ကမ္ဘောဒီးယားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်နှင့် အနာဂတ် ခေါင်းဆာင်များ တာဝန်ယူချိန်အတွင်း မြန်မာအကျပ်အတည်းသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ အစီအစဉ်များကို ဆက်လက် လွှမ်းမိုးနေမည် ဖြစ်သော်လည်း လက်ရှိဥက္ကဋ္ဌသည် အဖွဲ့၏ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအားလုံးတွင် များပြားလှသော စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဆိုသောအချက်ကို မေ့မထားသင့်ပေ။
အများစောင့်မျှော်နေသည့် လွန်ခဲ့သော ရက်များအတွင်း ပြီးစီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အာဆီယံသည် နီးကပ်စွာ ဆက်စပ်နေပြီး လက်တွေ့ကျသည့် မိသားစုဖြစ်ကြောင်း ထပ်မံပြသလိုက်ပြန်သည်။
ထိုသို့သော စိတ်ဓာတ်မျိုးကို အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက် ထုတ်ပြန်သောအခါ တွေ့ရခြင်းဖြစ်သည်။ ဥက္ကဋ္ဌသည် နောက်ဆုံးမူကြမ်း၏ စကားလုံးအသုံးအနှုန်းများအတွက် တာဝန်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများ အားလုံးအနေဖြင့် အကြံဉာဏ်များပေးရန် ကမ္ဘောဒီးယားက ဖိတ်ခေါ်ပြီး အာဆီယံ ဗဟိုပြုသော ကြေညာချက်တစောင် ထွက်လာသည်ကို အားလုံးတွေ့ကြရသည်။
ကြေညာချက်၏ လေသံမှာ မြန်မာနှင့် မထိတွေ့၊ မဆက်ဆံရေး မဟုတ်ဘဲ ထိတွေ့ဆက်ဆံရေးသာ ဖြစ်သည်။ ဆယ်စုနှစ်တခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုကြေညာချက်၏ မြန်မာနှင့်ပတ်သက်သော အစိတ်အပိုင်းသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုထက် နေရာပိုမိုယူလာသည်။
အာဆီယံဥက္ကဋ္ဌ၏ အပြုအမူနှင့် ပတ်သက်သည့် လွန်ခဲ့သော ၆ ပတ်အတွင်းက ပူညံပူညံအသံများသည် လွန်ခဲ့သော သီတင်းပတ်က ဝန်ကြီးများ တွေ့ဆုံသောအခါ ပြေလည်သွားသည်။ သတင်းခေါင်းစဉ်တွင် ပါချင်သောကြောင့် လွန်ခဲ့သောလ အစောပိုင်းက မြန်မာသို့ အာဆီယံဥက္ကဋ္ဌ သွားရောက်လည်ပတ်သည့် ခရီးစဉ်အပါအဝင် လက်ရှိ အားထုတ်မှုအားလုံးကို နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တက်ရောက်သူများ အားလုံးက ထောက်ခံကြောင်း ပြောသည်။ အာဆီယံခေါင်းဆောင်များသည် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်လျှင် ဆက်လက် ညီညွတ်နေဆဲဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်က လူသိရှင်ကြား ပြောကြားခဲ့သော မိန့်ခွန်းတခုတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်သည် မြန်မာအကျပ်အတည်း ပြေလည်စေရန် အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး စစ်ကောင်စီကို ဖျောင်းဖျရန် သူ့အတွက် အလားအလာမကောင်းဟု မြင်နေပုံရပြီး ဥက္ကဋ္ဌတာဝန်ယူပြီး ၂ လပင် မပြည့်မီ မည်သည့်တိုးတက်မှုကိုမဆို လက်လျှော့ထားလိုက်ပြီး ဖြစ်ပုံရနေသည်။
“ကျနော် အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့က ၁၀ လနဲ့ ၁၄ ရက်ပဲ ကျန်တော့တယ်။ ပြီးရင် ကျနော့်တာဝန် ပြီးဆုံးသွားမယ်” ဟု မစ္စတာ ဟွန်ဆန်က ပြောပြီး “နောက်ဥက္ကဋ္ဌက ဒီပြဿနာကို ဆက်လက် တာဝန်ယူလိမ့်မယ်” ဆိုသည့် သဘောမျိုးပြောကြောင်း RFA သတင်းဌာနက ကိုးကားရေးသားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းသည် အာဆီယံ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ လာမည့် မတ်လ ဒုတိယပတ်တွင် သွားရောက်လည်ပတ်မည်ဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာက SAC ဟု ခေါ်သည့် နေပြည်တော်မှ စစ်အာဏာရှင်များ၏ အနာဂတ် အဆင့်အတန်းကို ဆုံးဖြတ်ရာတွင် သူ၏ ခရီးစဉ်ရလဒ်သည် အဓိကကျသည့်အချက် ဖြစ်လာမည်ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ၏ အပြုအမူနှင့် ပတ်သက်သည့် လွန်ခဲ့သော ၆ ပတ်အတွင်းက ပူညံပူညံအသံများသည် လွန်ခဲ့သော သီတင်းပတ်က ဝန်ကြီးများ တွေ့ဆုံသောအခါ ပြေလည်သွားသည်
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်များသည် မြန်မာအကျပ်အတည်း ဒုတိယမြောက်နှစ်သို့ ဝင်ရောက်လာချိန်တွင် မြန်မာ၏ အဆင့်အတန်းပြဿနာနှင့် နပန်းလုံးရသည်။
လွန်ခဲ့သောအပတ်အတွင်းက သတင်းထောက်တဦးကို ပြောကြားရာတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က ရှေ့လာမည့်ရက်များအတွင်း အာဆီယံအဖွဲ့ဝင်များသည် ချောမွေ့အောင်လုပ်ရမည့် ‘အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစင်းအကြောင်းများ’ ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်ပါးနပ်စွာ ပြောသည်။
အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးရမည့် စာရွက်စာတမ်းအချို့ ရှိလာမည်ဖြစ်သည်။ မကြာခဏ အမေးဆုံး ပြဿနာမှာ မြန်မာနိုင်ငံကိုယ်စား မည်သူလက်မှတ်ထိုးမည်နည်း ဆိုသည့် ပြဿနာပင်ဖြစ်သည်။
ပြဿနာနှင့် ထိုသို့ရင်ဆိုင်ရသည့် ပထမဆုံးစာရွက်စာတမ်းမှာ အရှေ့တောင်အာရှတွင်း ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) ဖြစ်သည်။ ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်၊ အိုမန်၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ပါဝင်သည့် နိုင်ငံပေါင်း ၆ နိုင်ငံကို လေ့လာသူနိုင်ငံများအဖြစ် တရားဝင်အသိအမှတ်ပြုရန် လုပ်ငန်းအားလုံး ပြီးစီးရေးအတွက် ဝင်ခွင့် စာချုပ်စာတမ်းကို နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးလုံးက လက်မှတ်ရေးထိုးရန် လိုသည်။
အာဆီယံသည် ယခင်အစည်းအဝေးများတွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးရာထူး မရှိသူကိုသာ ကိုယ်စားပြုခွင့်ပေးခဲ့သည်။ မြန်မာသည် နိုင်ငံရေးရာထူး မရှိသူဖြင့် ကိုယ်စားပြုခြင်းကို လက်ရှိအချိန်အထိ ငြင်းဆိုထားသည်။
အချို့ အာဆီယံအဖွဲ့ဝင်များက မြန်မာကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လက်မှတ်ထိုးခြင်းကို ခွင့်ပြုလိုသော်လည်း ထိုသို့လုပ်လျှင် ကျန်အဖွဲ့ဝင်များက ထိုဝန်ကြီး လက်မှတ်သည် စစ်ကောင်စီနှင့် ၎င်း၏လုပ်ရပ်များကို တရားဝင်ခွင့်ပေးခြင်း မဟုတ်ကြောင်း အတိအလင်းပြောသည့် ပူးတွဲ ကြေညာချက်တစောင် ထပ်မံထွက်ပေါ်လာရန်သာ ရှိနေသည်။ ထိုပြဿနာများသည် အာဆီယံအနေဖြင့် ရင်ဆိုင်နေရသော သိမ်မွေ့လှသည့် ပြဿနာများသာ ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်များသည် မြန်မာအကျပ်အတည်း ဒုတိယမြောက်နှစ်သို့ ဝင်ရောက်လာချိန်တွင် မြန်မာ၏ အဆင့်အတန်းပြဿနာနှင့် နပန်းလုံးရသည်
လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း စစ်ကောင်စီသည် ၎င်းတို့အနေဖြင့် ရှေ့ဆက် ထောက်ခံမှုများ ရရှိရေးအတွက် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာတွင် ခိုင်မာ လုံလောက်သော တိုးတက်မှုများရှိကြောင်း ပြသရမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းမရှိက သက်တမ်းရင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အဓိက ဆွေးနွေးဘက် နိုင်ငံများအကြားတွင် ကြီးမားသော စိတ်သဘောထား ပြောင်းလဲမှုများ ဖြစ်လာမည်ဖြစ်သည်။ အထူးသဖြင့် ဝါရှင်တန်သည် အာဆီယံက မြန်မာကို ကိုင်တွယ်သည့် ပုံစံကို အနီးကပ်စောင့်ကြည့်နေသည်။ ထိုအချက်သည် ဝါရှင်တန်တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးဆွေးနွေးပွဲရက်ကို အမေရိကန်ပြည်ထောင်စုက မည်သည့်အတွက် ဆက်တိုက် ရွှေ့ဆိုင်းနေရသည် ဆိုသည့် အကြောင်းရင်းများအနက် တခုဖြစ်နိုင်သည်။
ယခုအခါ ထိုထိပ်သီးဆွေးနွေးပွဲကို လာမည့် မတ်လတွင် ကျင်းပမည်ဟု အိမ်ဖြူတော်က အတည်ပြုသော်လည်း ရက်စွဲကို မကြေညာသေးပေ။
လက်တွေ့တွင် ထိုထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့ကျန်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ အကြီးမားဆုံးရန်သူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့၏ အနာဂတ်ကို ခန့်မှန်းနိုင်စေမည် ဖြစ်သည်။ အမေရိကန် ကွန်ဂရက်က NUG ကို အမေရိကန် အစိုးရအနေဖြင့် အသိအမှတ်ပြုရန် ဖိအားပေးနေသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပသည့် အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာကို ဖိတ်ကြားခြင်း မပြုသကဲ့သို့ပင် မြန်မာသည် ဝါရှင်တန်ဒီစီတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း မခံရသည့် တခုတည်းသောနိုင်ငံ ဖြစ်လာမည်မှာ သေချာနေသည်။
ပါရီမြို့တွင် ကျင်းပသည့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာကို ဖိတ်ကြားခြင်း မပြုသကဲ့သို့ပင် မြန်မာသည် ဝါရှင်တန်ဒီစီတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း မခံရသည့် တခုတည်းသောနိုင်ငံ ဖြစ်လာမည်မှာ သေချာနေသည်။
မစ္စတာ ပရက်ဆိုခွန်း၏ စီစဉ်ထားသော ခရီးစဉ်အတွင်း သိသာသော တိုးတက်မှု မရရှိပါက၊ အထူးသဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံခွင့်ရရေး၊ လူသားချင်းစာနာမှု အကူအညီပေးမည့် နေရာများသို့ သွားရောက်ခွင့်ရရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အချိန်ဇယားတို့ကို မရပါက မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့အတွင်း အဆင့်အတန်းသည် လာမည့် ရက်သတ္တပတ်များအတွင် ထပ်မံပြောင်းလဲနိုင်သည်။
ထို့အပြင် ယခုအကြိမ်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် တွေ့ဆုံဆွေးနွေးရန် အားပေးနေကြသည်။
မြန်မာအကျပ်အတည်း ဆက်လက်ရှိနေသမျှ အာဆီယံသည် ပိုမိုများပြားသော အကျပ်အတည်းများကိုသာ ဆက်လက်ရင်ဆိုင်နေရမည် ဖြစ်သည်။
(Kavi Chongkittavorn ၏ Myanmar Impasse Challenges ASEAN ကို ဘာသာပြန်ဆိုသည်။ Kavi Chongkittavorn သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories :
NUG နှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် တွန်းအားပေးမှု စစ်ကောင်စီ ပယ်ချ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့
စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်
အချုပ်အခြာအာဏာပိုင်မှုတွင် စာမေးပွဲကျသော စစ်ကောင်စီ