လူတိုင်းဟာ အမှားမကင်းသကဲ့သို့၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသူများသည်လည်း အမှားများ ကျူးလွန်မိတတ်မည် ဖြစ်သည်။ သို့သော် ထိုသို့ ကျူးလွန်မိတတ်သည့် အမှားများကို မည်သို့ မည်ပုံ ဖြေရှင်း၍ ရှေ့ဆက်မည်လဲဆိုသည်က အခရာကျသော အချက်ဖြစ်သည်။
အမှားကို ပြင်ဆင်၍ နောက်ထပ်မမှားရန် ဆင်ခြင်ရမည်ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်၍ တော်လှန်ရေး ဆင်နွှဲနေကြသည့် အစုအဖွဲ့များ အနေဖြင့် မိမိတို့၏ အမှားသည် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ရှိတတ်သောကြောင့် ပို၍ ဆင်ခြင်ရမည် ဖြစ်သည်။
မိမိတို့ အစုအဖွဲ့အသီးသီး အနေဖြင့် “တာဝန်ယူမှု၊ တာဝန်ခံမှု” ကို တည်ဆောက်မြှင့်တင်ရင်း တော်လှန်ရေးခရီး ရှေ့ဆက်ကြရမည်ဖြစ်သည်။ ထို့အတွက် တော်လှန်ရေးကာလ “တာဝန်ယူမှု၊ တာဝန်ခံမှု” ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုပါသည်။
မိမိတို့ အစုအဖွဲ့အသီးသီး အနေဖြင့် “တာဝန်ယူမှု၊ တာဝန်ခံမှု” ကို တည်ဆောက်မြှင့်တင်ရင်း တော်လှန်ရေးခရီး ရှေ့ဆက်ကြရမည်ဖြစ်သည်။ ထို့အတွက် တော်လှန်ရေးကာလ “တာဝန်ယူမှု၊ တာဝန်ခံမှု” ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုပါသည်။
တာဝန်ယူမှု တာဝန်ခံမှုဆိုသည်မှာ
တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုသည်က လုပ်ပိုင်ခွင့်ပါဝါ ရှိသူများ မိမိတို့မှာ ရှိသည့် လုပ်ပိုင်ခွင့်ပါဝါကို တာဝန်သိသိ အသုံးပြုခြင်းဟု အရိုးရှင်းဆုံး ဆိုနိုင်သည်။
လက်ရှိ အခြေအနေတွင်တော့ တချို့လုပ်ပိုင်ခွင့်များက အများပြည်သူက အပ်နှင်းထားခြင်း ဖြစ်ပြီး တချို့သော လုပ်ပိုင်ခွင့်များကမူ မိမိတို့ဘာသာ ကြိုးစား အားထုတ်ရင်း လူအများက လိုက်ပါကူညီလာ၍၊ သဘောတူ၍ လုပ်ပိုင်ခွင့် ရှိနေခြင်းမျိုး ဖြစ်နိုင်သည်။
လုပ်ပိုင်ခွင့် ပါဝါရယူထားသူများ အနေဖြင့် မိမိတို့ လုပ်ဆောင်မှုများအတွက် ရှင်းလင်း အဖြေပေးနိုင်ရမည် ဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်းဆိုသည်က “လက်သည်” တရားခံရှာ၍ အပြစ်ပေး အရေးယူသည်ထက် ပိုသည်။
သမားရိုးကျ အစိုးရ ဖွဲ့စည်းမှုမဟုတ်သော၊ ဗဟိုမှသည် အောက်ခြေ ရပ်ကျေးအဆင့်ထိ အဆင့်ဆင့် အုပ်ချုပ်ရေး လမ်းကြောင်း မခိုင်မာ၊ မတိကျသေးသည့် ကာလတွင် တာဝန်ယူမှု၊ တာဝန်ခံမှုသည် မည်သူထံတွင် ရှိနေသည်လဲ ဝိဝါဒ ကွဲပြားတတ်သည်။ သူယူမလိုလို၊ ငါယူမလိုလိုနှင့် ကြားထဲတွင် ဟနေတတ်သည်။
ထို့ကြောင့် လက်ရှိအနေအထားကို အဆင့်သုံးဆင့်ဖြင့် ခွဲခြားကြည့်နိုင်မည်ဟု ယူဆသည်။
အဆင့်တစ်အဖြစ် မြေပြင်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရန်ပုံငွေရှာ၊ လက်နက်တပ်ဆင်၍ ရွေးကောက်ခံထားသည့် မည်သည့် အဖွဲ့အစည်းကိုမျှ တာဝန်မခံသည့် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၎င်းတို့ကို ထောက်ပံ့ကူညီပေးနေသည့် ရန်ပုံငွေရှာသော ထောက်ပို့ အဖွဲ့အစည်းများဟု မြင်နိုင်သည်။
၎င်းတို့ အနေဖြင့် အများပြည်သူ၏ ထည့်ဝင်မှုဖြင့် ရရှိလာသော ရန်ပုံငွေများကို ကိုင်တွယ်သုံးစွဲရသည်။ ထိုရန်ပုံငွေများသည် “အများပြည်သူအား ကာကွယ်ရန်” အတွက် ရည်ရွယ်အသုံးပြုရန် ထည့်ဝင်ကြခြင်း ဖြစ်သည်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မိမိတို့ တတ်စွမ်းသမျှ ကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြရသည်။ မိမိကိုယ်ကိုယ် တာဝန်သိစွာ တာဝန်ယူနေခြင်း ဖြစ်သော်လည်း အများပြည်သူတို့အပေါ် တာဝန်ခံရန် တာဝန်ရှိလာခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။
ထို့အတွက် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မိမိတို့ တတ်စွမ်းသမျှ ၎င်း ကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြရသည်။ မိမိကိုယ်ကိုယ် တာဝန်သိစွာ တာဝန်ယူနေခြင်း ဖြစ်သော်လည်း အများပြည်သူတို့အပေါ် တာဝန်ခံရန် တာဝန်ရှိလာခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။
အဆင့်နှစ်အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ (သို့မဟုတ်) တိုင်းရင်းသား တော်လှန်ရေး တပ်များ၏ လက်အောက်ခံအဖြစ် ဆောင်ရွက်နေသော ပြည်သူ့တော်လှန်ရေး၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) များနှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖြစ်သည်။
ဤနေရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (ပကဖ) များနှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို အဓိကထားလိုသည်။ ၎င်းတို့ ဖွဲ့စည်းမှုတွင်မူ ကိုယ်စားပြုမှု၊ ရွေးချယ်တာဝန်ပေးမှုများ ပါဝင်လာသည်။ တနည်းအားဖြင့် “အလုပ်တာဝန်နှင့် ဝတ္တရား” အတိအကျ ပါရှိလာပြီ ဖြစ်သည်။
ထို့အတွက် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ပါဝါများ ရရှိလာပြီ ဖြစ်သည့်အတွက် ပြည်သူသို့ တာဝန်ခံရန် လိုအပ်မည်ဖြစ်သည်။
တတိယနှင့် အမြင့်ဆုံး အဆင့်တွင်မူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ရှိမည်။ ၎င်းတို့တွင် ရွေးကောက်ပွဲမှတဆင့် ပြည်သူများက အပ်နှင်းလိုက်သည့်တာဝန် (Mandate) ရှိသည်။
ထို့အပြင် အမျိုးသားလူမျိုးစု အစုအဖွဲ့များနှင့် နယ်ပယ်စုံမှ အစုအဖွဲ့များ၏ ကိုယ်စားလှယ်များပါ ပါဝင်နေသည့်အတွက် စုံလင်သော ကိုယ်စားပြုမှုများ ရှိနေပြန်သည်။ ထိုသို့ ကိုယ်စားပြုမှုများသည် တာဝန်ယူမှုနယ်ပယ်ကို ကျယ်ပြန့်စေသည်။
NUG ဘာကြောင့် တာဝန်ယူမှု တာဝန်ခံမှု လိုအပ်သလဲ
ဤနေရာတွင် နွေဦးတော်လှန်ရေး၏ တပ်ဦးဟု ဆိုရမည့် NUG ၏ တာဝန်ရှိမှုကို အထူးဆန်းစစ်လိုသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ တရပ်အနေဖြင့် အပြန်အလှန် ထိန်းကျောင်းမှု စနစ်အောက်တွင် တာဝန်ခံမှု တာဝန်ယူမှုကို ပြသရန် လိုအပ်သည်။
တော်လှန်ရေး အစိုးရတရပ်အတွက် ပို၍ပင် လိုအပ်သော တာဝန်ခံမှုစနစ်နှင့် ထိန်းကျောင်းခြင်းကို မည်သည့် အဖွဲ့အစည်းက မည်သို့မည်ပုံ လုပ်ရမည်ကလည်း တော်လှန်ရေး အင်အားစုများအကြား တိကျရှင်းလင်းစွာ လက်ခံထားရန် လိုအပ်နေဆဲဟု ဆိုနိုင်သည်။ သို့မဟုတ် အများပြည်သူ ရှုထောင့်မှ မမြင်ရဟု ဆိုချင်သည်။
သို့သော် တော်လှန်ရေး အစိုးရတရပ် ဖြစ်နေခြင်း၊ အစိုးရအဖွဲ့အား ထိန်းကျောင်းရမည့် လွှတ်တော်တရပ် ပီပီပြင်ပြင် မရှိခြင်းက အစိုးရ အဖွဲ့ဝင်များ၏ တာဝန်ခံနိုင်မှု အနေအထားကို မေးခွန်းထုတ်ရန် လိုအပ်လာသည်။
CRPH နှင့် NUCC အနေဖြင့် အစိုးရတာဝန်များကို မည်သို့ ထိန်းကျောင်းပေးနေသည် ဆိုသည်ကလည်း အများပြည်သူများအတွက် မရှင်းလင်းလှပေ။
တော်လှန်ရေး အစိုးရတရပ်အတွက် ပို၍ပင် လိုအပ်သော တာဝန်ခံမှုစနစ်နှင့် ထိန်းကျောင်းခြင်းကို မည်သည့် အဖွဲ့အစည်းက မည်သို့မည်ပုံ လုပ်ရမည်ကလည်း တော်လှန်ရေး အင်အားစုများအကြား တိကျရှင်းလင်းစွာ လက်ခံထားရန် လိုအပ်နေဆဲဟု ဆိုနိုင်သည်။ သို့မဟုတ် အများပြည်သူ ရှုထောင့်မှ မမြင်ရဟု ဆိုချင်သည်။
အလစ်ဟာဆုံး အချက်အနေဖြင့် ဆိုလျှင် ပြည်သူများကိုယ်စား အစိုးရတရပ်အား မေးခွန်းထုတ် မေးမြန်၍ တာဝန်ခံစေသော အနေအထား တရပ် ပျောက်ဆုံးနေခြင်း ဖြစ်သည်။
တချို့သော အစိုးရဝန်ကြီးများ အနေဖြင့် လူမှုကွန်ရက်များမှ တဆင့် ပြည်သူနှင့် တိုက်ရိုက်ဆက်ဆံသည့် လမ်းကြောင်းများ အသုံးပြုနေသည်ကို တွေ့ရသည်။ သို့သော်လည်း ၎င်းနည်းနာ၏ အားနည်းချက်အဖြစ် ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ အားပေးအားမြှောက် ပြုနေသည့် လော်ဘီများဖြင့်သာ ဝန်းရံခံရပြီး အလုံပိတ် အခန်းထဲရောက်နေသကဲ့သို့ ဖြစ်ကာ လက်တွေ့အခြေအနေများနှင့် ကင်းကွာနိုင်သည့် ဘေးအန္တရာယ်လည်း ရှိနေသည်။ လက်တွေ့အနေအထားကလည်း ထိုအခြေအနေကို ညွှန်ပြနေသည့် အလားအလာများ မြင်နေရသည်။
NUG နှင့် ပတ်သက်၍ ပြည်သူများ အဝေဖန်ဆုံး၊ မေးခွန်း အထုတ်ဆုံးက ရရှိလာသည့် ဘက်ဂျက်အသီးသီးကို မည်သို့မည်ပုံ စီမံသုံးစွဲနေသည်လဲ ဖြစ်သည်။ ၎င်းနှင့် ဆပ်စပ်၍ ရရှိလာသည့် ဘဏ္ဍာငွေများနှင့် ကာကွယ်ရေး တပ်ဖွဲ့များအား လက်နက်တပ်ဆင်ရန် မည်သို့ ကြိုးပမ်းနေသလဲ ဆိုတာ ဖြစ်သည်။
လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စဖြစ်၍ အများပြည်သူကို အသေးစိတ် ထုတ်ပြန်ရန် မသင့်သော်လည်း အများပြည်သူ ကိုယ်စား စစ်ဆေးကြပ်မတ်မည့် ကော်မတီတရပ် (သို့မဟုတ်) အဖွဲ့အစည်း တခု ရှိမနေခြင်းက အားနည်းချက် ဖြစ်နေသည်။ သာမန်ကာလ အစိုးရများကဲ့သို ဘက်ဂျက်ဆွဲ၊ စိစစ်၊ ထုတ်ပြန်၊ သုံးစွဲ စသည့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်၍မရသည်ကို နားလည်နိုင်သော်လည်း ဤအချက်ကြောင့် တာဝန်ခံမှုကိုလည်း ဖော်ဆောင်စရာ မလိုအပ်ဟုတော့ ပြော၍မရပေ။
ပြည်သူ လှူဒါန်းမှုမှ ယနေ့အထိ ဒေါ်လာသန်း ၃၀ ကျော် ရရှိခဲ့ပြီး ၈၅ ရာခိုင်နှုန်းကို လက်နက်ဝယ်ယူမှုနှင့် ထုတ်လုပ်မှုအတွက် သုံးစွဲခဲ့ကြောင်း၊ ၇ ရာခိုင်နှုန်းကို ခုခံတွန်းလှန်စစ် အတွက် မဟာမိတ်များနှင့် အခြား လိုအပ်သည့် အသုံးစရိတ်များအတွက် မျှဝေ သုံးစွဲခဲ့ကြောင်းကို ကာကွယ်ရေးဝန်ကြီးက ထုတ်ပြောထားသည်ကိုမူ တွေ့ရသည်။
သို့သော် ထိုသို့သော အချက်အလက်များလောက်ဖြင့် ပြည်သူများ အာသာပြေမည် မထင်။
တော်လှန်ရေးကာလ၏ အရေးကြီးဆုံး ဝန်ကြီးဌာနဖြစ်သော ကာကွယ်ရေး ဝန်ကြီးဌာန၏ အမျိုးမျိုး အပြားပြားသော ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ပကဖများအပေါ် ထိန်းကွပ်နိုင်မှုက ပို၍ အရေးကြီးသည်မှာ ထင်ရှားလာသည်။
နောက်တချက် အနေဖြင့် တော်လှန်ရေးကာလ၏ အရေးကြီးဆုံး ဝန်ကြီးဌာနဖြစ်သော ကာကွယ်ရေး ဝန်ကြီးဌာန၏ အမျိုးမျိုး အပြားပြားသော ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ပကဖများအပေါ် ထိန်းကွပ်နိုင်မှု ဖြစ်သည်။ ဤအချက်က ပို၍ အရေးကြီးသည်မှာ ထင်ရှားလာသည်။
NUG ၏ လုပ်ဆောင်နိုင်မှုအပေါ် မှုတည်၍ အထက်တွင် ဆိုခဲ့သည့် အဆင့်သုံးဆင့်စလုံး၏ တာဝန်ခံမှုသည် တိုးတက် ပြောင်းလဲလာမည် ဖြစ်သည်။ သို့သော်လည်း အဆင့်တိုင်းတွင် ပါဝင်သူများက “တာဝန်ခံမှု” ရှိရန် လိုအပ်မည် ဖြစ်သည်။
ထင်ရှားသည့် နမူနာအနေဖြင့် နှစ်ခုကို ထုတ်ပြလိုသည်။
တော်လှန်ရေး အဖွဲ့တဖွဲ့သည် မီဒီယာများနှင့် စကားကျအောင်၊ ဟိတ်ဟန် ကောင်းကောင်းနှင့် အင်တာဗျူး ဖြေသည်၊ မသိမသာ အလှူခံသည်။ ထို့နောက် အလှူငွေများ ဒလဟော ဝင်လာသည်။ သို့သော် မကြာမီပင် အလှူငွေများကို အလွဲသုံးစားလုပ်သည့် သတင်းများက တပ်ဖွဲ့အတွင်း အစည်းပြေသည့်အခါ အပုပ်နံ့ ထွက်လာတော့သည်။
ဤသို့ သတင်းများသည် မကြားချင်မှအဆုံး ဖြစ်သည်။ တချို့ကတော့ အတုဖြစ်သည်။ ခါးသက်စွာဖြင့် လက်ခံလိုက်ရသည့် အမှန်ဖြစ်ရပ်များစွာလည်း ရှိသည်။ ပြည်သူများထံမှ မူးစုပဲစုဖြင့် အလှူခံပေးရသော ထောက်ပို့များ ရင်ကျိုးရသည်။
ဒုတိယ နမူနာက လက်ရှိ နာမည်ကြီးနေသည့် ယင်းမာပင် မြို့နယ်မှ ကာကွယ်ရေး တပ်ဖွဲ့အချင်းချင်း ဇာတ်တူသား စားမှုဖြစ်သည်။ အထွေအထူး ရှင်းပြရန် လိုမည်မထင်။ သို့သော် ပြည်သူတို့ ရင်ကွဲကြရသည်။
ဘာကြောင့် တာဝန်ယူမှု စနစ်ကို အာရုံစိုက် တည်ဆောက်ဖို့ လိုအပ်တာလဲ
အထက်က ပြောခဲ့သည့် ဥပမာ နှစ်မျိုးသည် “လက်နက်နှင့် လုပ်ပိုင်ခွင့် အာဏာ” ရှိသူများအနေဖြင့် အချိန်မရွေး အလွဲသုံးစား လုပ်နိုင်သည် ဟူသော ကောက်ချက်ကို ခိုင်ခိုင်မာမာ ပေးသည်။ ပြည်သူများ၏ ယုံကြည်အားကိုးမှုကို အလွဲသုံးစား လုပ်၍ ၎င်းတို့ ကိုယ်ကျိုးစီးပွားနှင့် အရှိန်အဝါအတွက် အသုံးချနေခြင်းသည် အလွန်ပင် အန္တရာယ်များလှသည်။
နွေဦးတော်လှန်ရေးသည် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု၊ ပြည်သူတို့၏ တခဲနက် ထောက်ခံမှုဖြင့် အရှိန်အဟုန်မပျက် ရှေ့ဆက်နေသည်။ ဤကဲ့သို့ အလွဲအသုံးချမှုများကို မကိုင်တွယ် မဖြေရှင်းနိုင်ပါက တော်လှန်ရေး အဖွဲ့အစည်းများ၏ “ယုံကြည်စိတ်ချရမှု” ကို ပျက်ပြားစေပြီး ပြည်သူ့ထောက်ခံမှု လျော့နည်းစေနိုင်သည်။
လက်နက်ကိုင် တော်လှန်ရေးသည် လူ့အသက်များ (အထူးသဖြင့် လူငယ်များ၏ အသက်များ) ဖြင့် ရင်းနှီးလုပ်ကိုင်ရသောကြောင့် အဆုံးအရှုံးကို ပိုပြီး ကြီးမားစေသည်။ အဖွဲ့အစည်း တချို့၏ တာဝန်ခံမှု ကင်းမဲ့သော လုပ်ရပ်၊ အားနည်းချက်များကို ရန်သူက “ဝါဒဖြန့်လက်နက်” အဖြစ် အသုံးချကာ စည်းလုံးမှုကို ဖြိုခွင်းနိုင်သေးသည်။
ထို့အပြင် လက်နက်ကိုင် တော်လှန်ရေးသည် လူ့အသက်များ (အထူးသဖြင့် လူငယ်များ၏ အသက်များ) ဖြင့် ရင်းနှီးလုပ်ကိုင်ရသောကြောင့် အဆုံးအရှုံးကို ပိုပြီး ကြီးမားစေသည်။ အဖွဲ့အစည်း တချို့၏ တာဝန်ခံမှု ကင်းမဲ့သော လုပ်ရပ်၊ အားနည်းချက်များကို ရန်သူက “ဝါဒဖြန့်လက်နက်” အဖြစ် အသုံးချကာ စည်းလုံးမှုကို ဖြိုခွင်းနိုင်သေးသည်။
လက်ရှိ အနေအထား စိန်ခေါ်မှုများ
အဆင့်ဆင့် တာဝန်ခံမှုကို အကောင်အထည် ဖော်ရန်အတွက် ထိပ်ဆုံးမှ NUG တွင် တာဝန်ရှိသည် မှန်သော်လည်း လက်တွေ့ အခက်အခဲများစွာလည်း ရှိနေသည်ကိုလည်း အသိအမှတ်ပြုရမည်။
ဘဏ္ဍာရေး ရှာဖွေရေး လမ်းကြောင်းများသည် တစုတစည်းတည်း မရှိဘဲ အဆင်ပြေသလို လုပ်နေကြရသည်။ လက်နက်ကိုင် LPDF များ အားလုံးသည်လည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ရှိမနေပြန်ပေ။ လက်ရှိ တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့အားလုံး၏ ၉၀ ရာခိုင်နှုန်းသည် MOD နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီဟု ဒီဇင်ဘာလကတည်းက ကာကွယ်ရေး ဝန်ကြီးက ပြောထားခဲ့သော်ငြားလည်း အားကောင်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်မှုအရကတော့ ယခုထက် ပိုအားထုတ်ရဦးမည့် သဘောဖြစ်သည်။
ထိုသို့ ချိတ်ဆက်မှုများ ရှိလာလျှင်ပင် ထိုယန္တယားကြီးကို လည်ပတ်စေရန် ငွေနှင့် အခြားသော အရင်းအမြစ်များလည်း လိုပြန်သေးသည်။
ဘာတွေ လုပ်ဖို့ လိုမလဲ
NUG အနေနှင့် ဤကိစ္စများအတွက် တာဝန်ခံမှု ရှိလာစေရေး ကြီးကြပ်သည့် လုပ်ငန်းစဉ် တရပ်ကို စတင် အကောင်အထည် ဖော်သင့်သည်မှာ အချိန်ပင် နှောင်းနေပြီဟု ဆိုချင်သည်။
လက်ရှိ ယင်းမာပင် ကာကွယ်ရေး တပ်ဖွဲ့များ အချင်းချင်း ဖြစ်သည့် ပြဿနာကို စုံစမ်းစစ်ဆေးရးဖွဲ့ကာ ကိုင်တွယ်နေခြင်းသည် ကြိုဆိုရမည် ဖြစ်သည်။ သို့သော် ပြဿနာများ ပေါ်လာသည့် နောက်မှ လိုက်လံဖြေရှင်းခြင်းထက်၊ ကြိုတင်ကာကွယ် ပြင်ဆင်သည့် နည်းလမ်းများကိုလည်း မဖြစ်မနေ စတင်သင့်ပြီ ဖြစ်သည်။
ဘဏ္ဍာငွေ ရှာဖွေကူညီကြသည့် ထောက်ပို့ အဖွဲ့များအတွက်မူ ဗဟိုမှ စနစ်တကျ ချိတ်ဆက်ဆောင်ရွက် ပေးသည့် စနစ်တခု၊ လုံခြုံရေးအရ စနစ်တကျ စိစစ်မှုနှင့် လိုအပ်လာလျှင် အရေးယူဆောင်ရွက်နိုင်မည့် နည်းဥပဒေများ၊ စည်းမျဉ်းများ ထုတ်ပြန်မှုတို့ လိုအပ်မည်။
ဤနေရာတွင် ကိုယ့်ဘာသာ အလှူခံသည့်ကိစ္စကို ဘာကြောင့် NUG က ကိုင်တွယ်ရန် လိုသလဲဆိုသည်ကိုတော့ မတွေဝေစေချင်။ ၎င်းအလှုခံသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်လည်း အများပြည်သူ၏ အရင်းအမြစ်များကို ကိုင်တွယ်အသုံးပြုရသူများ ဖြစ်သောကြောင့် တာဝန်ခံမှုလိုအပ်သည်။
လက်နက်ကိုင် တပ်ဖွဲ့များအတွက်မူ နိုင်ငံတကာ စစ်ဥပဒေများ၊ အခြေခံ လူ့အခွင့်အရေးများ ပိုမို သိရှိလာအောင် ဝိုင်းဝန်း မြှင့်တင်ခြင်း၊ ကျင့်ဝတ်များကို အားပေးမြှင့်တင်ခြင်းနှင့် အလွဲအမှားများ ဖြစ်ပေါ်လာပါက ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခြင်းတို့ လိုအပ်မည်ဖြစ်သည်။
ဤနေရာတွင် NUG နှင့် အရပ်ရပ်သော ကာကွယ်ရေးတပ်ဖွဲ့များ အတုယူရမည်မှာ အရပ်သား ၂၅ ယောက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောနယ်ဒါးမြအပေါ် KNU ၏ ကိုင်တွယ် အရေးယူခဲ့မှုဖြစ်သည်။ ထိပ်တန်းခေါင်းဆောင်ပင် ဖြစ်သော်လည်း “တာဝန်ခံမှု” လိုအပ်ပုံကို ပေါ်လွင်စေခဲ့သည်။
ဤနေရာတွင် NUG နှင့် အရပ်ရပ်သော ကာကွယ်ရေးတပ်ဖွဲ့များ အတုယူရမည်မှာ အရပ်သား ၂၅ ယောက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောနယ်ဒါးမြအပေါ် KNU ၏ ကိုင်တွယ် အရေးယူခဲ့မှုဖြစ်သည်။ ထိပ်တန်းခေါင်းဆောင်ပင် ဖြစ်သော်လည်း “တာဝန်ခံမှု” လိုအပ်ပုံကို ပေါ်လွင်စေခဲ့သည်။
တာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ငန်းစဉ်တရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရန်အတွက် အစိုးရတဖွဲ့တည်းဖြင့် မတတ်နိုင်သောကြောင့် အများပြည်သူ ပါဝင်ရန် အရေးကြီးသည်။ အများပြည်သူက ၎င်းတို့ မျက်မြင်ကိုယ်တွေ့ ကြုံရသည့် အလွဲသုံးစားမှုများ၊ မတရားမှုများကို အကြောင်းအကျိုး ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခွင့်ရရန် အရေးကြီးသည်။
အပြန်အလှန်အားဖြင့် အများပြည်သူများ အနေဖြင့်လည်း နှုတ်ဆိတ်မနေဘဲ၊ အဆင့်အသီးသီး၏ တာဝန်ခံမှုကို အားကောင်းလာစေဖို့အရေး ပူးပေါင်းပါဝင်ရန် လိုအပ်သည်။
တာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုသစ်ဆီသို့
နွေဦးတော်လှန်ရေးသည် အပြစ်လုပ်သော်မှ အရေးယူမခံရသည့် အစဉ်အလာ (Culture of Impunity) ကြောင့် လူသတ် အကြမ်းဖက်နေသည့် စစ်အာဏာရှင်ကို တော်လှန်နေသည် ဆိုခြင်းကို အစဉ် သတိချပ်ဖို့ လိုပါမည်။
တိုင်းပြည်အတွက် မကောင်းသည့် အလေ့အကျင့် အစဉ်အလာများ မိမိတို့ တော်လှန်ရေး အင်အားစုများတွင် မကျင့်သုံးမိစေရန် အလွန်ပင် အရေးကြီးပေသည်။
အမှန်မှာမူ ဤအချက်များသည် အသစ်အဆန်းများမဟုတ်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေး မူဝါဒများတွင် အခြေခံမူများအဖြစ် ဖော်ပြထားရှိပြီး ဖြစ်သည်။ အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန်သာ လိုသည်။ လိုလည်း လိုအပ်နေပြီဟု ဆိုချင်ပါသည်။
(ဒက်စမွန်သည် မြန်မာနိုင်ငံသား နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သည်။)
You may also like these stories:
လူသတ်မှု ကျူးလွန်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ဝန်ခံ
စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်
အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်
မိုင်းနုမ်ဟန်တို့ မိသားစုကို RCSS သတ်ဖြတ်ခဲ့ဟု စုံစမ်းရေး ကော်မတီပြော