ခွင့်မလွှတ်နိုင်တဲ့အမှားနဲ့ နောက်ဆက်တွဲ အမုန်းမီးတောက်များ

အီဂေါဗလာဇီဗစ်
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးသတ်ဖြတ်ခဲ့ရင် ဒါဟာ ခွင့်မလွတ်နိုင်တဲ့ အမှားဖြစ်ပါလိမ့်မယ်

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးသတ်ဖြတ်ခဲ့ရင် ဒါဟာ “ခွင့်မလွတ်နိုင်တဲ့ အမှားဖြစ်ပါလိမ့်မယ်”လို့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ မှတ်ချက်ဟာ မှန်ကန်လှပါတယ်။

လူသိများပြီးသား လူထုထဲမှာ ဂုဏ်သတင်းရှိပြီးသား သူတွေကို စီရင်သတ်ဖြတ်တာဟာ မြန်မာပြည်ရဲ့ အကြမ်းဖက်မှုတွေကို နောက်တဆင့်တိုးစေပါလိမ့်မယ်။

လူသိများပြီးသား လူထုထဲမှာ ဂုဏ်သတင်းရှိပြီးသား သူတွေကို စီရင်သတ်ဖြတ်တာဟာ မြန်မာပြည်ရဲ့ အကြမ်းဖက်မှုတွေကို နောက်တဆင့်တိုးစေပါလိမ့်မယ်။

အခုကို မြန်မာလူအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတော်တော်များများဟာ ပူပင်သောက ရောက်ရတဲ့ဘေးရန်ကြီးတဲ့ အခြေအနေတွေနဲ့ အချိန်တိုင်းနီးပါး နေကြရပါတယ်။ PDF တွေ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်ဘက်က တိုက်ပွဲဝင်နေသူတွေကို ထည့်မပြောသေးပါဘူး။

တိုင်းနဲ့ပြည်နယ်တွေမှာ လပေါင်းများစွာကြာနေပြီဖြစ်တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး မီးရှို့ပြာချစစ်ဆင်ရေးတွေကြောင့် အလွန့်ကို ထိတ်လန့်စိတ်နဲ့ နေကြရတဲ့ ကျေးလက်ပြည်သူအများကြီးကိုပြောချင်တာပါ။ CDM မှာပါဝင်လို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာပါလို့၊ ဆိုရှယ်မီဒီယာမှာ ဝေဖန်တဲ့ အမြင်ဖေါ်ပြမိလို့ အထိတ်တလန့်နေရတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေကိုပြောချင်တာပါ။

လူထုလှုပ်ရှားမှုမှာ ပါဝင်လို့၊ ရိုးရိုးအလှူဒါနကိစ္စတွေ လုပ်မိလို့ကို ကြောက်လန့်နေရတဲ့ ထောင်သောင်းချီတဲ့ လူငယ်တွေကို ပြောချင်တာပါ။ အကြောင်းအမျိုးမျိုးကြောင့် CDM မှာ မပါနိုင်တဲ့ စစ်အာဏာရှင်ထိန်းချုပ်မှုအောက်က အောက်ခြေပြည်သူ့ဝန်ထမ်းတွေ၊ စီမံ အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ နေ့စဉ်နဲ့ အမျှ မလုံခြုံမှုနဲ့ ကြောက်စိတ်ကို ပြောချင်တာပါ။

ကြိုးပေးမှုသာ ဖြစ်ခဲ့ရင် ပြည်သူ့ခုခံမှုကို ထိတ်လန့်သွားစေမှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ ဒေါသကို ပိုလို့သာ နက်ရှိုင်းသွားစေမှာပါ။

စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှု၊ ဥပဒေ စည်းမျဉ်းနည်းဘောင်တွေကို မလေးစားမှုနဲ့ နာမည်ပျက်ပြီးသားပါ။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးသတ်ဖြတ်ရင် အဲဒီလို နာမည်ဆိုးပြီးသား စစ်တပ်ရဲ့ နောက်ထပ်ရာဇဝတ်မှုတခုအနေနဲ့ မြင်ကြမှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းက ကြံ့ကြံ့ခံဖို့ အဆင်သင့်ဖြစ်နေတဲ့ နောက်ထပ်မမြင်ရတဲ့ ကျင့်ဝတ်စည်းဘောင်တခုကို ကျော်လွှားသတ်ဖြတ်ပြမှုအဖြစ် မြင်ပါလိမ့်မယ်။ ကြိုးပေးမှုသာ ဖြစ်ခဲ့ရင် ပြည်သူ့ခုခံမှုကို ထိတ်လန့်သွားစေမှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ ဒေါသကို ပိုလို့သာ နက်ရှိုင်းသွားစေမှာပါ။

အရှိန်မြင့်လာတဲ့ ဒေါသဟာ လူထုရဲ့ ခုခံတော်လှန်ရေးလှုပ်ရှားမှုကို အစွန်းဘက်ဆီတွန်းပို့လာပါလိမ့်မယ်။ အောက်ခြေ အလယ် အထက်က စစ်အာဏာရှင်ရဲ့ ဝန်ထမ်းတွေဟာ လူထုဒေါသနဲ့ လက်တုံ့ပြန်မှုရဲ့ ပစ်မှတ်တွေ ပိုပြီး ဖြစ်လာပါလိမ့်မယ်။

ကျနော် သံသယရှိတာကတော့ မင်းအောင်လှိုင်နဲ့ သူ့လူတစုဟာ အဲဒီလို အခြေအနေမျိုးကိုလိုချင်နေတာပါ။ ဖြည်းဖြည်းချင်း သို့ပေမယ့် ပိုပြီးရှင်းလင်းလာတာက သူတို့ရဲ့ ပြည်သူတွေကို ရန်ပြုဆန့်ကျင်ရေး စစ်ပွဲဟာ အရေးမလှတော့ပါဘူး။ သူတို့ကို သစ္စာခံနေသူတွေ၊ သစ္စာခံလာနိုင်ချေ ရှိတဲ့သူတွေကို မက်လုံးပေးစရာလည်း နည်းလွန်းလှတယ်လို့ ပြောရမယ်။ ဒီတော့ သူ့လူတွေကို စည်းနှောင်ဖို့က သူ့ဘက်က တပ်ဖွဲ့တွေ အဖွဲ့အစည်းတွေရဲ့ ရက်စက်မှု၊ မတရားမှု၊ ရာဇဝတ်မှုတွေကို အရှိန်မြှင့်ဖို့ပဲ။ လက်လွန်ခြေလွန် မတရားပြစ်မှုတွေမှာ ပါဝင်ပြီးရင် သူ့လူတွေဟာ တော်လှန်ရေးနိုင်သွားမှာ ကြောက်လိမ့်မယ်။ စစ်အာဏာရှင်ကိုပဲ ဆက်သစ္စာရှိလိမ့်မယ်။

အခုကို စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်တွေနဲ့ ကွဲနေတဲ့ လူ့အဖွဲ့အစည်းဟာ ထပ်တိုးခါးသီးမှုတွေ အမုန်းတွေ ဒေါသတွေနဲ့ ဆက်ကွဲနေလိမ့်မယ်။ အဲဒီလိုအခြေအနေဟာ မင်းအောင်လှိုင်အတွက် သစ္စာတော်ခံတွေ ကိုယ့်ဘက်မှာ ဆက်ရှိနေအောင် လုပ်ဖို့ လွယ်ကူစေပါတယ်။

ဒါကြောင့်ပဲ မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ ရွာတွေစီးနင်းဖို့၊ လုယက်ဖျက်ဆီးဖို့၊ ကျွဲနွားမကျန် အရပ်သားပြည်သူတွေကို ထင်သလို သတ်ဖြတ်မီးရှို့တာတွေ လုပ်ဖို့၊ ထိတ်လန့်စရာ ပြစ်မှုတွေကျူးလွန်ဖို့ ပျူစောထီးတွေကို အသက်သွင်းတာပါ။ စစ်သားမလုံလောက်လို့တင် ပျူစောထီးဖွဲ့တာ မဟုတ်ပါဘူး။ မင်းအောင်လှိုင်အတွက်က အရပ်သားပြည်သူ အစိတ်အပိုင်းတချို့ လက်လွန်ခြေလွန်ပြစ်မှု ကျူးလွန်တာမျိုး ဖြစ်သွားဖို့ လိုပါတယ်။ အဲဒီလိုဖြစ်သွားရင် ရွာနီးချင်း အိမ်နီးချင်းတွေမှာ လက်သည် ဘယ်သူလဲ သိနေလိမ့်မယ်။ ကာလကြာရှည် အမုန်းက တောက်လောင်နေမယ်။ အခုကို စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်တွေနဲ့ ကွဲနေတဲ့ လူ့အဖွဲ့အစည်းဟာ ထပ်တိုးခါးသီးမှုတွေ အမုန်းတွေ ဒေါသတွေနဲ့ ဆက်ကွဲနေလိမ့်မယ်။ အဲဒီလိုအခြေအနေဟာ မင်းအောင်လှိုင်အတွက် သစ္စာတော်ခံတွေ ကိုယ့်ဘက်မှာ ဆက်ရှိနေအောင် လုပ်ဖို့ လွယ်ကူစေပါတယ်။

ကိုဂျင်မီနဲ့ ဖြိုးဇေယျာသော် ကြိုးပေးခံရရင် ဒေါသတွေ အရှိန်မြင့်၊ စစ်အာဏာရှင်နဲ့ ဆက်စပ်ပတ်သက်တယ် ထင်သမျှတွေ ပစ်မှတ်ထားခံရပြီး အကြမ်းဖက်မှု အရှိန်ထပ်မြင့်လာတာ မြင်ရဖို့ရှိပါတယ်။ မင်းအောင်လှိုင်ဟာ အဲဒီလိုအခြေအနေကို လိုချင်တယ် ထင်ပါတယ်။ ဒီလိုလုပ်လို့ အာဏာချုပ်ကိုင်နိုင်မှာ၊ စစ်အာဏာရှင်တွေကို ကယ်တင်သွားမှာမဟုတ်ပေမယ့် တနိုင်ငံလုံးကတော့ ဒေါသအမုန်းနဲ့ သွေးချောင်းစီးတဲ့ လက်စားခြေသံသရာဆီ ပိုပြီးနက်နက်ရှိုင်းရှိုင်းရောက်သွားမယ်။ ဘယ်သူမှလည်း လုံခြုံတော့မှာ မဟုတ်ဘူး။ အထူးသဖြင့် စစ်အာဏာရှင်ဘက်က အကာအကွယ်နည်းတဲ့ ပစ်မှတ်တွေ လုံခြုံတော့မှာ မဟုတ်ဘူး။

ဟိုတုန်းထဲက ပြောခဲ့တာကိုပဲ ကျနော် ထပ်ပြောပါမယ်။ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေဟာ သူတို့စခဲ့တဲ့ စစ်ကို သူတို့မနိုင်ပါဘူး။ အကြောင်းက သူတို့ရင်ဆိုင်ရတာဟာ နိုင်ငံရေးနဲ့ စစ်ရေးပြိုင်ဘက် မဟုတ်ပါဘူး။ တနိုင်ငံလုံး ထကြွပုန်ကန်မှုကို သူတို့ရင်ဆိုင်ရတာပါ။ ပြည်သူ့ပုန်ကန်မှုကို သူတို့ မနိုင်ပါဘူး။ ဒါပေမယ့် တိုင်းပြည် ပျက်စီးအောင်၊ လူ့အဖွဲ့အစည်း ဆိုးဆိုးဝါးဝါးထိခိုက်နစ်နာသွားအောင် သူတို့လုပ်နိုင်တယ်။

သွေးချောင်းစီး၊ ပြိုကွဲ ဖရိုဖရဲ ဖြစ်စဉ်ထဲ တိုင်းပြည် နက်ရှိုင်းသထက် နက်ရှိုင်းမသွားအောင် ကာကွယ်ဖို့က တန်ပြန်အာဏာသိမ်းမှုသာ ဖြစ်ပါတယ်။

တိုင်းပြည်ကို စစ်အာဏာရှင်က ချောက်ထဲတွန်းချနေတာ ရပ်တန့်အောင် ပြည်သူ့တော်လှန်ရေးပြည်သူ့လှုပ်ရှားမှုကလည်း မလုပ်နိုင်ပါဘူး။ စစ်တပ်ကို နိုင်လောက်တဲ့ လက်နက်နဲ့ ငွေကြေးရင်းမြစ်က ပြည်သူလှုပ်ရှားမှုဘက်မှာ နည်းပါးလှပါတယ်။ သွေးချောင်းစီး၊ ပြိုကွဲ ဖရိုဖရဲ ဖြစ်စဉ်ထဲ တိုင်းပြည် နက်ရှိုင်းသထက် နက်ရှိုင်းမသွားအောင် ကာကွယ်ဖို့က တန်ပြန်အာဏာသိမ်းမှုသာ ဖြစ်ပါတယ်။

ဒါကြောင့် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေဟာ “ ခွင့်မလွှတ်နိုင်တဲ့ အမှား” တခုထပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့အပြင် အမှားတွေ အများကြီး လုပ်ထားပြီးတာကိုလည်း စစ်တပ်အသိုင်းအဝိုင်းထဲမှာ သိပါတယ်။ မြန်မာစစ်တပ်ထဲမှာ မင်းအောင်လှိုင်ရဲ့ ခွင့်မလွှတ်နိုင်တဲ့ လမ်းကို လိုက်ဖို့ စိတ်မပါပဲ နာခံနေရသူတွေ အများကြီး ရှိသေးတယ်လို့ ထင်ပါတယ်။ သတ္တိရှိတဲ့ အထက် အလယ် အရာရှိအစုအဖွဲ့တွေအတွက် တိုင်းပြည်ကို ကယ်တင်နိုင်မယ့် အခွင့်အရေး လက်လွှတ်မခံသင့်ပါဘူး။။

(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)

You may also like these stories:

သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ

စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ဗုံးပေါက်ကွဲမှု

ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ

Loading