AHA Center ဟု အတိုကောက်ခေါ်သော လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ ASEAN Coordinating Centre for Humanitarian Assistance on disaster management နှင့် စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာန ပူးပေါင်းပြီး မြန်မာပြည်အတွင်း တရက်ထက်တရက် ပိုမိုတိုးပွားနေသော စစ်ဘေးရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား အကူအညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပို့ဆောင်နိုင်မည်လော။
AHA center ဆိုသည်မှာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ၏ တရားဝင်အစိုးရများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပြီး ဒေသအတွင်းဘေးဒုက္ခကြုံနေရသောနေရာများအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ရန်ဖြစ်သည်။ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အတွင်း လူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပေးအပ်ထားသည့် ရန်ပုံငွေ ဒေါ်လာ သန်းပေါင်းများစွာသည် AHA Centre တွင် ရှိနေသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ကြေညာချက်အရ အမေရိကန်ဒေါ်လာ ၈ သန်း ထောက်ပံ့ရန် လျာထားပြီး ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး အကူအညီတွေအတွက် ဖြစ်ကြောင်း သိရသည်။
သို့သော် စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး မြန်မာနိုင်ငံ၏ အခြေအနေသည် ကိုဗစ်ရောဂါပိုးထိန်းချုပ်နိုင်မှု မရေမရာဖြစ်သွားရုံသာမက အာဏာသိမ်းစစ်တပ်၏ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်သော စစ်ရာဇဝတ်မှု အမြောက်အမြားနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေကြသောကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ/ကယားပြည်နယ်၊ ကရင်ပြည်နယ်များတွင် လူသိန်းချီ၍ အိုးအိမ်များ မီးလောင်ပြာကျ ပျက်စီးကာ ပြည်တွင်းစစ်ဘေးဒဏ်ကို အကြီးအကျယ် ခံစားနေရပါသည်။
ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများက စစ်ဘေးဒဏ်ခံနေရသော ဒုက္ခသည်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူညီပေးကြရန် ကျယ်ကျယ်လောင်လောင်တောင်းဆိုနေကြသော်လည်း AHA Center မှသော်လည်းကောင်း၊ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနမှသော်လည်းကောင်း မည်သည့်အကူအညီမှ ပေးခဲ့ခြင်းမရှိပါ။
တပြိုင်နက်တည်း ပြည်တွင်းနေရပ်စွန့်ခွာရမှုများနှင့် စစ်ဘေး ရှောင်ပြည်သူများမှာ တနေ့တခြား တိုးပွားလာသော်လည်း ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းများအားလုံး မည်သည့်ကူညီမှုမျိုးမှ မပေးနိုင်ရန် အဖက်ဖက်မှ စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ပိတ်ဆို့တားဆီးလျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ပေးအပ်မည့် အကူအညီများဟု ခေါင်းစဉ်တပ်ကာ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် သဘောတူခဲ့ကြသည်။
အစည်းအဝေးဆုံးဖြတ်ချက်များအရ လူသားချင်းစာနာမှုအကူအညီများကို ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို AHA centre က ဦးဆောင်၍ ၎င်းဒေသ ၅ ခုတွင် ပြုလုပ်မည် ဖြစ်သည်။
အာဆီယံနှင့် AHA Center တို့သည် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များနှင့်သာ အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်၍ ထောက်ပံ့ကူညီမည့် အစီအစဉ်များကို သတ်မှတ်ခြင်း၊ လူသားချင်းစာနာမှုအကူအညီပေးမည့် ဒေသများ ရွေးချယ်ခြင်းနှင့် အကူအညီပေးမည့်သူများ သတ်မှတ်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။
သို့သော် သက်ဆိုင်ရာ ဒေသထဲတွင် လူသားချင်းစာနာမှုလုပ်ငန်းလုပ်ဆောင်နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးလုပ်ကိုင်ခြင်း မရှိပေ။
ယင်းသည် လူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်ကြမည့် အဖွဲ့အစည်းအသီးသီးက လိုက်နာရမည့် အခြေခံစည်းမျဉ်းများကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိသည်မှာ ထင်ရှားသည်။
ထို့အပြင် အာဆီယံသည် ကုလသမဂ္ဂက ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကိုလည်း ဖနွမ်းပင် အစည်းအဝေး ဖိတ်ကြားထား ခြင်းမှ အနီးကပ် ပယ်ဖျက်ခဲ့သည်။
စစ်ကောင်စီတခုထဲ၏ လွှမ်းမိုးချုပ်ကိုင်မှုဖြင့်သာ ဆောင်ရွက်ရသည့် လွဲမှားသည့် မေလ ၆ ရက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်တွင်းပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းများကလည်း ကန့်ကွက်မှုခဲ့ကြသည်။
မြန်မာစစ်ကောင်စီလက်အောက်ရှိ လူကယ်ပြန် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာ ကိုကိုနိုင် သဘာပတိအဖွဲ့တွင် ပါဝင်နေသော AHA centre သို့ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀,၀၀၀ ကို AHA Centre ဝန်ထမ်းများ၏ လစာနှင့် အသုံးစရိတ်များအတွက် ထည့်ဝင်နေခြင်းသည် မြန်မာပြည်သူများ၏ အခွန်ဘဏ္ဍာငွေများ ဖြစ်ပါသည်။
ယင်းသို့ ပြည်သူ့ငွေဖြင့် ထည့်ဝင်ထားသည့် ရန်ပုံငွေကို စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနက ၎င်းတို့ အကျိုးအတွက် အမြတ်ထုတ် အသုံးချ၍ AHA Centre ကို ခိုင်းစေနေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတကာမှ အလှူငွေများကို ၎င်းတို့အကျိုးအတွက် အသုံးချခဲ့သည်မှာလည်း အထင်အရှားသာဓကများ ရှိခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က နာဂစ်ဘေးဒဏ်ခံပြည်သူများအတွက် နိုင်ငံတကာ အလှူများသည် လိုအပ်သူများထံ ရောက်ရှိသည်က နည်းနည်း၊ အကျင့်ပျက်ခြစားမှုကြောင့် လေလွင့်ဆုံးရှုံးရသည်က များများကို အမှတ်ရစရာဖြစ်သည်။ နာဂစ်အလှူပစ္စည်းများ လမ်းဘေးတွင်ပါ ပြောင်ပြောင်တင်းတင်း ပုံရောင်းချ၍ နာဂစ်ဈေးဟု ထိုအခါက လူသိများခဲ့သည်။
ဂုဏ်သိက္ခာရှိသော AHA Center အနေဖြင့် နိုင်ငံတကာမှအလှူငွေများအား ထိရောက်စွာအသုံးချနိုင်မှာ အလွန်အရေးကြီးလှသည်၊ မဟုတ်ပါက ၎င်းတို့အမည်မှာ ဆိုးဝါးစွာ ထိခိုက်မည်ဖြစ်သည်။
၎င်းတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုပါက မြန်မာပြည်ရှိ တနေ့တခြားတိုးပွားလာသော ဒုက္ခသည်များကို ထိထိရောက်ရောက်ကူညီလိုပါက စစ်ကောင်စီကြိုးဆွဲရာ ကနေသည့်အဖြစ်မှ ထွက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်များဖြင့် ဆွေးနွေးခြင်း၊ သီးခြားလွတ်လပ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခြင်း၊ လွတ်လပ်စွာကူညီခွင့်ရရန် တောင်းဆိုခြင်းများကိုလည်း ပြုလုပ်သင့်ပါသည်။
(စာရေးသူသည် လူမှုကူညီကယ်ဆယ်ရေးလုပ်သားတဦး ဖြစ်သည်။)
You may also like these stories:
လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်
စစ်တပ်ကတဆင့် ထောက်ပံ့မယ်ဆိုတာကို ယောင်လို့တောင် မစဉ်းစားပါနဲ့
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့