ပြီးခဲ့တဲ့ တလလောက်က လူမှုကွန်ရက်မှာ အငြင်းအခုန်ဖြစ်ခဲ့ကြတဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ နှီးနွယ်တဲ့ အကြောင်းအရာတခုကို ပြန်အမှတ်ရမိပါတယ်။ အကြောင်းအရာက အကဲဆတ်တဲ့ ဘာသာရေးနဲ့ လူမျိုးရေးကိစ္စ ဖြစ်တော့ ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိလာပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေး အတွက်လည်း ဆင်ခြင်သုံးသပ်စရာ တခုလို့ ယူဆမိပါတယ်။
မြောက်ဦးဆရာတော် နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့က မဟာမုနိဘုရား သိမ်ကို ပြုပြင်ဖို့အတွက် သိမ်တိုင်တတိုင်ကို သိန်းနှစ်ရာလောက် ကုန်ကျတဲ့အကြောင်း မျှဝေပါတယ်။ အဲဒါကို အခြားသော ပြည်သူတွေက အခုလို လူတွေ ကျပ်တည်းနေတဲ့ ကာလမှာ လူတွေရဲ့ ငွေတွေကို အများကြီး သုံးတာ သင့်တော်ရဲ့လားဆိုပြီး ဝေဖန်ကြတာပေါ့။
ဒီလို ဝေဖန်ကြတာကို “ထေရ်ကြီးဝါကြီး၊ ကိုယ့်ထက်မြင့်မြတ်တဲ့သူကို၊ ကိုယ့်ထက် သီလသမာဓိ ရှိတဲ့သူကို ဝေဖန်ရင် ငရဲကျမယ်” ဆိုတာမျိုး ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ အဲဒီဆရာတော်ရဲ့ စာမျက်နှာက ပြန်တင်ပါတယ်။
ဆရာတော်ကတော့ အဲဒီလို ပြောမယ်မထင်ပါ။ သို့သော် ဘယ်သူတင်လဲတော့ မပြောနိုင်ပါဘူး။ မှတ်ချက်အောက်မှာ သွားပြီးတော့ ဆဲဆိုနေကြ၊ ပြောဆိုနေကြနဲ့ တော်တော်လေး ပွဲဆူသွားတာပေါ့။ လူမှုကွန်ရက်တို့ ထုံးစံအတိုင်းလို့ ဆိုချင်လည်း ဆိုလို့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဆက်စပ်မှုကို စဉ်းစားမိပါတယ်။
အခုလို လူတွေ ဒုက္ခရောက်နေတဲ့အချိန် ဘုန်းကြီးတွေအနေနဲ့ ဘာသာရေး အဆောက်အအုံတွေကို သိန်းရာချီအကုန်ခံပြီး ပြုပြင်နေကြတာ ကျင့်ဝတ်နဲ့ ညီရဲ့လား
ပထမဦးဆုံး ပြောလိုတာက မြောက်ဦးဆရာတော်ရဲ့ သီလသမာဓိကို ဝေဖန်ချင်တာ မဟုတ်ဘဲ၊ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဘာသာရေးနဲ့ နောက်ဆက်တွဲ နှီးနွယ်ချက်တွေ အကြောင်းကိုသာ ပြောလိုရင်းဖြစ်ကြောင်း ပြောပါရစေ။ ဒီအထဲက ဝေဖန်တဲ့ တချက်က အခုလို လူတွေ ဒုက္ခရောက်နေတဲ့အချိန် ဘုန်းကြီးတွေအနေနဲ့ ဘာသာရေး အဆောက်အအုံတွေကို သိန်းရာချီအကုန်ခံပြီး ပြုပြင်နေကြတာ ကျင့်ဝတ်နဲ့ ညီရဲ့လား ဆိုတာပါ။
တကယ်တော့ မြောက်ဦးဆရာတော်က ကိုဗစ်ဘေးအတွက် လိုအပ်တဲ့ ကူညီလှုဒါန်းမှုတွေ လုပ်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထက်ပိုတဲ့ လုပ်ဆောင်မှုတွေလည်း သိပ်မသိရဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကိစ္စတွေကို ဘယ်လောက်အထိ တက်တက်ကြွကြွ ကူညီလုပ်ဆောင်လဲ မသိရပါ။ တိုးတိုးတိတ်တိတ် နောက်ကွယ်ကလုပ်ခဲ့တာတော့ ရှိကောင်းရှိနိုင်ပါတယ်။ ပြည်သူတွေ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်က ကြည့်ရင်တော့ ဆရာတော်ကိုယ်၌လည်း အခုအချိန်ထိတော့ မိရိုးဖလာ ရဟန်းတပါးလို့ မြင်ချင်မြင်နိုင်ကြပါတယ်။
ဒီနေရာမှာ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတွေးကြည့်ရင် နွေဦးတော်လှန်ရေးက ဘယ်ဆရာတော်ဖြစ်ခြင်း၊ နာမည်ကြီးခြင်း မကြီးခြင်းတွေ အရေးမပါဘူး။ လုပ်ရပ်တခုချင်းအပေါ်မှာ ရပ်တည် ဝေဖန်ကြတယ်၊ ဝေဖန်လည်း ဝေဖန်ရဲကြတယ်။ အကျိုးသင့် အကြောင်းသင့် ထောက်ပြကြတဲ့ဟာမျိုးတွေ ပါသလို၊ တချို့ စိတ်ခံစားမှုနဲ့ ဝေဖန်ပြောဆိုတာလည်း ပါတတ်တာတော့ ရှိပါတယ်။ ဝေဖန်ပုံ ဝေဖန်နည်းက နားမခံသာရင်တောင်မှ စဉ်းစားရမယ့် အကြောင်းအရာ၊ အခြေခံကျကျ တွေးခေါ် ပြုပြင်ရမှာတွေ အများကြီးပါဝင်တာကို မြင်တတ်ဖို့လိုပါတယ်။
ဒီကိစ္စမှာဆိုရင် “လူတွေဒုက္ခရောက်နေချိန်မှာ ဘာသာရေး အဆောက်အဦတွေ အတွက် နင်းကန် ငွေသုံးတာ ကျင့်ဝတ်နဲ့ ညီရဲ့လား” လို့ မေးခွန်းတခုထွက်လာပါတယ်။ ဒါဟာ မြောက်ဦးဆရာတော်ရဲ့ ဖြစ်ရပ်တခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ၊ ကိုဗစ်ကာလ လူတွေ ဒုက္ခရောက်ချိန်မှာတောင်မှ၊ ကိုယ့်ဒကာ ဒကာမတွေ စစ်ဘေး စစ်ဒဏ်သင့်ပြီး အကြမ်းဖက် စစ်တပ်ရဲ့ ဒုက္ခပေါင်းစုံကို ခံစားရချိန်မှာတောင်မှ ကိုယ့်ကျောင်းဝန်းထဲ မလိုအပ်ဘဲ၊ အဆောက်အဦသစ်တွေဆောက်၊ မိရိုးဖလာ ဘုရားတည်၊ ကျောင်းဆောက် အလုပ်တွေနဲ့ ငွေတွေ ဖြုန်းတီးနေတဲ့ ဘုန်းကြီးတွေ တပုံကြီးပါ။ ဒါကို ဘုန်းကြီးဝေဖန်ရင် ငရဲကျမယ်လို့ ပြန်ပြောခြင်းဟာ အလွန်မှကို မဆီလျော်သလို အနိုင်ကျင့် ခြိမ်းခြောက်ရာလည်း ကျပါတယ်။
ဘုန်းကြီးဝေဖန်ရင် ငရဲကျမယ်လို့ ပြန်ပြောခြင်းဟာ အလွန်မှကို မဆီလျော်သလို အနိုင်ကျင့် ခြိမ်းခြောက်ရာလည်း ကျပါတယ်။
ဒါက နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ပြောကြဆိုကြတာပါ။ ဒါပေမယ့် ဘယ်လိုပဲ ပြုပြင်ဆင်ခြင်သင့်တဲ့ ရှုထောင့်က ဝေဖန်နေပါစေ၊ ဘယ်သူဘယ်ဝါရယ်လို့ မခွဲခြားဘဲ၊ အားလုံးကို တန်းတူညီမျှ ဝေဖန်တယ် ဆိုရင်တောင်မှ လူမျိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ငြိလာတဲ့အခါ နောက်ထပ်မတူညီတဲ့ ရှုထောင့်တွေ၊ နောက်ဆက်တွဲ ပြဿနာတွေ ထွက်လာပါတယ်။ သမားရိုးကျ မဟုတ်တဲ့ တုန့်ပြန်မှုတွေထွက်လာပါတယ်။
တုန့်ပြန်မှု တခုက ဘာလဲဆိုတော့ ဒီမိုကရေစီလိုလားတဲ့ လူငယ်တွေဟာ နီပိန်းတွေ၊ ဘာသာရေးကို စော်ကားသူတွေ ဆိုတဲ့ ပြန်လှန်စွပ်စွဲမှုပါ။ ဒီစွပ်စွဲမှုမျိုးကတော့ မိရိုးဖလာ အယူဝါဒ အားကောင်းတဲ့ လူ့အသိုက်အဝန်းမှာ ကြားနေကြ ဖြစ်သလို၊ စစ်အာဏာရှင်တွေရဲ့ “လွတ်လပ်စွာတွေးခေါ်မှု” ကို ပုံဖျက်ချင်တဲ့အခါ သုံးတဲ့ ဝါဒဖြန့် လက်စွဲကြီးလည်း ဖြစ်နေပါတယ်။
တုန့်ပြန်သူ အများစု ပြန်ပြောတဲ့ အထဲမှာ နောက်ထပ် အဓိက စကားတခွန်းကတော့ “ရခိုင်တွေက မဟာမုနိဘုရားကြီးကို ပြုပြင်တာ ဘာမှားလို့လဲ၊ ဘုရားပြုပြင်တာတောင်မှ ဒီလောက်စိတ်တိုနေရင် ဘုရားခိုးခံရရင် ဘယ်လောက်ရင်နာမလဲ” ဆိုတာပါ။ အရင်တုန်းက ဒီမဟာမုနိဘုရားကြီးကို ဗမာဘုရင် ဘိုးတော်ဘုရား (ဝါ) ဗဒုံမင်းလက်ထက်က ရခိုင်ကို သိမ်းပိုက်ပြီးတဲ့နောက် မဟာမြတ်မုနိ ဘုရားကို သယ်သွားပြီး မန္တလေးမှာ တည်ထားတဲ့ ကိစ္စကို ပြန်ပြီး အစဖော်ကြတာပါ။ ဒီကတဆင့် အတိတ်ဟောင်းတွေ လှန်ရင်း လူမျိုးရေး မုန်းတီးမှုကို ပုံဖော်ကြသူတွေကလည်း ဒင်းကြမ်းပါပဲ။
အတိတ်ဟောင်းတွေ လှန်ရင်း လူမျိုးရေး မုန်းတီးမှုကို ပုံဖော်ကြသူတွေကလည်း ဒင်းကြမ်းပါပဲ။
တကယ်တော့ ဘာသာရေးကိစ္စ ဝေဖန်တာနဲ့ လူမျိုးရေးကိစ္စ နှစ်ခုက ဘာမှမဆက်စပ်ဘူးလို့ ပြောရင် ရသလို ဆက်စပ်တယ်လို့ ဆိုချင်လည်း ဆိုနိုင်ပါသေးတယ်။ ပထမကိစ္စက လူတွေ ဒုက္ခရောက်ချိန်မှာ ငွေကုန်ကြေးကျ ခံပြီး ဘာသာရေး အဆောက်အအုံတွေ ဆောက်လုပ်သင့်သလား၊ လှူသင့်သလား။ လှူသင့်ရင် ဘာကြောင့် လှူသင့်တယ်ဆိုတာမျိုး၊ ပြန်လှန်ငြင်းခုန်သင့်တာပါ။
လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ဘာသာရေးကိစ္စ လာမဝေဖန်နဲ့ ဆိုတာမျိုး၊ မင်းတို့အရင်က ငါတို့အပေါ် ဘာလုပ်ခဲ့ဖူးတာပဲ ဒီတော့ဘာမှလာမပြောနဲ့ဆိုတဲ့ အကြောက်အကန် ငြင်းတာဟာ တော်တော်လေး အဆီအငေါ် မတည့်သလို အမှန်တကယ် လိုအပ်တဲ့၊ ပိုကောင်းတဲ့ ငြင်းခုံမှုဆီကို မရောက်ရှိတော့ပါ။ သို့သော်လည်း ပဋိပက္ခတွေကို လေ့လာတဲ့သူအတွက်တော့ မထူးဆန်းပြန်ပါဘူး။ အတိတ်ကရရှိခဲ့တဲ့ အနာဟောင်းတွေဟာ စနစ်တကျ ကိုင်တွယ် မဖြေရှင်းခဲ့တဲ့အခါ၊ တိုက်ဆိုင်မှုရှိလာတိုင်း ပြန်လည် ပေါ်ထွက်လာတတ်ပါတယ်။
ပုံမှန်အချိန်မှာ သမားရိုးကျ မေးခွန်းလို့ ထင်ရတဲ့ ဘာသာရေးဆရာတွေ ကျင့်ဝတ်နဲ့ ညီရဲ့လား မေးခွန်းမျိုးကို ငြင်းခုံကြဖို့၊ မူရင်းအဖြေကိုမရှာခင်မှာ နောက်ထပ်ပြဿနာတခု ထပ်ရှာပြီးသား ဖြစ်သွားတော့တာပါပဲ။ နဂိုကမှ အကဲဆတ်တဲ့ ဘာသာရေး ကိစ္စဟာ ပိုပြီးအကဲဆတ်တဲ့ လူမျိုးရေးတဲ့ ပေါင်းစုံမိသွားတဲ့အခါ အန္တရာယ်ရှိတဲ့ ပဋိပက္ခ တခုဆီကို ဦးတည်သွားနိုင်ပါတယ်။ လူမျိုးရေးကြားထဲမှာ ရှိတဲ့ အမုန်းတွေ၊ နာကျင်မှုတွေက မှန်ကန်တဲ့ အဖြေကို ရောက်ဖို့အတွက် ပိတ်ဆို့တားဆီး နေတတ်တယ်ဆိုတာကို ဒီဖြစ်ရပ်က ရှင်းရှင်းလင်းလင်း ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။
ဝေဖန်သူတွေဟာ မြောက်ဦးဆရာတော်ဆိုတာ ဘယ်သူလို့ ဂဃနဏ သိချင်မှ သိကြမှာပါ။ သို့သော် လူမျိုးတမျိုးရဲ့ အလေးမြတ်ထားသူနဲ့ လူမျိုးတမျိုးရဲ့ အနာဒဏ်ရာကို ကိုယ်စားပြုတဲ့ အဆောက်အအုံ ဖြစ်နေတဲ့အခါ အရာရာဟာ ထင်တာထက် ပိုပြီး အကဲဆတ်လာပါတော့တယ်။
နဂိုကမှ အကဲဆတ်တဲ့ ဘာသာရေး ကိစ္စဟာ ပိုပြီးအကဲဆတ်တဲ့ လူမျိုးရေးတဲ့ ပေါင်းစုံမိသွားတဲ့အခါ အန္တရာယ်ရှိတဲ့ ပဋိပက္ခ တခုဆီကို ဦးတည်သွားနိုင်ပါတယ်။
နောက်ထပ် ဆင့်ပွားမေးခွန်းတခုက ဒီလို အတိတ်အနာဟောင်းတွေကို ဘယ်လို ကုစားကြမလဲ။ လူမျိုးစု သမိုင်းအရ၊ အချင်းချင်း စစ်ပွဲတွေ ခင်းခဲ့ကြတော့ နာကျင်မှုတွေ အပြန်အလှန် ရှိခဲ့ကြပါတယ်။ ကိုယ့်အနာမှ ပိုနာကြတယ်ဆိုတဲ့ အမြင်မျိုးတော့ ရှိကြပေမယ့် တကယ့်တကယ်က လူမျိုးအသီးသီးမှာ မတူညီတဲ့၊ အတိုင်းအဆသာ ကွာခြားတဲ့ နာကျင်မှုတွေ ရှိခဲ့ကြပါတယ်။ ဒါတွေကို မရှိခဲ့သလို ဟန်ဆောင်ခြင်းဟာလည်း ပြဿနာကို ရှောင်လွှဲခြင်းသာ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် ဒဏ်ရာတွေကို တာဝန်သိသိ ကုစားခြင်း ကလည်း နွေဦးတော်လှန်ရေး အစိတ်အပိုင်းတခုအနေနဲ့ ဖြစ်သင့်တယ်လို့ မြင်မိပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်တာတွေ၊ ဖက်ဒရယ်စနစ် တည်ဆောက်ပုံတွေအကြောင်း အများကြီး ပြောတာလည်း ကောင်းပါတယ်။ ဒါပေမယ့် တယောက်ရဲ့ နာကျင်မှုကို တယောက်မြင်အောင်ကြည့်ခြင်း၊ နားလည်လက်ခံခြင်းနဲ့ ကုစားနိုင်မယ့် နည်းလမ်းတွေ အတူတူ ရှာဖွေကြခြင်း စတဲ့ချဉ်းကပ်မှုမျိုးဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် လိုအပ်တယ်လို့တော့ ရိုးရိုးရှင်းရှင်းပဲ မြင်မိပါတယ်။
နွေဦးတော်လှန်ရေးက အတွေးဟောင်း အမြင်ဟောင်းတွေကို ခွာချတဲ့ ပွဲ၊ အတွေးအခေါ် တော်လှန်ရေးလို့ ကြီးကြီးကျယ်ကျယ် ဆိုကြပါတယ်။ အတွေးအခေါ်ဟောင်းတွေ ခွာချရင်း နောက်ထပ် ဒဏ်ရာအသစ်တွေ ရပြီး အနာပေါ် အနာဆင့်မှာလည်း စိုးရွံ့မိပါတယ်။ ဒီတော့ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းအဖြစ် “အပြန်အလှန် ဒဏ်ရာတွေ ကုစား” တာကိုလည်း မြင်ချင်လှပါတယ်။
အတွေးအခေါ်ဟောင်းတွေ ခွာချရင်း နောက်ထပ် ဒဏ်ရာအသစ်တွေ ရပြီး အနာပေါ် အနာဆင့်မှာလည်း စိုးရွံ့မိပါတယ်။
အခြားတဖက်မှာလည်း ရခိုင်တို့ ကိုယ်တိုင် စဉ်းစားရမှာတခုက နွေဦးတော်လှန်ရေးမှာ တိုက်ရိုက် မပါချင်ရင်တောင်မှ “ပွင့်လင်းတဲ့၊ လွတ်လပ်တဲ့၊ တန်းတူညီမျှတဲ့၊ ပညာဉာဏ်ရည်ပြည့်ဝတဲ့ လူ့အဖွဲ့အစည်း တခု” ကို တည်ထောင်ချင်တယ်ဆိုရင် ရခိုင်တွေအနေနဲ့လည်း ဘယ်လိုမျိုးသော ပြောင်းလဲလှုပ်ရှားမှုကို လုပ်ရမှာလဲ၊ လုပ်သင့်နေပြီလဲ မေးရဖို့ ရှိပါတယ်။ အထူးသဖြင့် ဘာသာရေး အစဉ်အလာ တွေးခေါ်မှုတွေကို ဘယ်လိုပုံသဏ္ဍာန်နဲ့ ဆန်းစစ် ပြုပြင်ကြမလဲ ဆိုတာပါ။ ဘာကြောင့်လဲဆိုရင် မကြာမတင်သော ကာလတခုမှာပဲ ရခိုင်လူမျိုးတွေကို ဘာသာရေး အစွန်းရောက်တွေ အဖြစ် ပုံဖော်ခံထားရတာကို မမေ့ဖို့ လိုအပ်လှပါတယ်။
တခြားတဖက်မှာလည်း ကိုယ့်ဘာသာလို့ ပြောတဲ့အခါ ဗုဒ္ဓဘာသာ တခုတည်း မဟုတ်ဘဲ၊ တခြားသော ဘာသာအယူဝါဒတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာကလည်း လက်ရှိအခြေအနေရ အရေးပါလာပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အရာရာမှာ ဘာသာရေးဆိုရင် လာမထိနဲ့၊ မဝေဖန်နဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ ရှေးရိုးစွဲ အသိုက်အဝန်းထဲမှာပဲ ဆက်ပြီး ရပ်တည်မလား။ ဒါတွေကတော့ ရခိုင်တွေ ကိုယ်တိုင်ဖြေရမယ့် မေးခွန်းတွေပဲဖြစ်ပါတယ်။ ရဲရင့်ပွင့်လင်းသော ရခိုင်လူငယ်များ၊ အမျှော်အမြင်ရှိသော ရခိုင် ပညာရှင်တချို့ကတော့ ဤလမ်းကြောင်းကို ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ ရခိုင်လူထုအနေနဲ့ကတော့ ဒီလိုမေးခွန်းတွေ၊ ရဲရဲဝံ့ဝံ့ မေးခွန်းတွေ မေးသင့်ပြီလို့လည်း ယူဆ တိုက်တွန်းပါတယ်။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်)။
You may also like these stories:
တနိုင်ငံလုံး မီးတင်ရှို့သည့် စစ်ကောင်စီက ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော်အတွက် ငွေပုံအောသုံးနေ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ