မြန်မာစစ်အာဏာသိမ်းမှု တနှစ်ပြည့်ပြီ ဖြစ်သည်။ လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွားအခင်းအကျင်းသည် သိသိသာသာ ပြောင်းလဲသွားသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများသည် နိုင်ငံအစိတ်အပိုင်း အများအပြားသို့ ရောက်သွားပြီး စီးပွာရေး ယိုယွင်းသွားကာ နိုင်ငံလူဦးရေ ထက်ဝက်သည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက် မကြာမီရောက်တော့မည်ဟု ကုလသမဂ္ဂက သတိပေးနေသည်။
ကျယ်ပြန့်စွာ အခြေခံထားသော ခုခံရေးလှုပ်ရှားမှု ပေါ်ပေါက်လာပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့သည် အရေးပါသောအခန်းမှ ပါဝင်သူများဖြစ်လာပြီး နိုင်ငံမှ များပြားလှသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အသစ်ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကလည်း နိုင်ငံအနှံ့အပြားတွင် အရေးပါသော အခန်းမှ ပါဝင်လာကြသည်။
တရားမဝင် အစိုးရဖြစ်သော စစ်ကောင်စီကို ပြည်သူလူထုအများစုက မုန်းတီးကြသည်။ စစ်ကောင်စီတပ်၏ အင်အားသည် သိသိသာသာ ကြီးမားသော်လည်း အရေးပါသော အရပ်သား အများပြည်သူ စီမံခန့်ခွဲရေး ကဏ္ဍများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် နိုင်ငံကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံတွင် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း ရပ်တန့်နေသည်။
နိုင်ငံတကာ အသိုက်အဝန်းမှ အများစုသည် NUG နှင့် နောက်ကွယ်တွင် လမ်းကြောင်းဖွင့်ထားပြီး စစ်ကောင်စီကမူ စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုမှုအားလုံးကို ပယ်ချနေသည်
စစ်ကောင်စီကို လက်တဆုပ်စာသော အစိုးရများကသာ အသိအမှတ်ပြုသည်။ အခြားအစိုးရများသည် စစ်ကောင်စီအနေဖြင့် အတိုက်အခံ အင်အားစုများနှင့် ဆွေးနွေးရန် အားပေးနေသည်။ နိုင်ငံတကာ အသိုက်အဝန်းမှ အများစုသည် NUG နှင့် နောက်ကွယ်တွင် လမ်းကြောင်းဖွင့်ထားပြီး စစ်ကောင်စီကမူ စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုမှုအားလုံးကို ပယ်ချနေသည်။
ကနဦးတွင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) သည် မြန်မာအကျပ်အတည်း ဖြေရှင်းရေးတွင် အပြုသဘောဆောင်သော အခန်းမှ ပါဝင်နိုင်သည့် အနေအထားတွင်ရှိခဲ့သည်။ လွန်ခဲ့သောနှစ် ဧပြီလက အာဆီယံ အဖွဲ့ဝင်များသည် အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်ခန့်အပ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး စသည်တို့ ပါဝင်သော ဘုံသဘောတူညီချက် ၅ ချက် ချမှတ်နိုင်ခဲ့သည်။
သို့သော် ၉ လကြာသည့်တိုင် အာဆီယံသည် ထိုအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။
ထိုသို့ မအောင်မြင်ရခြင်းအတွက် အကြောင်းရင်းများစွာ ရှိသည်။
ဧပြီလမှ စတင်ပြီး ထိုဘုံသဘောတူညီချက် ၅ ချက်၏ အကြောင်းအရာနှင့် ဆန္ဒတိမ်းညွှတ်မှုပိုင်းကို စစ်ကောင်စီက ဖီလာကန့်လန့် လုပ်နေသည်
ပထမအချက်မှာ စစ်ကောင်စီက ထိုလုပ်ငန်းစဉ်ကို ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိလျှင် ဆွေးနွေးပွဲများကို စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းဖြစ်သည်။ ဧပြီလမှ စတင်ပြီး ထိုဘုံသဘောတူညီချက် ၅ ချက်၏ အကြောင်းအရာနှင့် ဆန္ဒတိမ်းညွှတ်မှုပိုင်းကို စစ်ကောင်စီက ဖီလာကန့်လန့် လုပ်နေသည်။
စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် စကားလုံးဖြင့် မဖော်ပြနိုင်သော အကြမ်းဖက်မှုများ အကြီးအကျယ် တိုးပွားနေသည်။
ဒုတိယအချက်မှာ သွေးကွဲနေသော အာဆီယံသည် အထူးသံတမန် ခန့်အပ်ရေးကဲ့သို့သော အဖွဲ့တွင်း စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများဖြင့် နွံနစ်နေပြီး စစ်ကောင်စီက အချိန်ဆွဲကာ ထိုအထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်ရေးအတွက် စည်းမျဉ်းများကို လိုက်လျောရန် ငြင်းဆန်နေခြင်းဖြစ်သည်။ ဇန်နဝါရီလ အစောပိုင်းက လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အဖွဲ့ဝင် နိုင်ငံများအကြား မည်မျှသွေးကွဲနေသည်ကို ပြသနေသည်။
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးဆိုသည့် ကမ္ဘောဒီးယား၏ အစီအစဉ်သည် အစောပိုင်းတွင် အာဆီယံက ချမှတ်ခဲ့သည့် အာဆီယံ အစည်းအဝေးများတွင် စစ်ကောင်စီကို နိုင်ငံရေးအရ ကိုယ်စားပြုမှု မပေးရေး လမ်းကြောင်းမှ သွေဖည်နေသည်။ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ထိုကိစ္စတွင် ကမ္ဘောဒီးယားကို ရှုတ်ချပြီး အဖွဲ့အစည်းအတွင်း အကွဲအပြဲသည် လူသိရှင်ကြားဖြစ်လာသည်။
အာဖဂန်နစ္စတန်၊ အီသီယိုပီးယားနှင့် ယူကရိန်း ကဲ့သို့သော အခြားအဓိက အကျပ်အတည်းများသည် ရှေ့တန်းရောက်လာသောကြောင့် မြန်မာအပေါ်နိုင်ငံတကာ စိတ်ဝင်စားမှု နည်းလာခြင်းဖြစ်သည်
တတိယအချက်မှာ နိုင်ငံတကာ အသိုက်အဝန်းသည် အာဆီယံ နောက်ကွယ်တွင် ကိုယ်ယောင်ဖျောက်နေပြီး အဖွဲ့အတွင်း အကွဲအပြဲကြောင့် တိုးတက်မှုရမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေရကြသည့်တိုင်အောင် အာဆီယံ၏ အားထုတ်မှုကို ထောက်ခံနေကြသည်။
စတုတ္ထအချက်မှာ အာဖဂန်နစ္စတန်၊ အီသီယိုပီးယားနှင့် ယူကရိန်း ကဲ့သို့သော အခြားအဓိက အကျပ်အတည်းများသည် ရှေ့တန်းရောက်လာသောကြောင့် မြန်မာအပေါ်နိုင်ငံတကာ စိတ်ဝင်စားမှု နည်းလာခြင်းဖြစ်သည်။
နောက်ဆုံးအချက်မှာ မြန်မာအကျပ်အတည်းအပေါ် တောင့်တင်းကြံ့ခိုင်သော နိုင်ငံတကာ တုံ့ပြန်မှု ကင်းမဲ့ခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းအပေါ် ယုံကြည်မှုကို တဖြည်းဖြည်း ကျဆင်းစေခြင်းဖြစ်သည်။ ထိုကိစ္စသည် လွန်ခဲ့သော စက်တင်ဘာလက NUG သည် စစ်ကောင်စီအပေါ် ခုခံစစ်ကြေညာလိုက်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းမှ မြန်မာ့အရေး အာရုံထားသူ အများအပြားက စိုးရိမ်ပူပန်မှု ဖော်ပြခြင်းဖြစ်သည်။ ထိုကိစ္စသည် မလိုလားအပ်သော အကြမ်းဖက်မှု မြင့်မားစေခြင်းဖြစ်သည်ဟု ၎င်းတို့က မြင်သည်။
သို့သော် အကြမ်းဖက်မှု တိုးလာခြင်းနှင့် တွေ့ဆုံဆွေးနွေးမှု မရှိခြင်းကြောင့် ၎င်းတို့တွင် အခြားရွေးစရာမရှိဟု NUG က ယူဆသည်။ ကြီးထွားနေသော ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းလမ်းများ မအောင်မြင်ဘဲ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မှု ရှောင်ရှားခြင်းသည် လက်နက်ချသကဲ့သို့ ဖြစ်နေသည်။
ပြည်သူ့ကာကွယ်ရေးတပ် PDF များ တည်ထောင်မှုသည် အလျင်အမြန် တိုးတက်လာပြီး ပြီးခဲ့သည့် မိုးရာသီအကုန်တွင် ၎င်းတို့သည် နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာကြသည်။
ထိုကိစ္စသည် နိုင်ငံတကာ စိုးရိမ်ပူပန်မှုကို ဖြစ်စေသော်လည်း သက်ဆိုင်သူအားလုံး စားပွဲဝိုင်းသို့လာပြီး အပစ်အခတ်ရပ်စဲရေးကို လက်ခံရေးသည် ခုခံရေးလှုပ်ရှားမှုကို စိတ်အနှောက်အယှက် ဖြစ်စေသည်။ ထိုသို့ လုပ်ခြင်းသည် တရားမဝင် စစ်ကောင်စီလက်တွင်းမှ ကစားရခြင်းဖြစ်သည်ကို ခုခံရေးအင်အားစုက နိုင်ငံတကာ အသိုက်အဝန်းအား နားလည်စေချင်ကြသည်။
အနောက်တိုင်းမှ လေ့လာသူများ အနေဖြင့် အတိုက်အခံအင်အားစု လက်နက်ကိုင်ရခြင်းကို မထောက်ခံကောင်း မထောက်ခံနိုင် သော်လည်း နားလည်သင့်သည်
မြန်မာနိုင်ငံ အကျပ်အတည်းအကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလက Diplomat စာစောင်တွင် ရေးသားသောအခါ ဆီဘက်စတိန်း စထရန်ဂျီယိုက “ပဋိပက္ခအားလုံးကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်” ဆိုသည့် လစ်ဘရယ်ပုံစံ ငြိမ်းချမ်းရေး တည်ဆောက်မှု၏ အကန့်အသတ်များကို ထောက်ပြသည်။ အနောက်တိုင်းမှ လေ့လာသူများ အနေဖြင့် “အတိုက်အခံအင်အားစု လက်နက်ကိုင်ရခြင်းကို မထောက်ခံကောင်း မထောက်ခံနိုင် သော်လည်း နားလည်သင့်သည်” ဟု ဖော်ပြသည်။
ရှင်းရှင်းလင်းလင်း ပြောရပါက အရေးကြီးသော အချက်တချက်မှာ စစ်ကောင်စီနှင့် ခုခံရေး အင်အားစုများတွင် အလားတူတာဝန်များ ရှိနေခြင်းဖြစ်သည်။ နှစ်ဘက်စလုံးသည် ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူရမည်ဖြစ်သည်။ သို့သော် နှစ်ဘက်ကြား တရားဝင်မှုနှင့် တရားမျှတမှုအရ ကွာဟမှုကိုလည်း ရှင်းလင်းစွာ မြင်ရသည်။
လများကြာလာသောအခါ အာဆီယံသည် တခုတည်းသော မအောင်မြင်သည့် ခေါင်းဆောင်မှု မဟုတ်ကြောင်း ထင်ရှားလာသည်။ ကုလသမဂ္ဂသည်လည်း အလားတူပင်ဖြစ်သည်ဟု ပြောနိုင်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်သည် မည်သည့် လက်တွေ့လုပ်ရပ်မျှ ဖြစ်မလာပေ။ သူ၏ ကနဦးက စိုးရိမ်ပူပန်မှု ဖော်ပြချက်နောက်တွင် “အလေးအနက် စိုးရိမ်သည်”၊ “နက်ရှိုင်းစွာ စိုးရိမ်သည်” ဆိုသည့် စကားများသာ သံယောင်လိုက်လာပြီး မည်သည့်လုပ်ရပ်မျှ ဖြစ်မလာခဲ့ပေ။
ကုလသမဂ္ဂတွင် ယခုကဲ့သို့ ခက်ခဲသော အချိန်များ၌ ၎င်း၏ အဖွဲ့ဝင် တနိုင်ငံချင်းစီအတွက် အကာအကွယ် ဖြစ်စေနိုင်သော ပူးတွဲသေနင်္ဂဗျူဟာ သို့မဟုတ် မူဘောင်ဖြစ်သည့် ဘုံနည်းလမ်း ချမှတ်ရန် သူသည် မတတ်နိုင် သို့မဟုတ် စိတ်အားထက်သန်ခြင်း မရှိပေ။ ထိုသို့သော ပူးတွဲမူဘောင်တခုသည် ကုလသမဂ္ဂ၏ ကျင့်ဝတ်သိက္ခာဆိုင်ရာ အသံကို ပိုမိုကျယ်လောင်စေနိုင်သည်။ လတ်တလောတွင်မူ ထိုမူဘောင်သည် ဝမ်းနည်းဖွယ်ရာ ကင်းမဲ့နေသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မေးခွန်းများစွာကို ဖြေကြားရန်လိုကြောင်း ထင်ရှားသည်။ လုံခြုံရေးကောင်စီသည် မြန်မာအပေါ် လက်နက်ပိတ်ပင်ရန်နှင့် နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆိုမှုများ ပြင်းထန်လာချိန်တွင်ပင် မြန်မာနှင့် ပတ်သက်သည့် နာတာရှည် စွမ်းဆောင်ရည် ကင်းမဲ့မှုသည် အထွေထွေ အတွင်းရေးမှူးချုပ်ကို မည်သည့်အရေးယူမှုမျှ လုပ်ဆောင်ရန် အားပေးနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် လုံခြုံရေးကောင်စီသည် ၎င်းတို့ အရေးယူဆောင်ရွက်သည်ကို တားဆီးပိတ်ပင်ထားခြင်း မရှိပေ။ အခြားနည်းလမ်းများကို ၎င်းတို့ သုံးနိုင်သည်။ အကောင်းဆုံးမှာ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်များက အဖွဲ့ဝင်နိုင်ငံအများစုသည် ကုလသမဂ္ဂ၏ ပိုမိုတောင့်တင်းသော အခန်းကဏ္ဍကို မြင်လိုကြောင်း ပြသနေသည်။ လက်ရှိအခြေအနေအောက်တွင် အရေးယူရေးအတွက် ပူးတွဲကုလသမဂ္ဂ မူဘောင်သည် ထိုတောင်းဆိုမှုကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။
အကျပ်အတည်းကို ကျော်လွှားရန် ကမ္ဘောဒီးယား၏ အားထုတ်မှုကို လုံးလုံးလျားလျား ပယ်ချရန် မသင့်သော်လည်း အချိန်အခါသည် အရေးပါသည်
ထိုသို့လုပ်ဆောင်ပါက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ်ဖြစ်သော မစ္စ နိုလင်း ဟေဇာ၏ လုပ်ငန်းများကို အထောက်အကူပြုမည် ဖြစ်သည်။ သူမ၏ နိုင်ငံရေး အခွင့်အာဏာသည် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှု အကူအညီ၊ လူ့အခွင့်အရေးနှင့် တိုးတက်မှုများကို ချိတ်ဆက်နေရန် အရေးကြီးသည်။
အာဆီယံနှင့် ပတ်သက်လျှင် ၎င်းတို့အဖွဲ့အတွင်း အကွဲအပြားများကို ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်သည်။ ဇန်နဝါရီလတွင် စီစဉ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှောင့်နှေးသွားသောကြောင့် ကမ္ဘောဒီးယားသည် စစ်ကောင်စီနှင့် ပတ်သက်ပြီး လက်ဦးမှု ရယူသည့် နည်းလမ်းကို ပြန်လည် စဉ်းစားသုံးသပ်ရန် စိတ်အားထက်သန်ကြောင်း ပြသနိုင်သည်။ အကျပ်အတည်းကို ကျော်လွှားရန် ကမ္ဘောဒီးယား၏ အားထုတ်မှုကို လုံးလုံးလျားလျား ပယ်ချရန် မသင့်သော်လည်း အချိန်အခါသည် အရေးပါသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီက အဓိပ္ပာယ်ပြည့်ဝသော စတင်မှု မရှိခြင်းသည် မြန်မာကို ပိုမိုအထီးကျန်စေရုံသာမက အာဆီယံ၏ ညီညွတ်မှုကိုလည်း ကွဲပြဲစေမည်ဖြစ်သည်။
လက်ရှိအခြေအနေသည် နိုင်ငံတကာအသိုက်အဝန်းမှ နောက်ထပ် ပါဝင်ဆောင်ရွက်မည့်သူများ ရွေးချယ်ခြင်းကို လိုအပ်လျက် ရှိနေသည်။ မြန်မာနိုင်ငံသည် အာဆီယံ အသိုက်အဝန်း၏ အပြင်ဘက်အစွန်းတွင် ရှိနေသည်။ မြန်မာ၏ အိမ်နီးချင်း ၅ နိုင်ငံတွင် ထိုင်းနှင့်လာအို နှစ်နိုင်ငံသာ အာဆီယံအဖွဲ့ဝင်ဖြစ်သည်။ ၎င်းတို့သည် မြန်မာနှင့် နီးကပ်စွာ တည်ရှိခြင်း၏ ဝန်ထုတ်ဝန်ပိုးကို ထမ်းကြရသည်သာမက ဒွန်တွဲနေသော အရေးယူဆောင်ရွက်ရန် တာဝန်လည်း ရှိသည်။
၎င်းတို့သည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့်အတူ ထိုဝန်ထုတ်ဝန်ပိုးနှင့် တာဝန်ကို ခွဲဝေယူနေသည်။
ထိုနိုင်ငံများနှင့် ဂျပန်ကဲ့သို့သော ထိတွေ့ဆက်ဆံရန် အသင့်ရှိသော အခြား နိုင်ငံများသည် မြန်မာမှ သက်ဆိုင်သူအားလုံး ပါဝင်သည့် အားလုံးအကျုံးဝင်သော လုပ်ငန်းစဉ်တခု ဖြစ်ပေါ်ရေးအတွက် မည်သို့ ကူညီနိုင်သည်ကို စဉ်းစားရန် အရှိန်မြှင့် လုပ်ဆောင်သင့်သည်။ အလျင်အမြန်ရနိုင်သော အဖြေမရှိပေ။ စစ်မှန်သော အသွင်ကူးပြောင်းမှုကို အကြီးအကျယ် တောင်းဆိုနေသည့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်အတွက် တရားမျှတမှုဖြစ်စေမည့် အဖြေရရန် အချိန်၊ အာရုံစိုက်မှုနှင့် ဇွဲလုံ့လ လိုအပ်မည် ဖြစ်သည်။
(ဘန်ကောက်ပို့စ် သတင်းစာပါ Asean still toothless a year after Myanmar coup ကို ဘာသာ ပြန်ဆိုသည်။ ပူးတွဲရေးသားသူများအနက် Laetitia van den Assum သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်အခြေစိုက် သံတမန်ရေး ကျွမ်းကျင်သူဖြစ်သည်။ Kobsak Chutikul သည် ထိုင်းသံအမတ်ဟောင်း ဖြစ်သည်။ Pou Sothirak သည် ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျု အမှုဆောင်ဒါရိုက်တာနှင့် စက်မှုဝန်ကြီးဟောင်း ဖြစ်သည်။ ဦးကျော်ဝင်းသည် မြန်မာ့လူ့အခွင့်အရေးကွန်ရက် လန်ဒန်၏ အမှုဆောင် ဒါရိုက်တာဖြစ်သည်။ Dinna Prapto Raharja သည် ဂျကာတာမှ နိုင်ငံတကာ ဆက်ဆံရေး တွဲဖက်ပါမောက္ခဖြစ်သည်)
You may also like these stories:
သံမဏိစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ၂၀၂၂ ကို ဆက်သွားမယ်
“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၂
ဟွန်ဆန်၏ မြန်မာ့ခရီးစဉ်အပေါ် ကမ္ဘောဒီးယားအမြင်