လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး

ဇုန်းရိန်
နွေဦးတော်လှန်ရေးသည် စွန့်စားမှု/အရင်းအနှီး ကြီးမားပြီး အောင်မြင်သောအခါ ရရှိမည့် အကျိုးအမြတ်သည်လည်း ကြီးမားပါသည် / AFP

နိဒါန်း

“တရားမမျှတမှုသည် မည်သည့်နေရာတွင် ဖြစ်စေ၊ နေရာတိုင်းတွင် တရားမျှတမှုကို ခြိမ်းခြောက်နေသည်” ဟူ၍ အမေရိကန်ပြည်ထောင်စုတွင် လူမည်းများ၏ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူ Martin Luther King Jr. က မှတ်ချက်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက လူနည်းစုတိုင်းရင်းသား ဒေသများတွင် တရားမျှတမှု ဆိတ်သုဉ်းနေခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ သို့သော် ထိုတရားမမျှတမှုသည် ဗမာတိုင်းရင်းသားတို့၏ အာရုံစိုက်မှုကို မရရှိခဲ့ပါ။

ထို့ကြောင့် Martin Luther King Jr. ၏ မှတ်ချက်အတိုင်း တရားမမျှတမှုသည် နိုင်ငံတဝှမ်းတွင် ပြန့်နှံ့နေပြီး တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်ယုံကြည်မှု ဘာသာမရွေး အများပြည်သူအားလုံးက ထိုတရားမမျှတမှုဒဏ်ကို ယခုအချိန်တွင် နေ့စဉ်တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်သည်။

ဤမျှော်မှန်းချက်အားလုံးသည် နွေဦးတော်လှန်ရေး အောင်ပွဲခံနိုင်မှ လက်တွေ့ အကောင်အထည်ဖော်နိုင်မည်

ယခုအချိန်တွင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေး အစိုးရသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို တရားဝင်ထုတ်ပြန်ကြေညာပြီး ကြိုးစားနေပြီဖြစ်သည်။

ဤမျှော်မှန်းချက်အားလုံးသည် နွေဦးတော်လှန်ရေး အောင်ပွဲခံနိုင်မှ လက်တွေ့ အကောင်အထည်ဖော်နိုင်မည် ဆိုသည်ကို အထူးပြောစရာမလိုပေ။

အကယ်၍ နွေဦးတော်လှန်ရေးက အောင်ပွဲမခံနိုင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အောက်တွင် လူမျိုး၊ ဘာသာမရွေး တနိုင်ငံလုံး စစ်အာဏာရှင်စနစ်ဆိုးကြီး၏ ဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်၍ ခါးစည်းခံကြရမည့် အခြေအနေသို့ ရောက်ရှိသွားမည်မှာ ယုံမှားသံသယ ရှိရန်မလိုပါ။ သို့သော်လည်း တိုင်းရင်းသား လူမျိုးစုတချို့သည် နွေဦးတော်လှန်ရေးတွင် ပွဲကြည့်ပရိသတ်အဖြစ်သာ ရပ်ကြည့် နေကြသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ထွက်ပေါ်လာသော အင်အားစု သုံးအုပ်စု

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အခြေခံအားဖြင့် နိုင်ငံရေးအင်အားစု အုပ်စုကြီး သုံးအုပ်စု ပေါ်လာသည်ဟု ဆိုနိုင်ပါသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းကိုထောက်ခံသည့် (ပြည်သူ့စစ်တပ်ဖွဲ့များ) အပါအဝင် နိုင်ငံရေးအင်အားစုက အုပ်စုတခု၊ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံသည့် အင်အားစုက အုပ်စုတခုနှင့် အနိုင်ရသည့်အင်အားစုနှင့် ပူးပေါင်းကာ အခွင့်အရေးကိုရယူရန် စောင့်ကြည့်နေကြသည့် ကြားနေအင်အားစု (တနည်းအားဖြင့် Free Riders ဟု ခေါ်နိုင်သည့် အချောင်သမားများက) အုပ်စု တခုတို့ ဖြစ်ကြပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အခြေခံအားဖြင့် နိုင်ငံရေးအင်အားစု အုပ်စုကြီး သုံးအုပ်စု ပေါ်လာသည်

အချောင်သမားအုပ်စုကလွဲ၍ ကျန်အုပ်စု နှစ်ဖက်သည် သူ့ထက်ငါ အောင်ပန်းဆင်နိုင်ရန် အသက်ပေါင်းများစွာ ရင်းပြီး မိမိတို့၏ အခွင့်အရေးအတွက် အပြင်းအထန် ကြိုးစားနေကြသည်။

ပြိုင်ဆိုင်ခြင်းသဘောတရားအရ (အနိုင်၊ အရှုံး၊ သရေ) ဟူ၍ ရလဒ် သုံးမျိုးရှိနိုင်သော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်စလုံးက “သရေ” ဆိုသည့် ရလဒ်ကို မျှော်လင့်ပြီး တိုက်ခိုက်နေကြခြင်း မဟုတ်ဘဲ၊ အခြားတဖက်ကို လုံးဝ “အပြုတ်” တိုက်ရေးဖြစ်သည်။

လောင်းကြေးကြီးသော နွေဦးတော်လှန်ရေး

‘စွန့်စားမှု (Risk) ကြီးလေ၊ အမြတ် (Profit) များလေ’ ဆိုသည့် ရင်းနှီးမြှုုပ်နှံမှု သဘောတရားကို အစိုးရအောင်ဘာလေထီ၊ နိုင်ငံခြား (နှစ်လုံး၊ သုံးလုံး) ထီတို့နှင့် အကျွမ်းတဝင်ရှိကြသည့် မြန်မာနိုင်ငံသူ/သားတို့အတွက် ရင်းနှီးပြီးသား အယူအဆ တခုဖြစ်ပါသည်။

ဆိုလိုသည်မှာ ဆုံးရှုံးနိုင်ချေ များသော ရင်းနှီးမြှုုပ်နှံမှုသည် အောင်မြင်သည့်အခါတွင်လည်း ကြီးမားသောအမြတ် ရရှိနိုင်ခြင်းကို ဆိုလိုသည်။ ဥပမာ – ပိုက်ဆံကျပ် ၁ ထောင်ကို (အတိုးနှုန်း ၈ ရာခိုင်နှုန်း) ဖြင့် ဘဏ်ထဲ ထည့်ထားလျှင် တနှစ်လုံးတွင် အမြတ် ၈ ကျပ်ရရှိမည်မှာ သေချာသည်။

နွေဦးတော်လှန်ရေး ကျရှုံးခြင်းသည် စစ်ကောင်စီ ခေါင်းဆောင် ကြီးများနှင့် ၎င်းတို့၏ အပေါင်းအပါ လူတစုတို့၏ အောင်ပွဲခံခြင်းသာ ဖြစ်သည်။

တချိန်တည်းတွင် ထိုကျပ် ၁ ထောင်ဖြင့် အစိုးရ အောင်ဘာလေထီ လက်မှတ်တစောင် ဝယ်ထိုးမည်ဆိုပါက (လက်ရှိစစ်ကောင်စီခေတ်တွင်) ကျပ်သိန်းပေါင်း ၅,၀၀၀ ရရှိနိုင်မည့် အခွင့်အရေးရှိသည်။ သို့သော် ၎င်းထီလက်မှတ် ပေါက်နိုင်ချေသည် လုံးဝ မရှိသလောက်ဖြစ်သောကြောင့် ကျပ် ၁ ထောင် ဆုံးရှုံးနိုင်ချေက ပို၍ သေချာနေသည်။

ထိုနည်းတူ နွေဦးတော်လှန်ရေးသည် စွန့်စားမှု/အရင်းအနှီး ကြီးမားပြီး အောင်မြင်သောအခါ ရရှိမည့် အကျိုးအမြတ်သည်လည်း ကြီးမားပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်အထိ ပြုစုထားသည့် အချက်အလက်များအရ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီ သတ်ဖြတ်ပြီး သေဆုံးသွားသူပေါင်းမှာ ၁၇၆၉ ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၀၂၄၉ ဦး၊ ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်း ၁၉၇၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် RFA (မတ်လ ၂၃ ရက်၊ ၂၀၂၂) ၏ သတင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းချိန်ကစ၍ ယခု ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့အထိ ကာလအတွင်း တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အလုံးပေါင်း ၇၇၂၉ လုံး ရှိကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး ရေချိန်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသမိုင်းတွင် အမြင့်ဆုံးအချိန်သို့ရောက်နေပြီ

အထက်ဖော်ပြပါ ဆုံးရှုံးမှုအချက်အလက်များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးများပင် ဖြစ်ပေသည်။

အကယ်၍ နွေဦးတော်လှန်ရေး အရေးနိမ့်မည်ဆိုလျှင် ပေးဆပ်ခဲ့ပြီးသော ဤအရင်းအနှီးများ (အသက်ပေါင်းများစွာ) သည် ‘သဲထဲရေသွန်’ ဖြစ်သွားမည့်အပြင် ထိုထက်ပို၍ ကြီးမားသော အရင်းအနှီးများ (အသက်ပေါင်းများစွာနှင့် စည်းစိမ်ဥစ္စာများ အပြင် လွတ်လပ်မှုများ) ကို နိုင်ငံတစ်ဝှမ်းတွင် ဆယ်စု နှစ်ပေါင်းများစွာ ဆက်လက်၍ ခါးစည်းပြီး ပေးဆပ်နေကြရဦးမည် ဖြစ်သည်။

အားလုံး သိပြီးဖြစ်သည့်အတိုင်း အစိုးရအောင်ဘာလေထီနှင့် နိုင်ငံခြား (နှစ်လုံး၊ သုံးလုံး) ထီတို့သည် အောင်ဖို့ ရာခိုင်နှုန်း မရှိသလောက် နည်းပါသည်။ သို့သော် ‘စည်းလုံးခြင်းသည် အင်အား’ ဆိုသလို နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းတိုက်ခိုက်လျှင် ဧကန်အမှန် အောင်ပွဲ ခံနိုင်မည့် အရာဖြစ်သည်။

အထူးမှတ်သားသင့်သည်မှာ နွေဦးတော်လှန်ရေး အောင်ပွဲခံနိုင်ခြင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံး အောင်ပွဲခံခြင်းဖြစ်၍ နွေဦးတော်လှန်ရေး ကျရှုံးခြင်းသည် စစ်ကောင်စီ ခေါင်းဆောင် ကြီးများနှင့် ၎င်းတို့၏ အပေါင်းအပါ လူတစုတို့၏ အောင်ပွဲခံခြင်းသာ ဖြစ်သည်။

နွေဦးတော်လှန်ရေး ဘာကြောင့်အောင်ပွဲခံနိုင်မှာလဲ

နွေဦးတော်လှန်ရေးသည် မြန်မာ့သမိုင်းတွင် တခါမျှမရှိဘူးသော အမျိုးသားညီညွတ်ရေးကို ဆောင်ကျဉ်းပေးခဲ့သည်ဟု ဆိုလျှင် မှားမည်မထင်ပါ။

တပ်မတော်သည် သမိုင်းတွင် “ရှုံးပွဲ” မရှိသေးသည့် အဖွဲ့အစည်းအဖြစ် ပုံဖော်ပြောဆိုခဲ့ပါသည်

သာဓကအားဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လူများစု ဗမာတိုင်းရင်းသား ဦးဆောင်သည့် ပြည်မ (ဗဟို) အစိုးရခေတ်အဆက်ဆက်နှင့် လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားသည့် (ယခုလည်း တိုက်နေဆဲ) တော်လှန်ရေးတိုက်ပွဲတွင် ဗမာလူထုသည် အစိုးရဘက်က ရပ်တည်ပေးခဲ့ကြသည်ဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါသည်။

ဥပမာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် တပ်မတော်သားများအတွက်ဆိုကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အလှူငွေများ ကျပ်သိန်းရာချီ ပေးအပ်လှူဒါန်းမှုများသည် အထင်ရှားဆုံးဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (အများစုသော) ဗမာလူထု ကိုယ်၌က စစ်တပ်ကို မုန်းတီးလာကြပြီး ဖြုတ်ချရန် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဝင်နေကြသည်မှာ အားလုံးအသိဖြစ်သည်။

စစ်တပ်၏ လူမဆန်သော ရမ်းကားသတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုများကို မိမိတို့ကိုယ်တိုင် ခံစားလာရသည့်အတွက် ဗမာလူထုအကြား စစ်တပ်ကို ပို၍ မုန်းတီးလာကြသည်ဟု ယူဆနိုင်သည်။

ထို့အပြင် လူနည်းစု တိုင်းရင်းသား ပြည်သူများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်၏ ကျူးလွန်မှုများကို စတင်ကိုယ်ချင်းစာ နားလည်လာကြပြီ ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ရှိရာဒေသများသို့ ရောက်ရှိလာကြသော ဗမာလူငယ်များက ဖွင့်ဟပြောဆိုလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေး ရေချိန်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသမိုင်းတွင် အမြင့်ဆုံးအချိန်သို့ရောက်နေပြီဟု ဆိုနိုင်သည်။

ထို့ကြောင့် ဤအမျိုးသားညီညွတ်ရေးသည် နွေဦးတော်လှန်ရေးကို အောင်မြင်စေနိုင်မည်ဟု အများပြည်သူက ယုံကြည်နေကြခြင်း ဖြစ်သည်။ တနည်းအားဖြင့် လူများစု ဗမာတိုင်းရင်းသားအများစုဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်ကို ဗမာတိုင်းရင်းသားများ ကိုယ်တိုင် ဖြုတ်ချဖို့ ကြိုးပမ်းနေခြင်းကြောင့် နွေဦးတော်လှန်ရေး အောင်မြင်နိုင်မည်ဟု မျှော်လင့်ကြခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်မည်ဟု ယုံကြည်နေ

၂၀၂၁ ခုနှစ် မတ်လတွင် (စစ်ကောင်စီ၏) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေခဲ့သည့် စာမျက်နှာ ၈၈ မျက်နှာ ပါရှိသော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများ” အမည်ဖြင့် အုပ်ရေ ၅၀၀၀ ပုံနှိပ်ထုတ်ဝေခဲ့ပါသည် [မိန့်ခွန်းအားလုံးသည် ၂၀၂၁ ခုနှစ် မတ်လအတွင်း ပြောခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် “မိန့်ခွန်းပေါင်းချုပ်” ဟူ၍ ရည်ညွှန်းသုံးနှုန်းသွားပါမည်]။

နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီမှုမရလျှင် ရဲချုပ်ရာထူးကိုလည်း ခန့်အပ်ခွင့် မရှိဟု ဆိုထားသည်။

မိန့်ခွန့်ပေါင်းချုပ်ပါ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်၊ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောခဲ့သည့် မိန့်ခွန်းတွင် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်တွင် ပြည်တွင်း၊ ပြည်ပ အန္တရာယ်အမျိုးမျိုးကိုအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည့်အတွက် လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ပြောခဲ့ပါသည် (တပ်မတော်သည် သမိုင်းတွင် “ရှုံးပွဲ” မရှိသေးသည့် အဖွဲ့အစည်းအဖြစ် ပုံဖော်ပြောဆိုခဲ့ပါသည်)။

စစ်ကောင်စီကပေးမည့် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်

အကယ်၍ နွေဦးတော်လှန်ရေးသည် အများပြည်သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့လျှင် စစ်အာဏာရှင်စနစ်အောက်တွင် နိုင်ငံသားတို့၏ အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေး စသော အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ပေါင်း များစွာ ဆက်လက် ခံစားကြရမည် ဖြစ်သည်။ တိုင်းရင်းသားများအားလုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်လည်း မျှော်တိုင်းဝေးနေဦးမည် ဖြစ်သည်။

မိန့်ခွန်းပေါင်းချုပ် (စာ-၃၃-၃၆) ပါ (၂၀ မတ်လ ၂၀၂၁) ရက် မြိတ်ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှာ စစ်ကောင်စီဥက္ကဋ္ဌက “ဒီမိုကရေစီ ဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ဆန္ဒနှင့် ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ ဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေး ဖြစ်ရန်လိုကြောင်း” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုလျှင် လူနည်းစုတိုင်းရင်းသားများသည် လူများစု၏ ဆုံးဖြတ် ဆောင်ရွက်သည့်အတိုင်း လိုက်နာရမည့် သဘောဖြစ်နေသည်။

ထို့အပြင် အနာဂတ်အရပ်သားအစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်မရရှိလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဘယ်လိုမှ ထိန်းလို့ မရသည့်အနေအထား ရှိသွားပြီဖြစ်သည်။ ဥပမာ ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၏ ပုဒ်မ ၆ (က) တွင် “အစိုးရအဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားကို ရယူ၍ ရဲတပ်ဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်” ဟူ၍ ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၉ (က) အရလည်း နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီမှုမရလျှင် ရဲချုပ်ရာထူးကိုလည်း ခန့်အပ်ခွင့် မရှိဟု ဆိုထားသည်။

စစ်တပ်၏ လက်အောက်ခံ တပ်ဖွဲ့တခုဖြစ်သည့်အလျောက် ရှေ့တန်း စစ်မျက်နှာသို့ စေလွတ်ခံရမည်ဆိုလျှင်လည်း ငြင်း၍ မရနိုင်သည့် အခြေအနေ

ဤအသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ မတိုင်ခင် နိုင်ငံတော် သမ္မတသည် ပြည်သူ့ရဲကို ထိန်းချုပ်ခွင့် ရှိခဲ့သည်။ ဥပမာ ရန်ကုန်ရဲအက်ဥပဒေ (အက် – ၄/ ၁၈၉၉) ပုဒ်မ (၇) အရ “ရန်ကုန်တိုင်းပြည်သူ့ ရဲတပ်ဖွဲ့မှူးကို နိုင်ငံတော်သမ္မတက ခန့်ထားသည်။ နိုင်ငံတော်သမ္မတသည် ရန်ကုန်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်သည်”။ The Police Act (1945) ပုဒ်မ (၄.၁) အရ ရဲတပ်ဖွဲ့သည် နိုင်ငံတော် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်၊ ပုဒ်မ (၈) အရ ရဲတပ်ဖွဲ့ဝင်များ၏ ရာထူးတိုးမြှင့်ခြင်း၊ ရာထူးမှ ဖြုတ်ချခြင်းတို့သည် နိုင်ငံတော် သမ္မတ၏ ကွပ်ကဲမှုတွင်ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေအသစ်သည် ရန်ကုန်ရဲအက်ဥပဒေ (၄/၁၈၉၉) နှင့် The Police Act (1945) ကို တပြိုင်နက် ရုပ်သိမ်းလိုက်ပြီးဖြစ်သည်။

ဤအသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၏ ပုဒ်မ ၄ (င) တွင် “လိုအပ်သည့်အချိန်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန်” ဟု ပါရှိသောကြောင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပြင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်ရမည့် သဘောဖြစ်သည်။

စစ်တပ်၏ လက်အောက်ခံ တပ်ဖွဲ့တခုဖြစ်သည့်အလျောက် ရှေ့တန်း စစ်မျက်နှာသို့ စေလွတ်ခံရမည်ဆိုလျှင်လည်း ငြင်း၍ မရနိုင်သည့် အခြေအနေဖြစ်သည်။

မိန့်ခွန်းပေါင်းချုပ် (စာ-၃၇- ၄၀) ပါ (၂၂ မတ်လ ၂၀၂၁) ရက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၁) တွင် ပြောကြားသည့် အမှာစကားတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် အသင်းအဖွဲ့များအား ပြန်လည် စိစစ် ဆောင်ရွက်ရေး၊ ဒေသအလိုက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့များ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး” ဟူ၍ ထည့်သွင်းပြောခဲ့သည်။ စစ်ကောင်စီနှင့် အမြင်မတူသော အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပို၍ ထိန်းချုပ်လာမည့် အရိပ်အယောင် တခုဖြစ်ပါသည်။

ယခုပင်လျှင် ဟန်ပန်မကျ အောက်တန်းစားဆန်သော ဖမ်းဆီးမှုများ စတင်တွေ့မြင်နေရပြီ ဖြစ်သည်။ ဥပမာ ပဲခူးတိုင်း ပြည်မြို့တွင် ကျောင်းသားဆန္ဒပြသူများ၏ သင်္ချိုင်းတွင် တနှစ်ပြည့်အထိမ်းအမှတ် ပန်းခွေများ တွေ့ရှိပြီးနောက် သုဿာန် လုပ်သားကို တပ်မတော်က ဖမ်းဆီးသွားခဲ့ကြောင်း Myanmar Now (မတ်လ ၁၅ ရက်၊ ၂၀၂၂) သတင်းတွင် တွေ့ရသည်။

စစ်တပ်က ပေးမည့် ငြိမ်းချမ်းရေး

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် NCA စာချုပ်ပါအတိုင်း အလေးထား လုပ်ဆောင်သွားရေး ဖြစ်သည်။ မိန့်ခွန်းပေါင်းချုပ် (စာ-၄၉-၆၃) ပါ (မတ်လ ၂၇၊ ၂၀၂၁) ရက်၊ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောခဲ့သည့် မိန့်ခွန်းမှာ စစ်ကောင်စီဥက္ကဋ္ဌက “NCA တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ရေးထိုးရန် လိုအပ်သကဲ့သို့ လက်မှတ်ရေးထိုးပြီးဖြစ်သည့် အဖွဲ့များ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ သဘောတူညီချက်များနှင့်အညီ နေထိုင်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်နှင့် အတူ လက်တွဲကြိုးပမ်းသွားကြရန် တိုက်တွန်းလိုကြောင်း” ဟူ၍ ထည့်သွင်းပြောခဲ့သည်။

အကယ်၍ NCA ကိုလက်မှတ်မထိုးဘဲ တင်းခံပြီးနေနေကြမည်ဆိုပါက နအဖ ခေတ်ကကဲ့သို့ Border Guard Forces (BGFs) ဟုခေါ်သော နယ်ခြားစောင့်တပ်အဖြစ်သို့ အသွင်ပြောင်းလဲဖွဲ့စည်းရန် ငြင်းခဲ့ကြသည့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကို ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

နွေဦးတော်လှန်ရေး အောင်မြင်မှ

မြန်မာ့နွေဦးတော်လှန်ရေးသည် အောင်မြင်မှ ဖြစ်မည်။ အကြောင်းမှာ အကယ်၍ စစ်ကောင်စီသာ အနိုင်ရခဲ့မည်ဆိုပါက စစ်ကောင်စီ ခေါင်းဆောင်တချို့နှင့် ၎င်းတို့၏ အပေါင်းအပါတို့၏ တိုင်းပြည်အပေါ် ကုပ်သွေးစုပ်မှု၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှုတို့ကို ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံကြရမည်ဖြစ်သည်။

တနည်းအားဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ နိုင်ငံသူ/သားများ ဆင်းရဲချမ်းသာမရွေး မျက်နှာငယ်နေဦးမည် ဖြစ်သည်။

နွေဦးတော်လှန်ရေး ကျရှုံးခြင်းသည် စစ်ကောင်စီခေါင်းဆောင်ကြီးများနှင့် ၎င်းတို့၏ အပေါင်းအပါ လူတစုတို့၏ အောင်ပွဲခံခြင်းဖြစ်သောကြောင့် နွေဦးတော်လှန်ရေး လုံးဝ အောင်မြင်မှ ဖြစ်မည်။

စစ်အာဏာရှင်များ အုပ်ချုပ်သည့် နိုင်ငံတွင် အရည်အသွေးရှိသော၊ တိုင်းပြည်အတွက် အကျိုးရှိသော ရင်းနှီးမြှုုပ်နှံမှုများ ရောက်ရှိလာစရာအကြောင်း မရှိသည့်အတွက် ခေါင်းပုံဖြတ်အမြတ်ရှာမည့် နာမည်ပျက်နိုင်ငံများမှ ကုမ္ပဏီများသာလျှင် ဝင်ရောက်လာပြီး တိုင်းပြည်၏ သဘာဝ သယံဇာတ အရင်းမြစ်များ၊ လူ့အရင်းအမြစ်များ ဆက်လက်၍ ခေါင်းပုံဖြတ်ခံနေရမည် ဖြစ်သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေး ကျရှုံးခြင်းသည် စစ်ကောင်စီခေါင်းဆောင်ကြီးများနှင့် ၎င်းတို့၏ အပေါင်းအပါ လူတစုတို့၏ အောင်ပွဲခံခြင်းဖြစ်သောကြောင့် နွေဦးတော်လှန်ရေး လုံးဝ အောင်မြင်မှ ဖြစ်မည်။

(ဇုန်းရိန်သည် နေပြည်တော်အခြေစိုက် အလွတ်တန်း နိုင်ငံရေး သုတေသီ တဦးဖြစ်သည်။)

You may also like these stories:

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

နှလုံးရည် လက်ရုံးရည် နိမ့်ပါးလွန်းသော မြန်မာစစ်ခေါင်းဆောင်များ

ခုခံတော်လှန်သူများ၏ ဘဏ္ဍာနှင့် လက်နက်ခဲယမ်းပြဿနာ

စစ်ကောင်စီရဲ့ နယ်ရုပ် ရဲနဲ့ ပျူစောထီးတွေ

Loading