြားတွင် သေနင်္ဂဗျူဟာ သက်ရောက်မှုဖြစ်စေနိုင်သည့် ပိုမိုကျယ်ပြန့်သော စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ရှိသည့်နေရာများတွင်ပင် ကနဦးအဆင့်သာ ရှိနေကြသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ဒေသဆိုင်ရာ PDF များနှင့် ဆက်ဆံရေး၊ ၎င်းတို့ကို သေနင်္ဂဗျူဟာလမ်းညွှန်မှု၊ ရန်ပုံငွေနှင့် ဖြစ်နိုင်သောနေရာများတွင် လက်နက်ခဲယမ်း ထောက်ပံ့ပေးနိုင်သည့် စွမ်းရည်အပေါ် မူတည်နေသည်
ခုခံရေးလှုပ်ရှားမှုကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ခြင်းသည် စစ်ကောင်စီဆန့်ကျင်ရေး စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ဒေသဆိုင်ရာ PDF များနှင့် ဆက်ဆံရေး၊ ၎င်းတို့ကို သေနင်္ဂဗျူဟာ လမ်းညွှန်မှု၊ ရန်ပုံငွေနှင့် ဖြစ်နိုင်သောနေရာများတွင် လက်နက်ခဲယမ်း ထောက်ပံ့ပေးနိုင်သည့် စွမ်းရည်အပေါ် မူတည်နေသည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိပါက PDF များသည် သီးခြားစီခွဲထားခံရပြီး စစ်ကောင်စီ၏ ဖိနှိပ်ရေးက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း အင်အားနည်းသွားနိုင်သည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူ့ခုခံစစ်ကို စက်တင်ဘာလတွင် ကြေညာချိန်မှစတင်ပြီး NUG သည် အနည်းဆုံး ရန်ကုန်တွင် PDF အများအပြား၏ ပူးပေါင်းမှုကို ရယူနိုင်ခဲ့ပြီး NUG အလံတော် အောက်မှ အဓိက PDF ကလာပ်စည်းများကို စုစည်းကာ ညှိနှိုင်းတိုက်ခိုက်မှုများကို အထောက်အကူ ပေးနိုင်ခဲ့သည်။ သို့သော် ထိုသို့သော အားထုတ်မှုများသည် မြန်မာနိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ထောက်လှမ်းရေး သတင်းဖြင့် လုပ်ဆောင်သည့် စီးနင်းတိုက်ခိုက်မှု၊ ဖမ်းဆီးမှုများနှင့် အပြိုင် လုပ်ဆောင်နိုင်မည်၊ မလုပ်ဆောင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
မြန်မာ့နိုင်ငံရေး အကွဲအပြဲ၏ အခြားတဘက်တွင် ရှိနေသည်မှာ ဒေသတွင်းအစိုးရများနှင့် အခြားအစိုးရများက မကျဆုံးနိုင်လိုက်အောင် အင်အားကြီးမားသည်ဟု မြင်သော စစ်တပ် ဖြစ်သည်။ ကိုလိုနီခေတ်လွန် ခေတ်သစ်မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖွဲ့စည်းမှု၊ ညီညွတ်မှု၊ ရင်းမြစ်များနှင့် အချက်အခြာကျမှုကြောင့် စစ်တပ်သည် လူမျိုးစုအရနှင့် နိုင်ငံရေးအရ ပြဿနာရှိသော နိုင်ငံလုံးဆိုင်ရာ အခြေအနေကို အလိုအလျောက် ဆက်လက် လွှမ်းမိုးနေစေမည်ဖြစ်သည်။
အတိုချုပ်ပြောရပါက စစ်အုပ်စုမရှိသော မြန်မာနိုင်ငံအဖြစ် မျှော်လင့်ရန် ခက်ခဲသည်။ ထိုအမြင်အတွက် ခိုင်မာသော အခြေခံများရှိသည်ကို မငြင်းပယ်နိုင်ဘဲ အဓိက အင်အားကြီးနိုင်ငံများ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒများကို ထိုအခြေခံတွင် စဉ်းစားကြသည်။
သို့သော် စစ်ကောင်စီသည် ၎င်း၏ စစ်ရေးအားထုတ်မှုများကို အရှိန်မြှင့်တင်လိုက်သောအခါ ၎င်း၏ စွမ်းရည်များကို အပြင်းအထန် လျော့ကျစေသည့် အရေးပါသော ထိခိုက်လွယ်မှုများကို ရင်ဆိုင်ရပြီး အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရပါက အစိတ်စိတ်အမွှာမွှာပြိုကွဲနိုင်သည်။
စစ်အုပ်စုသည် ၎င်းတို့အင်အားကို မည်သည့်အခါကမျှ လူသိရှင်ကြား ပြောကြားခြင်း မပြုသော်လည်း မီဒီယာ သတင်းများအရ အင်အား ၃ သိန်းခွဲမှ ၄ သိန်းအထိရှိသည်ဟု ဖော်ပြလေ့ရှိကြသည်
ပထမဆုံး အကျပ်အတည်းမှာ လူအင်အားအကျပ်အတည်း ဖြစ်သည်။ ဆန္ဒအလျောက် ဝင်ရောက်သူများကိုသာ တပ်သားစုဆောင်းပြီး စစ်မှုမထမ်းမနေရ သတ်မှတ်မထားသော စစ်တပ်သည် ၎င်းတို့အင်အားကို မည်သည့်အခါကမျှ လူသိရှင်ကြား ပြောကြားခြင်း မပြုသော်လည်း မီဒီယာ သတင်းများအရ အင်အား ၃ သိန်းခွဲမှ ၄ သိန်းအထိရှိသည်ဟု ဖော်ပြလေ့ရှိကြသည်။ လေတပ်နှင့် ရေတပ်အပါအဝင် စစ်ဖွဲစည်းပုံပြည့်ပေါ် အခြေခံတွက်ချက်ပါက ထိုသို့သော ခန့်မှန်းတွက်ချက်မှုသည် အန္တရာယ်များလောက်အောင် မှားယွင်းစေသည်။
၁၉၉၀ ပြည့်နှစ်များတွင် စစ်အုပ်စု၏ စစ်ရေးကွပ်ကဲမှုများကို အကြီးအကျယ် ချဲ့ထွင်ချိန်မှစတင်ပြီး လူအင်အားလျော့နည်းမှုသည် ပုံမှန်ဖြစ်ပေါ်နေသည့် ရောဂါသဖွယ်ဖြစ်နေကာ ပုံမှန် ခြေလျင်တပ်ရင်းတခု၏ အင်အားသည် ၂၀၀ အောက်တွင်သာရှိနေပြီး တခါတရံ ၁၀၀ ခန့်အထိ နည်းသည်။ ပုံမှန်တပ်ရင်းတခု၏ အင်အားမှာ ၆၀၀ မှ ၇၀၀ အထိ ရှိသည်။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် ဆယ်ကျော်သက်အရွယ် ကလေးစစ်သားများကို စုဆောင်းခြင်းမှာ ပျံ့နှံ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော အချက်ဖြစ်သည်။
နိုင်ငံအတွင်းတွင် နိုင်ငံငယ်ထူထောင်ထားသော လှေကြီးပေါ် လှေငယ်ဆင့်စစ်တပ်သည် ပုန်ကန်မှုနှိမ်နင်းရေး စွမ်းရည်နှင့် မသက်ဆိုင်သည့် ရှည်လျားဖောင်းပွသော အုပ်ချုပ်ရေး၊ နည်းပညာ၊ ဆေး၊ ပညာရေး၊ တရားစီရင်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများကိုလည်း ထူထောင်ထားသည်။
စစ်တပ်ဖွဲ့စည်းပုံကို ဝေဖန်စမ်းစစ်သောအခါ ယနေ့စစ်မြေပြင်မှ တိုက်ခိုက်ရေးအင်အားမှာ တသိန်းအောက်သာရှိပြီး တိုင်းစစ်ဌာနချုပ်များနှင့် တပ်ဦးဖြစ်သော ဗဟိုမှချုပ်ကိုင်ထားသည့် တိုက်ခိုက်ရေး ခြေမြန်တပ်မ ၁၀ ခုတွင် ဖြန့်ခွဲထားသည်။ ထိုးစစ်စစ်ဆင်ရေးများ အသုံးပြုနိုင်ဖွယ်မရှိသည့် လုံထိန်းစစ်ရဲတပ်တွင် နောက်ထပ် လူ ၈ သောင်း ခန့် ရှိနိုင်သည်။

စစ်အာဏာသိမ်းမှု မတိုင်မီကပင် ထိုအင်အားများကို ရခိုင်၊ ကရင်၊ ကချင်၊ ရှမ်းနှင့် ၀ စသည့် ပြန့်ကြဲနေသည့် နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရှိသောနေရာများတွင် ဖြန့်ခွဲထားနေရသည်။ ယခုနှစ်တွင် နိုင်ငံအလယ်ပိုင်း ဒေသတဝှမ်းမှ ပုန်ကန်မှုများသည် ဖိအားကို ပိုမိုများပြားစေသည်။
စစ်ကောင်စီသည် စစ်သားများ၏ ဆယ်ကျော်သက်ရွယ် ကလေးများနှင့် ဇနီးများကို လက်နက်ငယ်သင်တန်း မတက်မနေရ တက်ရောက်စေခဲ့သည်
ထို့ကြောင့် နေပြည်တော်ရှိ ကွပ်ကဲရေးဌာနသည် အင်ဂျင်နီယာတပ်များနှင့် လေတပ် တပ်ဖွဲ့ဝင်များကို မြို့ပြလုံခြုံရေးအခြေစိုက် တာဝန်ပေးနေရပြီး စစ်တပ်မှ အငြိမ်းစားယူထားသူများကိုပင် ပြန်လည်ခေါ်ယူကာ လေ့ကျင့်သင်တန်းပေးထားခြင်း မရှိဘဲ စည်းကမ်းမဲ့သော အရပ်ဝတ် ပြည်သူ့စစ်အဖွဲ့သစ်များ ထူထောင်နေရသည်။ ဒီဇင်ဘာလ အစောပိုင်းက လုပ်ရပ်တခုသည် ထိုအကျပ်အတည်း၏ အတိုင်းအတာကို အထင်အရှားပြသနေသည်။ စစ်ကောင်စီသည် စစ်သားများ၏ ဆယ်ကျော်သက်ရွယ် ကလေးများနှင့် ဇနီးများကို လက်နက်ငယ်သင်တန်း မတက်မနေရ တက်ရောက်စေခဲ့သည်။
စစ်တပ်အတွက် အဓိကကျသည့် ဒုတိယအခက်အခဲမှာ စိတ်ဓာတ်အင်အားဖြစ်သည်။ အထောက်အထား အပိုင်းအစများအရ ၂၀၂၁ ခုနှစ် နှစ်ကုန်တွင်ရှိသည့် စစ်တပ်၏ စိတ်ဓာတ်အနေအထားမှာ မရေမရာဖြစ်နေသည်ဟုသာ အကောင်းဆုံးဖော်ပြနိုင်သည်။ ပြိုကွဲလွယ်သည့်အဆင့်နှင့် ခိုင်မာသည့် အဆင့်ကြားတွင် ရောက်နေသည်။ စစ်မြေပြင်တွင် ပစ်ပြီးပြေးခြင်းကို မှီခိုနေရဆဲဖြစ်သော ပြောက်ကျားရန်သူနှင့် တိုက်ပွဲများတွင် စစ်တပ်သည် ပစ်အားအသာဖြင့်သာ ရပ်တည်နိုင်သည်။
သို့သော် နေ့စဉ်လက်လုပ်ဗုံး ဖောက်ခွဲမှုများ၊ စစ်တပ်လှုပ်ရှားမှုများနှင့် ကင်းစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ပတ်လည် အဝိုင်းခံထားရသည်ဆိုသည့် စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်ပေါ်စေသည်။ စစ်ကိုင်းတိုင်းမှ ခြုံခိုတိုက်ခိုက်ခံရသော အတွေ့အကြုံနည်းသည့် တပ်များတွင် ထိုကဲ့သော စိတ်ဓာတ်များ ဖြစ်ပေါ်နေခြင်းကို ရရှိရန် မလွယ်သည့် လေကြောင်းပစ်ကူ မကြာခဏ ခေါ်ယူရခြင်းက ပြသနေသည်။
အလားတူစွာပင် နောက်တန်းမှ ဝန်ထမ်းတပ်အရာရှိများသည် စစ်မြေပြင်တပ်များသို့ စေလွှတ်ခံရမည်ကို ရှောင်ရှားရန် အမေရိကန်ဒေါ်လာဖြင့် များပြားလှသော လာဘ်များပေးနေရသောကြောင့် စစ်မြေပြင်တွင် ၎င်းတို့ကိုယ်၎င်းတို့ ယုံကြည်မှုကင်းမဲ့ကြောင်း ပြသနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်၏ အမျိုးသား အင်စတီကျူးရှင်းအဖြစ် တရားဝင်မှု ပျောက်ကွယ်သွားခြင်းက
စိတ်ဓာတ်ကျဆင်းမှုကို ပိုမိုဆိုးရွားစေပြီး စစ်အုပ်စုအတွက် တတိယ ပြဿနာဖြစ်သည်။ လူထုမုန်းတီးမှု၏ သက်ရောက်မှုနှင့် စစ်တပ်၏ သဘောထားကို လေးစားမှုကင်းမဲ့ခြင်းအပြင် နိုင်ငံရေးအရ တရားဝင်မှု ကင်းမဲ့သွားခြင်းကြောင့် ၂၀၂၃ ခုနှစ်၊သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသည့် စစ်ကောင်စီ၏ စီမံကိန်းကို အဓိက မေးခွန်းထုတ်စရာ ဖြစ်နေသည်။
စစ်အုပ်စုအကြီးအကဲနှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလအတွင်း ပြောကြားခဲ့သည့် ထိုလမ်းပြမြေပုံသည် ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်နေသောကြောင့် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသည့် ပကတိအခြေအနေဖြစ်သော ဖရိုဖရဲဆန့်ကျင်ကွဲလွဲမှုများနှင့် အဆက်အစပ် ကင်းမဲ့နေသည်။
လာမည့် ပွင့်လင်းရာသီအထိ ရေတိုတွင် စစ်တပ်၏ အကျပ်အတည်းများကို စီမံကိုင်တွယ်နိုင်ဖွယ် ရှိသည်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်နှင့်နောက်ပိုင်း ရေရှည်တွင်မူ အခြေအနေနှစ်ရပ်တွင် ထိုပြဿနာများသည် လေးနက်ပြင်းထန် အရေးပါသော ထိခိုက်လွယ်မှုများ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသည်။ ထိုအခြေအနေ နှစ်ရပ်လုံးသည် ရေရာတိကျခြင်း မရှိပေ။
ပထမအခြေအနေမှာ PDF ခုခံမှုသည် တဖြည်းဖြည်း ပိုမိုကောင်းမွန်သော လက်နက်များရရှိလာပြီး ပမ်းနေပြီးဖြစ်သည့် စစ်တပ်များ ပိုပမ်းလာရန်နှင့် အထိခိုက် အကျအဆုံး များလာစေရန် ရည်ရွယ်သည့် သေနင်္ဂဗျူဟာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ထိုလက်နက်များကို အသုံးပြုလာသည့် အခါတွင် ဖြစ်မည်။
ဒုတိယအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး စစ်တပ်အပေါ် စစ်ဆင်ရေးနှင့် စိတ်ဓာတ်ရေးရာ ဖိအားများ ဖြစ်လာသည့်အခါတွင် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ မြင့်မားလာခြင်းသည် အနည်းဆုံး ဒေသ ၃ ခုတွင် အမှန်တကယ် ခြိမ်းခြောက်နေသည်။ တခုမှာ ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှ ဝေးကွာသော အရှေ့မြောက် ကိုးကန့်ဒေသဖြစ်သည်။ ထိုဒေသတွင် နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး မြန်မာစစ်တပ်၏ ခြေမြန်တပ်မနှစ်ခုသည် ပြင်းထန်သော တိုက်ပွဲများရင်ဆိုင်နေရပြီး အသေအပျောက်များကာ လေကြောင်းပစ်ကူများ မကြာခဏ လိုအပ်နေသည်။
ဒုတိယဒေသမှာ အရှေ့ပိုင်းရှိ ထိုင်းနယ်စပ်ဖြစ်ပြီး မကြာသေးမီရက်များအတွင်း ထိုနေရာတွင် စစ်အုပ်စုက PDF များ ခိုလှုံလေ့ကျင့်နေသော နေရာများကို ပစ်မှတ်ထားရန် အားထုတ်မှုကြောင့် စစ်တပ်၏ သက်တမ်းအရှည်ဆုံး ရန်သူဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုက်ပွဲများ ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်များ ထွက်ပြေးရသည်။
နောက်ဆုံးနှင့် အရေးအကြီးဆုံး ဖြစ်ဖွယ်ရှိသောနေရာမှာ တနှစ်ကြာ အပစ်အခတ်ရပ်စဲထားသည့် ပင်လယ်ကမ်းရိုးတန်း ရခိုင်ပြည်နယ်တွင် ဖြစ်သည်။ စစ်တပ်နှင့် ၎င်း၏ သေနင်္ဂဗျူဟာသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ခြိမ်းခြောက်မှု၊ တင်းမာမှုများဖြင့် လမ်းချော်ထွက်လာသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် အပြင်းအထန်တိုက်သည့် မည်သည့်တိုက်ပွဲမဆိုသည် စစ်အုပ်စုအနေဖြင့် အခြားစစ်မျက်နှာများမှ ခြေမြန်တပ်မ နှစ်ခု လိုအပ်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ရခိုင်ပြည်နယ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ
ရက္ခိုင့်တပ်တော် (AA) နှင့် အပြင်းအထန်တိုက်သည့် မည်သည့်တိုက်ပွဲမဆိုသည် စစ်အုပ်စုအနေဖြင့် အခြားစစ်မျက်နှာများမှ ခြေမြန်တပ်မ နှစ်ခု လိုအပ်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ရခိုင်ပြည်နယ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ အန္တရာယ်များလောက်အောင် ပြောင်းလဲနိုင်သည့် အခြေအနေတွင် ရန်သူဝိုင်းခံနေရသော စစ်ကောင်စီသည် ၎င်းတို့ခံစားနေသော အားသာချက်များကို အလျင်အမြန် အသုံးချရန် စိတ်အားထက်သန်နေသည်။ ၂၀၂၂ ခုနှစ်၊ မေလအထိ ပွင့်လင်းရာသီအတွင်း စစ်ကောင်စီ တပ်မှူးများသည် လက်နက်ကိုင်ပုန်ကန်မှု ရှေ့တန်းအရောက်ဆုံးဖြစ်သော စစ်ကိုင်းတိုင်းကို အာရုံစိုက်ပြီး PDF တပ်များကို အင်အားအပြည့်အဝဖြင့် ဖိတိုက်မည်ဟု မျှော်လင့်ရသည်။
ထိုသို့ မထိန်းချုပ်နိုင်ပါက စစ်အုပ်စုဘက်က သေနင်္ဂဗျူဟာ ချိန်ခွင်လျှာ အန္တရာယ်များလောက်အောင် ရုတ်တရက်နိမ့်ကျသွားမည့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ထိခိုက်လွယ်မှု ပိုမိုဆိုးရွားသွားပြီး ခန့်မှန်းမရသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။
(Asia Times ပါ Anthony Davis ၏ Who’s more likely to win Myanmar’s raging civil war? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကရင်ပြည်နယ် တိုက်ပွဲကို PDF တပ်များက ကြိုဆိုနေ
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ကရင်ပြည်နယ်တိုက်ပွဲ ဒုဗိုလ်ချုပ်ကြီးအောင်စိုး ဘယ်လိုကိုင်တွယ်မလဲ
လေကြောင်း တိုက်ခတ်မှုကြောင့် အရပ်သားများ သေဆုံးပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရ