ယူကရိန်းကို ရုရှားက စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခြင်းအပေါ် ကမ္ဘာ့နိုင်ငံ အများအပြားက ပြတ်ပြတ်သားသား ပြစ်တင် ရှုတ်ချကြသည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုသည် မော်စကိုကို စီးပွားရေးအင်အား ချည့်နဲ့သွားစေရန်နှင့် ကမ္ဘာတွင် အထီးကျန်ထားရန်အတွက် အပြင်းထန်ဆုံးသော အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြသည်။
သို့သော် ရေရှည်ပြည်တွင်းစစ်အောက်တွင် ဖရိုဖရဲဖြစ်နေသော မြန်မာနှင့် ပတ်သက်လျှင် ထိုသို့သော သွေးစည်းချစ်ကြည်မှုမျိုး မတွေ့ရပေ။ အာရှသည် ဒီမိုကရေစီနှင့် တိုးတက်မှုအတွက် နှုတ်အားဖြင့် ပညာရပ်ဆိုင်ရာ ကူညီမှုသာပေးရမည့် ဆင်းရဲနွမ်းပါးသော ဒေသဖြစ်သည်ဆိုသည့် အနောက်နိုင်ငံများ၏ ပင်ကိုယ်အယူအဆကို ထိုအချက်က ပြသနေပါသလား။
ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် စိတ်ကျေနပ်ဖွယ် မရှိပေ။ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု အခြေခံတို့သည် တိုက်တခုတွင်သာမက တကမ္ဘာလုံးတွင် စိုးမိုးရေးကို အာမခံရန် ကုလသမဂ္ဂတွင် တာဝန်ရှိသည်။ ယူကရိန်း အကျပ်အတည်းတွင် ကုလသမဂ္ဂက ပြသလိုက်သည့် အရေးပါမှုမျိုးကို မြန်မာနိုင်ငံကိစ္စတွင် လုံးဝမတွေ့ရပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်ဗိုလ်ချုပ်များသည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချလိုက်သောကြောင့် နိုင်ငံတဝှမ်း ဆန့်ကျင်ကန့်ကွက်မှုများနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီတပ်များသည် ဒီမိုကရေစီ တောင်းဆိုမှုများကို ဖိနှိပ်ရန် ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများ ပြုလုပ်ပြီး လူပေါင်း ၁,၆၀၀ ကျော်ကို သတ်ဖြတ်ကာ အခြားသူ ၉,၅၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း လေ့လာစောင့်ကြည့်သော အဖွဲ့အစည်းတခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။
ကျူးကျော်လာသော ရုရှားတပ်များကို ခုခံရန် ယူကရိန်းနိုင်ငံသားတို့ လက်နက်မဆွဲကိုင်မီ ရှည်ကြာသော ကာလကပင် မြန်မာနိုင်ငံမှ ဖြုတ်ချခံအစိုးရသည် ကျူးကျော်လာသော စစ်ကောင်စီကို တိုက်ခိုက်ရန် နိုင်ငံတဝှမ်းမှ အရပ်သားခုခံရေး အင်အားစု ရာပေါင်းများစွာ ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုဖြစ်ရပ်များသည် အချိန်တိုအတွင်း ပြီးဆုံးဖွယ်မရှိသည့် ပြည်တွင်းစစ်ဆီသို့ ဦးတည်စေသည်။
သို့သော် မေးစရာရှိသည့် မေးခွန်းမှာ ကုလသမဂ္ဂသည် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် မည်သည့်အတွက် လက်ဦးမှု မရှိသနည်းဆိုသည့် မေးခွန်းဖြစ်သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) မှ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ မစ္စတာ လူးဝစ် ချာဘွန်နုက “မနှစ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်တဲ့ အကြမ်းဖက်မှုတွေအတွက် တံခါးဖွင့် အစည်းအဝေး ကျင်းပဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုမှုတွေကို ဂရုမစိုက်ခဲ့ကြသလို အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာက မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဖို့ တောင်းဆိုချက်တွေကိုလည်း အလေးမထားကြဘူး” ဟု ပြောသည်။
ကျူးကျော်လာသော ရုရှားတပ်များကို ခုခံရန် ယူကရိန်းနိုင်ငံသားတို့ လက်နက်မဆွဲကိုင်မီ ရှည်ကြာသော ကာလကပင် မြန်မာနိုင်ငံမှ ဖြုတ်ချခံအစိုးရသည် ကျူးကျော်လာသော စစ်ကောင်စီကို တိုက်ခိုက်ရန် နိုင်ငံတဝှမ်းမှ အရပ်သားခုခံရေး အင်အားစု ရာပေါင်းများစွာ ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုဖြစ်ရပ်များသည် အချိန်တိုအတွင်း ပြီးဆုံးဖွယ်မရှိသည့် ပြည်တွင်းစစ်ဆီသို့ ဦးတည်စေသည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သော်လည်း လုံခြုံရေးကောင်စီတွင် ညှိနှိုင်းဆွေးနွေးရန် မည်သည့် နိုင်ငံကမျှ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းခြင်း မရှိကြောင်း၊ တရုတ်နှင့် ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်းလည်း သူပြောသည်။
“ဒါပေမယ့် အရင်က ဗီတိုခြိမ်းခြောက်မှုဟာ သူတို့ကို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ ထုံးစံအားဖြင့် တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ရုရှားနိုင်ငံက ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ဆီးရီးယားနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ၁၆ ခုကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ခေါင်းမာမှုကြောင့် နိုင်ငံတကာ အသိုက်အဝန်းဟာ အဲဒီပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဆုံးဖြတ်ထားကြောင်း ခိုင်မာတဲ့ သတင်းစကားကို ပေးပို့နိုင်ခဲ့တယ်” ဟု မစ္စတာ ချာဘွန်နုက ပြောသည်။

အနောက်မီဒီယာများ ဘက်လိုက်မှု
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတခုကို သမားရိုးကျ လက်နက်များဖြင့် အကြီးကျယ်ဆုံး တိုက်ခိုက်မှု ဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲကို အနောက်နိုင်ငံ လစ်ဘရယ် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖော်ပြကြသည်။ သို့သော် ရုရှားက အိမ်နီးချင်းနိုင်ငံအပေါ် ကျူးလွန်သည့် လုပ်ရပ်များကို ရှုတ်ချသည့် သတင်းများ၊ အယ်ဒီတာ့ အာဘော်များသည် သတင်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ဘက်လိုက်မှု၊ ဘက်မလိုက်မှုနှင့် ပတ်သက်သည့် မေးသင့်မေးထိုက်သည့် မေးခွန်းတခု ပေါ်ပေါက်စေခဲ့သည်။
ဥပမာအားဖြင့် ဆိုရပါက အနောက်နိုင်ငံများမှ ခေါင်းဆောင်များနှင့် မီဒီယာများသည် ယူကရိန်းကို ရုရှား၏တိုက်ခိုက်မှု ဆွေးနွေးရာတွင် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ခွဲခြားဆက်ဆံသည့် ဘာသာစကားကို သုံးကြောင်း အာရပ်နှင့် အရှေ့အလယ်ပိုင်း သတင်းသမားများအသင်းက စွပ်စွဲသည်။
အာရှအစိတ်အပိုင်း အများအပြားမှ ပဋိပက္ခများသည် အနောက်နိုင်ငံ မီဒီယာများတွင် လုံလောက်သော ဖော်ပြမှု မရရှိသောကြောင့် ထိုသုံးသပ်ချက်သည် ခိုင်မာသော သုံးသပ်ချက်ဖြစ်သည်။ ယူကရိန်းနှင့် မြန်မာအကြား သတင်းဖော်ပြချက်များတွင် ကွဲပြားမှုများကို ကြည့်နိုင်သည်။
ရိုးသားတည်ကြည်မှု၊ ဘက်မလိုက်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်သည့် ဆွေးနွေးချက်များကို ၎င်းတို့အကျိုးစီးပွားနှင့် ကိုက်ညီမှသာ အသုံးပြုပြီး ထိုကိစ္စကို အနောက်နိုင်ငံ မီဒီယာများက ဆီးရီးယား၊ အီရတ်နှင့် အာဖဂန် ဒုက္ခသည်များအကြောင်း သတင်းဖော်ပြရာတွင် အထင်အရှား တွေ့ရကြောင်းနှင့် ယူကရိန်း ဒုက္ခသည်များနှင့် ပတ်သက်ပြီး သတင်းဖော်ပြရာတွင် ထိုအချက်သည် ထင်ရှားလာကြောင်း ဂျော်ဒန် သတင်းသမား ခါလက် ကျူဒါက ပြောသည်။
အာရှအစိတ်အပိုင်း အများအပြားမှ ပဋိပက္ခများသည် အနောက်နိုင်ငံ မီဒီယာများတွင် လုံလောက်သော ဖော်ပြမှု မရရှိသောကြောင့် ထိုသုံးသပ်ချက်သည် ခိုင်မာသော သုံးသပ်ချက်ဖြစ်သည်။ ယူကရိန်းနှင့် မြန်မာအကြား သတင်းဖော်ပြချက်များတွင် ကွဲပြားမှုများကို ကြည့်နိုင်သည်။ ဒစ်ဂျစ်တယ် စာမျက်နှာတွင် သေနတ်လွယ်ထားသည့် ယူကရိန်း အမျိုးသမီးငယ်များနှင့် သက်ကြီးရွယ်အိုများ သာမက စစ်ကြောင့် ဥရောပသို့ ထွက်ပြေးရသူများ ပုံများက လွှမ်းမိုးနေသည်။ သို့သော် မြန်မာနိုင်ငံမှ လူထုခုခံရေးလှုပ်ရှားမှု၊ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် ဒုက္ခသည်များ၏ အလားတူ ပုံများကို ကမ္ဘာ့မီဒီယာတွင် အများအားဖြင့် မတွေ့ရပေ။

ယူကရိန်း သတင်းသမားတယောက်ကပင် လူမျိုးရေးဆန်သော လုပ်ဇာတ်များဟု ခေါ်သည့် ကိစ္စများအတွက် အနောက်တိုင်း သတင်းထောက်များကို ရှုတ်ချသည်။ “ထွက်ပြေးလာတဲ့ ယူကရိန်းတွေနဲ့ ယှဉ်လိုက်ရင် အရှေ့အလယ်ပိုင်း ဒုက္ခသည်တွေဟာ မယဉ်ကျေးတဲ့သူတွေ ဖြစ်တယ်လို့ရေးပြီး သူတို့ကိုယ်သူတို့ သတင်းထောက်လို့ ပြောရဲတဲ့သူတွေကို တွေ့ရလို့ လုံးဝတုန်လှုပ်မိတယ်” ဟု Kyiv Independent မှ ယူကရိန်း အမျိုးသမီး သတင်းထောက် အန်နာစတက်ဆီယာ လာပါတီနာက တွစ်တာတွင် ရေးသားသည်။ ထိုသို့သော လုပ်ဇာတ်မျိုးကို လက်ခံသူတိုင်းသည် လူမျိုးရေး တယူသန်သူများဖြစ်ပြီး လွန်စွာ ရှက်ဖွယ်ဖြစ်ကြောင်းလည်း သူက ပြောသည်။
အာရှနိုင်ငံများ၏ တုံ့ပြန်မှု
ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်ပြီး အာရှနိုင်ငံများ၏ တုံ့ပြန်မှုသည် သိသိသာသာ ကွဲပြားနေသည်။ ဥပမာအားဖြင့် ဆိုရပါက တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မော်စကို၏ ကျူးကျော်မှုကို ရှုတ်ချသည့် အရေးပါသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို မဲမပေးဘဲနေကာ ရုရှားကို တိတ်တဆိတ် ထောက်ခံကြသည်။ အိန္ဒိယသည် တရုတ်နှင့် ပါကစ္စတန် စစ်မျက်နှာ ၂ ခုကို ရင်ဆိုင်နေရစေကာမူ ထိုသုံးနိုင်ငံသည် ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် နိုင်ငံများ ဖြစ်နေသည်။
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းသည် များပြားလှစွာသော ပထဝီ နိုင်ငံရေး အက်ကြောင်းများကို ဖော်ပြနေသည်။ ထို့အပြင် ယူကရိန်း စစ်ပွဲသည် အနောက်မီဒီယာများ၏ ပင်ကိုယ် ဘက်လိုက်မှုမှုနှင့် အာရှဒေသအတွက် သတင်းဖော်ပြမှု မလုံလောက်ခြင်းကိုလည်း ပြသနေသည်။
အခြားတဘက်တွင် ဂျပန်နှင့် တောင်ကိုရီးယား ကဲ့သို့သော နိုင်ငံများကမူ ထိုဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးကြသည်။ တိုကျိုသည် ယူကရိန်းသို့ ရွက်ဖျင်တဲများ၊ ဆောင်းရာသီ ဝတ်စုံများ၊ အရေးပေါ် အစားအသောက်များ၊ တကိုယ်ရည် ကျန်းမာရေး ကိရိယာများ၊ ကင်မရာများ၊ မီးစက်များကဲ့သို့သော တိုက်ခိုက်ရေးနှင့် မဆိုင်သည့် အကူအညီများအပြင် ကျည်ကာအင်္ကျီများနှင့် သံခမောက်များပင် ပေးပိုလိုက်ကြောင်း ကျိုဒိုသတင်းဌာန၏ အဆိုအရသိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၏ သဘောထားသည် နိုင်ငံတကာ ဆက်ဆံရေးတွင် လှေနံနှစ်ဘက် နင်းနေခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။ မော်စကိုသည် အိန္ဒိယသို့ လက်နက်အများဆုံး ရောင်းချသော နိုင်ငံဖြစ်သောကြောင့် နယူးဒေလီသည် မော်စကိုကို ပစ်ပယ်နိုင်ခြင်း မရှိပေ။ အိန္ဒိယသည် ၎င်း၏ စစ်လက်နက်ပစ္စည်း ၆၅ ရာခိုင်နှုန်းကို မော်စကိုမှ တင်သွင်းနေရသည်။ တချိန်တည်းတွင် အိန္ဒိယသည် အင်ဒို-ပစိဖိတ်တွင် တရုတ်သြဇာ ချဲ့ထွင်ခြင်းကို တန်ပြန်ရန် အမေရိကန်နှင့် အခြားသေနင်္ဂဗျူဟာကျသည့် မဟာမိတ်များဖြစ်သော ဂျပန်၊ သြစတြေးလျ တို့နှင့်အတူ လေးပွင့်ဆိုင်လုံခြုံရေး ဆွေးနွေးမှုအဖွဲ့ (QUAD) တွင်လည်း ပါဝင်နေသည်။
မြန်မာအကျပ်အတည်းတွင်လည်း အိန္ဒိယသည် စစ်အာဏာသိမ်းမှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို မရှုတ်ချဘဲ အလားတူ ပြဿနာကို ရင်ဆိုင်ရပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးကိုသာ တောင်းဆိုနေရသည်။
ထို့အပြင် ရုရှားသည် မြန်မာစစ်ကောင်စီသို့ လက်နက်များ ထောက်ပံ့နေပြီး မြန်မာတွင် ကျူးလွန်နေသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို သွယ်ဝိုက်အကျိုးပြုနေကြောင်း စွပ်စွဲခံရသည်။
ထိုသို့ဆိုသောကြောင့် ယူကရိန်းကို ရုရှားကျူးကျော်ခြင်းသည် များပြားလှစွာသော ပထဝီ နိုင်ငံရေး အက်ကြောင်းများကို ဖော်ပြနေသည်။ ထို့အပြင် ယူကရိန်း စစ်ပွဲသည် အနောက်မီဒီယာများ၏ ပင်ကိုယ် ဘက်လိုက်မှုမှုနှင့် အာရှဒေသအတွက် သတင်းဖော်ပြမှု မလုံလောက်ခြင်းကိုလည်း ပြသနေသည်။
(ဂျာယန်တာ ကာလီတာ (Jayanta Kalita) သည် နယူးဒေလီအခြေစိုက် ဝါရင့်သတင်းထောက်နှင့် စာရေးဆရာ ဖြစ်သည်။ သူသည် အိန္ဒိယ အရှေ့မြောက်နှင့် ပတ်ဝန်းကျင် ဒေသများအရေးကို အထူးပြုရေးသားသည်။ ယခုဆောင်းပါးသည် သူ၏ အမြင်သာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ With Ukraine in the Limelight, Spotlight on Myanmar Fades ကို ဘာသာပြန်သည်။)
You may also like these stories:
ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်
မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်
မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်
ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်
စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်