ကုလသမဂ္ဂနှင့် ပြင်ပကမ္ဘာက တွန်းအားပေးနေသကဲ့သို့ မြန်မာစစ်ကောင်စီနှင့် ဒီမိုကရက်တစ် အတိုက်အခံတို့ တွေ့ဆုံဆွေးနွေးနိုင်သည်ဟု မည်သူမဆို မျှော်လင့်ထားခဲ့ပါက မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်းမာသည့် မိန့်ခွန်းကို ပြောကြားလိုက်သောအခါ ထိုမျှော်လင့်ချက်များ လုံးဝပျောက်ကွယ်သွားမည် ဖြစ်သည်။
ထိုအခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသူများကို အဆုံးတိုင် သုတ်သင်ရှင်းလင်းမည်ဟု ကတိပြုပြီး မြန်မာမှ များပြားလှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ထိုအကြမ်းဖက်သမားများကို မထောက်ခံဘဲ “ဥပဒေ ဘောင်အတွင်းတွင်သာ နေထိုင်ရန်” (သူ၏စကားလုံးအတိုင်း) တိုက်တွန်းသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ၂၀၁၅ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အနည်းငယ်နှင့် စစ်အုပ်စုအကြား ချုပ်ဆိုခဲ့ပြီး ယခုအခါ ပျက်ပြယ်သွားပြီးဖြစ်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလိုက်နာခြင်းအဖြစ် သုတေသီများက ဖွင့်ဆိုသည်။
အလားတူ အရေးကြီးသောအချက်မှာ မတ်လ ၂၇ ရက်နေ့တွင် စစ်အုပ်စုအတွင်း ညီညွတ်မှုကို ပြသလိုက်သောကြောင့် သဘောထားတင်းမာသူနှင့် ပြုပြင်ပြောင်းလဲရေးသမားများအကြား အာဏာ လွန်ဆွဲနေသည်ဆိုသော ကာလရှည်ကြာသည့် အယူအဆမှားကို မောင်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသမားများဆိုသည်မှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတလုပ်ခဲ့သည့် ဦးသိန်းစိန် ကဲ့သို့သော သူများကို ရည်ညွန်းခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကို ဖြိုခွဲချိန်မှစတင်ပြီး စစ်အစိုးရတွင် တာဝန်အမျိုးမျိုးယူခဲ့သော စစ်အရာရှိဟောင်း ၂၅ ဦး မကသည် ထိုနေ့က မြို့တော်နေပြည်တော်တွင် ကျင်းပသော စစ်ရေးပြပွဲနှင့် အခြား အခမ်းအနားများကို တက်ရောက်ကြသည်။
ထိုသို့တက်ရောက်သူများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြံပေးစကား ပြောကြားသည်ဟု သတင်းများတွင် ဖော်ပြသည့် ဦးသိန်းစိန်လည်း ပါဝင်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သမ္မတဟောင်းကို ဦးညွှတ် အရိုအသေပေးသည်ဟု ဆိုသည်။
ဦးသိန်းစိန်သည် သူ၏စစ်မှန်သော အရောင်အသွေးကို ပြသသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ၏ ပြုပြင်ပြောင်းလဲရေးဟု ထင်ရသော အစီအစဉ်များကြောင့် မြန်မာ့ဂေါ်ဘာချက်ဟု အနောက်တိုင်း လေ့လာသူအချို့ တခါက ခေါ်ခဲ့ကြသော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် စစ်ကောင်စီ ဒလန်ဟု သံသယရှိသောကြောင့် သတ်ဖြတ်ခံရ၊ သို့မဟုတ် ဒဏ်ရာရသူများ၏ မိသားစုများအတွက် လွန်ခဲ့သောနှစ် ဒီဇင်ဘာလက အလှူငွေများ ထည့်ဝင်ခဲ့သည်။
၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကို ဖြိုခွဲချိန်မှစတင်ပြီး စစ်အစိုးရတွင် တာဝန်အမျိုးမျိုးယူခဲ့သော စစ်အရာရှိဟောင်း ၂၅ ဦး မကသည် ထိုနေ့က မြို့တော်နေပြည်တော်တွင် ကျင်းပသော စစ်ရေးပြပွဲနှင့် အခြား အခမ်းအနားများကို တက်ရောက်ကြသည်
ပြောစရာမလိုလောက်အောင် သေချာသည့်အချက်မှာ လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသောကြောင့် စစ်အုပ်စုနှင့် ရဲက ပစ်သတ်ခံရပြီး သေဆုံးသူများ၏ မိသားစုများအတွက် မည်သည့် ငွေကြေးမျှ လှူဒါန်းခဲ့ခြင်း မရှိဆိုသည့် အချက်ဖြစ်သည်။
လွတ်လပ်သော လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ အာဏာသိမ်းပြီးနောက် လက်နက်မဲ့ ဆန္ဒပြသူ ၁,၇၂၃ ဦး သတ်ဖြတ်ခံရ၊ သို့မဟုတ် စစ်ကြောရေးစခန်း အသီးသီးတွင် ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံသူ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် လူပေါင်း ၁၃,၀၀၀ ကျော်ကိုလည်း ဖမ်းဆီး ထောင်ချထားသည်။
ထိုစာရင်းများတွင် တိုင်းရင်းသား ဒေသများ၌ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်သောကြောင့် သေဆုံးသူများ မပါသေးပေ။ တိုင်းရင်းသား ဒေသများတွင် စစ်အာဏာသိမ်းမှုကို ခုခံရေး လှုပ်ရှားမှုသည့် လွန်ခဲ့သောနှစ်အတွင်း အားကောင်းလာသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကြေညာချက်အရ မြန်မာမှ ပြည်တွင်းစစ်ဘေးရှောင် (IDPs) အရေအတွက်သည် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် နှစ်ဆတိုးလာပြီး ယခုအခါ လူ ၈ သိန်း ကျော်နေပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အာရုံစိုက်မှုသည် ရုရှားက ယူကရိန်းအား ကျူကျော်မှုသို့ လုံးဝနီးပါး ရောက်နေစဉ်တွင် အခြား ကြီးမားလှသည့် ကြေကွဲစရာဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေပြီး နိုင်ငံတကာ အသိုက်အဝန်းက အရေးယူဆောင်ရွက်မှု မရှိသလောက်ပင် ဖြစ်နေသည်။
ဥရောပသမဂ္ဂ (EU) အပါအဝင် ပြည်ပ အင်အားကြီးနိုင်ငံများက လွန်ခဲ့သော အောက်တိုဘာလတွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာပြဿနာကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သို့ လက်ခွဲချထားပေးလိုက်သည်။
“ASEAN ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ရန် ASEAN အထူးသံတမန်နှင့် အပြုသဘော ထိတွေ့ဆက်ဆံရန် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို တောင်းဆိုလိုက်သည်။ ASEAN အထူးသံတမန် မြန်မာနိုင်ငံသို့ ပုံမှန်သွားရောက်ရန်နှင့် သူတွေ့ဆုံလိုသူ အားလုံးနှင့် လွတ်လပ်စွာ ထိတွေ့ဆက်ခံနိုင်စေရန် စစ်အုပ်စုက လုပ်ဆောင်ပေးရန် လိုကြောင်းကို ဥရောပသမဂ္ဂက အလေးထားဖေါ်ပြသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သောနှစ် ဧပြီလ ၂၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာသို့ ခဏတာ သွားရောက်စဉ် ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူ အားလုံးအကြား အပြုသဘော ဆွေးနွေးရေးကို တောင်းဆိုထားသည်။
ဥရောပသမဂ္ဂ ကြေညာချက်၏ မှတ်သားစရာကောင်းသော အချက်မှာ ထိုကြေညာချက်ကို ထုတ်ပြန်ချိန်တွင် ဘုံသဘောတူညီချက် ၅ ချက်မှာ အသက်မဝင်တော့ပြီး ဖြစ်နေခြင်းပင် ဖြစ်သည်။ ASEAN ၏ မည်သည့် ကိုယ်စားလှယ်ကိုမျှ စစ်ကောင်စီ အရာရှိများမှလွဲပြီး မည်သူနှင့်မျှ တွေ့ခွင့်မပေးဘဲ တွေ့ဆုံဆွေးနွေးရေး ဆိုသည့်စကားကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နောက်လိုက်နောက်ပါ များကလည်း မည်သည့် အခါမျှ မပြောပေ။
ASEAN အနေဖြင့် မြန်မာသို့ နောက်ဆုံး လာရောက်ခဲ့သည့် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်း၏ မတ်လနှောင်းပိုင်းက ခရီးစဉ်အတွင်း စစ်ကောင်စီဘက်က သူ့ကိုလိုက်လျောသည်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့သူ ဦးထင်ကျော်၏ ဇနီးနှင့် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဒေါ်စုစုလွင်နှင့် တွေ့ခွင့်ပေးခြင်းသာ ဖြစ်သည်။ သို့သော် ဒေါ်စုစုလွင်က ကျန်းမာရေး အကြောင်းပြချက်ဖြင့် အထူးသံတမန်ကို တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သော်လည်း ဧပြီဖူးလ် ဟာသ မဟုတ်သည့် မစ္စ နိုလင်းဟေဇာ၏ ရုံး ကြေညာချက်တွင် “တောင့်တင်းကြံ့ခိုင်သော ASEAN-UN ထီးရိပ်” ဟု ရည်ညွှန်းသုံးနှုံးထားခြင်းနှင့် “ASEAN နှင့် နိုင်ငံတကာ အသိုက်အဝန်းတွင် မြန်မာပြည်သူများ၏ ဆန္ဒကို ပိုမိုကျယ်ပြန့်စေရန်နှင့် ထောက်ခံရန် တာဝန်ရှိသည်” ဟု ဖော်ပြခဲ့သည်။
ASEAN သည် ၎င်း၏ ၅၅ နှစ်နီးပါး ကြာပြီဖြစ်သော သမိုင်းကြောင်းတလျှောက် အဖွဲ့ဝင်နိုင်ငံများမှ ပြဿနာ တခုကိုဖြစ်စေ၊ ၎င်းတို့အချင်းချင်းအကြား အငြင်းပွားမှုကိုဖြစ်စေ မည်သည့်အခါကမျှ ဖြေရှင်းနိုင်ခြင်း မရှိသည့်၊ အများအားဖြင့် ဒီမိုကရေစီ နည်းလမ်းမကျသော အဖွဲ့ဝင် ၁၀ နိုင်ငံအုပ်စု ဖြစ်သည် ဆိုသည့်အချက်ကို မစ္စ နိုလင်းဟေဇာက မေ့ထားချင်ပုံရသည်ဟု ဝေဖန်သူများက ပြောကြမည် ဖြစ်သည်။
ကမ္ဘာ့အာရုံစိုက်မှုသည် ရုရှားက ယူကရိန်းအား ကျူကျော်မှုသို့ လုံးဝနီးပါး ရောက်နေစဉ်တွင် အခြား ကြီးမားလှသည့် ကြေကွဲစရာဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေပြီး နိုင်ငံတကာ အသိုက်အဝန်းက အရေးယူဆောင်ရွက်မှု မရှိသလောက်ပင် ဖြစ်နေသည်
ထိုပြဿနာများတွင် အရှေ့တီမော ပဋိပက္ခ၊ ကမ္ဘောဒီးယားနှင့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင် နယ်စပ်အငြင်းပွားမှုများ၊ ထိုင်းနှင့် မလေးရှားအကြား နယ်စပ်ဖြတ်ကျော် ပုန်ကန်မှု သာမက အရေးအပါဆုံး ဖြစ်နိုင်သည့် တရုတ်နိုင်ငံက သေနင်္ဂဗျူဟာကျသည့် ရေလမ်းဖြစ်သော တောင်တရုတ်ပင်လယ်တွင် သြဇာထူထောင်နေချိန်၌ ရေပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်ပြီး ASEAN ဘုံရပ်တည်ချက် ကင်းမဲ့ခြင်းတို့ ပါဝင်သည်။
တချိန်တည်းတွင် မြန်မာစစ်အုပ်စုသည် ခုခံရေးအင်အားစုများကို သုတ်သင်ရှင်းလင်းရန်နှင့် တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ရန် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများကို တွန်းအားပေး ပြုလုပ်နေသည်။ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ ထိုရွေးကောက်ပွဲ မတိုင်မီ စစ်ကောင်စီသည် NLD ကို နိုင်ငံရေးအရ၊ အဖွဲ့အစည်းအရ အင်အားချိနဲ့သွားအောင် လုပ်မည်မှာ သေချာသည်။ NLD သည် ၎င်းတို့ ယှဉ်ပြိုင်ခဲ့သမျှ ရွေးကောက်ပွဲတိုင်းတွင် တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရသည်။
ရန်ကုန်နှင့် နေပြည်တော် လမ်းမများသို့ တင့်ကားများ ထွက်လာပြီးနောက် ဆန္ဒပြပွဲများကို သေနတ်ဖြင့် ပစ်ခတ်သည်။ ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူများသည် တိုင်းရင်းသားလက်နက်ကိုင်များ ပိုင်နက်နယ်မြေ ထူထောင်ထားရာ နယ်စပ်ဒေသများသို့ ထွက်ပြေးရသည်။ သို့မဟုတ် ၁၉၇၀ ပြည့်နှစ်များ နောက်ပိုင်း ပုန်ကန်မှု မရှိသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သီးခြားခုခံရေး အင်အားစုများ ဖွဲ့စည်းရသည်။
ထိုအင်အားစုများသည် မှတ်သားဖွယ်ရာ ခံနိုင်ရည်ရှိမှုနှင့် တိုက်ခိုက်ရေး စိတ်ဓာတ်ကို ဖော်ပြနေသော်လည်း ဒေသဆိုင်ရာ ခုခံရေးအုပ်စု အများအပြားဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်များအဖြစ် လျော့တိလျော့ရဲသာ ဖွဲ့စည်းထားသောကြောင့် လှုပ်ရှားမှုများကို တခုတည်းသော ဗဟိုကွပ်ကဲမှုအောက်တွင် ညှိနှိုင်းထားနိုင်ပုံ မရပေ။
နိုင်ငံအနှံ့အပြားတွင် ခြုံခိုတိုက်ခိုက်မှုများနှင့် တိုက်ပွဲငယ်များ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲအတွက် စုစည်းညီညွတ်သည့် သေနင်္ဂဗျူဟာ ချမှတ်ထားပုံမရ။မြန်မာစစ်အုပ်စု၏ လက်နက်အင်အားကို ထိထိရောက်ရောက် စိန်ခေါ်နိုင်လောက်သည့် လက်နက်များလည်း ၎င်းတို့တွင် မရှိကြပေ။
တချိန်တည်းတွင် စစ်ကောင်စီတပ်များသည် စစ်မျက်နှာ အနှံ့အပြားတွင် ပြန့်ကျဲ နေသောကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် သူကြိမ်းဝါးထားသည့် အတိုင်း ခုခံရေး အင်အားစုများကို အမြစ်ဖြတ်သုတ်သင်ရန် မဖြစ်နိုင်ပေ။
ASEAN ၏ လမ်းညွှန် သဘောတရား နှစ်ခုဖြစ်သော ဘုံသဘောတူညီချက်နှင့် ဝင်ရောက် မစွက်ဖက်ရေးတို့သည် ဒေသတွင်းလုံခြုံရေး သို့မဟုတ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေးတို့နှင့် ပတ်သက်ပြီး လက်တွေ့တွင် ထိုအဖွဲ့အစည်းကို စွမ်းဆောင်ရည် ကင်းမဲ့စေသည်
ပြင်ပကမ္ဘာက မည်သည့် အရေးယူဆောင်ရွက်မှု မရှိသလောက်ပင် ဖြစ်နေသောကြောင့် ကောက်ချက်တခုသာ ချနိုင်သည်။
မြန်မာနိုင်ငံမှ ကြေကွဲစရာဇာတ်လမ်းသည် ကြိုမြင်နိုင်သည့် အနာဂတ် တလျှောက်လုံး ဆက်လက် ဖြစ်ပေါ်နေပြီး ပိုမိုများပြားသော ပြည်တွင်း ဖရိုဖရဲအခြေအနေများ၊ အိမ်နီးချင်း နိုင်ငံများသို့ ဒုက္ခသည်များ ဝင်ရောက်မှုများ၊ အပေးအယူ စေ့စပ်ညှိနှိုင်းမှု၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပြည်သူ့အသံ နားထောင်ရေးစသည့် အယူအဆများ ကင်းမဲ့သည့် လက်မရွံ့ဗိုလ်ချုပ်များအောက်တွင် မည်သည့် အတိုက်အခံ မဆိုကို ဖိနှိပ်မှုများသာ ဆက်လက် ဖြစ်ပေါ်နေတော့မည် ဖြစ်သည်။
(Asia Times ပါဘာတေးလ် လစ်တနာ၏ Annihilation over compromise for Myanmar’s generals ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ
ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
ရက္ခိတအိပ်မက် တဝက်ကျော်ရောက်ပြီဟု AA ပြော