၂၀၂၁ ဖေဖော်ရီလ ၁ ရက်နေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ကျင်းပတော့မည့် အချိန်တွင် တပ်မတော်က အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းခဲ့သည်။
ဤသို့ဖြင့် ဆယ်နှစ်ကြာ မြန်မာဒီ့မိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးစဉ်လည်း နိဂုံးချုပ်ခဲ့ရသည်။
တပ်မတော်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ သွေးထွက်သံယိုမှုများအတွက် ပြည်သူများနှင့် နိုင်ငံတကာက အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြစ်တင်ကြသည်။ ဝေဖန်ရှုတ်ချကြသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများလည်း လုပ်ခဲ့သည်။ လက်နက်ကိုင် တိုက်ပွဲအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသည်။
သို့သော် ပြည်သူများကရော၊ နိုင်ငံတကာကပါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းပွဲတွင် အဓိက ဇာတ်ဆောင်တဦးဖြစ်သည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အခန်းကဏ္ဍကို မေ့နေပုံရသည်။
ပြည်သူများကရော၊ နိုင်ငံတကာကပါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းပွဲတွင် အဓိက ဇာတ်ဆောင်တဦးဖြစ်သည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အခန်းကဏ္ဍကို မေ့နေပုံရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို လူကြိုက်နည်းနေပြီ ဖြစ်သောကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးနှင့် အပေါင်းအပါ ပါတီတို့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ၂၆ ရာခိုင်နှုန်းနိုင်ပြီး တပ်မတော် ၂၅ ရာခိုင်နှုန်းနှင့်ပေါင်းကာ သူ သမ္မတလုပ်မည်ဟု အိပ်မက်မက်နေသူ ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးနှင့် အပေါင်းအပါ ပါတီများ မရှုမလှ အရေးနိမ့်သွားသည့်အခါ မဲမသမာမှုများရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် NLD ၏ ရွေးကောက်ပွဲအနိုင်ရလဒ်ကို ပယ်ဖျက်ပြီး သူအာဏာယူနိုင်ဖို့ ကြိုးစားတော့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစောမောင်တို့ကဲ့သို့ အရပ်သား အစိုးရ အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် အာဏာသိမ်းသည်ဟု ပြောရဲ၊ လုပ်ရဲသည့် သတ္တိရှိသူမဟုတ်ပေ။ ၂၀၀၈ အခြေခံဥပဒေကို အကာအကွယ်ယူပြီး အာဏာယူလိုသူသာဖြစ်သည်။ ပုဂံက ထီးလိုမင်းလို ဘုရားကို ထီးတင်ခဲ့သည်ကို ကြည့်ပါက သူ့စိတ်ကူးအိပ်မက်ကို မြင်နိုင်သည်။
ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီက ဦးစီးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခိုင်းသည်။ ထို ချောက်ချီးချောက်ချက် ဆန္ဒပြပွဲများကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်လျောနိုင်ခြင်းမရှိသည့် တောင်းဆိုချက်များကို တောင်းဆိုသည်။ နောက်ဆုံး လွှတ်တော်ကျင်းပတော့မည့် အချိန်တွင် နိုင်ငံတော် အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းအားထုတ်မှုများ ရှိနေသည်ဟု အကြောင်းပြပြီး အခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဏာလွှဲယူဖို့ လုပ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးလှည့်ကွက်တွင် အားနည်းချက်တခုသာ ရှိသည်။ အရေးပေါ်အခြေအနေ ကြေညာခွင့်အာဏာမှာ နိုင်ငံတော်သမ္မတ ထံတွင်သာ ရှိသည်။ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်သမ္မတက ကာလုံနှင့် တိုင်ပင်ပြီးနောက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာ၊ တပ်ချုပ်ကို အာဏာလွှဲပေးရမည်ဖြစ်သည်။
ဓားပြက အိမ်ရှင်ကို ရိုက်ပြီး မီးခံသေတ္တာသော့ကို ယူသည့်အဖြစ်နှင့် အတူတူပင်ဖြစ်ရာ ဆင်ခြင်တုံတရားရှိသည့် သူမှန်သမျှ လက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်ဖြစ်သည်။
ထို့ကြောင့် ဒီချုပ်သမ္မတ ဦးဝင်းမြင့်ကို အရေးပေါ်အခြေအနေကြေညာပေးရန် ဖိအားပေးသည်။ ဦးဝင်းမြင့်က လက်မခံသည့်အခါ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်တွင် သမ္မတကို ဖမ်းဆီးထိန်းသိမ်းပြီး ဒုသမ္မတ (၁) ဦးမြင့်ဆွေက ယာယီသမ္မတ အဖြစ် အရေးပေါ် အခြေအနေကို ကြေညာကာ တပ်ချုပ်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများ လွှဲအပ်ပေးလိုက်သည်။
အခြေခံဥပဒေပုဒ်မ ၇၃ (က) တွင် နိုင်ငံတော်သမ္မတ နုတ်ထွက်လျှင်၊ ကွယ်လွန်လျှင်၊ ထာဝစဉ် မစွမ်းဆောင်နိုင်လျှင် သို့မဟုတ် တစုံတခုသော အကြောင်းကြောင့် နိုင်ငံတော်သမ္မတရာထူး လစ်လပ်လျှင် ဒုတိယသမ္မတ ၁ က ယာယီသမ္မတ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤနေရာတွင် တပ်မတော်ဘက်က သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့်အတွက် (တစုံတခုသော အကြောင်းကြောင့်) ဆိုသည့် အချက်နှင့်အညီ သမ္မတနေရာ လစ်လပ်သွားပြီဟု အနက်ဖွင့်ဆိုလိုပုံရသည်။ ထိုအကြောင်းပြချက်မှာ ဓားပြက အိမ်ရှင်ကို ရိုက်ပြီး မီးခံသေတ္တာသော့ကို ယူသည့်အဖြစ်နှင့် အတူတူပင်ဖြစ်ရာ ဆင်ခြင်တုံတရားရှိသူမှန်သမျှ လက်ခံနိုင်ဖွယ်မရှိသည့် လုပ်ရပ်ဖြစ်သည်။
သို့သော် ဦးမြင့်ဆွေက ယုတ္တိမရှိ၊ ကြောင်းကျိုးခိုင်လုံမှု လုံးဝမရှိသည့် တပ်မတော်ဘက်က အကြောင်းပြချက်ကို လက်ခံကာ ယာယီသမ္မတအဖြစ် တာဝန်ယူ၍ အရေးပေါ်အခြေအနေ ကြေညာသည့် အမိန့်ကို ထုတ်ပြန်ပေးကာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာ သုံးရပ်လွှဲအပ်ပေးခဲ့သည်။ အကယ်၍ ဦးမြင့်ဆွေကသာ အရေးပေါ်အခြေအနေ ကြေညာသည့်အမိန့် ထုတ်ပြန်ရန် ငြင်းဆန်ခဲ့လျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အခြေခံဥပဒေကို နားလှည့်ပါးရိုက်သည့် နိုင်ငံရေးကစားကွက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အလုပ်ကို လုပ်ပေးခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေကို ဆက်ဆံခဲ့ပုံမှာ ဦးမြင့်ဆွေ ရင်ကျိုးဖွယ်ရာပင်။
ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခြင်းသည် သမ္မတနှင့် လွှတ်တော်ကိုယ်စား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာသုံးရပ်ကျင့်သုံးရန် တာဝန်ပေးခြင်း ဖြစ်သည်။ အဆိုပါ တာဝန် ထမ်းဆောင်မှု အခြေအနေကို သမ္မတ ဦးဆောင်သည့် ကာလုံကို ပြန်လည်အစီအရင်ခံရန် တာဝန်ရှိသည့်အပြင်၊ ပြည်ထောင်စု လွှတ်တော်သက်တမ်း မကုန်ဆုံးသေးပါက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရမည်ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးသည့်အတွက် ပုဒ်မ ၂ အရ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာတွင်ရှိသူဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတော်အကြီးအကဲဖြစ်သည်။
သို့သော် ၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပချိန်တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စားပွဲထိပ်တွင်ထိုင်ပြီး နိုင်ငံတော် အကြီးအကဲဖြစ်သူ ယာယီသမ္မတ ဦးမြင့်ဆွေက ဘေးတွင် ထိုင်နေရသည်ကို နိုင်ငံပိုင်သတင်းစာများတွင် မြင်တွေ့ခဲဲ့ကြရသည်။ ထိုနောက်ပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေကို ထပ်မံမြင်တွေ့ရခြင်းမရှိတော့ပေ။
နိုင်ငံတော် အကြီးအကဲ သမ္မတက တာဝန်ယူဆောင်ရွက်ရသည့် လွတ်လပ်ရေးနေ့ အခမ်းအနား၊ ပြည်ထောင်စုနေ့ အခမ်းအနားများ၊ ညစာစားပွဲများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးစီး ကျင်းပခဲ့သည့်အပြင် ပြည်ထောင်စုနေ့ အခမ်းအနားဆိုပါက နိုင်ငံစီးပွားရေး မွဲပြာကျနေသည့် ကြားမှ ဘဏ္ဍာငွေ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဗိုလ်ရှုခံလိုက်သေးသည်။ ထို့အပြင် နိုင်ငံပိုင် မီဒီယာများကလည်း ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော် အကြီးအကဲဆိုသည့် စကားလုံးဖြင့် ဂုဏ်ပြုနေသည်ကို တွေ့ရသည်။
နိုင်ငံပိုင် မီဒီယာများ ကလည်း ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော် အကြီးအကဲဆိုသည့် စကားလုံးဖြင့် ဂုဏ်ပြုနေသည်ကို တွေ့ရသည်။
ဥပဒေအရ ပြောရလျှင် နိုင်ငံတော်အကြီးအကဲသည် ယာယီသမ္မတ ဦးမြင့်ဆွေသာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ အရေးပေါ်အခြေအနေအရ တာဝန်ပေးထားသည့် အစိုးရအဖွဲ့အကြီးအကဲ အဆင့်သာဖြစ်သည်။
ဦးမြင့်ဆွေကို နောက်တကြိမ် ပြန်လည်မြင်တွေ့ရသည့် အချိန်ကမူ အရေးပေါ်အခြေအနေ တနှစ်သက်တမ်း ကုန်ဆုံးသဖြင့် နောက်ထပ်ခြောက်လ သက်တမ်းတိုးမြှင့်ရန်အတွက် ကာလုံ အစည်းအဝေး ပြုလုပ်ချိန်တွင်ဖြစ်သည်။ ကာလုံအစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်ခဲ့သော်လည်း ဒုသမ္မတ ၂ ဖြစ်သည့် ဦးဗန်ထီးယူမှာမူ ကျန်းမာရေး အကြောင်းပြပြီး တက်ရောက်ခြင်းမပြုခဲ့ပေ။ ဤအစည်းအဝေးတွင်လည်း ဦးမြင့်ဆွေက တပ်ချုပ်၏ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးရန် တင်ပြခြင်းကို လက်ခံပြီး အမိန့်ထုတ်ပြန်ပေးခဲ့သည်။
အထက်ပါ အခြေအနေအားလုံးကို သုံးသပ်လိုက်ပါက ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် သေဆုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တာဝန်ရှိသည်ဆိုသည့် အချက်မှာ ထင်ရှားနေပြီဖြစ်သည်။
သို့သော် ဦးမြင့်ဆွေအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ သမိုင်းတရားခံအဖြစ် နိဂုံးချုပ်ခံရမည့် အဖြစ်မှ ရုန်းထွက်မည်ဆိုလျှင် ရုန်းထွက်နိုင်သည့် အခွင့်အရေးနှစ်ခုတော့ ရှိသေးသည်။ အဆိုပါ အခွင့်အရေးများကို အသုံးချမည်ဆိုပါက ဦးမြင့်ဆွေအနေဖြင့် အခြေခံဥပဒေက နိုင်ငံတော်သမ္မတကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ရဲရဲဝံ့ဝံ့ ကျင့်သုံးဖို့တော့ လိုမည်ဖြစ်သည်။
ပထမ အခွင့်အရေးမှာ အရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း ခြောက်လတိုးရန် တင်ပြမည့် ၂၀၂၂ သြဂုတ်လတွင် ဖြစ်သည်။ အခြေခံဥပဒေ ၄၂၅ တွင် “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျှက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဤအစည်းအဝေးတွင်လည်း ဦးမြင့်ဆွေက တပ်ချုပ်၏ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးရန် တင်ပြခြင်းကို လက်ခံပြီး အမိန့်ထုတ်ပြန်ပေးခဲ့သည်။
ထိုပြဋ္ဌာန်းချက်တွင် အရေးကြီးသည့် ပထမအချက်မှာ ခြောက်လနှစ်ကြိမ် တိုးမြှင့်ပေးနိုင်သည်ဆိုုသည့် စကားရပ်ဖြစ်သည်။ “နိုင်သည်” ဆိုုသည့် စကားလုုံးကို သုံးစွဲထားသည့်အတွက် တပ်ချုပ်တောင်းတိုင်း ခွင့်ပြုရန်မလို ဆိုသည်မှာ ထင်ရှားနေသည်။ ထို့အပြင် အခြေခံဥပဒေပါ ကာလုံနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များတွင် ကာလုံအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် သမ္မတ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။ ထို့ကြောင့် ဦးမြင့်ဆွေအနေဖြင့် တပ်ချုပ်နှင့် ကာလုံအဖွဲ့ဝင်များက မည်ကဲ့သို့ထောက်ခံတင်ပြသည်ဖြစ်စေ ၎င်းအနေဖြင့် အရေးပေါ်အခြေအနေကို သက်တမ်းတိုးပေးရန် လက်မခံကြောင်း ဆုံးဖြတ်ခွင့်ရှိသည်။
အကယ်၍ ယာယီသမ္မတ ဦးမြင့်ဆွေကသာ အရေးပေါ်အခြေအနေ သက်တမ်းတိုးပေးရန် ငြင်းဆန်ခဲ့လျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေးအကျပ်အတည်းနှင့် ကြုံရတော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လူထုနှင့် နိုင်ငံတကာက လက်မခံသည့်တိုင် စစ်သားများနှင့် စစ်သားမိသားစုများ၊ မရှိမဲ့ရှိမဲ့ ပြည်ခိုင်ဖြိုးထောက်ခံသူများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အရေးပေါ် အခြေအနေကြေညာပြီး အာဏာယူထားခြင်းမှာ အခြေခံဥပဒေနှင့် အညီဖြစ်သည်” ဆိုသည့် အကြောင်းပြချက်ဖြင့် စည်းရုံး နေရခြင်းဖြစ်ရာ ဦးမြင့်ဆွေ၏ ထောက်ခံမှုကို ဆုံးရှုံးခြင်းသည် ၎င်း၏အရှိုက်ကို အထိုးခံရသကဲ့သို့ ဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။
ဦးမြင့်ဆွေအနေဖြင့် အခြေခံဥပဒေက နိုင်ငံတော်သမ္မတကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ရဲရဲဝံ့ဝံ့ ကျင့်သုံးဖို့တော့ လိုမည်ဖြစ်သည်။
ဒုတိယအခွင့်အရေးမှာ အရေးပေါ်အခြေအနေကို ဒုတိယအကြိမ်ခြောက်လ သက်တမ်းတိုးပြီး နောက်ခြောက်လ ပြည့်မြောက်သည့် ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ဖြစ်သည်။ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေကို မူလသက်တမ်း တနှစ်၊ နောက်ထပ်ခြောက်လ သက်တမ်းတိုး နှစ်ကြိမ်သာခွင့်ပြုသည့်အတွက် သက်တမ်း ၂ နှစ် ပြည့်လျှင် အရေးပေါ် အခြေအနေ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထိုသို့ သက်တမ်း ကုန်ဆုံးသည်နှင့် ပုဒ်မ ၄၂၉ အရ ခြောက်လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။
အထက်ပါ အခွင့်အရေးနှစ်ခုအနက် မည်သည့် နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ အခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အရေးပေါ်အခြေအနေ ပြီးဆုံးပြီး လွှတ်တော်များပြန်လည် ဖွဲ့စည်းခြင်းမပြုနိုင်မီတွင် ကာလုံက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
ထိုသို့ ကျင့်သုံးရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးရမည်ဖြစ်သည်။ ထိုပြဋ္ဌာန်းချက်ကို နားလည်လွယ်အောင်ပြောရလျှင် အရေးပေါ်အခြေအနေ ပြီးဆုံးပါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ နစက ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရဝန်ကြီးချုပ်လုပ်ကာ အုပ်ချုပ်၍ မရတော့၊ ယာယီသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်သည့် ကာလုံက ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းရမည်၊ ရွေးကောက်ပွဲ ကော်မရှင်ကဲ့သို့သော အဖွဲ့အစည်းများ ပြန်ဖွဲ့ရမည် ဖြစ်သည်။
အရေးပေါ်အခြေအနေ ပြီးဆုံးပြီး လွှတ်တော်များပြန်လည် ဖွဲ့စည်းခြင်းမပြုနိုင်မီတွင် ကာလုံက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
ထို့ကြောင့် ဦးမြင့်ဆွေအနေဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝအသုံးချပြီး အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်မည့် ဒီချုပ်အပါအဝင် ပါတီပေါင်းစုံ ညွန့်ပေါင်း အစိုးရဖွဲ့၍ရသည်။ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးမည့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း၍လည်း ရသည်။ PR စနစ်ကို ပယ်ဖျက်ခွင့် ရှိသည်။
ဤနည်းလမ်းက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်သည်အထိ မလုပ်နိုင်သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ခိုင်ဖြိုးပါတီ အာဏာမယူနိုင်စေရန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတမဖြစ်ရန်မူ တားဆီးနိုင်မည်။ ညွန့်ပေါင်းအစိုးရက ကျင်းပသည့် ရွေးကောက်ပွဲတွင် ဒီချုပ်နှင့် တိုင်းရင်းသားပါတီ ကြီးများသာ ဝင်ပြိုင်ခဲ့လျှင် တပ် ၂၅ ရာခိုင်နှုန်း အပေါင်း ပြည်ခိုင်ဖြိုး ၂၆ ရာခိုင်နှုန်းဆိုသည့် ဖော်မြူလာ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမရလျှင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် လမ်းစများ ပေါ်လာမည်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမရလျှင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် လမ်းစများ ပေါ်လာမည်ဖြစ်သည်။
အထက်ပါ နည်းလမ်းနှစ်ခု အောင်မြင်ရန်မူ မသေချာလှ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘက်ကလည်း သမ္မတဖြစ်ရေး၊ အာဏာရရေးအတွက် နည်းလမ်းမျိုးစုံသုံးမှာ သေချာသည်။ သို့သော် ဦးမြင့်ဆွေကဲ့သို့သော တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတော်ဟု အများက သတ်မှတ်ထားသူ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ သမ္မတ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည့် စစ်သားဟောင်းကြီး၏ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လုပ်ရပ်များအပေါ် တုန့်ပြန်ဆောင်ရွက်ပုံက စစ်ဗ်ိုလ်၊ စစ်သားများ မျက်လုံးပွင့်လာစေရေး၊ အခြေအနေများအပေါ် ဆင်ခြင်သုံးသပ်နိုင်ရေးအတွက် လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားမည်မှာ သေချာသည်။
ထိုအချက်သည်ပင် မြန်မာ့နိုင်ငံရေးအတွက် အလည့်အပြောင်း ဖြစ်သွားနိုင်သည်။ ဦးမြင့်ဆွေရှေ့တွင် လမ်းနှစ်သွယ်ရှိနေပြီဖြစ်သည်။ ပထမလမ်းကြောင်းက ရုပ်သေးသမ္မတအဖြစ် နေပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ သမိုင်းတရားခံဖြစ်မည့် လမ်းဖြစ်သည်။ ဒုတိယ နည်းလမ်းက အခြေခံဥပဒေပါ သမ္မတ၏ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး နိုင်ငံရေးထွက်ပေါက် တခုကို ရှာဖွေပေးခြင်း ဖြစ်သည်။
ဦးမြင့်ဆွေ ဘယ်လမ်းရွေးမလဲ ဆုံးဖြတ်ဖို့ လိုပါပြီ။
(ခင်ထွန်းသည် မြန်မာပြည်တွင်းအခြေစိုက် နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။)
You may also like these stories:
မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ
ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်