နှစ်သစ်အကူး ဘာတွေ ထူးသလဲ
မြန်မာ့နှစ်သစ် ကူးပါတော့မည်။ ကိုဗစ်ကြောင့် ငြိမ်သက်ခဲ့ပြီးဖြစ်သော သင်္ကြန်သည် စစ်ကောင်စီ အာဏာသိမ်းမှု ကြောင့် နောက်ထပ် ၂ နှစ်မြောက် ငြိမ်သက်ခဲ့ရပြန်သည်။
ပြည်သူများမှာ လျှပ်စစ်မီးမှသည် ကုန်ဈေးနှုန်းအထိ နေ့စဉ် ရင်ဆိုင်ရသော ဒုက္ခများအကြား ဗျာများခြင်းအားဖြင့် ကြားနေကျ သင်္ကြန်သီချင်း၊ ထိုးနေကျ မဏ္ဍပ်ကိုပင် မထိုးနိုင်ကြပါ။ အုန်းလက်ကလေးဖြင့် ထိုးမည့် မဏ္ဍပ်ဆိုလျှင်ပင် ခွင့်ပြုချက်ယူရမည်ဟု ရပ်ကွက် သေးသေးလေးတွေမှာပင် သတိပေးမှုများ ရှိပါသည်။
ကိုယ့်ပတ်ဝန်းကျင် အတိုင်းအတာနှင့် ပြောရလျှင် ဘာသာဘာဝ ကလေးများ ပျော်သည်ကို လိုက်လျောထားသော် လည်း လူကြီးများမှာ သင်္ကြန်ကာလ ပျော်ရွှင်လိုစိတ် မရှိဘဲ ရပ်ကွက်အလိုက် မည်သို့ ကျွေးမွေး အလှူလုပ်ကြလျှင် ကောင်းမည်နည်း ဟုသာ တိုင်ပင်နေကြသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းမှုနောက် ပြောင်းလဲလာမှု များစွာကိုမူ မြန်မာ့နှစ်သစ်ကူးတွင် မှတ်တမ်းတင်ထားလိုပါသည်။
လျှပ်စစ်မီး
မြန်မာပြည်သူများမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဒဏ်ကို ဆယ်စုနှစ်များစွာ ယဉ်ပါးပြီး ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက်တွင် မီးပျက်မည်ကို စိုးရိမ်မှု စိတ်ဒဏ်ရာ ပျောက်သလောက် ဖြစ်ခဲ့ပါသည်။
ထို့ထက် အသေးစိတ် ပြောရလျှင် ကလေးများမှအစ လူကြီးအဆုံး ဖုန်း၊ အင်တာနက်၊ ကွန်ပြူတာ၊ ထမင်းပေါင်းအိုး အစရှိသည့် လျှပ်စစ်မီးနှင့် သုံးရသည့် ပစ္စည်းများ ယဉ်ပါး သုံးစွဲမှုက လျှပ်စစ်မီး မလာတော့သည့်အခါ အလွန်ခက်ခဲသော ကသိကအောက် ဖြစ်မှုများ ကြုံရပါသည်
ထို့ထက် အသေးစိတ် ပြောရလျှင် ကလေးများမှအစ လူကြီးအဆုံး ဖုန်း၊ အင်တာနက်၊ ကွန်ပြူတာ၊ ထမင်းပေါင်းအိုး အစရှိသည့် လျှပ်စစ်မီးနှင့် သုံးရသည့် ပစ္စည်းများ ယဉ်ပါး သုံးစွဲမှုက လျှပ်စစ်မီး မလာတော့သည့်အခါ အလွန်ခက်ခဲ သော ကသိကအောက် ဖြစ်မှုများ ကြုံရပါသည်။
မိမိကိုယ်တွေ့အရမူ မီးပျက်ချိန်မှာ အနည်းဆုံး ၄ နာရီမှ အများဆုံး ၁၇ နာရီအထိ ကြာမြင့်ပါသည်။ မကြာသေးမီက ဖတ်မိသည့် Facebook ပို့စ်တခုပင် ညွှန်းရပါမည်။ “(လျှပ်စစ်) မီးမှာ ထမင်းတအိုး ကျက်စာပင် မလာ” ဟူ၍ ဖြစ်ပါ သည်။
လျှပ်စစ်မီး မလာသောကြောင့် နောက်ဆက်တွဲ ပြဿနာများလည်း ပေါ်လာပါသည်။ ညနက်သန်းခေါင် မီးပြန် လာသော အခါ ရန်ကုန်ကဲ့သို့သော အထပ်မြင့် တိုက်ခန်းများမှာ ရေထ တင်ရပါသည်။ ညသန်းခေါင်အချိန်တွင် ရေတင်သည့် မော်တာသံများ ဆူညံနေသော်လည်း အချင်းချင်း အပြစ်တင်တော့ မရှိကြပါ။

မီးပျက်သည့်အပြင် ရာသီဥတု ပူပြင်းသောကြောင့် ထမင်း၊ ဟင်းများ သိုးကုန်သည်။ အိမ်နီးနားချင်းများဖြင့် ထမင်း တပန်းကန်၊ ဟင်းတခွက် လဲလှယ် စားကြရသည်။ ဆိုင်မှာ ဝယ်စားပါလား၊ ဒလီဗာရီ မှာပါလားဟု မေးလျှင်ဖြင့် သူတို့ အဖြေမှာ မီးလာမှ လာပို့မယ် ဟူ၍ ဖြစ်ပါသည်။
သို့ဖြင့် ပြည်တွင်းနေသူများမှာ ညနက် သန်းခေါင် မီးလာချိန် ရေထတင်၊ ထမင်းချက် လုပ်ကြရတော့သည်။ စစ် ကောင်စီနှင့် PDF, တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်မျက်နှာ ဖွင့်ထားသည့် နယ်ဒေသများတွင် လျှပ်စစ်မီးရော အင်တာနက် လိုင်းများပါ အဖြတ်ခံထားရသည်။
ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ
ယခင်က မကြားဖူးသည့် တောင်းရမ်းမှုများလည်း ပေါ်လာပါသည်။ “ဦးဦးတို့၊ ဒေါ်ဒေါ်တို့၊ အစ်ကိုကြီး၊ အစ်မကြီးတို့၊ သားတို့ သမီးတို့ကို သနားရင်လေ၊ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံလေးများ ပစ်ချပေးကြပါဗျို့” ဟူသော ဗျို့ဟစ်သံ ဖြစ်သည်။
တရက်လျှင် ၅ ကြိမ်လောက် ကလေးသူငယ် ၄ ယောက်၊ ၅ ယောက်လောက် စုလာကာ အော်ကြသည်။ တိုက်များပေါ် ကလည်း ပစ်ချပေးကြပါသည်။
စားစရာ ချပေးသူများကလည်း ချပေးကြပါသည်။
ဆိုလိုချင်သည်မှာ ယခင်ကလို “ကော်ဝယ်တယ်၊ ဒန်ဝယ်တယ်၊ ကြေးဝယ်တယ်” မဟုတ်တော့ပါ။ လာဝယ်လျှင်ပင် ထုတ်မရောင်းသော်လည်း အထက်က ဆိုသကဲ့သို့ ကလေးများ လာတောင်းသည့်အခါ လိုလိုလားလား တိုက်ပေါ်မှ ပစ်ချပြီး အလကားပေးကြသည်ကိုလည်း “ငါတို့မှာ ပြည်သူအချင်းချင်း ကူညီဖို့ပဲ ရှိတယ်” ဟူသော လူပြောများသည့် စကားကို အောက်မေ့ဖွယ် ဖြစ်ပါသည်။
ဂက်စ်မီးခြစ်တွေ ဂက်စ်ထည့်တယ်
အမှန်အတိုင်း ပြောရလျှင် ဤဝန်ဆောင်မှုကို မကြားဖူးသည်မှာ ဆယ်စုနှစ်နှင့် ချီနေပြီ ဖြစ်သည်။ မီးပျက်လွန်း အားကြီးသဖြင့် ဂက်စ်မီးဖိုအတွက် ဂက်စ်ထည့်ရန် တန်းစီရသည်ကိုလည်း အထူးအဆန်းမြင်ရပြီး ကုန်ဈေးနှုန်းများ တက်လွန်းသဖြင့် ဂက်စ်မီးခြစ်များ ထက်ဝက်ဈေးတက်သောကြောင့် “ဂက်စ်မီးခြစ်တွေ ဂက်စ်ထည့်တယ်” ဟူသော ဝန်ဆောင်မှုလည်း ကြားလာရပါသည်။
ဂက်စ်မီးခြစ် ထည့်ရန် ကျောက်ကိုပင် တောင်းတောင်းပန်ပန် ဝယ်ယူရသည်ဟု မိတ်ဆွေတဦးက ပြောပါသည်။ အကြောင်းမှ PDF များ လက်နက်လုပ်ရာတွင် ထည့်သုံးသည်ဟု စစ်ကောင်စီက သတိပေးထားသောကြောင့် ဈေးဆိုင်များက မရောင်းရဲဟု ဆိုပါသည်။
အင်တာနက်နှင့် ဖုန်းဆင်းမ်ကတ်
တယ်လီနောကဲ့သို့သော ကုမ္ပဏီကြီးများကပင် စစ်ကောင်စီ လက်ဝေခံ လုပ်ငန်းများသို့ လက်လွှဲမည်ဆိုသောကြောင့် အွန်လိုင်းမှ အလုပ်လုပ်သူများမှာ အင်တာနက်နှင့် ဖုန်းဆင်းမ်ကတ်များ ပြောင်းလဲကြရသည်။
တယ်လီနောကဲ့သို့သော ကုမ္ပဏီကြီးများကပင် စစ်ကောင်စီ လက်ဝေခံ လုပ်ငန်းများသို့ လက်လွှဲမည်ဆိုသောကြောင့် အွန်လိုင်းမှ အလုပ်လုပ်သူများမှာ အင်တာနက်နှင့် ဖုန်းဆင်းမ်ကတ်များ ပြောင်းလဲ ကြရသည်
ဓာတ်တိုင်တွင် ကြိုးသွယ်ထားသော အင်တာနက် ဝိုင်ဖိုင် ကုမ္ပဏီများ အနေဖြင့် အခွန်ဆောင်ရန်နှင့် မဆောင်လျှင် ဖြတ်တောက်မည်ဟု စာထွက်ထားသည်မှာ ကြာပြီ ဖြစ်သည်။ ယခု သင်္ကြန် မတိုင်ခင်လေးတွင်ပင် အခွန်မဆောင် သည့် ကုမ္ပဏီများ၏ ဝိုင်ဖိုင်ကြိုး သွယ်ထားမှုများကို EPC က ဖြတ်တောက်ကြသည်။ ထို့ထက် ထူးဆန်းသည်မှာ ကုမ္ပဏီက အခွန်ကိစ္စ ညှိနှိုင်းရမည့်အစား ဖောက်သည်များ၏ လိုင်းများကို ဖြတ်တောက်ခြင်း၊ မေးမြန်းစုံစမ်းရန်ပင် ဖုန်းမကိုင်တော့ခြင်းများ ကြုံတွေ့ရသည်။
ဖုန်းဆင်းမ်ကတ် ကိစ္စကိုလည်း ထည့်သွင်း ပြောရမည် ဖြစ်သည်။ ဖုန်းဆင်းမ်ကတ်တိုင်းကို မှတ်ပုံတင်ခိုင်းသည်မှာ ကြာပြီဖြစ်သော်လည်း ဆင်းမ်ကတ် အရောင်းဆိုင်များတွင် တနည်းနည်းဖြင့် မှတ်ပုံတင်ပြီးသား ကတ်များကို ဝယ်ယူ နိုင်ခဲ့ဖူးသည်။ ယခု မရတော့ပါ။

ထို့ထက် ဆိုးသည်မှာ အင်တာနက် ကုမ္ပဏီတခုက မီးပျက်ချိန်တွင် မိမိဖုန်း ဒေတာဖြင့် သုံးသည့်တိုင် အင်တာနက် ရရန် အာမ မခံဆိုသည်အထိ ဖြစ်လာသောကြောင့် သုံးစွဲသူများကြား ဂယက်ရိုက်ခဲ့သည်။
ပညာရေး
“အက်စ် အိုင်တီ စစ် … ဒီအို ဒဗလျူအန် ဒေါင်း၊ စစ်ဒေါင်း” “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”။
ရပ်ကွက်ထဲမှ ကလေးများကို အမျိုးသမီးတဦးက ပညာဒါန ခေါ်သင်နေသည် ဖြစ်ရာ မနက်တိုင်း ကြားရသည့် အသံ ဖြစ်သည်။ စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ထားသောကြောင့် ကလေးငယ်များမှာ လူကကြီး အတန်းကငယ် ဖြစ်နေကြရှာသည်။
မိဘများက စေလွှတ်သဖြင့် ကျောင်းသွားတက်ကြရသော ကလေးများမှာလည်း ကျောင်းဝတ်စုံလေးဖြင့် ခေါင်းကလေး ငုံ့ကာ လမ်းလျှောက်ပြီး လူတချို့က အထင်တသေး ကြည့်ရှုမှုကို စိတ်ဒဏ်ရာရစွာ ခံနေရသည်ကိုလည်း မျက်မြင် ကိုယ်တွေ့ ဖြစ်သည်။
ထိုအချိန်တွင် စစ်အာဏာသိမ်း ခေါင်းဆောင် အပေါင်းအပါ သား၊ သမီး၊ မြေး၊ မြစ်များက ပုဂ္ဂလိက နိုင်ငံတကာ ကျောင်းများတွင် အသွားအပြန် အကြိုအပို့ဖြင့် အခန့်သား ကျောင်းတက်ပြီး အနည်းဆုံးအားဖြင့် စင်ကာပူဖြစ်စေ၊ သန်းခေါင်စာရင်း ပြောင်းကာ အနောက်နိုင်ငံသို့ ဖြစ်စေ ကျောင်းထားရန် ပြင်ဆင်ပြီးသား ဖြစ်သည်။
ယခုတလော သတင်းများအတွင်း ကျောင်းသူလေး တဦးကို စစ်သားက အဓမ္မပြုကျင့်မှုနှင့် ၄ နှစ်အရွယ် ကလေးငယ် ကို စစ်သားများက ပြန်ပေးဆွဲမှုများသည် မိဘများကို တုန်လှုပ်စေသည်။
တက္ကသိုလ်များ ပြန်ဖွင့်မည်ဟု အကြိမ်ကြိမ် ကြေညာသော်လည်း တက်ရောက်ရန် စာရင်းသွင်းသူ အလွန်တရာ နည်း သဖြင့် မည်သည့် အတန်းမျှ မဖွင့်နိုင်သည်ကိုလည်း ကြုံနေသည်ဟု သိရသည်။
မိမိ သူငယ်ချင်းများ ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီး ထောင်ချခံရခြင်းများကို ကြုံတွေ့ရခြင်း၊ ထိုအခြေအနေတွင် ကျောင်းပြန်တက်ရမည်ကို စိတ်မလုံခြုံခြင်းတို့ကြောင့် တက္ကသိုလ် မတက်ရေး သပိတ်မှောက်ခြင်းသည်လည်း အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် အရှိုက်ထိုးခံရမှုများထဲမှ တချက် ဖြစ်သည်။
စစ်ကောင်စီ၏ ကျူးကျော်မှုများ
မိမိဝန်းကျင်တွင် လေ့လာမှုများအရ ကိုဗစ်ကာလနှင့် စစ်ကောင်စီ အာဏာမှုအတွင်း စားဝတ်နေရေး ခက်ခဲသည့် အတွက် မြေလွတ်ကလေးများတွင် ဈေးဆိုင်ဖွင့် ရောင်းမှုကို ဖျက်သိမ်းခိုင်းခြင်း ဖြစ်သည်။
ဆိုင်ကို အခိုင်အမာ မဆောက်ရ ဆိုသဖြင့် ဖယ်ရှားပေးပြီးနောက် စစ်ကောင်စီ လက်အောက်ခံများက မြေနေရာ ကောင်းများကို ကျူးကျော်ခြင်း၊ လက်လွှဲရောင်းချခြင်း၊ ပိတ်သိမ်းလိုက်သည် ဆိုသော စစ်ကောင်စီကို ဆန့်ကျင်သည့် အိမ်များတွင် စစ်ကောင်စီ အဖွဲ့ဝင်များ ဝင်ရောက် နေထိုင်ခြင်းများကို မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

မိမိတို့ ရပ်ကွက်အတွင်းမှာပင် လမ်းမတန်း နေရာကောင်းများ၌ “နေပြည်တော်က ခွင့်ပြုချက်အရ” ဟု အခိုင်အမာ ဆောက်လုပ်နေသည်များ ရှိသည်။ ပန်းရံလုပ်သားများက ဓမ္မာရုံဟု ဆိုသော်လည်း ယခင်က တပ်စွဲထားပြီး ယခု ပြောင်းရွှေ့သွားပြီ ဖြစ်သည့် ဓမ္မာရုံနှင့် အသစ်စက်စက် ဆောက်ပြီးစ ရပ်ကွက် ဓမ္မာရုံလည်း ရှိနေသည်။
မည်သူမျှ စောဒက မတက်နိုင်ပါ။
မီတာခ၊ ရေဖိုးနှင့် ဧည့်စာရင်း
ရန်ကုန် တိုက်အမြင့်များတွင် မော်တာဖြင့် ရေတင်ရခြင်း၊ ချက်ရေးပြုတ်ရေး စသည်တို့အတွက် မီတာခသည် လည် ပင်း လာညှစ်နေသည်။ စစ်သားများ ခြံရံလျက် မီတာပုံးများဖြုတ်ခြင်း၊ မီတာပုံး ကြိုးများကို ဖြတ်ခြင်း ပြုလုပ်ကြသည်။
ရန်ကုန် တိုက်အမြင့်များတွင် မော်တာဖြင့် ရေတင်ရခြင်း၊ ချက်ရေးပြုတ်ရေး စသည်တို့ အတွက် မီတာခသည် လည်ပင်း လာညှစ်နေသည်
စစ်ကောင်စီထံ ငွေမဝင်စေရ ဆိုသော်လည်း မီတာခ၊ လစဉ်ရေဖိုးက ခေါင်းခဲစရာ ဖြစ်သည်။ နေအိမ် စွန့်ခွာရန် အခက် အခဲရှိသူများမှာလည်း ဧည့်စာရင်းက တမှောင့် ဖြစ်သည်။
အချို့ ရပ်ကွက်များတွင် “ဟဲလို” ဟု တံခါးခေါက်သည့် သေနတ်ကိုင် စစ်သားများ ရှိသော်လည်း အချို့ရပ်ကွက်များတွင် တံခါးကို တုတ်ဖြင့် ရိုက်ဖွင့်ခြင်း၊ ဧည့်စာရင်း စစ်မည်ဆို၍ တံခါးကြိုဖွင့်ထားလျှင်လည်း မကြားဝံ့မနာသာ ဆဲဆိုကာ မင်းတို့ကို ဖွင့်ခိုင်းလို့လားဟု အရက်မူးနေသည့် စစ်သားများလည်း ရှိသည်။
ကုန်ဈေးနှုန်း၊ မြန်မာကျပ်ငွေကို ဈေးချပြီး အတင်းအကျပ် ပြောင်းလဲစေမှု၊ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု ကို ပြည်သူက မယုံကြည်တော့ခြင်း၊ ဘာသာဝင်များ လေးစားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ ဓမ္မနှင့် အဓ္ဓမ နှစ်ဖက်တွင် ဘက်ပြောင်း၍ ရပ်တည်ကြခြင်းကြောင့် ဘာသာမဲ့ကုန်ခြင်း၊ မကျေနပ်မှုများ တင်းကျပ်ခြင်းကြောင့် လူငယ်များကအစ အပြောအဆို ကြမ်းတမ်းလာခြင်း၊ စစ်တပ်က အဆင့်မြင့်အရာရှိမှအစ CDM လုပ်လာခြင်း၊ လက်ရှိ CDM လုပ်နေသည့် ဝန်ထမ်းများ၏ အခက်အခဲ၊ စစ်ကြောရေးတွင် အသက်စတေးရသူများ၊ မတရားသဖြင့် ထောင် သွင်း အကျဉ်းခံရသူများ စသည်တို့ စာဖွဲ့ပါက ကုန်မည် မထင်ပါ။
အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် တက်လာပြီး တိုးတက်မှုများမှာ နှစ်ကူးကျော်သော်လည်း ပြီးမည့် အရိပ်အယောင် မတွေ့သေးပါကြောင်း။ ။
You may also like these stories:
သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ
ဓားစာခံအဖြစ် ဖမ်းခံရသည့် ၄ နှစ်ကလေးငယ်နှင့် အဆက်သွယ်ပြတ်နေ
သင်္ကြန်ကာလ ကမ်းခြေများ၌ အပန်းဖြေရန် စီစဉ်သူ များ
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို