၁၉၉၆ ခုနှစ်တွင် ထိုစဉ်က စစ်အုပ်စုအတွက် အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပါတီဝင်များအတွက် စာအုပ်တအုပ်ကို မျှဝေသည်။ ထိုစာအုပ်မှာ ဝီလျှံယူရီ၏ “ငြင်းဆန်မှုများကို ဖြတ်သန်းခြင်း – ခက်ခဲသောအခြေအနေတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ်ညှိနှိုင်းခြင်း” (Getting Past No: Negotiating (in) Difficult Situation(s) by the NLD’s leader, Daw Aung San Suu Kyi) ဖြစ်သည်။
“အမေ” ဟု ထောက်ခံသူများက အမြတ်တနိုးခေါ်သော မြန်မာနိုင်ငံ၏ ဆွဲဆောင်စည်းရုံးနိုင်သော ခေါင်းဆောင်သည် ဝီလျှံယူရီ၏ စာအုပ်ကို မြန်မာဘာသာပြန်တွင် မတူညီသော အမည်ပေးထားသည်။ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ဖိတ်ခေါ်မရသော စစ်ဗိုလ်ချုပ်များသည် စေ့စပ်ညှိနှိုင်းရန် ခက်ခဲသူများဖြစ်ကြောင်း ပြည်သူများ နားလည်စေရန် ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်သည်ကို သံသယ ဖြစ်ရန်မလိုပေ။ စာအုပ်နိဒါန်းတွင် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံနှင့် မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လက်ရှိအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင်သာ အောင်မြင်နိုင်မည်ဟု မိမိ အခိုင်မာယုံကြည်သည်ဟု ရေးသားသည်။
ဗိုလ်ချုပ်များသည် စေ့စပ်ညှိနှိုင်းထားသည် နိုင်ငံရေးရလာဒ် အဖြေတွင် တန်ဖိုးမရှိဟု ယူဆပြီး နိုင်ငံ၏ နာတာရှည်ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ရှားပါးလှသော အခွင့်အလမ်းကို ပိတ်ပင်ရန် အင်အားကို အသုံးပြုခဲ့ကြသည်
ခေါင်းမာသော ဗိုလ်ချုပ်များ၏ စဉ်းစားနည်းမှာ တမျိုးတဖုံဖြစ်သည်။ စစ်ဗိုလ်ချုပ်အဆက်ဆက်က စေ့စပ်ညှိနှိုင်းမှုသည် အားနည်းသည့် အနေအထားမှ လာသည်၊ အပေးအယူလုပ်ရခြင်းသည် အရှုံးဖြစ်သည်ဟု မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်၎င်းတို့ အာဏာရှင်အဖြစ် သတ်မှတ်သော ဗိုလ်ချုပ်များသည် စေ့စပ်ညှိနှိုင်းရေးတွင် ပျော်ပိုက်ခြင်းမရှိဘဲ အသေးအဖွဲ အပေးအယူလုပ်ရခြင်းသည်ပင် ၎င်းတို့အတွက် သည်းမခံနိုင်လောက်အောင် ဖြစ်ရသည်။ နိုင်ငံရေးတွင် အကုန်ရလိုပြီး တဘက်ကို မည်သည့်အခွင့်အရေးမျှ မပေးလိုသည့် ဆန္ဒအမြစ်တွယ်နေသော မြန်မာစစ်တပ် ထိပ်တန်းအဆင့်၏ မျိုးဗီဇတွင် စေ့စပ်ညှိနှိုင်းရေးဗီဇ တခါမျှ မရှိဘူးကြောင်း သမိုင်းအထောက်အထားများက ရှင်းလင်းစွာ ပြသနေသည်။
စစ်အုပ်စုက ၁၉၆၂ ခုနှစ်တွင် တရားဝင် အာဏာသိမ်းသောအခါ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုသည် နိုင်ငံပြိုကွဲခြင်းသို့ ဦးတည်နေသည်ဆိုသည့် ဆင်ခြေကို အသုံးပြုခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလလယ်က နိုင်ငံတွင် ကြီးထွားနေသော တိုင်းရင်းသား အကျပ်အတည်းတွင် နိုင်ငံရေးအဖြေရှာရန် ထိုစဉ်က ဝန်ကြီးချုပ်ဦးနုသည် ဖယ်ဒရယ်ညီလာခံကို ကျင်းပပြီး ထိုညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် အနာဂတ် ဖက်ဒရယ် အစီအစဉ်အတွက် အဆိုပြုချက်များကို ပါဝင်ဆွေးနွေးကြသည်။
ရိုင်းစိုင်းသော ဗိုလ်ချုပ်များသည် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ သိမ်မွေ့သော သဘောသဘာဝကို အပြည့်အဝ မသိသောကြောင့် အာဏာသိမ်းယူကာ ဖက်ဒရယ်ဆွေးနွေးမှုများသည် ပြည်ထောင်စု ပြိုကွဲမှုသို့ ဦးတည်မည်ဟု ပြောသည်။ သို့သော် ဦးနုက သူ၏ ကိုယ်ရေးအထုပ္ပတ္တိ “တာတေ စနေသား” စာအုပ်တွင် ရေးသားခဲ့သည့်အတိုင်း စစ်တပ်၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်အဖြစ် ထိုညီလာခံသည် ပြည်ထောင်စုကို ပိုမိုကြံ့ခိုင်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးရန် ကျင်းပခြင်း ဖြစ်သည်။
ထင်ရှားသော ပညာရှင်များအပါအဝင် အများစုက ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နှင့် စစ်အုပ်စု၏ ကာလရှည်ကြာသည့် ရန်သူ ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေးသဘောတူညီချက်ကို မလွှဲသာမရှောင်သာ ရသွားနိုင်သော အလားအလာကို ကြိုတင်ဟောကိန်း ထုတ်ကြသည်
သို့သော် ဗိုလ်ချုပ်များသည် စေ့စပ်ညှိနှိုင်းထားသည် နိုင်ငံရေးရလာဒ် အဖြေတွင် တန်ဖိုးမရှိဟု ယူဆပြီး နိုင်ငံ၏ နာတာရှည်ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ရှားပါးလှသော အခွင့်အလမ်းကို ပိတ်ပင်ရန် အင်အားကို အသုံးပြုခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် တနှစ်အကြာ ၁၉၆၃ ခုနှစ်တွင် ထိုစဉ်က စစ်အုပ်စုသည် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းတို့အုပ်ချုပ်ရေးအောက်တွင် အညံ့ခံအောင်လုပ်နိုင်မည်ဟု မိုက်မဲစွာ ယူဆပြီး ထိုအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည်။ သို့သော် အုပ်ချုပ်နေသော စစ်အုပ်စုသည် လက်နက်ချရန်နှင့် ပြန်လည်ထူထောင်ရေးမှလွဲပြီး မည်သည်ကိုမျှ လုပ်မပေးဟု တင်းကျပ်စွာ တောင်းဆိုသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။
ထို့ကြောင့်ပင် မွန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်အနေဖြင့် ထိုဆွေးနွေးပွဲများတက်ခဲ့သော နိုင်ရွှေကျင်က “စစ်အုပ်စုက လက်နက်ချဖို့ပဲ တောင်းဆိုနေတော့ ဆွေးနွေးပွဲ မအောင်မြင်ဘူး” ဟုပြောသည်။
စစ်တပ်သည် စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်လိုခြင်းမရှိကြောင်း လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင် အများအပြားက ယုံကြည်ကြသည်။ ထိုခေါင်းဆောင်များတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ခေါင်းဆောင် သခင်သန်းထွန်းလည်း အပါအဝင်ဖြစ်ပြီး ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် စစ်တပ်၏ မသမာသော ရည်ရွယ်ချက်ကို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည်” ဟု လှောင်ပြောင်ခဲ့သည်။
ထိုနောက် ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းတွင် စစ်အာဏာရှင် ဦးနေဝင်းနှင့် အငြိမ်းစားဗိုလ်ချုပ်များ ခေါင်းဆောင်သော အစိုးရသည် အင်အားအကြီးမားဆုံး လက်နက်ကိုင် အဖွဲ့အစည်းများအနက် ၂ ခု ဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် CPB တို့မှ လက်နက်ကိုင်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပသည်။
ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ၎င်းတို့ အဖွဲ့တွင် အင်အား တစုံတရာ ရှိမှသာဖြစ်နိုင်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ လက်တွေ့ကျကျ ယုံကြည်လာကြသည်
သို့သော် မျှော်လင့်ထားသည့်အတိုင်း ထိုဆွေးနွေးပွဲများပျက်ပြီး ဗိုလ်ချုပ်များက လက်နက်ကိုင် အဖွဲ့အစည်းများကို ပြန်လည်ထူထောင်ပေးရေးအတွက် လက်နက်ချရန်သာ ထပ်မံတောင်းဆိုသည်။
ဝါရင့် မြန်မာ့အရေးလေ့လာသူ ဘာတေးလ် လစ်တနာက သူ၏သြဇာကြီးမားသည့် စာအုပ်ဖြစ်သော “ပုန်ကန်မှုအတွင်းမှ ဗမာပြည်” (Burma in Revolt) တွင် ဦးနေဝင်းအစိုးရသည် နိုင်ငံရေးအရ မည်သည့်အလျှော့ပေးချက်ကိုမျှ မစဉ်းစားဘဲ လက်နက်ကိုင်အဖွဲ့အစည်းများကို ပြန်လည်ထူထောင်ရေး လုပ်ပေးရန်သာ ကမ်းလှမ်းသည်ဟု ရေးသားခဲ့သည်။
ဗိုလ်ချုပ်များသည် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများတွင် မည်သည့် အပေးအယူဆိုသည့် အသိ တစွန်းတစမျှပင် မရှိဘဲ ၎င်းတို့၏ ပြိုင်ဘက်များကို လက်နက်ချစေကာ ၎င်းတို့ ကစားနည်းအတိုင်း ကစားရန်ကို လိုလားကြသည်။ ၎င်းတို့၏ စိတ်အတွင်းမှ အရက်ရောဆုံး လိုက်လျောမှုမှာ အတိုက်အခံများကို စီးပွားရေး အခွင့်အလမ်းနှင့် ရုပ်ဝတ္တုပစ္စည်းများဖြင့် ဆွဲဆောင်မှုသာ ဖြစ်သည်။ ထို့ကြောင့်ပင် စစ်တပ်၏ ကမ်းလှမ်းမှုကို လက်ခံသူများသည် တရားမဝင် ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်များတွင် ပါဝင်ပတ်သက်နေသည့် လက်နက်ကိုင် အဖွဲ့များသာ ဖြစ်သွားရသည်။
၁၉၈၈ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ထိုလုပ်နည်းလုပ်ဟန်သည် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များက ဒီမိုကရေစီ လှုပ်ရှားမှုအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုစေကာမူ စစ်တပ်သည် အတိုက်အခံများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို ခါးခါးသီးသီး ငြင်းဆန်ကြသည်။
ထိုသို့ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုသူများကို ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများ၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများနှင့် ရှည်လျားသော ထောင်ချမှုများဖြင့် တုံ့ပြန်ရန်လည်း ၎င်းတို့ ဝန်လေးခြင်း မရှိကြပေ။ မြန်မာနိုင်ငံ အချက်အခြာဒေသများတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို မညှာမတာ ဖိနှိပ်နေစေကာမူ ထိုစစ်တပ်သည် ၁၉၉၀ ခုနှစ်များအတွင်း များပြားလှသော တိုင်းရင်သား လက်နက်ကိုင်အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုသည်။
သို့သော် ထိုသို့သော သဘောတူစာချုပ်များသည် နိုင်ငံရေး သဘောတူညီချက်များကြောင့် ထွက်ပေါ်လာသည် မဟုတ်သလို မည်သည့် နိုင်ငံရေး သဘောတူညီချက်မျှလည်း မပါပေ။ စစ်တပ်က ၎င်းတို့သည် နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သောကြောင့် လက်နက်ကိုင် အုပ်စုများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည် မဟုတ်ကြောင်း တရားဝင်ကြေညာထားသည်။
ထိုအပစ်အခတ်ရပ်စဲမှုများသည် စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို နယ်မြေထိန်းချုပ်ခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများပေးကာ ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် ထိန်းချုပ်ထားသည့် အပစ်အခတ်ရပ်စဲရေး သက်သက်မျှကိုသာပေးသည့် နည်းလမ်း ဖြစ်သည်။
ပင်မနိုင်ငံရေးတွင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည်တွင်းအတိုက်အခံက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို တောင်းဆိုစေကာမူ စစ်တပ်သည် အငြင်းပွာဖွယ်ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ အတုအယောင်ကို ကျင်းပခြင်းဖြင့် ၎င်းတို့၏ လမ်းပြမြေပုံကို ခေါင်းမာစွာ အကောင်အထည် ဖော်သည်။
ထင်ရှားသော ပညာရှင်များအပါအဝင် အများစုက ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နှင့် စစ်အုပ်စု၏ ကာလရှည်ကြာသည့် ရန်သူ ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေးသဘောတူညီချက်ကို မလွှဲသာမရှောင်သာ ရသွားနိုင်သော အလားအလာကို ကြိုတင်ဟောကိန်း ထုတ်ကြသည်။
ဗြောင်ကျသည့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သောကြောင့် ဗိုလ်ချုပ်များသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများနှင့် အပေးအယူလုပ်ရန် အလိုအလျောက် ဉာဏ်အလင်းရသွားသည်ဟု ရိုးအစွာထင်ပြီး ဗိုလ်ချုပ်ဟောင်းများကို ပြုပြင်ပြောင်းလဲရေးဝါဒီများ သို့မဟုတ် ဒီမိုကရက်များ အဖြစ် အလွန်အကျွံ ချီးမွန်းကြတော့သည်။
လက်တွေ့တွင် မည်သည့် စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုမျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ ဗိုလ်ချုပ်များက အတိုက်အခံများကို ၎င်းတို့၏ ကစားပွဲအတွင်းသို့ မျှားခေါ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ၏စာအုပ်တွင်ရေးသားခဲ့သည့် အချက်အလက်များသည် ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်ကို များစွာ ထင်ဟပ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်နိုင်ငံရေးအတွင်း ဝင်ခွင့်ပေးရန် ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် ကျားသေကို အသက်သွင်းခြင်းဖြစ်သည်ဟု သဘောထားတင်းမာသော ဗိုလ်ချုပ်များက ပြောဆို ဆန့်ကျင်ကြသည်။ ဗိုလ်ချုပ်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ကျားသေကို အသက်သွင်းခြင်းအတွက် စိတ်မပူရန်ပြောသည်။ ကျားများကို ဆပ်ကပ်တွင် ကြာပွတ်ဖြင့် ထိန်းချုပ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သူ ထိန်းချုပ်နိုင်ကြောင်းပြောသည်။
မည်သို့ဆိုစေကာမူ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ မထိန်းချုပ်နိုင်သောအခါ ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့သည့် နိုင်ငံရေးအခင်းအကျင်းကို ဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး မည်သည့် နောင်တမျှ မရပေ။
အဆုံးအနေဖြင့် ဗိုလ်ချုပ်များကို စေ့စပ်ညှိနှိုင်းမှု စားပွဲသို့ ဖိတ်ခေါ်ရန် နည်းလမ်းမှာ ၎င်းတို့သည် စစ်ရေးအရ မည်သို့မျှ မနိုင်ဆိုသည့်အချက်ကို သဘောပေါက်စေရန်သာ ဖြစ်သည်
အလားတူစွာပင် ဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် များပြားလှစွာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရသော်လည်း နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများသည် တိုးတက်မှု မရှိသလောက်ပင်ဖြစ်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) အောင်မြင်ရေးအတွက် စစ်တပ်သည် အဓိက အတားအဆီးများအနက် တခုဖြစ်နေသည်မှာ ထင်ရှားပြီး ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်များ NCA ကို လက်မှတ်ရေးထိုးခြင်းကို ခါးခါးသီးသီး ကန့်ကွက်ခြင်းသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ပြီးပြည့်စုံစေခြင်း မရှိဘဲ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ခြင်းကို ပိုမိုပြင်းထန်စေသည်။
နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရာတွင်လည်း စစ်တပ်သည် လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေရန် ပိုမိုပွင့်လင်းစွာ ပြုလုပ်ကြောင်း စာရေးသူ၏ အတွေ့အကြုံအရ သိရပြီး ၅ နှစ်ကြာဆွေးနွေးပွဲများသည် နောက်ဆုံးတွင် မည်သည့် ခိုင်မာသည့် နိုင်ငံရေး အဖြေမျှမရဘဲ အဆုံးသတ်သွားသည်။
အတိတ်ကို ပြန်လည်သုံးသပ်မည်ဆိုပါက ဗိုလ်ချုပ်များသည် အင်အားအသုံးပြုသည့် ဘာသာစကားတခုကိုသာ နားလည်သောကြောင့် စစ်တပ်သည် နိုင်ငံရေးညှိနှိုင်းမှုများကို အမြဲတမ်း ဆန့်ကျင်သည်။ ၎င်းတို့ အမြင်တွင် စေ့စပ်ညှိနှိုင်းမှုဆိုသည်မှာ နည်းနာတခုမျှသာဖြစ်သည်။
စေ့စပ်ညှိနှိုင်းမှုများကို အတိုက်အခံများအကြား သပ်လျှိုရန် ကိရိယာအဖြစ် ဗိုလ်ချုပ်များက သုံးခဲ့သော ဥပမာဖြစ်ရပ်များစွာ ရှိသည်။ ထိုသို့စဉ်းစားသောအခါ စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်ပြီး မည်သည့်မူမျှ မရှိသော ဗိုလ်ချုပ်များထံမှ စစ်မှန်သောစေ့စပ်ညှိနှိုင်းမှုကို မမျှော်လင့်နိုင်တော့ပေ။
ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ၎င်းတို့ အဖွဲ့တွင် အင်အား တစုံတရာ ရှိမှသာဖြစ်နိုင်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ လက်တွေ့ကျကျ ယုံကြည်လာကြသည်။ ထိုအချက်သည် AA နှင့် အပစ်အခတ် ရပ်စဲရသောအခါ ထင်ရှားလာသည်။
ရခိုင်ပြည်နယ်မှ ပြည်သူများသည် ကိုဗစ်နိုင်တင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ပြဿနာနှစ်ရပ်ကို တပြိုင်နက် ခံစားနေရသည့် ၂၀၂၀ တွင် စစ်အုပ်စုက AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ပြီး စေ့စပ်ညှိနှိုင်းရန် အကြိမ်ကြိမ် ငြင်းဆန်သည်။
မြန်မာစစ်တပ်သမိုင်းတွင် အတိုက်အခံများကို အကြမ်းဖက်သမားများ သို့မဟုတ် မတရားသင်းများအဖြစ် သတ်မှတ်ကာ စေ့စပ်ညှိနှိုင်းမှုကို ရှောင်ရှားခြင်းသည် အသစ်အဆန်း မဟုတ်ပေ။ မကြာသေးမီကဆိုလျှင် စစ်အုပ်စုပြောခွင့်ရသူက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် အကြမ်းဖက်သမားများ သို့မဟုတ် မတရားသင်းများဖြစ်သောကြောင့် စေ့စပ်ညှိနှိုင်းရန် မဖြစ်နိုင်ဆိုသည့် အလားတူစကားကိုပင် ထပ်ပြောသည်။
သို့သော် AA ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ခြင်းမရှိဘဲ စစ်တပ်သည် ပြင်းထန်သည့် စစ်ရေးဖိအားပေးခံရသောအခါ ရခိုင်တွင် အပစ်အခတ်ရပ်ရန် ညှိနှိုင်းသည်။ ထို့ကြောင့်ပင် အင်ဒို-ပစီဖိတ်တလွှား နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု သုတေသန ဆိုင်ရာ အာရှအဖွဲ့ လက်ထောက် ချားလ်စ်ဒန့်စ်က “စစ်တပ်သည် ခုခံမှုကို သိသိသာသာ အင်အားချည့်နဲ့အောင် တစုံတရာ လုပ်နိုင်လျှင် ဆွေးနွေးရန် အကြောင်းမရှိပေ။ ထို့ကြောင့် အောင်မြင်ရန်မျှော်လင့်နိုင်သည့် ဆွေးနွေးပွဲအတွက် လိုအပ်သောအခြေအနေမှာ အရေးပါပြီး စစ်တပ်၏ အနေအထားကို အင်အားချည့်နဲ့သွားစေရေးသာ ဖြစ်သည်” ဟု မှန်ကန်စွာ ရေးသားခဲ့သည်။
ထိုအချက်များကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက ခေါင်းမာသော ဗိုလ်ချုပ်များနှင့် ညှိနှိုင်းဆွေးနွေးရန် မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာဖြစ်သည်။ စေ့စပ်ညှိနှိုင်းရန် နိုင်ငံတကာမှ အကြိမ်ကြိမ် တောင်းဆိုမှုများကို နေပြည်တော်မှ နားကန်းများက မကြားပေ။
မြန်မာနိုင်ငံတွင်းတွင်မူ NUG နှင့် EAOs အများအပြားက ထိုအချက်ကို ကောင်းစွာနားလည် သဘောပေါက်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) နှင့် ပိုမိုကျယ်ပြန့်သော ဒေသတွင်းနိုင်ငံများက စေ့စပ်ညှိနှိုင်း ဖြေရှင်းမှုကို မျှော်လင့်နေဆဲ ဖြစ်သည်။
အဆုံးအနေဖြင့် ဗိုလ်ချုပ်များကို စေ့စပ်ညှိနှိုင်းမှု စားပွဲသို့ ဖိတ်ခေါ်ရန် နည်းလမ်းမှာ ၎င်းတို့သည် စစ်ရေးအရ မည်သို့မျှ မနိုင်ဆိုသည့်အချက်ကို သဘောပေါက်စေရန်သာ ဖြစ်သည်။ ထို့ကြောင့် အတိုက်အခံများ စစ်မြေပြင်တွင် အောင်နိုင်ရေးနှင့် ပိုင်နက်ဒေသများကို ထိန်းချုပ် အုပ်ချုပ်နိုင်သောစွမ်းရည်ကို ပြသရေးက အရေးပါသည်။
လက်တွေ့မကျသည့် စေ့စပ်ညှိနှိုင်းရေးကို တောင်းဆိုနေမည့်အစား နိုင်ငံတကာ အသိုက်အဝန်းသည် စစ်အုပ်စုအနေအထား ချည့်နဲ့စေပြီး ဒီမိုကရက် အတိုက်အခံအင်အားစုကို တောင့်တင်းကြံ့ခိုင်စေခြင်းဖြင့် ပိုမိုအသုံးဝင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
စေ့စပ်ညှိနှိုင်းမှု ကျွမ်းကျင်သူများသည် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဆွေးနွေးပွဲအတွင်း ပြဿနာများမှ သီးခြားခွဲထား ကြသည်။ သို့သော် မြန်မာတွင်မူ ဗိုလ်ချုပ်များနှင့် စစ်အုပ်စုသည်သာ ပြဿနာဖြစ်ကြောင်း အတိအကျ ပြသနေသည်။
(ရဲမျိုးဟိန်းသည် တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars ၏ အာရှအစီအစဉ်မှ သုတေသီ တဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Military Knows Only the Language of Force ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ဖြစ်ရေး အိပ်မက် နီးစပ်နေပြီလား
စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးလိုက်ပြန်တဲ့ တတိယအကြိမ် အသံတိတ် သပိတ်
စစ်အာဏာသိမ်းမှုအပြီး တနှစ်အကြာ