ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်

ပေါ်ထွန်း
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် အပြည်ပြည်ဆိုင်ရာ တရားရုံး ရှေ့မှောက်တွင် မြန်မာကိုယ်စား ခုခံကာကွယ်ခဲ့စဉ်

ခေတ်အဆက်ဆက် ဖြေရှင်းရန် မကြိုးစားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအား ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ဖြေရှင်းရန်ကြိုးစားခဲ့သည်။ မဆလခေတ်မှသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အထိ ရခိုင်ပြည်မြောက်ပိုင်း အရေးအား ဖြေရှင်းရန် မကြိုးစားခဲ့ပေ။ ပြဿနာ ဆက်လက်မကြီးထွားလာစေရန်သာ ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ဖြေရှင်းရန်ကြိုးစားသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုခံခဲ့ရသည်။ ထို့ကဲ့သို့ ဖြစ်လာရသည်မှာလည်း အကြောင်းအရင်းများစွာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အင်အားကို ချည့်နဲ့စေရန် ရခိုင်ပြည်နယ်အရေး ပေါ်ပေါက်လာသည်ဟု ခိုင်ခိုင်မာမာ ယူဆသည့် မြန်မာ့အရေးသုံးသပ်သူ တချို့လည်း ရှိသည်။

မြန်မာနိုင်ငံရေး ခေါင်းဆောင်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ထောက်ခံမှု အများဆုံးရသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အင်အားမှာ နိုင်ငံတကာ ထောက်ခံမှုနှင့် လူထုထောက်ခံမှု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နှင့် အနောက်နိုင်ငံများအပြင် တရုတ်နိုင်ငံသမ္မတနှင့်ပါ ဆက်ဆံရေး ကောင်းသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ မဖြစ်ခင်ကပင် တရုတ်သမ္မတ ရှီကျင်းဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားကာ ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးသမိုင်းတွင် နိုင်ငံတခု၏ အတိုက်အခံခေါင်းဆောင်တဦးအား ပထမဆုံးအကြိမ် ကော်ဇောနီခင်း ကြိုဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့်လည်း စစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်သော နိုင်ငံရေးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ အင်အားကို ချည့်နဲ့ရန် မဟာဗျူဟာချမှတ် ဆောင်ရွက်ခဲ့သည်ဟု မြန်မာ့အရေး လေ့လာသူတချို့က ဆိုခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ထောက်ခံမှု လျော့ကျစေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအား ဖန်တီးခဲ့သည်ဟု မြန်မာ့အရေး ထဲထဲဝင်ဝင် လေ့လာသူများက ယုံကြည်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန်တို့ကို ပူးတွဲမြင်ရစဉ်/ ဧရာဝတီ

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် ရှုပ်ထွေးနက်နဲသော ကိစ္စလည်းဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြဿနာများဟုလည်း ဆိုနိုင်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသည့် မွတ်ဆလင်များ အနေဖြင့် တခေတ်တခါက သူတို့အား ရိုဟင်ဂျာဟု ခေါ်ဝေါ်သည်ကို မနှစ်သက်သူများရှိသည်။ သို့သော်လည်း နောက်ပိုင်း မွတ်ဆလင်ဒုက္ခသည်များ ကိုယ်တိုင်က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟူသော စကားလုံးဖြင့် သုံးနှုန်းပြောဆိုလာသည်ကို ကြားလာရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လွတ်လပ်ရေး မရခင်ကတည်းက မွတ်ဆလင်များ နေထိုင်ကြသည်။ ထိုဒေသတွင် ရခိုင်တိုင်းရင်းသားများနှင့် အတူတကွ ခင်မင်ရင်းနှီးစွာ နေထိုင်သူများမှာ ယနေ့ထက်တိုင် ရှိနေခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ နေထိုင်သော မွတ်ဆလင်များအား ပါလီမန်ဒီမိုကရေစီ ခေတ်တွင် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကတ် (သုံးခေါက်ချိုး မှတ်ပုံတင်ကတ်) ထုတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသား ဖြစ်ခွင့်ရသော မွတ်ဆလင်များထဲက တချို့မှာ စစ်တွေနှင့် ရန်ကုန်မြို့တို့တွင် ကျောင်းတက်ခဲ့ကြပြီး အစိုးရဝန်ထမ်း လုပ်ခဲ့သူများ ပါရှိသည်။ ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော်ကိုယ်စားလှယ် တချို့၏ မူလတန်းနှင့် အလယ်တန်း ပညာသင်ပေးသော ကျောင်းဆရာများထဲတွင် မွတ်လဆင်များ ပါရှိခဲ့သည်။

ကြံ့ခိုင်ရေးပါတီက ကြီးစိုးသော ပထမအကြိမ်လွှတ်တော် (၂၀၁၁-၂၀၁၆) တွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော မွတ်ဆလင်အမတ်နှစ်ဦးမှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ် မောင်တောမြို့ပြင်တွင် လုံခြုံရေး တာဝန်ကျ မြန်မာစစ်သားများ/ ဧရာဝတီ

ထိုကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်နှင့် မွတ်ဆလင်များအကြား ချစ်ခင်ရင်းနှီးစွာ နေထိုင်သူများ ရှိသကဲ့သို့၊ အစွန်းရောက် မွတ်ဆလင်များလည်း ရှိသည်။ အဆိုပါ အစွန်းရောက်မွတ်ဆလင်များက လက်နက်ဆွဲကိုင်ပြီး မြန်မာအစိုးရကို ပုန်ကန်တော်လှန်မှုများ ရှိခဲ့သည်။ ထိုကဲ့သို့ မွတ်ဆလင်အစွန်းရောက်များ၏ ပုန်ကန်မှုများကို ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သော မွတ်ဆလင်များနှင့် ပြည်မတွင်နေထိုင်ကြသော မွတ်ဆလင်များက ကန့်ကွက်ခဲ့ကြသည့် ဖြစ်စဉ်များလည်း သမိုင်းတွင် ရှိခဲ့သည်။

မြန်မာအစိုးရကို ဆန့်ကျင်သော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအား သွားရောက်ချေမှုန်းသည့် မြန်မာ့ တပ်မတော်သားများကို မွတ်ဆလင်များက ကူညီပံ့ပိုးပေးခဲ့သည်များလည်း ရှိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးတင်ဦး (NLD) နှင့် ဗိုလ်မှူးချုပ်အေဘဲလ်တို့ကို မွတ်ဆလင်များက ကူညီခဲ့သည်။ ဗိုလ်မှူးချုပ်အေဘဲလ်အား ကူညီခဲ့သည့် မွတ်ဆလင်များကို ဗိုလ်မှူးချုပ်အေဘဲလ်က ငွေကြေးအရင်းအနှီး ထုတ်ပေးကာ စီးပွားရေး လုပ်ကိုင်ခွင့်များပေးခဲ့သဖြင့် ကြီးပွားချမ်းသာလာသော မွတ်ဆလင်တချို့ ရှိခဲ့သည်။

နဝတ အစိုးရလက်ထက်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်တချို့ကို စီးပွားရေးအခွင့်အလမ်းများ ပေးပြီး စည်းရုံးခဲ့သလို၊ တချို့ကိုလည်း ထောက်လှမ်းရေးတပ်ဖွဲ့၏ သတင်းပေးအဖြစ် အသုံးပြုခဲ့သည်။ ထောက်လှမ်းရေး တပ်ဖွဲ့များကလည်း ဒေသခံမွတ်ဆလင်များကို သတင်းပေးအဖြစ် မွေးကာ အစွန်းရောက်မွတ်ဆလင်များနှင့် အဆက်အသွယ်ရှိသူများကို တောက်လျှောက် စောင့်ကြည့်ထားပြီး မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားခဲ့သည်။ ထိုကဲ့သို့ စောင့်ကြည့်ထိန်းချုပ်သည့် လုပ်ငန်းများမှာ ၂၀၁၂ ခုနှစ်လောက်တွင် လျော့ရဲလာခဲ့သည်။ ထိုအခွင့်အရေးကိုယူကာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစွန်းရောက်တချို့ ခေါင်းပြန်ထောင်ရန် လှုပ်ရှားလာခဲ့ကြသည်။ ထိုကာလသည် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်တက်လာသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

NLD ပါတီအနေဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အချိန်ကစ၍ NLD ပါတီကို ထိုးနှက်ရန် အမျိုးသားရေးဟု ကြွေးကြော်သူများက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖန်တီးလာကြသည်။ ဒေါ်အောင်ဆန်းစုကြည်ပါတီ အာဏာရလာလျှင် ဗုဒ္ဓဘာသာ မှေးမှိန်သွားနိုင်ကြောင်း၊ ဘာသာခြားများ အခွင့်အလမ်း ပိုရသွားနိုင်ကြောင်း အစရှိသည့် စွပ်စွဲချက်များဖြင့် တိုက်ခိုက်လာခဲ့သည်။ အင်တာနက်လူမှုကွန်ရက်များ သုံးကာ စနစ်တကျ လှုံ့ဆော်လာခဲ့ကြသည်။ ထို သွေးထိုးလှုံ့ဆော်မှုများမှာ မြန်မာလူထုအကြား အတော်ခရီးရောက်ခဲ့သည်။ မဘသကဲ့သို့သော အမျိုးသားရေးအမည်ခံ အဖွဲ့များ ပေါ်ပေါက်လာသည်။ ဘာသာခြား မုန်းတီးရေးများ လှုံ့ဆော်လာခဲ့ကြသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်လိုလားသူများ၏ ဆန္ဒပြပွဲ/ဧရာဝတီ

ပြည်မတွင် နေထိုင်သော ဗမာလူမျိုးတချို့၏ စိတ်ထဲတွင် နှစ်ပေါင်းများစွာ မိခဲ့သော ဝါဒမှိုင်းကြောင့် မွတ်ဆလင်မုန်းတီးရေး စိတ်မှာ မသိမသာ ကိန်းအောင်းနေကြသည်။ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ များထဲတွင်ပင် လူ့အခွင့်အရေးထက် အမျိုးသားရေး ဆိုသည့် ကြွေးကြော်သံဘက် တိမ်းညွှတ်ခဲ့သူများ ရှိသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များကို ခိုးဝင်ဘင်္ဂါလီများဟု စွပ်စွဲပြောဆိုမှုကို ယုံကြည်သူများ ရှိခဲ့ကြသည်။
အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်သူတချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပေါ် သံသယ ရှိလာခဲ့ကြသည်။ အမှန်စင်စစ် အမျိုးသားရေးဟု ကြွေးကြော်သူများသည် NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရစေရန် စနစ်တကျ ထည့်ထားသော ဝါဒဖြန့် ဆိုက်ဝါးတခုသာ ဖြစ်သည်။ သို့သော်လည်း ထိုအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များက ပါးပါးနပ်နပ် ကျော်ဖြတ်နိုင်ခဲ့သဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့လာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို တရုတ်နိုင်ငံအပါအဝင် အမေရိကန်နှင့် အနောက်နိုင်ငံများက ကြိုဆိုကြသည်။ ပူးပေါင်းဆောင်ရွက်လာကြသည်။ NLD အစိုးရသည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် အစိုးရများ မရရှိခဲ့သော တရုတ်၊ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ထောက်ခံမှုရသော အစိုးရဖြစ်လာခဲ့သည်။ နိုင်ငံတကာ ထောက်ခံမှုဖြင့် NLD အစိုးရလက်ထက် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လူထုထောက်ခံမှုထပ်ရကာ နောက်ထပ် ရွေးကောက်ပွဲတွင်အနိုင်ရမည်ကို နိုင်ငံရေးပါတီ တချို့မှ ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင် တချို့က မလိုလားကြပေ။ ထို့ကြောင့်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားသော နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို အထင်လွဲစေရန် ကြိုးစားလာကြသည်။

ထို့ကြောင့်လည်း အနောက်နိုင်ငံများနှင့် အဆင်မပြေစေရန် ရခိုင်ပြည်နယ်တွင် စစ်ခေါင်းဆောင် တချို့က ပြဿနာ ဖန်တီးခဲ့သည်။ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော အစွန်းရောက် မွတ်ဆလင်များအား စောင့်ကြည့်ခြင်းတို့ မလုပ်တော့ပေ။ ထို့ကြောင့်လည်း အစွန်းရောက်မွတ်ဆလင်များက ဒေသခံတချို့အား စည်းရုံး သိမ်းသွင်းခဲ့သည်။ ထို့နောက် မောင်းတောမြို့မြောက်ပိုင်းရှိ ရဲစခန်း တချို့ကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် စစ်တပ်က နယ်မြေရှင်းလင်းရေး တချို့ လုပ်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော ရဲစခန်းများအား ARSA အဖွဲ့များ ထပ်မံတိုက်ခိုက်ခြင်း မခံရစေရန် လုံခြုံရေးပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများ မလုပ်ခဲ့ပေ။

မဘသ တဖြစ်လဲ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အလှူ

ထို့ကြောင့်လည်း ARSA အဖွဲ့က ဒုတိယအကြိမ်ထပ်မံပြီး ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။ ဒုတိယအကြိမ်မြောက် ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားသုံးကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်။ ထို့သို့လုပ်ဆောင်မည့် အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်အစိုးရထံ အသိမပေးခဲ့ပေ။ မောင်းပြန်သေနတ် လူတိုင်းမကိုင်နိုင်သည့် အင်အားရာဂဏန်းမျှသာရှိသော ARSA အား မြန်မာစစ်တပ်က အင်အား အလွန်အကျွံသုံးကာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော မွတ်ဆလင်ကျေးရွာပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ရသည်။ သန်းနှင့်ချီသော မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့နောက် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးသည် ကမ္ဘာ့နိုင်ငံရေးစာမျက်နှာတွင် သိသိသာသာ နေရာယူလာခဲ့သည်။ ကျေးရွာများအား မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းများ ရှိသည်ဟု စွပ်စွဲပြောဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့တော့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ထိုးနှက်လာခဲ့သည်။ သူ့အတွက် ပေးထားသော ဆုများကို ပြန်လည်ရုပ်သိမ်းလာသည်အထိ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ်အရေးတွင် နှုတ်ဆိတ်နေသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ အမှန်တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်က အသံတိတ်နေခဲ့သည်။ ရခိုင်အရေးနှင့် ပတ်သက်၍ အသံတိတ်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရအဖွဲ့ဝင်များအား ပြောဆိုခဲ့သည်။

ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးလှသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသော မွတ်ဆလင်များအား ခိုးဝင်ဘင်္ဂါလီများဟု ပြောဆိုမှုများကို မြန်မာပြည်သူအများက ယုံကြည်နေကြသည်။ အထူးသဖြင့် ပြည်မတွင် နေထိုင်သော ဗမာလူမျိုးများထဲတွင် ဘာသာခြား မုန်းတီးမှုများ ကိန်းအောင်းမှု ရှိနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလျှင် ဘာသာခြားများ နေရာရနိုင်သည်ဆိုသော ဆိုက်ဝါးကလည်း ဗမာလူထုကြား ပြန့်နေသည်။ ထိုအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် နှုတ်ဆိတ်နေခဲ့ကာ လုပ်သင့်လုပ်ထိုက်သည်များသာ လုပ်ခဲ့သည်။

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်က ချေမှုန်းသဖြင့် ရခိုင်ပြည်နယ်နေ ရိုဟင်ဂျာ မွတ်ဆလင်များ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက် နယ်ခြားဖြတ်ကျော် ထွက်ပြေးခဲ့ကြသည်/ AFP

ရခိုင်ပြည်နယ်အရေးအား ဖြေရှင်းရန် ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများ၏ အကြောင်းအရင်းများတွင် ဖွံ့ဖြိုးမှု နိမ့်ကျခြင်းသည်လည်း အကြောင်းအရင်းတခု အနေဖြင့် ပါဝင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် တိုက်ပွဲမဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ကောင်းကောင်းမရ၊ ကတ္တရာလမ်း ကောင်းကောင်း မရှိသည့်ဒေသက ပိုများသည်။ ထို့အတွက် ရခိုင်ပြည်နယ် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာစေရန် သူတာဝန်ယူသည့်အချိန်ကစတင်ကာ အင်တိုက်အားတိုက် လုပ်ဆောင်လာသည်။ ရခိုင်ပြည်နယ်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို အင်တိုက်အားတိုက် ဖြည့်ဆည်းခဲ့သည်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်နယ်ဘက်ဂျက်အပြင်၊ ဝန်ကြီးဌာန လေးခုနှင့် နိုင်ငံတကာက အကူအညီပေးသော ရန်ပုံငွေများထဲက သုံးလာသည်။

သူတာဝန်ယူသည့် တနှစ်ကျော်အတွင်းမှာပင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိသော မြို့နယ်များ တိုးလာခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး သိသိသာသာ ကောင်းမွန်လာခဲ့သည်။ စစ်တွေတဖက်ကမ်း အငူမော်မှ မောင်းတောမြို့သို့ နေ့ချင်းပြန် သွားလို့ရသည်အထိ ဖြစ်လာခဲ့သည်။ သူ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေး အတွက် အားတက်သရော လုပ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော ပြဿနာများအား ဖြေရှင်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်ချက်ရှိနေသည်။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကလည်း ရှိနေသည်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား၍ မရပေ။ တဖက်ကလည်း နိုင်ငံရေးအရ ထိုးနှက်ရန် နိုင်ငံရေးအင်အားစုများကလည်း လှုံ့ဆော်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ယူသည့် ငါးနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သေနတ်သံများ ကြားလာရသည်။ ၂၀၁၅ မတိုင်ခင်ကပင် ရခိုင်ပြည်နယ်သို့ အခြေချ ဝင်ရောက်နေသော ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်အကြား ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်တွင် တိုက်ပွဲများ ဖြစ်လာခဲ့သည်။

တဖက်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် တပ်မတော်က ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိသည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံသည် နိုင်ငံတကာတရားရုံး (ICJ) တွင်တရားစွဲခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ တရားစွဲခံရသည့် အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းခဲ့သည်။ ICJ သို့ မသွားခင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြသူများထဲတွင် လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလည်း ပါဝင်သည်။ ထို့နောက် ICJ တွင် ဖြေရှင်းသည့်အခါတွင် မြန်မာ့တပ်မတော်အတွင်း ခိုင်မာသော တရားစီရင်ရေးစနစ် ရှိသည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စများအား မြန်မာပြည်တွင်းမှာပင် ဖြေရှင်းခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ နိုင်ငံတကာ တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းခဲ့သည့် အချက်များနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်တော်တော်များများက သဘောကျခဲ့သည်။

မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော်အတွက် ဒေါ်အောင်ဆန်းစုကြည်က သူ့ဂုဏ်သိက္ခာတချို့ကို ရင်းကာ ရပ်တည်ခဲ့သည်။ ထိုကဲ့သို့ ရပ်တည်ပြီး တနှစ်ကျော်ခန့်အကြာ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းများစွာဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။ ရခိုင်ပြည်နယ်တွင်လည်း သေနတ်သံ တိတ်သွားခဲ့သည်။ အမျိုးသားရေးဆိုသည့် အသံများလည်း တဖြည်းဖြည်း တိုးလာပြီဖြစ်သည်။

(ပေါ်ထွန်းသည် အကြီးတန်း မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်

မြန်မာ့ ပထမဆုံး စစ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့အခါ

ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်

မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာလျှောက်ထား

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

Loading