ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ချက် တခုတည်းဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည့်အမိန့်ကို “မကျေနပ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၇ ရက် တရားခွင်အပြီး ပြောခဲ့သည်။
ထိုစကားကြောင့် အမိန့်ချခဲ့သည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးဦးမြင့်စန်းတယောက် အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။
သူသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာများ လက်ခံသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၅ နှစ်ချသည့် စီရင်ချက်အမိန့်ကို ခပ်သွက်သွက်ဖတ်ပြီးနောက် တရားခွင်ပေါ်မှ ချက်ချင်းဆင်းသွားကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
ဧပြီ ၂၆ ရက်နေ့တွင် ချမှတ်ရမည့် အဆိုပါ အမိန့်ကို ဧပြီ ၂၇ ရက်ကို ပြောင်းရွေ့လိုက်ခြင်းက အမိန့်ချရန် သူ၏တုန်လှုပ်ခြောက်ခြားနေမှုကို ပြနေသည်။ သို့တည်းမဟုတ် စစ်တပ်ဘက်က ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတာ ပို ဖြစ်နိုင်သည်။
ဧပြီ ၂၆ ရက် မနက်၁၀ နာရီတွင် နေ့လည် ၁ နာရီ၌ အမိန့်ချမည်ဟု ချိန်းသည်။ နေ့လည် ၁ နာရီရောက်တော့ ဧပြီ ၂၇ မှ အမိန့်ချမည်ဟု ထပ်ရွှေ့ပြန်သည်။
ရှေ့အမှုများအား အမိန့်ချစဉ်ကလည်း ထိုသို့ပင် ရွှေ့ဆိုင်းခဲ့သည့် သာဓကများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးချမှတ်လိုက်သည့် အဂတိလိုက်စားမှုတွင် စစ်ကောင်စီလက်အောက်ခံ တရားရုံးများသည် လုပ်ထုံးလုပ်နည်များအပေါ်တွင်ပင် သတိမမူနိုင်ဖြစ်ပြီး ရှေ့နောက်မညီညွတ်မှုများ ပေါ်ပေါက်ခဲ့သည်။
ထိန်းသိမ်းခံထားရသူ ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်သည်ကို မကျေနပ်၍ ရှေ့နေအဖွဲ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ မတ်လဆန်းကတည်းက ပြင်ဆင်မှုတက်ခဲ့သည်။
ပါးနပ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် ထိုသို့ပြင်ဆင်မှု တက်သည်ကို လက်ရှောင်ထားလိုက်ကြသည်။
နေပြည်တော်အထူးတရားရုံးက ဧပြီ ၂၆ ရက် အမိန့်ချမည်ဟု တိုင်းသိပြည်သိကြေညာသည့်တိုင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က တက်ထားသည့် ပြင်ဆင်မှုအတွက် အမိန့်တစုံတရာ မချပေးခဲ့ချေ။
တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထိုအမှုကို လွှဲယူလျှင် နေပြည်တော်အထူးတရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချနိုင်ဦးမည်မဟုတ်ပေ။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် မပြီးပြတ်သေးသော အမှုကို နေပြည်တော်တရားရုံးက အမိန့်ချလိုက်ခြင်းက ရှေ့နောက်မညီညွတ်မှုများ ပေါ်ပေါက်စေသည်။
နေပြည်တော်အထူးတရားရုံးက ဧပြီ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် အား အမိန့်ချပြီးနောက်မှ မတ်လဆန်းကတည်းက တက်ထားသော ပြင်ဆင်မှုကို မေလ ၄ ရက်တွင် ကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်လိုက်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်မတင်သင့်ဟု ဆုံးဖြတ်ပါက ထောင်ဒဏ်ငါးနှစ်ချမှတ်ထားတဲ့ အမိန့်ဟာ အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်သည်။
ထိုသို့ပယ်ဖျက်မည် မဟုတ်ဘဲ အောက်ရုံးအမိန့်ကိုသာ အတည်ပြုပေးမည်မှာ အားလုံးသိသောလျှို့ဝှက်ချက်ပင်ဖြစ်သည်။
ဒီဖြစ်ရပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို တတ်နိုင်သမျှလက်ရှောင်ချင်သည်ကို မြင်သာစေသည်။
သို့သော် ကြာကြာလက်ရှောင်၍ ရမည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ပစ္စည်းသက်သေမပေါ်ဘဲ ဦးဖြိုးမင်းသိန်း၏ ထွက်ချက်တခုပေါ်သာ အခြေခံပြီး ချမှတ်ထားသည့် အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပင် အယူခံဆက်တက်မည် ဖြစ်သောကြောင့်တည်း။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထောင် ၅ နှစ်ချခံရ
စစ်ကောင်စီနှင့် ညှိနှိုင်ဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟု NLD ဗဟိုအလုပ်ကော်မတီကြေညာ
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ
ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်
လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး