သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ခုခံတော်လှန်သူများက ကြွေးကြော်နေစဉ်မှာပင် စစ်ကောင်စီ ခေါင်းဆောင်ကလည်း အကြမ်းဖက်အဖွဲ့များနှင့် သူတို့ကို ထောက်ခံသည့် အဖွဲ့အစည်းများအား ချေမှုန်း နှိမ်းနင်းသွားမည်၊ ဆွေးနွေးစရာ အကြောင်းမရှိဟု ဆိုလိုက်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံရေးတွင် အမြစ်ပြတ်ချေမှုန်းရေးနှင့် အပြုတ်တိုက်ရေး အယူအဆတို့ ရှေ့တန်း ရောက်လာသည်ကို တွေ့ရ၏။ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ပြည်တွင်းပြည်ပ အင်အားစုအချို့က မည်သို့ပင် ဆန္ဒရှိသည်ဖြစ်စေ၊ မည်သို့ပင်ကြိုးပမ်းသည်ဖြစ်စေ ထိုအခြေအနေသည် ၂၀၂၂ ခုနှစ်အတွင်း ပေါ်ပေါက်ရန် အခွင့်အလမ်းမရှိသလောက် ဖြစ်သွားပြီဖြစ်၏။ ပိုမိုပြင်းထန်သော စစ်ပွဲများကို မြန်မာပြည်တွင်း မြင်တွေ့ရတော့မည်မှာ မလွှဲမရှောင်သာ ဖြစ်သည်။
မြန်မာစစ်တပ်သည် လူထုထောက်ခံမှု မရှိခြင်း၊ တိုက်စိတ်ခိုက်စိတ်၊ တိုက်ရည်ခိုက်ရည် လျော့ကျခြင်း စသည့်အားနည်းချက် အများအပြား ရှိသော်လည်း စစ်ကောင်စီတွင် အဓိကအားသာချက် နှစ်ချက်ရှိ၏။
ထိုစစ်ပွဲတွင် ပါဝင်သည့် မြန်မာစစ်တပ်သည် လူထုထောက်ခံမှု မရှိခြင်း၊ တိုက်စိတ်ခိုက်စိတ်၊ တိုက်ရည်ခိုက်ရည် လျော့ကျခြင်း စသည့်အားနည်းချက် အများအပြား ရှိသော်လည်း စစ်ကောင်စီတွင် အဓိကအားသာချက် နှစ်ချက်ရှိ၏။
တချက်မှာ ဗဟိုမှချုပ်ကိုင်သည့် ဗဟိုစစ်ဦးစီး အမိန့်ပေးစနစ်ရှိခြင်းနှင့် နောက်တချက်မှာ တိုင်းပြည် ဘဏ္ဍာအား ချုပ်ကိုင်ထားသဖြင့် လက်နက်ခဲယမ်း တောင့်တင်းခြင်း ဖြစ်၏။
ခုခံတော်လှန်သူများအဖို့ လူထုထောက်ခံမှု မြင့်ခြင်း၊ တိုက်စိတ်ခိုက်စိတ် ထက်သန်ခြင်းစသည့် အားသာချက်များ ရှိသော်လည်း အားနည်းချက် နှစ်ချက်ရှိသည်။ တချက်မှာ ဗဟိုမှချုပ်ကိုင်သည့် စစ်ဦးစနစ် မရှိခြင်းနှင့် ဘဏ္ဍာ၊ လက်နက်ခဲယမ်း အားနည်းခြင်း ဖြစ်၏။
ဤဆောင်းပါးတွင် ခုခံတော်လှန်သူများဖက်မှ ဗဟိုစစ်ဦးစီးစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးလိုပါသည်။ ဦးစွာအားဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ခုခံကာကွယ်ရေးတပ် (PDF) အဖွဲ့များသည် ယခင်အခါက ပေါ်ပေါက်ခဲ့သော တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များနှင့် ခြားနားသည်ကို တွေ့ရ၏။
ဝါရင့် တော်လှန်ရေး အဖွဲ့အစည်းများ မဆိုထားနှင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပေါ်ထွက်လာသော ရခိုင့်တပ်တော် (AA)၊ တအာင်း၊ ပလောင် (TNLA)၊ ကိုးကန့် (MNDAA) စသည့် တပ်ဖွဲ့များသည် လူသူစည်းရုံး စုဆောင်း၊ လေ့ကျင့် ဖွဲ့စည်း၊ လက်နက်တပ်ဆင်ခြင်းတို့ကို အချိန်ယူ လုပ်ဆောင်ပြီးမှ ခုခံတော်လှန်စစ်ပွဲကို စတင်ကြသည်။ လှုပ်ရှားကြသည်။ အင်အားကို တဖြည်းဖြည်း တိုးချဲ့ယူသည်။
လက်ရှိ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင် အင်အားစုများမှာ ထိုအခြေအနေနှင့် ခြားနား၏။ မည်သည့် လေ့ကျင့်မှု၊ စနစ်တကျ တပ်ဖွဲ့စည်းမှု၊ အမိန့်ပေးစနစ် ထူထောင်မှုမရှိဘဲ မြန်မာစစ်တပ်ကို ရရာလက်နက်နှင့် ခုခံတွန်းလှန်ခဲ့ပြီးမှ စစ်လေ့ကျင့်ခြင်း၊ တပ်ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့ကို ပြုလုပ်ရခြင်း ဖြစ်သည်။
NUG အတွက် ပထမဆုံး ဖြေရှင်းရသည့် ပြဿနာမှာ တပြည်လုံး အနှံ့အပြား ပြန့်ကျဲနေသည့် PDF တပ်ဖွဲ့များအား စနစ်ကျသည့် ကွပ်ကဲမှုရယူခြင်း၊ ထောက်ပံ့ခြင်းဖြစ်သည်။
NUG အတွက် ပထမဆုံး ဖြေရှင်းရသည့် ပြဿနာမှာ တပြည်လုံး အနှံ့အပြား ပြန့်ကျဲနေသည့် PDF တပ်ဖွဲ့များအား စနစ်ကျသည့် ကွပ်ကဲမှုရယူခြင်း၊ ထောက်ပံ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းခဲ့သော NUG သည် ၂၀၂၁ ခုနှစ်၊ မေလတွင် PDF ကို ဖွဲ့စည်းကြောင်း ကြေညာ၍ ယင်းနှစ် စက်တင်ဘာလတွင် ခုခံစစ်ပွဲ စတင်ကြောင်း ကြေညာသည်။
လက်တွေ့မြေပြင်တွင် NUG မကြေညာမီကပင် မိမိအစီအစဉ်နှင့်မိမိ ရရာလက် နက်ကိုင်စွဲပြီး ဒေသအလိုက် ခုခံတော်လှန်နေသူများကိုလည်း တွေ့ရသည်။ ထိုဒေသအလိုက် ခုခံတော်လှန်နေသူများအား ချိတ်ဆက်ရေးသည် NUG အတွက် တာဝန်တခု ဖြစ်လာ၏။ ပြီးခဲ့သော တနှစ်မပြည့်မီ ကာလတွင် PDF ၈၀ ရာခိုင်နှုန်းခန့်အား ကောင်းစွာ ချိတ်ဆက်နိုင်ခဲ့သည်ဟု NUG ကာကွယ် ရေးဝန်ကြီးဌာနက ဆိုသည်။
NUG အနေနှင့် ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲရာတွင် အရေးကြီးသည့် အချက်မှာ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၏။ ထို့အပြင် PDF တပ်ဖွဲ့များ လေ့ကျင့်ခြင်း၊ ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့နှင့် ပတ်သက် ၍ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ အကူအညီရယူ ပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးအတွေ့အကြုံနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဌကိုလည်း အသိမှတ်ပြုခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ NUG နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ကြားတွင် စစ်ဦးစီး အမိန့်ပေးစနစ်တရပ်ကို အလျင်အမြန် ထူထောင်ရန် လိုအပ်နေသည်။ လက်ရှိအခြေအနေတွင် NUG သည် အစိုးရဖွဲ့စည်းပုံအရ ကာကွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားသော်လည်း စစ်ဦးစီးချုပ် ခန့်အပ်ထားခြင်း မရှိသေးရာ စစ်ဦးစီးချုပ်ခန့်အပ်ရန် လိုအပ်သည်ဟု အချို့က ယူဆကြ၏။
သို့သော်လည်း လက်ရှိ NUG အနေနှင့် အစိုးရတရပ်အနေဖြင့် ဖွဲ့စည်းထားသော်လည်း တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီကို ဆန့်ကျင်သည့် အင်စတီကျူးရှင်း တခုအဖြစ်သာ ကြည့်မြင်လျက် ရှိသည့်အပြင် NUG ၏ အင်စတီကျူးရှင်း ခိုင်မာမှုနှင့် လုပ်နိုင်စွမ်းကိုလည်း စောင့်ကြည့်နေဆဲ ကာလဖြစ်၏။
NUG အဖွဲ့ဝင်များသည် စစ်ရေးအတွေ့အကြုံ လိုအပ်နေသည်ဖြစ်ရာ စစ်ရေးအတွေ့အကြုံရှိသော တိုင်းရင်းသားတပ်ဖွဲ့များကို အမှီပြုရန် လိုအပ်နေသည့် ကာလဖြစ်သည်။
တဖက်တွင်လည်း NUG အဖွဲ့ဝင်များသည် စစ်ရေးအတွေ့အကြုံ လိုအပ်နေသည်ဖြစ်ရာ စစ်ရေးအတွေ့အကြုံရှိသော တိုင်းရင်းသားတပ်ဖွဲ့များကို အမှီပြုရန် လိုအပ်နေသည့် ကာလဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ရေးလှုပ်ရှားမှုများကို ကြည့်ပါက PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်နယ်များကို အောက်ပါအတိုင်း တွေ့ရ၏။
၁။ ကရင် KNU တပ်ဖွဲ့များနှင့်တွဲ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း
၂။ ကရင်နီ KNPP တပ်ဖွဲ့များနှင့်တွဲ၍ ကယား (ကရင်နီ) ပြည်နယ်
၃။ ကချင် KIA တပ်ဖွဲ့များနှင့်တွဲ၍ ကချင်ပြည်နယ်
၄။ ချင်း CNF တပ်ဖွဲ့များနှင့်တွဲ၍ ချင်းပြည်နယ်
၅။ စစ်ကိုင်းတိုင်း
၆။ မကွေးတိုင်း
၇။ ရန်ကုန်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း
၈။ မန္တလေး၊ နေပြည်တော်
၉။ ရှမ်းပြည်နယ် တို့ဖြစ်သည်။
PDF လှုပ်ရှားမှုများအနေနှင့် အမှတ်စဉ် ၁ မှ ၆ အထိ အားကောင်းပြီး အမှတ်စဉ် ၇ မှ ၉ အထိ နယ်မြေများတွင် အသင့်အတင့်သာ ရှိသည်။
လက်ရှိ KNU နယ်မြေနှင့် KIA နယ်မြေများရှိ PDF များ၏ စစ်ရေးလှုပ်မှုများအား KNU နှင့် KIA က ကွပ်ကဲမှု ယူထားသည်။ ကယားပြည်နယ်တွင် KNPP နှင့် KNDF ပူးတွဲစစ်ကော်မတီမှ ကွပ်ကဲမှု ယူထား၏။ ချင်းပြည်နယ်တွင် CNF နှင့် CDF ပူးတွဲ စစ်ကော်မတီက ကွပ်ကဲမှု ယူထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည် KIA နှင့် ၎င်းတို့၏ ချင်းတပ်ဖွဲ့များ ဆက်စပ်မှုရှိသည် ဆိုသော်လည်း စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်တို့သည် တိုင်းရင်းသားနယ်မြေများ မဟုတ်ရာ NUG ၏ တိုက်ရိုက်ကွပ်ကဲမှု နယ်မြေဖြစ်နေ၏။ ရှမ်းပြည်မြောက်ပိုင်းရှိ PDF လှုပ်ရှားမှုသည် TNLA နှင့်ဆက်စပ်မှု ရှိသည်ဟု ကြားသိရသော်လည်း TNLA နှင့် NUG အတိအလင်း ပူးပေါင်းဆောင်ရွက်မှု မတွေ့ရသေးပါ။
လက်ရှိအချိန်တွင် ဗဟိုစစ်ဦးစီး ကွပ်ကဲမှု ထူထောင်ရန် KIA, KNU, KNPP ပူးတွဲကော်မတီ၊ CNF ပူးတွဲကော်မတီတို့မှ စစ်ဦးစီးချုပ်များနှင့် NUG ကာကွယ်ရေးဝန်ကြီး ပါဝင်သည့် ခုခံတော်လှန်သည့် တပ်ဖွဲ့များအတွက် စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းကို ပထမခြေလှမ်း လှမ်းသင့်သည်
သို့ဖြစ်ရာ NUG ၏ PDF တပ်ဖွဲ့များနှင့် အဓိက ပူးပေါင်းဆောင်ရွက်နေသည်မှာ KIA, KNU, KNPP ပူးတွဲကော်မတီ၊ CNF ပူးတွဲကော်မတီတို့ ဖြစ်၏။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဗဟိုစစ်ဦးစီး ကွပ်ကဲမှု ထူထောင်ရန် KIA, KNU, KNPP ပူးတွဲကော်မတီ၊ CNF ပူးတွဲကော်မတီတို့မှ စစ်ဦးစီးချုပ်များနှင့် NUG ကာကွယ်ရေးဝန်ကြီး ပါဝင်သည့် ခုခံတော်လှန်သည့် တပ်ဖွဲ့များအတွက် စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းကို ပထမခြေလှမ်း လှမ်းသင့်သည်ဟု ယူဆပါသည်။
လောလောဆယ် စစ်ဦးစီးချုပ် မလိုအပ်သေးပါ။ အကြောင်းမှာ စစ်ဦးစီးချုပ်အနေနှင့် တိကျသော အမိန့်များ ပေး၍ရသည့် အခြေအနေ မဟုတ်သောကြောင့်ဖြစ်၏။
ခုခံတော်လှန်စစ်ပွဲသည် ပြောက်ကျားစစ်ပွဲဖြစ်ရာ မိမိစစ်နယ်မြေအလိုက် လွတ်လပ်စွာလှုပ်ရှားရန် လိုအပ်နေသေးသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားရမည့် ကာလဖြစ်၏။
စစ်ဦးစီးအဖွဲ့သည် စစ်နယ်အလိုက် တည်ရှိနေသော တပ်ဖွဲ့များ ဟန်ချက်ညီ လှုပ်ရှားရေးကို အဓိက ဆောင်ရွက်ရမည့် အချိန်ကာလ ဖြစ်သည်။ ချိန်ကိုက် စစ်ရေးလှုပ်ရှားမှု၊ အပြန်အလှန် စစ်လက်နက် ပံ့ပိုးမှု၊ စစ်သတင်း ဖလှယ်မှုများဖြင့် ကူညီပေးနိုင်မည့် အခြေအနေကို ဖန်တီးရန်သာ ဖြစ်နေသေး၏။
စစ်ဦးစီးအဖွဲ့သည် ပါဝင်သည့် အဖွဲ့အစည်းတိုင်း၏ တန်းတူရည်တူဖြစ်မှုကို အသိမှတ်ပြုထားရမည်။ စစ်ဦးစီးအဖွဲ့ ဆုံးဖြတ်ချက်များသည် အများစု၊ အနည်းစုဖြင့် ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ အားလုံးသဘောတူသည့် ဆုံးဖြတ်ချက်များ ဖြစ်ရန်လိုသည်။
စစ်ဦးစီးအဖွဲ့သည် ပုံမှန်အစည်းအဝေးများ ကျင်းပမည့် အချိန်များ သတ်မှတ်ခြင်း၊ အရေးပေါ်အစည်းအဝေး ခေါ်ဆိုနိုင်မှုနှင့် ပတ်သက်၍ သတ်မှတ်ခြင်းတို့ကို ဆုံးဖြတ်ထားရန် လိုအပ်သည်။ ထို့အပြင် ပုံမှန်ဆက်ဆံရေး၊ ဆက်သွယ်ရေးစနစ်၊ ရုံးစနစ်ထူထောင်ရန် စစ်ဦးစီးအဖွဲ့က အတွင်းရေးမှူးတဦးရွေးချယ် ခန့်ထားရမည်။
အတွင်းရေးမှူးသည် စစ်ဦးစီးအဖွဲ့ အကြီးအကဲ မဟုတ်ဘဲ စစ်ဦးစီးအဖွဲ့ ပုံမှန်လည်ပတ်ရန်၊ စစ်ဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရန် ဆက်သွယ်ညှိနှိုင်းရန် တာဝန်ယူသူဖြစ်ရမည်။
အတွင်းရေးမှူးသည် စစ်ဦးစီးအဖွဲ့ အကြီးအကဲ မဟုတ်ဘဲ စစ်ဦးစီးအဖွဲ့ ပုံမှန်လည်ပတ်ရန်၊ စစ်ဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရန် ဆက်သွယ်ညှိနှိုင်းရန် တာဝန်ယူသူဖြစ်ရမည်။ စစ်ဦးစီးအဖွဲ့ အတွင်းရေးမှူးသည် အတွင်းရေးမှူးရုံးအဖွဲ့ကို ဖွဲ့စည်းပြီး ထိုအဖွဲ့မှတဆင့် စစ်ဦးစီးအဖွဲ့၏ နေ့စဉ်လုပ်ငန်းများ လည်ပတ်ရမည်။
အဆိုပါ စစ်ဦးစီးအဖွဲ့တွင် နောက်ထပ် ပူးပေါင်းပါဝင်လာမည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များအတွက် လမ်းဖွင့်ပေးထားပြီး တန်းတူရည်တူ ပါဝင်ခွင့်ပေးရမည် ဖြစ်၏။ အဆိုပါ စစ်ဦးစီးအဖွဲ့သည် လက်ရှိ ခုခံကာကွယ်စစ်အား ဟန်ချက်ညီ လှုပ်ရှားနိုင်ရန် ကွပ်ကဲသကဲ့သို့ ဖက်ဒရယ်တပ်မတော်တရပ် ပေါ်လာရေးအတွက် အခြေခံလည်းဖြစ်သည်။
တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းလာခြင်းနှင့်အတူ အချိန်ကာလတခု ရောက်လျှင် ပါဝင်သည့် တပ်ဖွဲ့များကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပါက စစ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ တင်မြှောက်ခြင်း၊ စစ်ဦးစီးချုပ် ခန့်အပ်ခြင်းတို့ကို ဆောင်ရွက်ပြီး ဖက်ဒရယ်တပ်မတော်တရပ်ကို ရှေးရှုနိုင်ပေမည်။
လက်ရှိအခြေအနေတွင် NUG, PDF နှင့် ပူးပေါင်း၍ စစ်ကောင်စီအား တိုက်ပွဲဝင်နေသည့် အင်အားစုများသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း စသည့် မြန်မာပြည် အနောက်မြောက်ပိုင်းနှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စသည့် မြန်မာပြည် အရှေ့တောင်ပိုင်းတို့၌ အားကောင်းနေ၏။ ထိုနယ်မြေနှစ်ခု ဆက်စပ်ရန် သော့ချက်နေရာမှ ရှမ်းပြည်နယ် ဖြစ်သည်။
ရှမ်းပြည်ရှိ SSPP (ရှမ်း)၊ UWSA (ဝ)၊ TNLA (တအာင်း-ပလောင်), MNDAA (ကိုးကန့်) တို့ စစ်ဦးစီးအဖွဲ့တွင် ပါဝင်နိုင်ရန် စည်းရုံးနိုင်ပါက ခုခံတော်လှန်သူများ၏ နယ်မြေသည် တဆက်စပ်တည်း ဖြစ်သွားပေမည်။
ရှမ်းပြည်ရှိ SSPP (ရှမ်း)၊ UWSA (ဝ)၊ TNLA (တအာင်း-ပလောင်), MNDAA (ကိုးကန့်) တို့ စစ်ဦးစီးအဖွဲ့တွင် ပါဝင်နိုင်ရန် စည်းရုံးနိုင်ပါက ခုခံတော်လှန်သူများ၏ နယ်မြေသည် တဆက်စပ်တည်း ဖြစ်သွားပေမည်။ ထိုပြင် AA သာ ပါဝင်လာပါက မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့အား PDF များ ထိုးဖောက် ဝင်ရောက်ရန် လွယ်ကူသွားပေလိမ့်မည်။
ထိုအချက်သည် ခုခံတော်လှန်သူများအတွက် အင်အားကြီးတရပ် ဖြစ်လာမည်ကို တော်လှန်သူများက သိသကဲ့သို့ မြန်မာစစ်တပ်ကလည်း ကောင်းစွာသိသည်။ ထို့ကြောင့်လည်း ၂၀၂၁ နှစ်လယ်မှစ၍ UWSA တပ်များ သံလွင်မြစ် အနောက်ဖက်သို့ ကူးခါ ရှမ်းပြည်အလယ်ပိုင်းသို့ အင်အားအလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ပြီး SSPP/SSA နှင့် ပူးပေါင်းကာ ကျေးသီး၊ မိုင်းကိုင်၊ ဆင်တောင် မှသည် ရပ်စောက်မြောက်ဖက် ကျောက်ဂူနယ်ထဲအထိ ဝင်ရောက်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ကို မြန်မာစစ်တပ်က လက်ပိုက်ကြည့်နေသည်ကို တွေ့ရ၏။
ယခုအချိန်အထိလည်း UWSA တပ်များသည် ပြန်လည်ထွက်ခွါခြင်းမရှိဘဲ ထိုဒေသများတွင် SSPP နှင့်အတူ တပ်စွဲထားသည်ကိုတွေ့ရ၏။ ထို့အပြင် မြန်မာစစ်တပ်က ၂၀၁၅ ခုနှစ်မှစ၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သော ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် နာရေးတွင် မြန်မာ့စစ်ခေါင်းဆောင်အပါအဝင် မြန်မာစစ်တပ်ထိပ်သီးများက ပန်းခွေ လေးခု ပေးပို့သည်ကို တွေ့ရသည်။
ခုခံတော်လှန်သူများ၏ မြန်မာပြည် အနောက်မြောက် စစ်မျက်နှာနှင့် အရှေ့တောင် စစ်မျက်နှာကို ဆက်စပ်ရန် ရှမ်းပြည်နယ်သည် သေနင်္ဂ ဗျူဟာအရ အရေးပါနေရာ မြန်မာစစ်တပ်အတွက်ရော ခုခံတော်လှန်သူများအတွက်ပါ ရှမ်းပြည်နယ်က အရာရောက်နေ၏။
၂၀၂၂ ခုနှစ် နှစ်ဆန်းအထိ မုန်းကိုး၊ ဖောင်းဆိုင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့နှင့် အထိနာနေသော မြန်မာစစ်တပ်သည် ကိုးကန့်နှင့် အပစ်ရပ်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။ လက်ရှိ ရှမ်းမြောက် မုန်းကိုး၊ ဖောင်းဆိုင်ဒေသတွင် မြန်မာစစ်တပ်က ကိုးကန့်စခန်းများအား ထိုးစစ်ဆင်ခြင်းကိုလည်း ရပ်တန့်ထားသည်ကို တွေ့ရသည်။
ဤသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ ရှမ်းပြည်နယ်တွင် လျှော့ဈေးနှင့် အပစ်ရပ်ရန် ကြိုးစားနေသည်။ သို့အတွက် မြန်မာစစ်တပ်က အလျှော့ပေးနေသကဲ့သို့ သူတို့၏ နယ်စပ်တလျှောက် တည်ငြိမ်ချင်သော တရုတ်တို့၏ အကူအညီကိုရယူ ဖိအားပေးရန် ကြိုးစားနေသည်။ အလားတူ ရခိုင်တွင်လည်း အလျှော့အတင်းဖြင့် အပစ်ရပ်ထားရန် မြန်မာစစ်တပ်က ကြိုးစားနေ၏။
ခုခံတော်လှန်သူများ၏ မြန်မာပြည် အနောက်မြောက် စစ်မျက်နှာနှင့် အရှေ့တောင် စစ်မျက်နှာကို ဆက်စပ်ရန် ရှမ်းပြည်နယ်သည် သေနင်္ဂ ဗျူဟာအရ အရေးပါနေရာ မြန်မာစစ်တပ်အတွက်ရော ခုခံတော်လှန်သူများအတွက်ပါ ရှမ်းပြည်နယ်က အရာရောက်နေ၏။
မြန်မာစစ်တပ်၏ ခွဲခြားချေမှုန်းရေး စစ်ဗျူဟာကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ကောင်းစွာ သဘောပေါက်ကြသည် ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခြေအနေသည် တဖွဲ့နှင့်တဖွဲ့ မတူရာ တဖွဲ့ချင်းအနေနှင့် မတူသော စဉ်းစားဆုံးဖြတ်ချက်များ တွေ့ရနိုင်၏။
ခုခံတော်လှန်သူများဖက်ရှိ တပ်ဖွဲ့များအကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရန်နှင့် တန်းတူရည်တူ ပူးပေါင်းမှုကို တည်ဆောက်နိုင်ရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ခုခံတော်လှန်စစ် ဆင်နေသူများအဖို့ ဦးစွာလိုအပ်သည်မှာ ဗဟိုစစ်ဦးစီးအဖွဲ့တခု ဖွဲ့စည်းပြီး ဟန်ချက်ညီလှုပ်ရှားရန် ဖြစ်သည်။ ဤသို့ တည်ဆောက်ရန်အတွက် ပါဝင်သည့် အဖွဲ့အစည်းတိုင်းသည် အပြန်အလှန် တန်းတူရည်တူမှုကို အသိအမှတ်ပြုပြီး အပြန်အလှန် နားလည်မှု တည်ဆောက်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်၏။
ဤနေရာတွင် လက်နက်ကိုင် ခုခံတော်လှန်မှုကို မကြာမီကမှ စတင်သည့် NUG နှင့် PDF များအနေဖြင့် ရေရှည် လက်နက်ကိုင် တိုက်ခိုက်နေသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ စဉ်းစားမှုနှင့် ၎င်းတို့၏ စီမံကိန်းများ၊ ခြေလှမ်းများကို နားလည် သဘောပေါက်ရန် လိုသည်။
အထူးသဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍လည်းကောင်း၊ လက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်၍လည်းကောင်း ကြည့်မြင်သုံးသပ် လုပ်ကိုင်ရာတွင် NUG နှင့် CRPH တွင် ပါဝင်သည့် အမှားနှင့် ချို့ယွင်းချက်ရှိခဲ့သော NLD နှင့် ဗမာဒီမိုကရက်များအနေနှင့် အထူးဂရုပြုရန် လိုအပ်၏။
အထူးသဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍လည်းကောင်း၊ လက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်၍လည်းကောင်း ကြည့်မြင်သုံးသပ် လုပ်ကိုင်ရာတွင် NUG နှင့် CRPH တွင် ပါဝင်သည့် အမှားနှင့် ချို့ယွင်းချက်ရှိခဲ့သော NLD နှင့် ဗမာဒီမိုကရက်များအနေနှင့် အထူးဂရုပြုရန် လိုအပ်၏။
ထို့အပြင် NUG သည် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ဗဟိုအမိန့်ပေးစနစ်တရပ် ထူထောင်နေစဉ်တွင် မိမိတိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့များအား သတ်မှတ်ဖွဲ့စည်းထားသည့်တိုင်း ကွပ်ကဲမှုစနစ်တရပ် ထူထောင်ထားရန် လိုပေလိမ့်မည်။
(အေးချမ်းဆုသည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်