မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်

Thitinan Pongsudhirak
၂၀၁၉ ခုနှစ် မိတ္ထီလာလေတပ်စခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဆေးကြည့်ရှုစဉ်

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချလိုက်ပြီး တနှစ်အကြာတွင် မြန်မာစစ်ခေါင်းဆောင်များသည် အာဏာသိမ်းရသည်မှာ လွယ်ကူသလောက် အာဏာကို ခိုင်မာအောင်ပြုလုပ်ခြင်းနှင့် အစိုးရကို စီမံခြင်းသည် များစွာ ပိုမိုခက်ခဲကြောင်း သဘောပေါက်လာကြသည်။

စစ်ကောင်စီသည် နေပြည်တော်ကို ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်သော်လည်း တနိုင်ငံလုံးမှ ပြည်သူများက လက်နက်စွဲကိုင် တော်လှန်ပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်နေသောကြောင့် နေရာအများအပြားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ကံကြမ္မာကို ကြီးထွားလာနေသော ပြည်တွင်းစစ်မှ နိုင်ငံတဝှမ်းရှိ မြို့များနှင့် ရွာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများက အဆုံးအဖြတ်ပေးမည့်သဘော ဖြစ်လာချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရှေ့ဆက်ရမည့်လမ်းကို သာမန်မြန်မာပြည်သူ အများစုက ဆုံးဖြတ်နိုင်စေမည့် မျှတသော တိုက်ပွဲဖြစ်စေရေးအတွက် လုပ်ဆောင်လျှင် ပိုမိုအကျိုးရှိမည် ဖြစ်သည်။

“စစ်ကောင်စီသည် လက်ရှိ အာဏာချုပ်ကိုင်ထားသည်” ဆိုသည့် အချက်ကို ထောက်ပြသော စစ်ကောင်စီ အညံ့ခံရေးသမားများ၏ အမြင်နှင့် ဆန်ကျက်ဘက်ဖြစ်နေသည့် အချက်မှာ မြန်မာစစ်အုပ်စု၏ လွန်ခဲ့သော တနှစ်က စစ်အာဏာသိမ်းမှုသည် ပြီးမြောက်အောင်မြင်ခြင်း မရှိဆိုသည့် အချက်ဖြစ်သည်

“စစ်ကောင်စီသည် လက်ရှိ အာဏာချုပ်ကိုင်ထားသည်” ဆိုသည့် အချက်ကို ထောက်ပြသော စစ်ကောင်စီ အညံ့ခံရေးသမားများ၏ အမြင်နှင့် ဆန်ကျက်ဘက်ဖြစ်နေသည့် အချက်မှာ မြန်မာစစ်အုပ်စု၏ လွန်ခဲ့သော တနှစ်က စစ်အာဏာသိမ်းမှုသည် ပြီးမြောက်အောင်မြင်ခြင်း မရှိဆိုသည့် အချက်ဖြစ်သည်။

နိုင်ငံကို စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် ၅ ခုကြာ ကျရောက်သွားစေသည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အကြမ်းဖက် ဖိနှိပ်မှုများနှင့် မတူပါ။ ယခုတကြိမ် အာဏာသိမ်းမှုမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် နက်ရှိုင်းပြီး ဖျောက်ဖျက်မရသည့် အပြောင်းအလဲကို ဖြစ်စေခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စစ်အုပ်စုက ၂၀၁၁ ခုနှစ်တွင် စတင်ပြီးနောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံကို ပြင်ပကမ္ဘာသို့ တံခါးဖွင့်လိုက်သောအခါ ပြည်သူများ၏ မျှော်မှန်းချက်များ ကြီးမားလာပြီး အခွင့်အလမ်းများလည်း ကျယ်ပြန့်လာကာ မည်သည့်ဗိုလ်ချုပ်များက မည်မျှကြိုးစားစေကာမူ နောက်ကြောင်း ပြန်မလှည့်စေရ ဆိုသည့် သြဇာကြီးမားသော ပြည်သူလူထု နိုးကြားမှုကို ဖြစ်စေခဲ့သည်။

သေချာသောအချက်မှာ လွန်ခဲ့သောဆယ်စုနှစ်သည် ထိခိုက်လွယ်ပြီး စိုးရိမ်ပူပန်စရာကောင်းသည် ဆိုသည့်အချက် ဖြစ်သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အကြီးအကျယ် ထောက်ခံကြပြီး သူ၏ အစိုးရသည် အရေးပါသော ပြုပြင်ပြောင်းလဲရေးများကို လုပ်ကိုင်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် လိုင်စင်မဲ့ လမ်းလျှောက်စကားပြောစက် (ဝေါ်ကီ-တော်ကီ) ပိုင်ဆိုင်သည်ဟုဆိုကာ မကြာသေးမီက ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော်လည်း အချို့လက်နက်ကိုင် အဖွဲ့အစည်းများသည် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် စစ်ကောင်စီကို ခုခံသည့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြသည်။ မြန်မာနိုင်ငံသည် အပျံသင်စ ငြိမ်းချမ်းရေးနှင့် ပြည်တွင်းပဋိပက္ခများ ပေါင်းစည်းနေသည့်နိုင်ငံ ဖြစ်ခဲ့သည်။

ဆယ်စုနှစ်တခုအကြာ အကန့်အသတ်ရှိပြီး ကွက်ကြားကွက်ကြား ပြုပြောင်းလဲရေးနှင့် တိုးတက်မှုများ၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာ အသုံးပြုနိုင်ခြင်းနှင့် ၎င်းနှင့်အတူ ပါလာသည့် အခွင့်အလမ်းများ ပွင့်လာခြင်းတို့ကြောင့် မြန်မာလူငယ်များသည် ၎င်းတို့ရှေ့မျိုးဆက်များ ခံစားခဲ့ရသည့် အမှောင်ခေတ်မျိုး အရှုံးမပေးတော့ပေ။

သို့သော် ထိုသို့သော အခြေအနေများသည်ပင် ပြည်သူများ၊ အထူးသဖြင့် ပိုမိုငယ်ရွယ်သည့် မျိုးဆက်များ၏ အမြင်တွင် ယခင်ဆယ်စုနှစ်များက ခံစားခဲ့သည့် ဒုက္ခများနှင့် ဝေဒနာများထက် ပိုမိုကောင်းမွန်နေသည်။ ဆယ်စုနှစ်တခုအကြာ အကန့်အသတ်ရှိပြီး ကွက်ကြားကွက်ကြား ပြုပြောင်းလဲရေးနှင့် တိုးတက်မှုများ၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာ အသုံးပြုနိုင်ခြင်းနှင့် ၎င်းနှင့်အတူ ပါလာသည့် အခွင့်အလမ်းများ ပွင့်လာခြင်းတို့ကြောင့် မြန်မာလူငယ်များသည် ၎င်းတို့ရှေ့မျိုးဆက်များ ခံစားခဲ့ရသည့် အမှောင်ခေတ်မျိုး အရှုံးမပေးတော့ပေ။

ထိုလူငယ်မျက်နှာသစ်များသည် ဆယ်ကျော်သက်နှင့် အသက် ၂၀ ဝန်းကျင် အရွယ်သာ ရှိနေပြီး ယခုအခါ စစ်ကောင်စီကို တိုက်ခိုက်ရန် ရှေ့ဆုံးမှ လက်နက်ကိုင်ပုန်ကန်သူများ၏ အများစုဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ ယခုအခါ အကျပ်အတည်းမျိုးစုံ အမြစ်တွယ်နေသလို နှစ်ဘက်စလုံးမှ အကြမ်းဖက်မှုများလည်း ပြင်းထန်နေသည်။

စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ပြီး လေကြောင်းပစ်ကူ တိုက်ခိုက်မှုများ လုပ်ကာ နိုင်ငံရေးအတိုက်အခံများကို ထောင်ချသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နောက်ဆုံး ပြုစုထားသည့် စာရင်းများအရ လူပေါင်း ၁,၅၀၀ ကျော် သတ်ဖြတ်ခံရပြီး လူပေါင်း ၁၂,၀၀၀ နီးပါး ဖမ်းဆီးခံရကာ လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဝရမ်းမှ လွတ်အောင် ရှောင်ပုန်းနေရသည်။

ထိုလုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တို့၏ စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်ဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီနှင့် ပတ်သက်သည့် အရာရှိများနှင့် စစ်အရာရှိများကို လုပ်ကြံသတ်ဖြတ်သည်။

ထိုသို့ ကြုံသလိုတိုက်ရသည် ပြောက်ကျားပုံစံ စစ်မြေပြင်တွင် ချိန်ခွင်လျှာသည် အချိန်ကြာသည်နှင့်အမျှ ပြောင်းလဲနေသည်။ စစ်ကောင်စီ အဆင့်မြင့်ကွပ်ကဲမှု အပိုင်းသည် ရေရှည်အတွက် ပြင်ဆင်နေသော်လည်း ၎င်းတို့တပ်များသည် လွန်စွာ ပြန့်ကျဲနေပြီး စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများက ၎င်းတို့ထက် အင်အား သာလွန်နေကာ တပ်ပြေးများနေသောကြောင့် စစ်ကောင်စီတပ်များအတွင်း စိတ်ဓာတ်ရေးရာ ကျဆင်းနေသည့် သဘောဖြစ်သည်။

မြေပြင်တွင် လက်နက်ငယ်များ ပိုမိုဝင်ရောက်လာပြီး လေ့ကျင့်မှုကောင်းသလို ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုယူထားသော ဗိုလ်ချုပ်များအား ဖြုတ်ချရန် လိုအပ်သည့် စိတ်ပိုင်းဖြတ်မှုရှိသော လက်နက်ကိုင် ဆန့်ကျင်မှုများ အင်အား တောင့်တင်းလာသောအခါ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသောကြောင့် စစ်ကောင်စီသည် မြေပြင်တွင် ဖိအားကို ခံစားနေရကြောင်း ပြသနေသည်။

မရေမရာ အခြေအနေများစွာ တိုးပွားလာသောအခါ မြန်မာ၏ အိမ်နီးချင်းများသည် ဝင်ရောက် ပတ်သက်လာရပြီး ရုရှားနိုင်ငံကလည်း အခွင့်ကောင်းယူကာ စစ်ကောင်စီကို လက်နက်များ ရောင်းချသည်

မရေမရာ အခြေအနေများစွာ တိုးပွားလာသောအခါ မြန်မာ၏ အိမ်နီးချင်းများသည် ဝင်ရောက် ပတ်သက်လာရပြီး ရုရှားနိုင်ငံကလည်း အခွင့်ကောင်းယူကာ စစ်ကောင်စီကို လက်နက်များ ရောင်းချသည်။ အီရန်နိုင်ငံသည်ပင်လျှင် စစ်ကောင်စီကို လက်နက်များ ထောက်ပံ့နေသည်ဟု သတင်းများက ဆိုသည်။

အရပ်သား ခေါင်းဆောင်များနှင့် ပထဝီသေနင်္ဂဗျူဟာ သဘောတူညီမှု ရပြီးသောကြောင့် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး သံသယဖြစ်နေသော တရုတ်နိုင်ငံသည် အတိုက်အခံတို့ဘက်က ပြတ်ပြတ်သားသား အားမသာသေးသရွေ့ စစ်ကောင်စီကို ကျောခိုင်းမည့် အလားအလာမရှိပေ။ အနောက် ဒီမိုကရေစီနိုင်ငံများနှင့် ကုလသမဂ္ဂတို့ကလည်း အာဆီယံက ကြားဝင်ဆောင်ရွက်ရန်သာ တာဝန်လွှဲပေးထားပြီး အာဆီယံသည် ဖိအားအပြင်းအထန် ရင်ဆိုင်နေရသည်။

လွန်ခဲ့သောနှစ် ဧပြီလက ရရှိခဲ့သော ဘုံသဘောတူညီချက် ၅ ချက်နှင့် အထူးသံတမန် တဦးခန့်ကာ မြန်မာသို့သွားပြီး သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲလုပ်ပေးမည်ဆိုသည့် ကိစ္စသည် အရာမရောက်ပေ။

ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်သည် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ထံ မကြာသေးမီက သွားရောက်လည်ပတ်ခြင်းဖြင့် အဖွဲ့အစည်းကို သစ္စာဖောက်ကာ အင်အားချည့်နဲ့စေသည်။ ထိုသို့လုပ်ခြင်းဖြင့် မစ္စတာ ဟွန်ဆန်သည် ၎င်း၏ ပုဂ္ဂိုလ်ရေး ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ရေးအတွက် အာဆီယံ၏ သြဇာကို ဖြုန်းတီးပြီး အာဆီယံ၏ အခန်းကဏ္ဍနှင့် သက်ဝင်မှုကို ချနင်း ရင်းချလိုက်သည်။

မြန်မာ့ တိုက်အခံ မဟာမိတ်များသည် စစ်မြေပြင်တွင် ချေမှုန်းနိုင်ရန် စစ်ရေးအကူအညီလိုသည်။ အထူးသဖြင့် စစ်ကောင်စီလေယာဉ်များ မလှုပ်ရှားနိုင်စေရန် လေယာဉ်ပစ်လက်နက်များ လိုသည်။

အကျည်းတန်လှသည့် ပကတိအခြေအနေမှာ မြန်မာပြည်သူများသည် ၎င်းတို့ပြဿနာ ၎င်းတို့ ရှင်းရမည့် အခြေအနေဖြစ်ပြီး ရန်သူကို အင်အားချည့်နဲ့အောင်လုပ်ရမည့် တိုက်ပွဲတွင် အားကုန်ပါဝင်ကြတော့သည်။ မြန်မာ့ တိုက်အခံ မဟာမိတ်များသည် စစ်မြေပြင်တွင် ချေမှုန်းနိုင်ရန် စစ်ရေးအကူအညီလိုသည်။ အထူးသဖြင့် စစ်ကောင်စီလေယာဉ်များ မလှုပ်ရှားနိုင်စေရန် လေယာဉ်ပစ်လက်နက်များ လိုသည်။ လေကြောင်းအသာစီး မရှိတော့ပါက စစ်ကောင်စီသည် မြေပြင်တွင် အနိုင်ရရန် ပိုမိုခက်ခဲသည်ကို တွေ့လာရမည်ဖြစ်ပြီး ထိုသို့လုပ်လျှင် ဗိုလ်ချုပ်များသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာစေရန် လုံလောက်သော လုပ်ဆောင်မှုဖြစ်နိုင်သည်။

ပျော်ရွှင်စရာဇာတ်သိမ်းကို လာမည့်မဝေးသော အနာဂတ်အထိ မတွေ့ရပါ။ သို့သော် လက်ရှိအခြေအနေသည် နိုင်ငံကို အမှန်တကယ် ပိုင်ဆိုင်သူများဖြစ်ကြသော လူများစုနှင့်အတူ ရပ်တည်ရန် ပြင်ပနိုင်ငံများအတွက် လိုအပ်စေသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်သူများသည် ယခုအချိန်တွင် မနိုင်သေးသော်လည်း အချိန်ကာလသည် သူတို့ဘက်တွင် ရှိနေသည်။ ယနေ့အာဏာလက်ရှိသည် မနက်ဖြန်တွင် အာဏာလက်မဲ့ ဖြစ်သွားနိုင်ပေသည်။

(Nikkei Asia ပါ ထစ်တီနန်ဖုန်ဆွပ်ဒီရက် Thitinan Pongsudhirak ၏ A year since it seized power, Myanmar’s military is losing ကို ဘာသာပြန်ဆိုသည်။ ထစ်တီနန်ဖုန်ဆွပ်ဒီရက် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံမဟာဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျု ဒါရိုက်တာနှင့် ပါမောက္ခဖြစ်သည်။)

You may also like these stories:

သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တောင်းဆို

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

Loading