၂၀၂၀ နိုဝင်ဘာလမှစ၍ ရခိုင်တွင် AA နှင့်မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲခဲ့၏။ မည်သည့် နိုင်ငံရေး သဘောတူညီချက်မှမရှိဘဲ၊ အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။ ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန်ဆိုသည်က အကြောင်းပြချက်သက်သက်မျှသာ ဖြစ်၏။ မြန်မာစစ်တပ်ကလည်း အာဏာသိမ်းရန် ပြင်ဆင်နေပြီဖြစ်ရာ တပ်များ ပြင်ဆင်ရန်လိုနေသည့် အတွက် အပစ်ရပ်သည်။ AA အား အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သည့်ကြားက အပစ်ရပ်ခဲ့ခြင်းဖြစ်၏။
AA ကလည်း စစ်ပမ်းနေသော သူ၏တပ်၊ သူ၏ လူထုအား အနားပေးရန် နယ်မြေဒေသ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် နယ်မြေတည်ဆောက်ရေး၊ တပ်တည်ဆောက်ရေး၊ ရိက္ခာခဲယမ်း ဖြည့်တင်းရေးများ ပြုလုပ်ရန် အပစ်ရပ်ခဲ့သည်။ အကယ်၍သာ စစ်တပ်က အာဏာသိမ်းမှုသည် သူတို့မျှော်လင့်သကဲ့သို့ လွယ်ကူမြန်ဆန်ပါက ရခိုင်စစ်ပွဲသည် စောစီးမြန်ဆန်စွာ ပြန်စနိုင်ဖွယ်ရာ ရှိသော်လည်း မြန်မာစစ်တပ်သည် တိုင်းပြည်အနှံ့ ထကြွနေသော ပြည်မမှ ခုခံတော်လှန်သူများနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ AA အတွက် အချိန်ပိုရသွား၏။
အပစ်ရပ်နေစဉ်ကာလအတွင်း AA သည် သူလုပ်သင့်သည်များကို မြန်ဆန်ကောင်းမွန်စွာ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ပထမအချက်အနေနှင့် တပ်တည်ဆောက်ရေး အပိုင်းဖြစ်သည်။ ယခင်က AA တပ်ဖွဲ့အား လေ့ကျင့်ရန် ကချင်၊ ရှမ်းနှင့် ကရင်ဒေသများတွင် လေ့ကျင့်ခဲ့ရ၏။ တပ်သားခေါ်ယူ၊ လေ့ကျင့်၊ ပြန်လည်စေလွှတ်ရန် အချိန်လည်းယူရ၊ ငွေကြေးကုန်ကျမှုလည်း များခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှစ၍ ရခိုင်တွင်ပင် တပ်သားသစ်များ စတင်လေ့ကျင့်နိုင်ခဲ့သည်။ AA တပ်တွင်းသို့ ဝင်ရောက်လိုသူ ရခိုင်လူငယ်များ များပြားသဖြင့် တပ်သားရေသောက်မြစ်ကလည်း ပူပန်စရာမရှိပေ။
ရခိုင်အုပ်ချုပ်ရေးအဖွဲ့အတွက် လိုအပ်သည့် လုံခြုံရေးအဖွဲ့များ၊ ရေကြောင်း သွားလာ တိုက်ခိုက်ရေးအတွက် လိုအပ်သည့်တပ်ဖွဲ့များကိုလည်း လေ့ကျင့်ဖွဲ့စည်းနိုင်ခဲ့သည်။ ရှိပြီးသား စစ်ဒေသနယ်မြေများအပြင် စစ်ဒေသသစ်များ၊ တပ်ရင်းတပ်ဖွဲ့များကိုလည်း စနစ်တကျဖွဲ့စည်းနိုင်ခဲ့၏။ AA တွင် စစ်အင်အား များပြားလာသည်။ AA ခေါင်းဆောင်က AA တပ်တော်တွင် စစ်သည်အင်အား ၃၀၀ ပါရှိသော တပ်ရင်း ၁၀၀ ကျော် (စစ်သည်အင်အား ၃၀၀၀၀ ကျော်) ခန့်ဖြင့် ဖွဲ့စည်းထားရှိသည်ဟု ထုတ်ဖေါ်ပြောဆိုသည်။ AA နှင့် နီးစပ်သူများက ထိုထက်ပိုများနိုင်သည်ဟုဆို၏။
မည်သို့ဖြစ်စေ AA သည် စစ်လက်နက်ခဲယမ်း ပိုင်ဆိုင်မှုတွင် ဝ တပ်ဖွဲ့ကို မယှဉ်နိုင်သေးသော်လည်း စစ်သည်အင်အားတွင် ဝ တပ်ဖွဲ့နှင့် တန်းတူဖြစ်လာသည့် တခုတည်းသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာသည်ကို တွေ့ရ၏။
အကယ်၍သာ စစ်တပ်က အာဏာသိမ်းမှုသည် သူတို့မျှော်လင့်သကဲ့သို့ လွယ်ကူမြန်ဆန်ပါက ရခိုင်စစ်ပွဲသည် စောစီးမြန်ဆန်စွာ ပြန်စနိုင်ဖွယ်ရာ ရှိသော်လည်း မြန်မာစစ်တပ်သည် တိုင်းပြည်အနှံ့ ထကြွနေသော ပြည်မမှ ခုခံတော်လှန်သူများနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ AA အတွက် အချိန်ပိုရသွား၏။
ထို့အပြင် စစ်ပွဲကာလအတွင်း သတင်း၊ ရိက္ခာနှင့် ထောက်ပို့လုပ်ငန်းများအတွက် “ပြည်သူ့စစ်” ပုံစံ ဖန်တီးထားခဲ့သော “ရက္ခိုင့်တပ်တော် အရံတပ်” Arakan Army Auxillary-AAA ကိုလည်းဖွဲ့စည်းခဲ့ရာ လက်ရှိ AA တပ်ဖွဲ့အတွက် အရေးကြီးသော အင်အားစုတခုအနေဖြင့် ရှိနေနိုင်ပေသည်။
AA ၏ လက်နက်ခဲယမ်း တပ်ဆင်မှုနှင့်ပတ်သက်၍ကတော့ တွက်ချက်ရန်ခက်ခဲသည့် ပုစ္ဆာတပုဒ်ဟုဆိုရမည်။ မြေပြင်သတင်းများအရတော့ AA ၏ စစ်ဒေသအသီးသီးသို့ လက်နက်ခဲယမ်း အသစ်များ ရောက်ရှိနေသည်ဟု ကြားသိနေရသည့်အပြင် ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်မနှင့် ချင်းမှ တော်လှန်ရေး တပ်ဖွဲ့များကိုပင် လက်နက်အကူအညီအချို့ ပေးနေသည်ကို တွေ့ရ၏။
၂၀၂၀ ပြည့်နှစ်အတွင်း AA ခေါင်းဆောင်က လက်နက်စက်ရုံ တည်ဆောက်သွားမည်ဟု ဆိုခဲ့သည်။ ယနေ့ခေတ်ကာလတွင် ချေမှုန်းရေး ရိုင်ဖယ်၊ ကျည်ဆံ၊ လက်ပစ်ဗုံး ထုတ်လုပ်သည်မှာ ယခင်ခေတ်များထက်စာလျှင် များစွာ လျှင်မြန်လွယ်ကူနေပြီ ဖြစ်ရာ AA တို့အနေနှင့် ရခိုင်တွင် လက်နက်စက်ရုံ တည်ဆောက်ထားနိုင်မည်ဆိုပါကလည်း အံ့ဩစရာမရှိပါ။
ဤကိစ္စနှင့် ပတ်သက်၍ တိကျသေချာစွာ ပြောဆိုရန်ခက်ခဲသော်လည်း ယနေ့ PDF များပင် အချိန်တိုအတွင်း၌ လက်နက်မျိုးစုံ ထုတ်လုပ်နေသောကာလတွင် AA တွင် လက်နက်စက်ရုံရှိခြင်းသည် ဖြစ်နိုင်ခြေများသည်ဟု ဆိုရမည်။
ဒုတိယအနေနှင့် AA ပြုလုပ်သည်မှာ အုပ်ချုပ်ရေးတည်ဆောက်ခြင်း ဖြစ်၏။ ၂၀၂၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့သော “ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” (Arakan People`s Authority- APA) သည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းတခု ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် အဆိုပါ အဖွဲ့အစည်းအား “ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့” ဟု သတင်းစာရှင်းလင်းပွဲများတွင် ထည့်သွင်းသုံးနှုန်းလာသည်ကိုလည်း တွေ့ရှိရပြီး ပြည်တွင်းနှင့် ပြည်ပရှိ အစိုးရအသီးသီးနှင့် တွေ့ဆုံရာတွင် “အစိုးရ-အစိုးရချင်း ဆက်ဆံရေး” များကို သေချာစွာထူထောင်နိုင်ရန် ပြောင်းလဲသုံးနှုန်းလာပုံလည်း ရ၏။
အဆိုပါ အစိုးရအဖွဲ့သည်ပင် အနာဂတ်ရခိုင်ပြည်အတွက် ကျောရိုးတခုအဖြစ် ထားရှိရန်ရည်ရွယ်ပုံရသည်။ ရခိုင်မြောက်ပိုင်း AA တပ်ဖွဲ့များရှိသည့် နေရာတွင် စစ်ဒေသအလိုက် နယ်မြေများ သတ်မှတ်ခွဲခြားပြီး ရခိုင်ပြည်သူ့ အာဏာပိုင် အဖွဲ့အစည်းများ ဖွဲ့စည်း၍ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ တရားစီရင်ရေး လုပ်ငန်းများပြုလုပ်ခြင်း၊ အခွန်ကောက်ခံခြင်း စသည်တို့ကို ပြုလုပ်သည်။
အလားတူပင် AA တပ်ဖွဲ့ အခိုင်အမာ နေရာမယူရသေးသည့် ရခိုင်တောင်ပိုင်းသို့လည်း ULA-ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/APA အနေနှင့် ထိုးဖောက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့၏။ ကျေးလက်တွင်သာမက၊ မြို့ပေါ်သို့ပါ အုပ်ချုပ်ရေး လုပ်ငန်းများ ဖြန့်ကျက်နိုင်ခဲ့၏။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး လုပ်ငန်းများ ၂ နှစ်အတွင်း မြန်ဆန်သည့် တိုးတက်မှုများ ရလာသည်ကို တွေ့ရ၏။
မြေပြင်သတင်းများအရတော့ AA ၏ စစ်ဒေသအသီးသီးသို့ လက်နက်ခဲယမ်း အသစ်များ ရောက်ရှိနေသည်ဟု ကြားသိနေရသည့်အပြင် ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်မနှင့် ချင်းမှ တော်လှန်ရေး တပ်ဖွဲ့များကိုပင် လက်နက်အကူအညီအချို့ ပေးနေသည်ကို တွေ့ရ၏။
ULA/AA တရားရေးဌာနပိုင်း အနေနှင့်၂ နှစ်တာအတွင်းတွင် ရာဇဝတ်မှုပေါင်း ၁၈၄၆ မှု၊ တရားမမှုပေါင်း ၁၉၉၂ မှု လက်ခံရရှိခဲ့ပြီး ထိုအမှုများထဲမှ တရားမမှု ၈၇၆ မှု၊ ရာဇဝတ်မှုပေါင်း ၁၀၂၅ မှု ဖြေရှင်းပေးပြီးဖြစ်၍ ဖြေရှင်းပြီးစီးမှုမရှိသေးသော အမှုများမှာ ရာဇဝတ်မှုက ၈၂၁ မှုနှင့် တရားမမှု ၁၁၁၇ မှုဖြစ်သည်ဟု ၂၀၂၂ မတ်လ ၅ ရက်နေ့ AA မှပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော် ပြောဆိုသည်ကို တွေ့ရ၏။ မြို့ပေါ် စစ်အစိုးရ၏ ရဲစခန်း၊ တရားရုံးတို့တွင် အမှုတိုင်ကြားမှု မရှိသလောက် ဖြစ်သွားသည်ကို တွေ့ရသည်မှာ AA ၏ ဩဇာသက်ရောက်မှုနှင့် AA အပေါ် ရခိုင်လူထု၏ အား ကိုးအားထား ပြုမှုဟု ဆိုရမည်။
သို့သော် လက်ရှိ ရက္ခိုင်ပြည်သူ့အစိုးရ အနေဖြင့် ဒေသလုံခြုံရေးနှင့် တရားစီရင်ရေး ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များ၏ အရည်အသွေး မပြည့်ဝမှု၊ လူအရင်းအမြစ်အားနည်းမှု၊ ဆင့်ကဲတာဝန်ခံခြင်း အားနည်းမှု၊ လုပ်ငန်းအပေါ် နားမလည်မှုနှင့် အကျင့်ပျက်ခြစားသည့် ယဉ်ကျေးမှုများ ဆက်လက်ပါဝင်လာသောကြောင့် မှားယွင်းစွာ ဆုံးဖြတ်မှု၊ အာဏာအလွဲသုံးစား လုပ်မှုများကြောင့် တရားစီရင်ရေး၏ အားနည်းချက်များ ရှိလာသည်ဟု AA တာဝန်ရှိသူက ဝန်ခံထားပြီး ခေတ်ပညာတတ် လူငယ်များအနေဖြင့် မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြရန် ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကို တွေ့ရ ၏။ AA အနေဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းများတွင် အားနည်းမှုရှိသည် ဆိုသော်လည်း အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
တတိယအချက် အနေနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်အဖွဲ့အစည်းနှင့် ရခိုင်လူ့အဖွဲ့အစည်းကြား သင့်မြတ်ရေးကို ပြန်လည်တည်ဆောက် ပုံဖော်ခြင်းဖြစ်၏။ ဤပြဿနာသည် ရခိုင်ပြည်လူ့အဖွဲ့အစည်းအတွင်း ရှည်ကြာစွာ တည်ရှိခဲ့သော ပြဿနာဖြစ်သကဲ့သို့ ခေတ်အဆက်ဆက် အစိုးရများ မဖြေရှင်းနိုင်သည့် ပြဿနာလည်းဖြစ်၏။ လတ်တလော ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များတွင် ကြီးကြီးမာမား ဖြစ်ပွားထားသည့် ပူပူနွေးနွေး ပြဿနာလည်းဖြစ်၏။ ၂၀၁၂ က စ၍ ထိုလူ့အဖွဲ့အစည်းနှစ်ရပ် အကြား သီးခြားစီဖြစ်နေကြသည့် ပြဿနာလည်းဖြစ်၏။
AA အနေနှင့်ဖြေရှင်းရန် မလွယ်ကူသည့် ပြဿနာဖြစ်သကဲ့သို့ AA တပ်ဖွဲ့က ၂၀၁၉ ခုနှစ် ရခိုင်တွင် စတင်တိုက်ပွဲများ ဖြစ်ပွားလာစဉ်က နိုင်ငံခြားသတင်းဌာနတချို့က AA အား ရခိုင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ဟူ၍ ပုံဖော်ကြသည်ကိုပင် တွေ့ခဲ့ရ၏။ သို့သော် AA သည် ပြည်တွင်းပြည်ပရှိ မွတ်စလင် အသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် လက်တွဲပြီး ထိုလူ့အဖွဲ့အစည်းနှစ်ရပ် သင့်မြတ်ရေးကို အချိန်တိုအတွင်း တိုးတက်မှု ရအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရ၏။
AA သည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာများအား စည်းရုံး၍ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖွဲ့ခြင်း၊ အုပ်ချုပ်ရေး လုပ်ငန်းများတွင်ပါဝင်စေခြင်း၊ မွတ်စလင်ရွာများ၏ အခက်အခဲများ၊ အမှုအခင်းများ ကူညီ ဖြေရှင်းခြင်းများ ပြုလုပ်နိုင်ခဲ့၏။ အစပိုင်းက ပြည်ပမှ မွတ်စလင်အရေး လှုပ်ရှားသူအချို့၏ ကန့်ကွက်မှု ရှိသော်လည်း ရခိုင်ပြည်တွင်းရှိ မွတ်စလင်များ၏ ထောက်ခံမှု ရရှိသဖြင့် ပြည်ပမှ ကန့်ကွက်သည့်အသံများ လျော့နည်းသွား၏။ AA ထိမ်းချုပ်နယ်မြေအတွင်း ရခိုင်နှင့် မွတ်စလင်များအား ဘောလုံးပွဲများ၊ ကျင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အတူတကွ တွေ့ရှိလာရသည်။
မြို့ပေါ်တွင်လည်း ရခိုင်တို့၏ လုပ်ငန်းခွင်များတွင် ပြန်လည် အလုပ်လုပ်ကိုင်လာသည်ကို တွေ့လာရသည်။ ၂၀၁၂ မှ စ၍ ၁၀ နှစ် အကြာ တက္ကသိုလ်တွင် နေ့ကျောင်း တက်ခွင့်မရသည့် မွတ်စလင်ကျောင်းသားများအား ၂၀၂၂ ခုနှစ် တွင် စစ်တွေ တက္ကသိုလ်၌ ရခိုင်ကျောင်းသားများနှင့်အတူ ပြန်မြင်လာရ၏။ စီးပွားရေးအရ အပြန်အလှန် ကူးလူးဆက်ဆံလာကြ၏။
၂၀၁၂ မှစ၍ ဆယ်နှစ်ကြာ အထီးတည်း သီးခြားဖြစ်တည်နေသော လူ့အသိုင်းအဝိုင်းနှစ်ရပ် ပြန်လည်သင့်မြတ်ရေးကို AA အနေနှင့် အချိန်တိုအတွင်း တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရ၏။
လက်ရှိ ရက္ခိုင်ပြည်သူ့အစိုးရ အနေဖြင့် ဒေသလုံခြုံရေးနှင့် တရားစီရင်ရေး ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များ၏ အရည်အသွေး မပြည့်ဝမှု၊ လူအရင်းအမြစ်အားနည်းမှု၊ ဆင့်ကဲတာဝန်ခံခြင်း အားနည်းမှု၊ လုပ်ငန်းအပေါ် နားမလည်မှုနှင့် အကျင့်ပျက်ခြစားသည့် ယဉ်ကျေးမှုများ ဆက်လက်ပါဝင်လာသောကြောင့် မှားယွင်းစွာ ဆုံးဖြတ်မှု၊ အာဏာအလွဲသုံးစား လုပ်မှုများကြောင့် တရားစီရင်ရေး၏ အားနည်းချက်များ ရှိလာသည်
စတုတ္ထအနေနှင့် ဘင်္ဂလားဒေရှ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရ၏။ အတွင်းပိုင်း အကြောင်းအချက်များကို မသိရှိရသော်လည်း ထင်သာမြင်သာရှိသည့်အချက်များမှာ AA မှ ဘင်္ဂလားဒေ့ရှ်သို့ သဝဏ်လွှာ နှစ်စောင်ပို့သည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် သံအရာရှိက ဘင်္ဂလားဒေ့ရှ် အထိမ်းမှတ်နေ့တွင် ရခိုင်နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ထင်ရှားသူများကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ပြီး ထမင်းစားပွဲပြုလုပ်သည်ကို တွေ့ရ၏။ ရခိုင်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းနှင့် ဘင်္ဂလားဒေ့ရှ်က တိုက်ရိုက်ထိတွေ့ ဆက်ဆံလိုသည့် သဘောထားကို ပြသနေသည်ဟုသုံးသပ်ရ၏။
ဤသည်မှာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော ဒုက္ခသည်ပြဿနာအား မြန်မာစစ်တပ်ထက် AA က ပို၍ ကောင်းစွာ ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ဖြစ်နိုင်၏။ ထို့အပြင် AA သည် ဤကာလအတွင်း မောင်တော မြောက်ဖက် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဝေလာတောင်ကြောတွင် စစ်အခြေစိုက်စခန်းတခု ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ရခိုင်အပစ်ရပ် တနှစ်ကျော်ကာလအတွင်း စစ်အင်အားတောင့်တင်းလာခြင်း၊ အုပ်ချုပ်ရေး တည်ဆောက်လာနိုင်ခြင်း၊ မွတ်စလင်များအား စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းတို့တွင် သိသာစွာ အောင်မြင်မှုရလာခဲ့၏။ ထို့ပြင် AA က နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော အဖွဲ့အစည်းများအား ကူညီလေ့ကျင့်သည့် သတင်းများလည်း တဖြည်းဖြည်း ထွက်ပေါ်လာ၏။
ရခိုင်အပစ်ရပ် တနှစ်ကျော်ကာလအတွင်း စစ်အင်အားတောင့်တင်းလာခြင်း၊ အုပ်ချုပ်ရေး တည်ဆောက်လာနိုင်ခြင်း၊ မွတ်စလင်များအား စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းတို့တွင် သိသာစွာ အောင်မြင်မှုရလာခဲ့၏။
ထိုသို့သော အခြေအနေအောက်တွင် တပြည်လုံးတွင်စစ်မျက်နှာဖွင့်ထားရသော မြန်မာစစ်တပ်သည် AA နှင့် တိုက်ပွဲမဖြစ်ချင်သော်လည်း AA အား ဟန့်တားမှုများ ပြုလုပ်လာရတော့၏။ AA ၏ အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများအား ဖမ်းဆီးခြင်း၊ PDF နှင့်ပတ်သက်သူများအား ဖမ်းဆီးခြင်း၊ စစ်ကြောင်းများ လှုပ်ရှားခြင်း၊ လမ်းများပိတ်ဆို့၍ ရိက္ခာသယ်ယူမှုအား ပိတ်ပင်ခြင်း၊ AA နှင့် ဆက်စပ်သည့် မွတ်စလင်များအား ဖမ်းဆီးခြင်း၊ AA နှင့် ဆက်ဆံခြင်းမပြုရန် မွတ်စလင်များအား ခြိမ်းခြောက်ခြင်းတို့ပြုလုပ်ရာ ဝေလာတောင်ကြောနှင့် မင်းပြားနယ်အတွင်း ထိတွေ့မှုများပင် ဖြစ်ပွားခဲ့၏။ မြန်မာစစ်တပ်နှင့် AA အကြား တင်းမာမှု မြင့်တက်လာတော့၏။
၂၀၂၂ ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီက ခေါ်ဆိုသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအား AA က ပယ်ချလိုက်သည့် အပြင် NUG နှင့် အလွတ်သဘော ဆွေးနွေးမှုပြုလုပ်ခဲ့ရာ တင်းမာမှုပိုမို မြင့်တက်လာခဲ့သည်။ ထိုကာလ အတွင်း AA ခေါင်းဆောင်က အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူးအား ပြင်းထန်သည့် သတိပေးမှုပြုလုပ်ပြီး ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ရခိုင်လူထုအား အသိပေးသည့် ကြေညာချက်တစောင်အား AA က ထုတ်ပြန်ခဲ့၏။ သို့ဖြင့် ရခိုင်တွင် အချိန်မရွေး စစ်ပွဲပြန်ဖြစ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။
လက်ရှိရခိုင်တွင် မြန်မာစစ်တပ်က တိုင်းတပ်များ၊ စကခ ၃ ခုအပြင် အနည်းဆုံးတပ်မ ၂ ခု အထက် အင်အားဖြည့်တင်းထားရှိသည်။ သို့သော် မြေပြင်တိုက်ခိုက်ရေးအင်အားမှာ AA ထက်နည်းသည်။ ၎င်းအခြေအနေကို မဲတင်းနိုင်ရန် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ဖြည့်တင်းနိုင်ရန် ပြင်ဆင်ထား၏။ သို့သော် တပြည်လုံးအနှံ့အပြား လေကြောင်းပစ်ကူနှင့် လေကြောင်းစစ်ဆင်ရေး ပြုလုပ်နေရသော မြန်မာစစ်တပ်အဖို့ ၂၀၁၉/၂၀၂၀ ကဲ့သို့ လေကြောင်းပစ်ကူ အပြည့်အဝ သုံးနိုင်ရန် အကန့်အသတ်ရှိ၏။
သို့သော် ရေကြောင်းပစ်ကူကို အပြည့်အဝ သုံးစွဲနိုင်၏။ လက်ရှိ ရေကြောင်း စစ်ဆင်ရေး လုပ်ရမည့်နေရာမှာ ရခိုင်တနေရာတည်းရှိရာ ရေကြောင်းပစ်ကူ၊ ရေကြောင်း စစ်ဆင်ရေးကို ပူးတွဲလုပ်ရန် ပြင်ဆင်ထားပုံရ၏။ ကုလားတန်မြစ်၊ မယူမြစ်၊ ရမ်းဗြဲကျွန်းနှင့် ရခိုင်တောင်ပိုင်းတွင် ရေတပ်သင်္ဘောများ အဆင်သင့်ပြင်ထားသည်ကို တွေ့ရ၏။ လက်နက်ကြီး ပစ်ကူအနေနှင့်လည်း ၁၀၅ မမ၊ ၁၂၀ မမ တို့အပြင် အတွဲလိုက်ဒုံးများအား ရခိုင်ရှိ အမြောက်စခန်းများတွင် ပြင်ဆင်ထားသည်။
ထို့ပြင် မြန်မာစစ်တပ်သည် ခံစစ်စခန်းများအား အခိုင်အမာပြင်ဆင်ထားပြီး AA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပါက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများ အသုံးပြုပြီး အဓိက ခံစစ်ဆင်ဖို့ပြင်ဆင်ထားသည်ဟု သုံးသပ်ရ၏။ ထို့ပြင် အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်း၊ ဂွ-ငသိုင်းချောင်း လမ်းတို့တွင် စစ်အင်အားများ တိုးချဲ့ချထားပြီး ပြည်မရှိ တော်လှန်ရေးအင်အားစုများနှင့် ဖြတ်တောက်ရန် ပြင်ဆင်ထား၏။
မြန်မာစစ်တပ်သည် ခံစစ်စခန်းများအား အခိုင်အမာပြင်ဆင်ထားပြီး AA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပါက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများ အသုံးပြုပြီး အဓိက ခံစစ်ဆင်ဖို့ပြင်ဆင်ထားသည်ဟု သုံးသပ်ရ၏။
စစ်ကောင်စီပြောခွင့်ရသူ ခြိမ်းခြောက်သကဲ့သို့ပင် ကျန်စစ်ပွဲဖြစ်ပွားနေသော တိုင်း၊ပြည်နယ်များကဲ့သို့ အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ရန်အလားအလာများသည်။ ၂၀၁၉/၂၀၂၀ စစ်ပွဲကာလက ရခိုင်တွင် အရပ်သားသေဆုံးမှု ၃၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရမှု ၆၀၀ ကျော်ရှိခဲ့ပြီး စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲအထိ ရှိခဲ့၏။ လက်ရှိ စစ်ရပ်နားစဉ်ကာလတွင်လည်း စစ်ဘေးဒုက္ခသည် တသိန်းခွဲခန့်သာ အိမ်ပြန်နိုင်ပြီး စစ်ဘေး ဒုက္ခသည် တသိန်းခန့်ကျန်နေသေးသည်။ သို့ဖြစ်ရာ ယခုအကြိမ် စစ်ပွဲပြန်ဖြစ်ပွားပါက အရပ်သား ထိခိုက်မှုနှင့် စစ်ဘေးဒုက္ခသည် ယခင်ထက် ပိုများနိုင်၏။
AA ၏ အားသာချက်မှာ မြေပြင်စစ်အင်အားဖြစ်၏။ AA နှင့်ပတ်သက်၍ တွက်ချက်ရန်ခက်ခဲသည်မှာ လက်နက်ခဲယမ်း သုံးစွဲနိုင်မှုနှင့် ရေကြောင်း စစ်ဆင်နိုင်မှုဖြစ်၏။ နောက်အားသာချက်မှာ ရခိုင်လူထု ထောက်ခံမှုဖြစ်၏။ ယခင်က ရခိုင်တွင် လက်နက်ကိုင်တော်လှန်ရေးတရပ် ဆင်နွှဲခြင်းမပြုနိုင်ဟု ထင်မြင်မှုများကို AA က ချေဖျက်နိုင်ရာ ကြားအင်အားစုများကိုပါ စည်းရုံးသိမ်းသွင်းနိုင်ခဲ့၏။
နောက်တချက်မှာ မိတ်ဖက်စစ်မျက်နှာများ တိုးလာခြင်းဖြစ်၏။ ယခင် ၂၀၁၉/၂၀၂၀ ကာလက ရခိုင်တွင် အထီးတည်း တိုက်ခိုက်ခဲ့ရသော်လည်း ယခု တပြည်လုံးတွင် စစ်မျက်နှာများ ပွင့်နေသည်။ ထို့အပြင် ရခိုင်နှင့် ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝ၊ မင်းတပ်ဒေသများ၊ ရခိုင်ရိုးမအရှေ့ခြမ်း မကွေးတိုင်းရှိ မင်းတုန်း၊ စေတုတ္ထရာ၊ ငဖဲ ဒေသများ၊ ဧရာဝတီတိုင်းရှိ ကန်ကြီးထောင့်၊ အင်္ဂပူ၊ ငသိုင်းချောင်းဒေသများတွင်ပါ ရခိုင်ရှိ AA တပ်ဖွဲ့နှင့် ဆက်စပ်လှုပ်ရှားနိုင်မည်ဖြစ်၏။
မြန်မာစစ်တပ်၏ အစိုးရိမ်ဆုံး အားသာချက်မှာ ရခိုင်ရှိ မွတ်စလင်အသိုင်းအဝန်းအား စည်းရုံးသိမ်းသွင်းနိုင်ခြင်း ဖြစ်၏။ ၂၀၁၉/၂၀၂၀ စစ်ပွဲကာလအတွင်း မည်သည့်ဘက်မှ မပါခဲ့သည့် ရခိုင်ရှိ မွတ်စလင်အသိုင်းအဝန်းသည် AA ဖက်သို့ တိမ်းညွှတ်သွားပြီဖြစ်၏။ မြန်မာစစ်တပ်သည် ရခိုင်တွင် ရခိုင်နှင့်မွတ်စလင်အကြား ခွဲခြားပြီး ထို အသိုင်းအဝိုင်းနှစ်ခု မသင့်မြတ်မှုအပေါ် အခြေပြု၍ အုပ်ချုပ်နေသည်ဖြစ်ရာ ထိုအသိုင်းအဝိုင်း နှစ်ခု သင့်မြတ်သွားခြင်းသည် မြန်မာစစ်တပ်အတွက် စိုးရိမ်ရေမှတ်ဖြစ်သွားခဲ့၏။
ရခိုင်တွင် စစ်ပွဲမဖြစ်ပွားဘဲ၊ ဆွေးနွေးဖြေရှင်းပါက ပိုကောင်းသည်ဟု ယူဆသူ တချို့ရှိသော်လည်း ထိုအယူအဆ အားမကောင်းပါ၊ AA ၏ ရက္ခိတ လမ်းစဉ်အား အကောင်အထည်ဖော်ရန် လက်နက်ကိုင် တိုက်ပွဲဝင်မှ ရမည်ဖြစ်သကဲ့သို့ တိုက်ပွဲဝင်ရမည်ဟူသည့် အယူအဆ အားကောင်းလာ၏။ လက်တွေ့တွင်လည်း မြန်မာစစ်တပ်အားလည်းကောင်း၊ မြန်မာစစ်တပ်ကပေးမည်ဆိုသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်အားလည်းကောင်း ယုံကြည်မှုမရှိကြပေ။
ရခိုင်တွင် စစ်ပွဲမဖြစ်ပွားဘဲ၊ ဆွေးနွေးဖြေရှင်းပါက ပိုကောင်းသည်ဟု ယူဆသူ တချို့ရှိသော်လည်း ထိုအယူအဆ အားမကောင်းပါ၊ AA ၏ ရက္ခိတ လမ်းစဉ်အား အကောင်အထည်ဖော်ရန် လက်နက်ကိုင် တိုက်ပွဲဝင်မှ ရမည်ဖြစ်သကဲ့သို့ တိုက်ပွဲဝင်ရမည်ဟူသည့် အယူအဆ အားကောင်းလာ၏။
လက်ရှိ အချိန်တွင် မြန်မာစစ်တပ်သည် ပြည်တွင်းရှိ PDF အင်အားများကို ချေမှုန်းရန် အဓိကထားပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအား အချိန်ဆွဲထားရန် ကြံရွယ်သည်ဖြစ်ရာ ရခိုင်တွင် စစ်ပွဲစတင်မှုနှင့် လက်ဦးမှုသည် မြန်မာစစ်တပ် လက်ထဲတွင် မရှိပေ။ AA လက်ထဲသို့ရောက်နေ၏။ သို့ဖြစ်ရာ AA ၏ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပြည့်စုံခြင်းနှင့် ထိုအခြေခံ အပေါ်က အဆုံးအဖြတ်သည် လက်ရှိ ရခိုင်စစ်မျက်နှာတွင် အခရာဖြစ်သည်ဟု ဆိုရပါမည်။
(ကိုဦးသည် တိုင်းရင်းသားအရေးလေ့လာသူ တဦးဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီသည် ထိပ်တိုက်တိုးရေးကိုသာ ဦးတည်လုပ်ဆောင်နေဟု AA ပြော
မောင်းတင်ထားတဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေး
စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ၍ ရခိုင်သတင်းသမားများ တိမ်းရှောင်နေရ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး