ခုခံရေးအင်အားစုများကို စစ်ကောင်စီက ရက်စက်စွာ ဆက်လက် ဖြိုခွဲနှိမ်နင်းမှုများအကြားတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာသိမ်းမှု တနှစ်ပြည့်သည်။ ထိုသို့ ဖြိုခွဲမှုများကြောင့် ပဋိပက္ခက ပိုမို ပြင်းထန်ခဲ့သည်။
မြန်မာနိုင်ငံမှ လက်ရှိ ပဋိပက္ခသည် မိမိတို့၏ အနီးကပ်ဆုံး အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းမှုကို မြတ်နိုးသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအတွက် ဆိုးကျိုးကို ဖြစ်စေသည်။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်သော ကာလသည် တရုတ်နှင့် အာဆီယံ၏ လက်ရှိ သတိထားစောင့်ကြည့်သည့် နည်းလမ်း၏ ဆိုးကျိုးများကိုလည်း မီးမောင်းထိုးပြနေသည်။
ထိုနည်းလမ်းသည် မြန်မာတွင် ပဋိပက္ခကို မလျှော့ချနိုင်ဘဲ ငြိမ်းချမ်းတည်ငြိမ်မှုကိုလည်း ပြန်လည် ထိန်းသိမ်းနိုင်ခြင်း မရှိပေ။ အာဏာသိမ်းမှုကို ခုခံဆန့်ကျင်သည့် ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေပြီး တန်ဖိုး မည်မျှပေးဆပ်ရသည်ဖြစ်စေ အာဏာချုပ်ကိုင်ထားရန် ကြိုးစားနေစဉ်တွင် စစ်ကောင်စီသည် ကုလသမဂ္ဂ၊ အနောက်နိုင်ငံများကို တန်ပြန်ရန် သံတမန်ရေးအရ၊ စစ်ရေးအရ အကာအကွယ်အဖြစ်လည်းကောင်း၊ သံတမန်ရေးနှင့် စစ်ရေးအနေအထား တောင့်တင်းစေရန် အဖြစ်လည်းကောင်း တရုတ်နိုင်ငံကို အသုံးချနေသောကြောင့် ပဋိပက္ခကို ပိုမိုဆိုးရွားစေသည်။
တရုတ်နိုင်ငံ၏ လက်ရှိရပ်တည်မှု
တရုတ်နိုင်ငံသည် စစ်အာဏာသိမ်းခြင်းကြောင့် ကျေနပ်ခြင်း မရှိသော်လည်း စစ်ကောင်စီနှင့် ပုံမှန် ဆက်ဆံရေးကို လွန်ခဲ့သော နှစ်လယ်က ပြန်လည်စတင်ပြီး အဓိကအချက်မှာ လုပ်ဆောင်ဆဲ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ပြန်လည် စတင်ရန်ဖြစ်သည်။ ဘေဂျင်းသည် စစ်ကောင်စီဘက်က ရပ်တည်ခြင်း သို့မဟုတ် အရပ်သားများခေါင်းဆောင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တဘက်ဘက်က ရပ်တည်ခြင်းဆိုသည့် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည်ဟု စိုးရိမ်သောကြောင့် မြန်မာနှင့်ပတ်သက်ပြီး သတိထားသည့် မူဝါဒကို ချမှတ်ထားပြီး ဘေဂျင်းသည် မြန်မာပြည်တွင်း ခရိုနီများနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ဆက်ဆံရေးဟောင်းသာမက ဆက်ဆံရေးသစ်ပါ ထူထောင်ထားသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် ယူနန်ပြည်နယ်မှ ဒေသခံ စီးပွားရေးလုပ်ငန်းများ၏ ဖိအားကိုလည်း ခံစားနေရပုံ ရသည်။
တရုတ်၏ အဓိကသေနင်္ဂဗျူဟာ အကျိုးစီးပွား
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တရုတ်၏ အဓိက သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှု ၃ ခုရှိကြောင်း လေ့လာသူများနှင့် သုတေသီများ ထောက်ပြကြသည်။ (၁) နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေး၊ (၂) မြန်မာနိုင်ငံမှ တရုတ်စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် (၃) တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များတို့ ဖြစ်သည်။
ဘေဂျင်းသည် အနောက်ဘက် ပြည်နယ်များ၊ အထူးသဖြင့် တရုတ်တွင် အဆင်းရဲဆုံး ပြည်နယ်များအနက် တခုဖြစ်သော ယူနန်ပြည်နယ် နယ်စပ်တည်ငြိမ်လုံခြုံရေးကို စီးပွားရေး တိုးတက်မှုမှတဆင့် ချဉ်းကပ်သောကြောင့်ဖြစ်သည်
နယ်စပ်ဒေသ လုံခြံတည်ငြိမ်းရေး။ ။ တရုတ်၏ မြန်မာနိုင်ငံမှ အဓိကအကျိုးစီးပွားသည် ပထဝီနိုင်ငံရေး ရည်မှန်းချက်များနှင့် စီးပွားရေး အကျိုးစီးပွားများဖြစ်ကြောင်း အနောက်နိုင်ငံ သံတမန်များနှင့် သုတေသီများက ပြောသော်လည်း တရုတ်သုတေသီများကမူ တရုတ်၏ ဦးစားပေးသည် စီးပွားရေး သက်သက်ထက် နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးဖြစ်ကြောင်း ပြောသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဘေဂျင်းသည် အနောက်ဘက် ပြည်နယ်များ၊ အထူးသဖြင့် တရုတ်တွင် အဆင်းရဲဆုံး ပြည်နယ်များအနက် တခုဖြစ်သော ယူနန်ပြည်နယ် နယ်စပ်တည်ငြိမ်လုံခြုံရေးကို စီးပွားရေး တိုးတက်မှုမှတဆင့် ချဉ်းကပ်သောကြောင့်ဖြစ်သည်။
မြန်မာမှ တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ။ ။ နယ်စပ်လုံခြုံတည်ငြိမ်ရေး အကျိုးစီးပွားသည် မြန်မာမှ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အထိ ကျယ်ပြန့်သည်။
တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်။ ။ ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေး သေနင်္ဂဗျူဟာများနှင့်အညီ တရုတ်နိုင်ငံသည် တရုတ်ဆန့်ကျင်ရေး (သို့မဟုတ်) တရုတ်နိုင်ငံနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများအပေါ် အများပြည်သူ ဒေါသကို မလိုလားပေ။
တရုတ်နှင့် မြန်မာအတွက် ရွေးချယ်စရာများနှင့် အလားအလာများ
မြန်မာမှ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၌ လုံး၀ ကွဲပြားသည့် ရွေးချယ်စရာ နည်းလမ်း ၃ ခုရှိသည်။ (၁) စစ်ကောင်စီဘက်က ရပ်တည်ခြင်း၊ (၂) မြန်မာပြည်သူများနှင့် NUG ဘက်က ရပ်တည်ခြင်းနှင့် (၃) ကြားနေရေးတို့ဖြစ်သည်။
လက်ရှိအခြေအနေတွင် တရုတ်က ၎င်းတို့၏ ရပ်တည်ချက်ကို ကြားနေအနေအထားအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံ၏ သတိထားသော နည်းလမ်းနှင့် မူဝါဒမှာ စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခြင်းက တရုတ်အတွက် အန္တရာယ်ကင်း သေနင်္ဂဗျူဟာကျသော လှုပ်ရှားမှု ဖြစ်သည်။ သို့သော် တရုတ်က ဆက်လက်ကြားနေခြင်းကို မြန်မာနိုင်ငံတွင်းမှ ပြည်သူများက စစ်ကောင်စီနှင့် အတူရပ်တည်ခြင်းအဖြစ် ယူဆကြသည်။
အချိန်ကာလ ကြာလာသည်နှင့်အမျှ လက်ရှိပဋိပက္ခသည် မြန်မာအတွက် အလားအလာရှိသော အခြေအနေ ၃ ခုကို ဖြစ်စေနိုင်သည်။ (၁) ခုခံရေးအင်အားစုများ အောင်ပွဲခံမည်၊ (၂) စစ်ကောင်စီ နိုင်မည်၊ (၃) အကျပ်အတည်း ရှည်ကြာစွာ ဆက်လက် ဖြစ်ပွားနေမည်တို့ ဖြစ်သည်။ လက်ရှိအချိန်တွင် တတိယအခြေအနေ ဖြစ်ပွားနေသည်။
တည်ငြိမ်မှုပြန်လည်ထိန်းသိမ်းရန် တရုတ်က မည်သို့ လုပ်ဆောင်နိုင်သနည်း
ကြားနေခြင်း သို့မဟုတ် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်းဖြင့် တရုတ်သည် စစ်အုပ်စုဘက်က ရပ်တည်သည်ဟု အမြင်ခံရနိုင်သည်
တရုတ်နိုင်ငံ၏ လက်ရှိရပ်တည်ချက်နှင့် နည်းလမ်းကို မြန်မာနိုင်ငံရေးအထက်လွှာ အများစုနှင့် သာမန်ပြည်သူများက လက်မခံနိုင်ကြောင်း ထင်ရှားသည်။ ၎င်းတို့သည် မြန်မာတွင် တည်ငြိမ်မှု အလျင်အမြန်ပြန်လည် ထိန်းသိမ်းနိုင်အောင်လည်း မအောင်မြင်သေးပေ။ ကြားနေခြင်း သို့မဟုတ် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်းဖြင့် တရုတ်သည် စစ်အုပ်စုဘက်က ရပ်တည်သည်ဟု အမြင်ခံရနိုင်သည်။
(၁) စစ်ကောင်စီ၏ အနည်းငယ်မျှသော မိတ်ဆွေများအနက် တနိုင်ငံဖြစ်သည်ဟု အမြင်ခံရခြင်းကြောင့် NLD အစိုးရခေတ်က ခက်ခက်ခဲခဲရထားသည့် ဆက်ဆံရေးတိုးတက်မှုများ၊ အပြန်အလှန် နားလည်မှုများနှင့် မကြာသေးမီက ရရှိထားသည့် ဖြစ်ပေါ်တိုးတက်မှုများကို အကြီးအကျယ် ထိခိုက်နစ်နာစေသည်။ ပိုမိုဆိုးရွားသည်မှာ လက်ရှိအခြေအနေသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြန်လည်နိုးထနေသော အခြေအနေဖြစ်ပြီး မြန်မာပြည်သူများက စစ်အုပ်စုအပေါ်မုန်းတီးမှုတွင် အမြစ်တွယ်နေသည်။
ထိုအမုန်းတရားသည် စစ်အုပ်စု အုပ်ချုပ်သည့် ဆယ်စုနှစ်များစွာအတွင်း ခံစားခဲ့ရသည့် ဆင်းရဲနွမ်းပါးမှုများနှင့် ဖိနှိပ်မှုများမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စစ်အုပ်စုကို အကာအကွယ်ပေးသည့် တရုတ် အခန်းကဏ္ဍသာမက တရုတ်သည် စစ်အုပ်စုကို ထောက်ခံကာကွယ် ချစ်ကြည်ရင်းနှီးသည်ဟု စစ်အုပ်စု ဝါဒဖြန့်ချိနေခြင်းသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ပိုမိုဆိုးရွားစေသည်။
(၂) စစ်ကောင်စီတပ်များက ပိုမို ရက်စက်ကြမ်းကြုတ်လာခြင်းကြောင့် မြန်မာပြည်သူများနှင့် စစ်ကောင်စီ တပ်များအကြား ယုံကြည်မှု ပိုမိုကင်းမဲ့လာပြီး ထိုအခြေအနေကို မြင်နိုင်သည့် အနာဂတ်တွင် ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။
(၃) တရုတ်၏ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးနှင့် မြန်မာ့စီးပွားရေး တိုးတက်မှုသည် ကာလလတ်အတွင်း အရေးကြီးသော်လည်း လက်ရှိ ပဋိပက္ခလျှော့ချရန် စီးပွားရေး တိုးတက်မှုအတွက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် အကျိုးမရှိဘဲ ပဋိပက္ခကိုသာ ပိုမိုရှည်ကြာစေမည်သာ ဖြစ်သည်။ နိုင်ငံရေးအခြေအနေကို မဖြေရှင်းဘဲ စီးပွားရေးပြဿနာများကို မဖြေရှင်းနိုင်ပေ။
(၄) ထိုကဲ့သို့သော စီးပွားရေးအရ ဆက်ဆံမှုသည် စစ်ကောင်စီကို ပိုမိုအတင့်ရဲစေပြီး အင်အားရှိစေမည်သာ ဖြစ်ကာ မြန်မာပြည်သူများသည် ဆက်လက်ဒုက္ခခံစားရပြီး ရေတိုနှင့် ရေရှည်တွင် စီးပွားရေးအရ နိုင်ငံရေးအရ မည်သည့်အကျိုးကျေးဇူးမျှ ခံစားရမည် မဟုတ်ပေ။
(၅) တရုတ်နိုင်ငံသည် စစ်ကောင်စီဘက်က ရပ်မည် သို့မဟုတ် ကြားနေမည်ကို ရွေးချယ်နိုင်သည်။ ထို ရွေးချယ်မှု ၂ ခုလုံးသည် တရုတ်နှင့် မြန်မာနှစ်နိုင်ငံစလုံးအတွက် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေမည်ဖြစ်သည်။
ထိုရွေးချယ်စရာများအနက် မည်သည်ကို ရွေးချယ်သည်ဖြစ်စေ ခုခံရေး အင်အားစုများ အနိုင်ရပါက မြန်မာနိုင်ငံတော်သစ်နှင့် ပြည်သူများက ၎င်းတို့ အကူအညီ လွန်စွာလိုအပ်နေသည့် အချိန်တွင် မသိချင်ယောင်ဆောင်နေသည့် သစ္စာမရှိသော မိတ်ဆွေအဖြစ် တရုတ်ကို မြင်မည်ဖြစ်သည်။ စစ်ကောင်စီ အနိုင်ရပါက အခြေအနေ ပိုမိုဆိုးရွားမည်ဖြစ်သည်။
သမိုင်းဝင်သည့် စစ်အုပ်ချုပ်ရေး အမှောင်ခေတ်နှင့် ပတ်သက်နေပြီး ရှည်ကြာစွာ တည်ရှိနေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်သည် အနာဂတ် တရုတ်-မြန်မာဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ပြီး တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှု လိုအပ်နေသည့် ဒေသတွင် ရှည်ကြာသော ပဋိပက္ခ ပေါ်ပေါက်လာမည် ဖြစ်သည်။
(၆) တရုတ်နိုင်ငံသည် ပြည်သူများနှင့် ခုခံရေး အင်အားစုနှင့် ရပ်တည်နိုင်သည်။ တရုတ်က မြန်မာပြည်သူများကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မြန်မာပြည်သူများက စစ်အုပ်စု တရားဝင်နိုင်ငံရေး အဖွဲ့အစည်းအဖြစ် လက်ခံမည် မဟုတ်ပေ။ ထိုသို့လက်မခံခြင်းမှာ ပဋိပက္ခနှင့် သွေးကွဲမှုများကိုဖြစ်စေပြီး နိုင်ငံကို ဆယ်စုများစွာ ကျဆုံးအောင် လုပ်သည့် သမိုင်းနှင့် နိုင်ငံမှ ပြည်သူအများစုကို ဆင်းရဲနွမ်းပါးသွားစေသည့် စီးပွားရေး စီမံခန့်ခွဲမှု သမိုင်းများကြောင့်ဖြစ်သည်။
ပြည်သူများသည် ဆင်းရဲမည် သို့မဟုတ် သတ်ဖြတ်ခံရနိုင်သည်၊ သို့မဟုတ် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို အပြီးတိုင် အဆုံးသတ်လိုက်ရန်သာ ရှိတော့သည်
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ကျွမ်းကျင်မှုကင်းမဲ့သော လွန်စွာ အကျင့်ပျက်ခြစားသည့် စစ်အုပ်စုသည် လက်နက်မဲ့များကို စစ်အုပ်ချုပ်ရေးအောက်တွင် သတ်ဖြတ်နေသောကြောင့် ပြည်သူများသည် ရွေးချယ်စရာ အနည်းငယ်သာ ရှိတော့သည်။ ပြည်သူများသည် ဆင်းရဲမည် သို့မဟုတ် သတ်ဖြတ်ခံရနိုင်သည်၊ သို့မဟုတ် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို အပြီးတိုင် အဆုံးသတ်လိုက်ရန်သာ ရှိတော့သည်။
မည်သည့် အတင်းအကျပ်လုပ်သည့် အစီအစဉ်မဆိုသည် လက်ရှိပဋိပက္ခကို ပိုမိုဆိုးရွားစေမည်ဟု တရုတ်က ထင်နိုင်သော်လည်း မြန်မာပြည်သူများကို ထောက်ခံသည့် ရွေးချယ်မှုသည် တရုတ်အတွက် အကျိုးကျေးဇူးပိုမို ရနိုင်ပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရန်လည်း ပိုမိုထိရောက်မည် ဖြစ်သည်။
ပထမဆုံးအချက်မှာ မြန်မာစစ်တပ်သည် မြန်မာနိုင်ငံသို့ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်း မပေးနိုင်ကြောင်း နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က ပြသနေသည်။ ထို့ကြောင့် နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးဆိုသည့် တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို အပြင်းအထန် ထိခိုက်စေသည်။
ဒုတိယအချက်မှာ တရုတ်က သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာ အသိုက်အဝန်းမှ အကာအကွယ် ရစေရန်၊ ၎င်း၏ သံတမန်ရေးနှင့် စစ်ရေးအနေအထားကို တောင့်တင်းစေရန် တရုတ်ကို သံတမန်ရေးနှင့် စစ်ရေး အကာအကွယ်အဖြစ် အသုံးပြုနေသည်။ တရုတ်၏ ကာကွယ်မှုသည် စစ်ကောင်စီကို ပိုမိုအတင့်ရဲစေပြီး လက်ရှိ ပဋိပက္ခကို ပိုမို ဆိုးရွားစေသည်။
တရုတ်၏ အကာအကွယ်ကို ဖယ်ရှားလိုက်ပါက မြန်မာနိုင်ငံသည် ကြီးမားသော ဖိအားနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သံတမန်ရေးနှင့် စစ်ရေးနယ်ပယ်တွင် ၎င်းတို့တဖွဲ့တည်းဖြင့် အနိုင်ရတော့မည် မဟုတ်ကြောင်း သဘောပေါက်လာမည် ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီကို အကာအကွယ် ရုတ်သိမ်းခြင်းသည် စစ်ကောင်စီကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့လာအောင် လုပ်ရာတွင် အခြားနည်းလမ်းများထက် ပိုမိုထိရောက်သည့် နိုင်ငံရေးကိရိယာနှင့် သေနင်္ဂဗျူဟာ ဖြစ်သည်။
တရုတ်၏ နယ်စပ်ဒေသ ရေရှည် လုံခြုံတည်ငြိမ်းရေးအတွက် ယခုကဲ့သို့ အရေးကြီးအချိန်တွင် မြန်မာပြည်သူများနှင့် ပြည်သူများက ထောက်ခံသော အရပ်သားအစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ခြင်းသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးအပါဆုံး ဖြစ်နေသည်
တတိယအချက်မှာ တရုတ်၏ နယ်စပ်ဒေသ ရေရှည် လုံခြုံတည်ငြိမ်ရေးအတွက် ယခုကဲ့သို့ အရေးကြီးချိန်တွင် မြန်မာပြည်သူများနှင့် ပြည်သူများက ထောက်ခံသော အရပ်သားအစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ခြင်းသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးအပါဆုံး ဖြစ်နေသည်။
ထို့ကြောင့် လက်ရှိအခြေအနေသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးကို ခုခံမှုအတွင်း မြန်မာပြည်သူများအား ထောက်ခံခြင်းဖြင့် မြန်မာပြည်သူများနှင့် ဆက်ဆံရေး ထူထောင်ရန်၊ တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည်ထိန်းသိမ်းရန်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ထူထောင်ရန် တရုတ်အတွက် သမိုင်းဝင်အခွင့်အလမ်းကို ဖန်တီးပေးသည်။
မြန်မာနိုင်ငံတွင် တည်ငြိမ်မှု အလျင်အမြန်ပြန်လည်ထိန်းသိမ်းခြင်းသည် တရုတ်၏ နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးနှင့် ရည်မှန်းချက်ကြီးမားသည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ CMEC ၊ ရပ်ဝန်းနှင့် လမ်း BRI အစီအစဉ်များအတွက် သိသိသာသာ အကျိုးဖြစ်ထွန်းစေသည်။ မြန်မာပြည်သူများ အမှန်တကယ် လိုလားသော အရာအတွက် တရုတ်နိုင်ငံက ထောက်ခံခြင်းကို ကျေးဇူးတင်စွာ အမှတ်ရနေကြမည်ဖြစ်ပြီး လာမည့်နှစ်များအတွင်း အောင်မြင်သော စီးပွားရေးနှင့် သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် မျိုးစေ့ချပေးလိုက်ခြင်းလည်း ဖြစ်မည်။
(ခင်ဦးသည် အများပြည်သူ မူဝါဒနှင့် မြန်မာ နိုင်ငံရေးဘောဂဗေဒ သုတေသီတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Junta’s Use of China as a Shield Aggravates the Conflict in Myanmar ကို ဘာသာပြန်ဆိုထားပါသည်။)
You may also like these stories :
စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ
မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး
ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး