၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းသည်မှစ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်း စတင်၏။ အာဏာသိမ်းခါစက အကျပ်အတည်း ဤမျှလောက် ကြီးမားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။ သုံးသပ် မှန်းဆ တွက်ချက်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီအပေါ်၌သာ အလေးထား တွက်ချက်ခဲ့၏။ လူထု၏ အင်အားကို ထည့်သွင်းတွက်ချက်ခြင်း မပြုနိုင်သကဲ့သို့ မှန်းဆ၍လည်း မရနိုင်ခဲ့ပေ။ အာဏာသိမ်းသော မြန်မာစစ်တပ်သည်လည်း လူထု၏အုံကြွပေါက်ကွဲမှုကို ဤမျှလောက်ထင်မထားခဲ့ဟု ဝန်ခံခဲ့ရ၏။ သို့ဖြစ်ရာ အာဏာသိမ်းသည့်ကာလ တနှစ်ကျော်ကြာသည်အထိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် လျော့ပါး၍မသွားဘဲ ပို၍ဆိုးဝါးလာသည်ကိုသာ မြင်တွေ့နေရပေသည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရန် ကုလအထွေထွေ အတွင်းရေးမှူးကိုယ်စားလည်လည်း နောက်ဆုတ်ရသည်။ တရုတ်အထူးသံတမန်လည်း မတတ်နိုင်။ တရုတ်နှင့် အမေရိကန် ကျောထောက် နောက်ခံပြုထားသည့် အာစီယံ မူ ၅ ချက်လည်း အရာမထင်။ ပြည်တွင်း ၌လည်း တိုက်ခိုက်မှုများ မြင့်သထက်မြင့်လာသည့်အပြင် စီးပွါးရေးသည်လည်း ကြပ်သထက် ကြပ်လာနေသည်။ ထိုသို့သော အခြေအနေတွင် မြန်မာပြည်၏ နိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါက်အား စဉ်းစားလာကြသည်ကို တွေ့ရ၏။
မြန်မာ့နိုင်ငံရေးတွင် အပြုတ်တိုက်ရေးနှင့် အမြစ်ဖြတ်ချေမှုန်းရေးသည် အလုပ်မဖြစ်ဟု ယူဆကြသူများ၊ မြန်မာပြည်တွင် အကျိုးစီးပွါးရှိသည့် နိုင်ငံခြားတိုင်းပြည်များ၊ ဒေသတွင်း မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သောဒေသတွင်းနိုင်ငံများ၊ လက်ရှိပဋိပက္ခအား မထိန်းသိမ်းနိုင်ပါက မြန်မာပြည်ပြိုကွဲသွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နိုင်သည်ဟု ယူဆကြသူများ အားလုံးသည် မြန်မာ့နိုင်ငံရေးထွက်ပေါက် မည်သည့်အရာဖြစ်မည်နည်းဆိုသည်ကို စူးစမ်းလာသည်။
မြန်မာ့နိုင်ငံရေးတွင် အပြုတ်တိုက်ရေးနှင့် အမြစ်ဖြတ်ချေမှုန်းရေးသည် အလုပ်မဖြစ်ဟု ယူဆကြသူများ၊ မြန်မာပြည်တွင် အကျိုးစီးပွါးရှိသည့် နိုင်ငံခြားတိုင်းပြည်များ၊ ဒေသတွင်း မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သောဒေသတွင်းနိုင်ငံများ၊ လက်ရှိပဋိပက္ခအား မထိန်းသိမ်းနိုင်ပါက မြန်မာပြည်ပြိုကွဲသွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နိုင်သည်ဟု ယူဆကြသူများ အားလုံးသည် မြန်မာ့နိုင်ငံရေးထွက်ပေါက် မည်သည့်အရာဖြစ်မည်နည်းဆိုသည်ကို စူးစမ်းလာသည်။ ဤနေရာတွင် မြန်မာ့နိုင်ငံ ရေးထွက်ပေါက်သည် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မည်လောဆိုသည့် အချက်က ရှေ့တန်းရောက်လာ၏။
၂၀၂၂ ဧပြီလအတွင်း တရုတ်သံအမတ်နှင့် အိန္ဒိယသံအမတ်တို့ ရွေး ကောက်ပွဲကော်မရှင်ရုံးသို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်တွေ့ဆုံသည်ကို တွေ့ရသည်။ အိန္ဒိယသံအမတ်ဆိုလျင် ၂၀၂၃ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကူအညီပေးမည်ဟုပင် ဆိုခဲ့သည်။ အခြားနိုင်ငံများကို တော့ မတွေ့ရသေးပေ။ ၎င်းနှစ်နိုင်ငံအနေနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်သည် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မည်လောဆိုသည်ကို မှန်းဆနေပုံရ၏။ သို့မဟုတ် စူးစမ်းနေပုံရ၏။ ထိုနှစ်နိုင်ငံသာမက အချို့သည်လည်း ဤသို့ ယူဆကြသည်ကိုတွေ့ရ၏။
သို့ဖြစ်ရာ စစ်တပ်က ပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်ဆိုပါက ၁၉၉၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ ထွက်ပေါက် ဘာကြောင့် မဖြစ်ခဲ့သနည်းဆိုသည်ကို ဦးစွာအားဖြင့် ပြန်လည်သုံးသပ်ရန် လိုသည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း စစ်တပ်က အာဏာလွှဲမပေး၍ဟု အလွယ်တကူ သုံးသပ်နိုင်သည်။ သို့ သော် တကယ့်အရင်းအမြစ်မှာ နိုင်ငံရေးပြသနာများကို တွေ့ဆုံဆွေးနွေးဖြေရှင်းမပြုဘဲ အများစု ပြည်သူလူထုဆန္ဒကို မျက်ကွယ်ပြုပြီး ငါတကောကော၍ဟု ဆိုရမည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများစွာကို ဖမ်းဆီးထားပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း မရှိ၍ဟုဆိုရမည်။
သို့ဖြစ်ရာ ၂၀၁၀ ရွေးကောက်ပွဲကတော့ နိုင်ငံရေးထွက်ပေါက် မဟုတ်လောဟု လက်ညိုးထိုးပြ၍ရ၏။ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲသက်သက်က နိုင်ငံရေးထွက်ပေါက်မဟုတ်ပေ။ နိုင်ငံရေးထွက်ပေါက်ဖြစ်လာသည်က နောက်ဆက်တွဲကိစ္စရပ်များကြောင့် ဖြစ်၏။ အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်း၊ သတင်းမီဒီယာအပါ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်း၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့အပြင် အတိုက်အခံဒီမိုကရက်တစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း စသည့်နောက်ဆက်တွဲခြေလှမ်းများကြောင့်သာ နိုင်ငံရေးထွက်ပေါက် ရလာခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ မှ ၂၀၂၀ ထိ ဆယ်နှစ်တာကာလသည် နိုင်ငံရေးအရ အတော်လေးတည်ငြိမ်သည့်ကာလဖြစ်ခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုသည် ရွေးကောက်ပွဲ မဲလိမ်မှုဟုဆိုပါက ၂၀၀၈ ခြေဥအရ တာဝန်ရှိသူသည် အစိုးရမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်ဖြစ်ရာ ရွေးကောက်ပွဲကော်မရှင်အား အယူခံတင်ရန် သို့မဟုတ် ပြစ်တင်ရန်သာ အကြောင်းရှိသည်။ လက်ရှိတနှစ်ကျော်ကာလအတွင်း မဲမသာမှုဆိုသည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများအား အရေးယူသည်ကို မတွေ့ရဘဲ NLD အစိုးရ တာဝန်ရှိသူများကိုသာ အဂတိလိုက်စားသည်ဟူသည့် စွဲချက်ပေါင်းစုံဖြင့် ထောင်ချနေသည်ကို တွေ့ရ၏။ မူလ စစ်အာဏာသိမ်းရသည့် စွပ်စွဲချက်ပျောက်နေသည်။
ထို့ပြင် PR ရွေးကောက်ပွဲစနစ်သည်၂၀၀၈ အခြေခံဥပဒေနှင့် မညီဟု အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ် PR စနစ်အကောင်အထည်ဖေါ်မည်ဆိုခြင်းသည် ၂၀၀၈ အခြေခံဥပဒေအတိုင်းသွားမည်ဆိုသည့် မြန်မာစစ်တပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေ၏။ သို့ဖြစ်ရာ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခြင်း၏ ရည်ရွယ်ချက် အစစ်အမှန်မှာ အဘယ်အရာ ဖြစ်သနည်းဆိုသည်ကို ဆန်းစစ်ရန် လိုလာ၏။ ထို့ပြင် စစ်တပ်က လိုသလို ကျင့်သုံးနေသည့် ၂၀၀၈ ခြေဥအောက်တွင် ပြုလုပ်မည်ဆိုသည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အရေးပါသည်မှာ မြန်မာလူထုသဘောထားဖြစ်၏။ ယနေ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ် ထွက်လာသည်ဖြစ်ရာ ယနေ့ မြန်မာပြည်အခြေအနေများနှင့် ပတ်သက်၍ စစ်တပ်၏ တာဝန်ရှိမှုကို လူထုက မေးခွန်းထုတ်နေသည့်ကာလဖြစ်၏။
ထို့ပြင် အရေးပါသည်မှာ မြန်မာလူထုသဘောထားဖြစ်၏။ ယနေ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ် ထွက်လာသည်ဖြစ်ရာ ယနေ့ မြန်မာပြည်အခြေအနေများနှင့် ပတ်သက်၍ စစ်တပ်၏ တာဝန်ရှိမှုကို လူထုက မေးခွန်းထုတ်နေသည့်ကာလဖြစ်၏။
စစ်အာဏာသိမ်းသည့် တနှစ်ကျော်ကာလအတွင်း လူထောင်ချီ သေဆုံးခဲ့ပြီး
လူသောင်းချီ အဖမ်းခံရသည့်အပြင် မြို့ရောတောပါ အိမ်ခြေသောင်းနှင့်ချီ၍ မီးရှို့ဖျက်ဆီးခံထားရသည်နှင့် ပတ်သက်၍ စစ်တပ်၏ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ လူထုက စစ်တပ်ကပြုလုပ်သော ၂၀၂၃ ရွေးကောက်ပွဲဆိုသည်ကို လက်သင့်ခံလိမ့်မည် မဟုတ်ပေ။ ထို့ပြင် အတိုက်အခံပါတီမှ အဓိကခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူ သောင်းနှင့်ချီ ဖမ်းဆီးခံထား ရသည့်အပြင် သေဒဏ်ပေးခံရသူ တရာကျော်အပါ လူတထောင်ကျော်အား ပစ်ဒဏ်မျိုးစုံ ချမှတ်ထားပြီးဖြစ်၏။ ထို့ပြင် သတင်းလွတ်လပ်ခွင့်အပါ လွတ်လပ်စွာပြောဆိုရေးသားခွင့်မရှိသည့်အချိန်တွင် ပြုလုပ်သည့် ၂၀၂၃ ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည်မဟုတ်သည့်အပြင် တရား မျှတသည်ဟုလည်း လူထုကမြင်မည်မဟုတ်ပေ။
စစ်ကောင်စီ ၏ ထုတ်ပြန်ချက်အရ လက်ရှိကာလတွင် ခုခံတော်လှန်မှုများတွင် မပါဝင်ဘဲ ဥပဒေနှင့်အညီ နေထိုင်သည်ဟုဆိုသည့် လွှတ်တော်ကိုယ်စားလည် ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆို၏။ ထိုသူတို့ ရွေးကောက်ပွဲတွင် ပါဝင်ပါက ထွက်ပေါက်တခု ဖြစ်နိုင်မည်ဟု စဉ်းစားကြသည်ကိုလည်း တွေ့ရ၏။ လက်ရှိ NLD ကို ကိုယ်စားပြု၍ ရပ်တည်နေသည်မှာ NLD ဗဟိုအလုပ်ကော်မတီ၊ CRPH ၊ NUCC နှင့် NUG တို့ဖြစ်ပြီး လူထုထောက်ခံမှုကို ထိုက်သင့်သလောက် ရရှိထား၏။
သို့ဖြစ်ရာ ၎င်းတို့၏ NLD ကိုယ်စားပြုမှုအား လက်ရှိ ခုခံတော်လှန်မှုတွင် မပါဘဲ ဥပဒေနှင့်အညီနေထိုင်သည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များက လက်လွှဲယူရန်မှာ မလွယ်ကူသည့်အပြင် လူထု၏ ထောက်ခံမှု ရရှိနိုင်မည် မဟုတ်ပေ။ ယခင် NLD မှ ခွဲထွက်သည့် အဖွဲ့များကဲ့သို့ လူထု၏ လက်ခံမှု မရရှိနိုင်ပေ။ ပြဿနာက လူထု၏ နာကျင်မှုနှင့် လူထု၏ စိတ်ဓါတ်ပြင်းပြမှုအား ရွှေပြည်အေးသမားတို့ စည်းရုံးသိမ်းသွင်းရန် မဖြစ်နိုင်ဟု ဆိုရမည်။
မြို့ပေါ်တွင်ရှိသည့် NLD များထဲတွင် လက်နက်ကိုင်ခုခံစစ်ပွဲအား မနှစ်သက်ဘဲ အကြမ်းမဖက်သည့်လမ်းကြောင်းကို ရွေးချယ်လိုသူအချို့ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးလမ်းကြောင်းနှင့် လမ်းပေါ်မထွက်ရေးဆိုသည်ကို ရွေးချယ်ထားကြ၏။ သူတို့သည် လက်ရှိ CRPH ၊ NUCC ၊ NUG တို့သွားနေသည့် လမ်းကြောင်းနှင့်ပတ်သက်၍ သူတို့သဘောထားကို တရားဝင်ထုတ်ဖေါ်ခြင်း မရှိကြသော်လည်း လက်မခံကြပေ။
NLD အချို့သည် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ သူတို့ရွေးချယ်ထားသည့် အကြမ်းမဖက်ရေးလမ်းကြောင်းအား သူတို့ဖါသာ သွားနိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူထုထောက်ခံမှု မရရှိနိုင်သည်ကို သူတို့ကိုယ်တိုင်သိနေကြ၍ဖြစ်၏။
သို့သော် သူတို့အတွက် ပြဿနာမှာ လက်နက်ကိုင် ခုခံစစ်ပွဲကို စစ်တပ်က တွန်းပို့၍ လူထုကရွေးချယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါ NLD အချို့သည် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ သူတို့ရွေးချယ်ထားသည့် အကြမ်းမဖက်ရေးလမ်းကြောင်းအား သူတို့ဖါသာ သွားနိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူထုထောက်ခံမှု မရရှိနိုင်သည်ကို သူတို့ကိုယ်တိုင်သိနေကြ၍ဖြစ်၏။
ထို့ပြင် လက်နက်ကိုင်လမ်းကြောင်းကို မရွေးချယ်လိုသော NLD များအတွက် ပြဿနာ နောက်တခုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်တန်းခေါင်းဆောင်များ၊ တိုင်းဝန်ကြီးချုပ်များ ( စစ်ကောင်စီနှင့်ပူးပေါင်းသည့် သစ္စာဖေါက် ဖြိုးမင်းသိန်းမှအပ )၊ ဝန်ကြီးများ၊ NLD မှတာဝန်ပေးထားသည့် ပညာရှင်များအား အဂတိလိုက်စားမှုအပါအဝင် ပုဒ်မအမျိုးမျိုးနှင့် ဖမ်းဆီးထောင်ချထားခြင်းအား မျက်ကွယ်ပြုပြီး စစ်ကောင်စီမှ ပြုလုပ်သည့်ရွေးကောက်ပွဲအား ဝင်မည်ဆိုပါက ထိုဖမ်းဆီးခံထားရခြင်းနှင့် စွပ်စွဲထားခြင်းများက မှန်ကန်သည်ဟု ဝန်ခံရာရောက်ပေလိမ့်မည်။ NLD ကို သစ္စာဖေါက်ရာ ရောက်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်အပါ ဖမ်းဆီးခံရသူများ မလွှတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ လက်ရှိရင်ဆိုင်နေရသော စွပ်စွဲချက်များမှာ နဝတ/နအဖ ခေတ်ကဲ့သို့ နိုင်ငံရေးမှုမဟုတ်ပေ။ အဂတိမှု၊ အာဏာအလွဲသုံးစားမှု၊ လဘ်စားမှုများဖြစ်သည်။ ဤအမှုများသည်မဟုတ်ပါ၊ မှားယွင်းစွဲဆိုမိပါသည်ဟု မြန်မာစစ်တပ်က ပြန်လည်ရုတ်သိမ်းသွားမည့် အရိပ်လက္ခဏာလည်း မတွေ့ရသေးပေ။
ထို့ပြင် ၂၀၂၃ တွင် ရွေးကောက်ပွဲပြုလုပ်မည် ဆိုသော်လည်း အကြောင်း အမျိုးပြပြီး ဖမ်းဆီးနှိပ်ကွပ်မှုများပြုလုပ်နေသဖြင့် အဓိက အတိုက်အခံနိုင်ငံရေးပါတီအနေနှင့် လွတ်လပ်စွာ လှုပ်ရှားခွင့် မရှိပေ။ ဤသို့သော အခြေအနေအောက်တွင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှု ရှိမည်မဟုတ်ပေ။
နောက်အကြောင်းတခုမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာများစွာ ဖျက်သိမ်းခံရသည့်အပြင် သတင်းသမားများစွာ ဖမ်းဆီးထောင်ချ သတ်ဖြတ်ခံခဲ့ရ၏။ လွတ်လပ်သည့် သတင်းမီဒီယာများ ပြည်တွင်း၌ ရပ်တည်ခွင့်မရသည့်အပြင် ပြည်တွင်း၌ လွတ်လပ်စွာသတင်းယူခွင့် မရှိပေ။ ဤသို့သော အခြေအနေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲအား ယုံကြည်ဖွယ်ရှိမည် မဟုတ်ပေ။
မြန်မာပြည်အနှံ့ ရွာစဉ်ပတ်မီးရှို့၊ လုယက်၊ သတ်ဖြတ်နေသော စစ်တပ်အား မည်သူမျှ မယုံကြည်ကြပေ။ စစ်တပ်၏ ပြုမူ ပြောဆို လုပ်ဆောင်မှု မှန်သမျှကို လူထုက အယုံအကြည်ကင်းမဲ့နေရာ စစ်တပ်က လုပ်မည်ဆိုသည့် ၂၀၂၃ ရွေးကောက်ပွဲဆိုသည်အားလည်း လူထုက အယုံအကြည်မရှိကြပေ။
ထို့ပြင် လက်ရှိမြန်မာစစ်တပ်၏ ပြဿနာမှာ နိုင်ငံအာဏာကို အပြည့်အဝ ထိန်းချုပ်လို၍ဆိုသည်ကို ထင်ရှားစွာတွေ့နေရ၏။ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နိုင်ငံအာဏာကို လက်လွှတ်ရန် သဘောထားမရှိပေ။ နိုင်ငံ့အာဏာကို စစ်တပ်က ထိန်းချုပ်လိုသည်က အဓိက ပြဿနာဖြစ်နေ၏။ မြန်မာစစ်တပ်က မြန်မာနိုင်ငံတွင် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်”အား တည်ဆောက်ရန် အင်အားတောင့်တင်းသည့် အင်စတီကျူးရှင်းမှာ မြန်မာစစ်တပ်သာဖြစ်သည်ဟု ဆိုနေသော်လည်း မြန်မာပြည်အနှံ့ ရွာစဉ်ပတ်မီးရှို့၊ လုယက်၊ သတ်ဖြတ်နေသော စစ်တပ်အင်စတီးကျူးရှင်းအား မည်သူမျှ မယုံကြည်ကြပေ။ စစ်တပ်၏အင် အားအလွန်အကျွံသုံးစွဲမှုကို ပြည်တွင်းကသာမက ပြည်ပကပါ ကောင်းစွာ သဘောပေါက်ကြ၏။ စစ်တပ်၏ ပြုမူ ပြောဆို လုပ်ဆောင်မှု မှန်သမျှကို လူထုက အယုံအကြည်ကင်းမဲ့နေရာ စစ်တပ်က လုပ်မည်ဆိုသည့် ၂၀၂၃ ရွေးကောက်ပွဲဆိုသည်အားလည်း လူထုက အယုံအကြည်မရှိကြပေ။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ဆိုနေသော်လည်း လာမည့်တနှစ်အတွင်း တိုင်းပြည် တည်ငြိမ်မည့်အခြေအနေမှာ ဝေးကွာနေဆဲဖြစ်သည်။ တပြည်လုံးအနှံ့အပြား တိုက်ပွဲများဖြစ်ပွါးနေသည့်အပြင် ခုခံတော်လှန်သူများဖက်မှ စစ်ရေးအတွေ့အကြုံရရှိလာသကဲ့သို့ လက်နက်တပ်ဆင်မှု ပိုအားကောင်းလာနေ၏။ ရန်ကုန်မြို့လယ်တွင်ပင် မြန်မာစစ် တပ်က ဘန်ကာ ၁၀ ခုခန့် အခိုင်အမာဆောက်ထားနေရသည့် အခြေအနေဖြစ်၏။
စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းအားလည်း တိုင်းရင်း သားတပ်ဖွဲ့အများစု အယုံအကြည်မရှိကြ။ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပြည်မမှ ခုခံတော်လှန်သူများကြား ခွဲခြားချေမှုန်းရေးလုပ်ရန် ကြိုးပမ်းချက်တရပ် ၊ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည့်လုပ်ရပ် ဟုသာမြင်ကြ၏။ သို့ဖြစ်ရာ စစ်ပွဲများသည် ရပ်တန့်သွားဖွယ်ရာ မရှိပေ။
ထို့ပြင် တိုင်းပြည်စီးပွါးရေးအခြေအနေက ကျဆင်းနေသည်။ ရာဇဝတ်မှုများထူပြောနေသည်။ ရန်ကုန်မြို့လယ်တွင်ပင် အုပ်စုလိုက် ရာဇဝတ်မှုကျူးလွန်နေကြ၏။ ဤသို့သော မတည်ငြိမ်သော အခြေအနေအောက်တွင် ရွေး ကောက်ပွဲပြုလုပ်နိုင်မည်လောဆိုသည်ကို သံသယဖြစ်ဖွယ်ရှိ၏။
နောက်ဆုံးအနေနှင့် လူအချို့မျှော်လင့်နေသည့် နိုင်ငံရေးထွက်ပေါက်မှာ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးပြီး ညှိနိုင်းရန်ဖြစ်၏။ ဤသည်မှာလည်း မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် နဝတ/နအဖ ခေတ်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းသည် နိုင်ငံရေးပုဒ်မနှင့်ဖြစ်၏။ ပြန်လွှတ်လျင်လည်း နိုင်ငံရေးသိက္ခာရှိသည်။ ယခု စွပ်စွဲချက်များမှာ အဂတိလိုက်စားမှု၊ လာဘ်စားမှု ဖြစ်သည်။ လွှတ်ပေးရုံနှင့် ပြီးမည့်ကိစ္စမျိုး မဟုတ်၊ မဟုတ်မမှန်တရားစွဲဆိုသည်ကို ပြန်လည်ရှင်းလင်းပေးရန် လိုအပ်သည်။ ဤသို့ စစ်ကောင်စီ
လုပ်နိုင်ရန် မလွယ်ကူပေ။ ထို့ပြင် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်လွှတ်ရုံမျှနှင့် မပြီးတော့။ NUG/PDF ပြဿနာကို ဖြေရှင်းရန် လိုအပ်နေအုံးမည်ဖြစ်၏။
ထို့ပြင် အာဏာသိမ်းစစ်တပ်၏ သဘောထားဖြစ်၏။ အာဏာသိမ်းပြီးနောက် စစ်တပ်က နိုင်ငံရေးထွက်ပေါက်ပိတ်နေသည်။ အာဏာသိမ်းပြီးနောက် ကြမ်းတမ်းစွာ ကိုင်တွယ်မှုကြောင့် လူထုက မကြောက်ဘဲ ပို၍ တုန့်ပြန်လာနေသည်။ ကျားမြီးဆွဲမိနေသော စစ်တပ်သည် မလွှတ်ရဲတော့ဘဲ မထူးဇတ်ခင်းရန်လည်း စဉ်းစားနေပုံပေါ်သည်ကို တွေ့ရသည်။ စစ်တပ်တွင်းမှ ရွေးကောက်ပွဲလမ်းကြောင်းကို မရွေးဘဲ မြောက်ကိုရီယားးပုံစံ တပါတီအာဏာရှင်စနစ်ကို သွားမည်ဟု လေသံပစ်နေသည်ကို တွေ့နေရ၏။ စိတ်ကူးယဉ်နေ၏။
၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ လိုချင်သည့် အဖြေထွက်ရန် ပြောင်ပြောင်တင်းတင်း မဲခိုး မဲလိမ် မဲညစ်မှုများလည်း ထပ်မံပြုလုပ်နိုင်သည်။ ယခု ၂၀၂၃ ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကော်မရှင် ဥက္ကဋ္ဌသည် ၂၀၁၀ တုန်းက ကော်မရှင်ဥက္ကဋ္ဌပင် ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်ကို မြန်မာစစ်တပ်ကိုယ်တိုင်က ဖျက်ပစ်နိုင်သည်ကိုလည်း ထည့်တွက်နိုင်သည်။ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို ဖျက်ဆီးပစ်သော၊ မလုပ်ရဲတာ ဘာမှမရှိသော မြန်မာစစ်တပ် မပြုလုပ်နိုင်ဟု မပြောနိုင်ပေ။ သို့မဟုတ် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ လိုချင်သည့် အဖြေထွက်ရန် ပြောင်ပြောင်တင်းတင်း မဲခိုး မဲလိမ် မဲညစ်မှုများလည်း ထပ်မံပြုလုပ်နိုင်သည်။ ယခု ၂၀၂၃ ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကော်မရှင် ဥက္ကဋ္ဌသည် ၂၀၁၀ တုန်းက ကော်မရှင်ဥက္ကဋ္ဌပင် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသို့သော အကြောင်း အချက်များအောက်တွင် ၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက်ဖြစ်လာဖွယ် မရှိပေ။
You may also like these stories:
မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ
ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား