ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရှက်တတ်ပါသလား။ ကုလသမဂ္ဂ ရှက်တတ်ပါသလား။ ၎င်းအဖွဲ့အစည်းများတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ဝန်ထမ်းများ ရှက်တတ်ပါသလား။
၎င်းတို့ ရှက်တတ်၊ မရှက်တတ် မသေချာသော်လည်း မြန်မာပြည်သူများကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းများကို အသုံးမဝင်သော၊ မထိရောက်သော လှောင်ပြောင်စရာ အဖြစ်သာ ရူမြင်နေကြပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းများသည် “အလွန်စိုးရိမ်တတ်သော” အဖွဲ့အစည်းများ ဖြစ်သောကြောင့် ၎င်းတို့ ကျန်းမာရေး ထိခိုက်မည်ကို မြန်မာပြည်သူများက အလွန်စိုးရိမ်နေကြပါသည်ဟု လှောင်ပြောင်နေကြပါတယ်။
မြန်မာပြည်သူများ၏ သည်းမခံနိုင်မှု၊ လှောင်ပြောင်မှုများသည် WHO ၏ ဝန်ထမ်းတဦး အသတ်ခံရသည့် အခါမှာပင် မရပ်တန့်ခဲ့ပေ။ မော်လမြိုင်မြို့မှ WHO ၏ ယဉ်မောင်းဝန်ထမ်းတဦး ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါတယ်။ အတည်မပြုနိုင်သော်လည်း စစ်ကောင်စီနဲ့ ပတ်သက်နေတာကြောင့် ရှင်းလင်းခဲ့ကြောင်း မော်လမြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
WHO ဘက်ကလည်း ချက်ချင်းလက်ငင်း ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ကုလအတွင်းရေးမှူးချုပ်ကလည်း အပြင်းအထန် ရှုတ်ချကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖြစ် ယာယီတာဝန်ယူထားတဲ့ မစ္စတာ ရာမာနသန် ဘာလာခရစ်ရှနန် (Ramanathan Balakrishnan) ကတော့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေရဲ့ ကြားနေရပ်တည်ချက်ကို သက်ဆိုင်သူတွေ အားလုံးက လေးစားကြဖို့နဲ့ ဒီဖြစ်ရပ်ကို ဘက်လိုက်မှု ကင်းကင်းနဲ့ စုံစမ်းဖော်ထုတ်ဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
လူတယောက် အကြောင်းမဲ့ အသတ်ခံရတာမျိုးကို မထောက်ခံပေမယ့် မြန်မာပြည်သူလူထု အတွက်တော့ ဒီကြေငြာချက်တွေမှာကို ထောက်ပြစရာတွေ ဖြစ်နေခဲ့ပါသေးတယ်။
ပထမဆုံး အချက်က ဒီကိစ္စကို စစ်ကောင်ဆီကသာ ကျူးလွန်တယ်ဆိုရင် WHO ဟာ ဒီလို အော်ကြီးဟစ်ကျယ် ကြေငြာချက်တွေထုတ်၊ တောင်းဆိုတာတွေ လုပ်ရဲမလားလို့ မြန်မာနိုင်ငံသားတွေက ခနဲ့ကြပါတယ်။
ပထမဆုံး အချက်က ဒီကိစ္စကို စစ်ကောင်ဆီကသာ ကျူးလွန်တယ်ဆိုရင် WHO ဟာ ဒီလို အော်ကြီးဟစ်ကျယ် ကြေငြာချက်တွေထုတ်၊ တောင်းဆိုတာတွေ လုပ်ရဲမလားလို့ မြန်မာနိုင်ငံသားတွေက ခနဲ့ကြပါတယ်။
ဒီလိုပြောတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေကို စစ်ကောင်စီရဲ့ ဦးတည်တိုက်ခိုက် ဖမ်းဆီးမှုတွေ လုပ်တာ၊ မြန်မာနိုင်ငံက ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် ထောင်ချတာတွေကို မြင်တွေ့ပါလျက်နဲ့ WHO ဟာ စကားတခွန်းမှ မဟရဲခဲ့ပါ။ ဒီကိစ္စမှာ ပြုလုပ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိရှိ ကြေညာလို့ စစ်ကောင်စီ မဟုတ်မှန်း သိလို့သာ WHO အနေနဲ့ လူတွင်ကျယ် လုပ်တာလို့ မြန်မာနိုင်ငံသားတွေက ယူဆပြီး လှောင်ပြောင်ကြတာပါ။
ဒါ့အပြင် WHO အနေနဲ့ အသက်သေဆုံးသွားတဲ့ မိမိတို့ ဝန်ထမ်းအတွက် အမှန်တကယ် တရားမျှတမှုကို လိုချင်တယ်ဆိုရင်တော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဆီကို တရားဝင် ဆက်သွယ် တိုင်ကြားနိုင်ကြောင်းလည်း မြန်မာပြည်သူတွေက ပြောပါတယ်။
ဒါဟာ ပြည်သူထောက်ခံတဲ့ တရားဝင် အစိုးရတရပ်နဲ့ မဆက်ဆံရဲဘဲ သေနတ်ကိုင်ထားတဲ့ စစ်တပ်ကိုသာ ကြောက်တဲ့ WHO နဲ့ ကုလ အဖွဲ့အစည်းတွေကို စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေကို စောင့်ရှောက်တဲ့ အစိုးရတရပ်ဆီကသာ တရားမျှတမှုကို ရနိုင်မှာ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီ ဆီကတော့ ဘာမှ ရနိုင်မှာ မဟုတ်လို့ပါ။ ဒီလိုမဟုတ်ရင်တော့ လူကြားကောင်းအောင် ကြေညာချက် ထုတ်တာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လူမဆန်မှုများ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း မြန်မာပြည်ဟာ ကျန်းမာရေး လုပ်သားတွေအတွက် ဘေးအန္တရာယ် ကြီးမားတဲ့ နေရာဒေသတခု ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီဟာ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးတည် ပစ်မှတ်ထားခဲ့ပါတယ်။
ကျန်းမာရေး လုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့ Physician for Human Rights ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် တပ်ဖွဲ့တွေဟာ ကျန်းမာရေး လုပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၈၆ ယောက်ဟာ အဖမ်းခံခဲ့ရပါတယ်။
ကျန်းမာရေး လုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့ Physician for Human Rights ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် တပ်ဖွဲ့တွေဟာ ကျန်းမာရေး လုပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၈၆ ယောက်ဟာ အဖမ်းခံခဲ့ရပါတယ်။
ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ဆေးရုံဆေးခန်းတွေကို အကြမ်းဖက် ဝင်ရောက် စီးနင်းတာ၊ ဆေးရုံဆေးခန်းတွေကို ဖျက်ဆီးတာ၊ ချိတ်ပိတ်တာတွေလည်း အမြဲမပြတ် လုပ်ဆောင်နေမြဲ ဖြစ်ပါတယ်။
လတ်တလော ဖြစ်ရပ်တခုမှာဆိုရင် မန္တလေးမြို့ရှိ သူရိယ ဆေးခန်းက ဆရာဝန် ဒေါက်တာ အောင်အောင်ထွန်းနဲ့ မိသားစုကို အကြောင်းပြချက် တစုံတရာ မရှိဘဲ ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်မှာဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့လို့ နာမည်ခံထားတဲ့ WHO လို အဖွဲ့အစည်းဆီက ဘာသံမှ မထွက်ခဲ့ပါဘူး။ သိတောင် သိရဲ့လားလို့ သံသယ ဖြစ်စရာ ကောင်းပါတယ်။
တကယ်တော့လည်း ဒီလို ဆရာဝန်တယောက် မဆိုထားနှင့် လူသိထင်ရှားပြီး WHO နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့ ဒေါက်တာ ထားထားလင်းလို ဆရာဝန်တယောက် အဖမ်းခံရတာတောင် တုတ်တုတ်မှ မလှုပ်ရဲခဲ့တဲ့ WHO ဖြစ်ပါတယ်။
ဒေါက်တာ ထားထားလင်းဟာ အမျိုးသားကာကွယ်ဆေး အစီအစဉ် ညွှန်ကြားရေးမှူး ဖြစ်သလို ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေး ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
“စစ်အာဏာရှင်တွေဟာ ကာကွယ်ဆေးထိုး လုပ်ငန်းကို အကြောင်းပြပြီး အကျိုးအမြတ်ရယူဖို့ ကြံစည်နေခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး လုပ်ငန်းကို ကျမတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမယ့် လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး” လို့ ရဲရဲဝံ့ဝံ့ ဆိုရဲခဲ့တဲ့ ဒေါက်တာ ထားထားလင်းကို ဖမ်းမိတဲ့အခါ စစ်ကောင်စီဟာ အငြိုးကြီးကြီးနဲ့ မိသားစုဝင်တွေထဲက ၇ နှစ်အရွယ် သားငယ်ကလေးကိုပါ လူမဆန်စွာ ဖမ်းဆီးခဲ့ပါတယ်။
ဒီလို ကိုယ့်အဖွဲ့အစည်းနဲ့ အနီးကပ် လုပ်ခဲ့သူ၊ ကျန်းမာရေးလောကရဲ့ ဦးဆောင်ဦးရွက် ပြုနေသူကို လူ့အခွင့်အရေး ချိုးဖောက်ပြီး ဖမ်းဆီးခဲ့တာမှာ WHO ဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။
ကာကွယ်ဆေးနဲ့ ကျန်းမာရေး အခြေအနေ
ကျန်းမာရေး ဝန်ထမ်းတွေကို ဦးတည်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေကို ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သလို ကိုဗစ်ကပ်ဘေး တုံ့ပြန်ရေးမှာလည်း WHO ဟာ စစ်ကောင်စီရဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်တွေကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဒုတိယလှိုင်းလို့ လူသိများတဲ့ ကိုဗစ်ကပ်ဘေးဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျန်းမာရေးစနစ် ပြိုလဲနေချိန်နဲ့ ကွက်တိ ကျရောက်ခဲ့ပါတယ်။ ပြည်သူတွေဟာ သွားရောက်ကုသစရာ ဆေးရုံဆေးခန်း မရှိသလို၊ ပထမလှိုင်းတုန်းကလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုတဲ့ ကုသရေး စင်တာတွေ မမြင်ခဲ့ရပါဘူး။
ဒုတိယလှိုင်းလို့ လူသိများတဲ့ ကိုဗစ်ကပ်ဘေးဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျန်းမာရေးစနစ် ပြိုလဲနေချိန်နဲ့ ကွက်တိ ကျရောက်ခဲ့ပါတယ်။ ပြည်သူတွေဟာ သွားရောက်ကုသစရာ ဆေးရုံဆေးခန်း မရှိသလို၊ ပထမလှိုင်းတုန်းကလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုတဲ့ ကုသရေး စင်တာတွေ မမြင်ခဲ့ရပါဘူး။
မြွေပူရာ ကင်းမှောင့်တာကတော့ စေတနာ့ဝန်ထမ်းအဖြစ် ကုသပေးတဲ့ ပရဟိတ အသင်းအဖွဲ့တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို အကြောင်းရှာ ဖမ်းဆီးတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အရပ်ဘက် အဖွဲ့အစည်းတွေဟာ ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး လုပ်ငန်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ကြရပါတယ်။ ပြည်သူတွေ အောက်ဆီဂျင် လိုအပ်လာချိန်မျိုးမှာ မလောက်မင ဖြစ်နေခဲ့တဲ့ အချိန်မှာတောင် စစ်တပ်ဟာ သူတို့အတွက် ဦးစားပေးအဖြစ် ပြည်သူတွေအသက်ကို မငဲ့ကွက်ဘဲ မောင်ပိုင်စီးခဲ့ပါတယ်။ အောက်စီဂျင်အိုးတွေကို စစ်တပ်နဲ့ အသိုင်းအဝိုင်းအတွက် ဦးစားပေး အသုံးပြုခဲ့ပါတယ်။
ဒီလို ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ WHO ကိုယ်နှိုက်ကလည်း လမ်းပျောက်နေခဲ့ပါတယ်။ နိုင်ငံတဝှမ်း ကပ်ဘေး တုံ့ပြန်ရေးအတွက် စစ်တပ်ကို နားမချနိုင်သလို၊ အမှန်တကယ် လိုအပ်တဲ့ ရပ်ရွာအခြေပြု တုံ့ပြန်ရေး လုပ်ငန်းတွေကိုလည်း ဘာမှ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါဘူး။
၎င်းတို့ ရယူထားတဲ့ ထောက်ပံ့ငွေများအတွက် လုပ်ဆောင်ရန် လျာထားတဲ့လုပ်ငန်းများ ဘာမှ မလုပ်နိုင်ခဲ့ဘဲ ဝန်ထမ်းလစာသာ ထိုင်ဖြုန်းခဲ့တယ်လို့လည်း WHO ဝန်ထမ်းတချို့က ပြောဆိုတာ ကြားခဲ့ရပါတယ်။ ဒီလို လက်တွေ့ ဘဲဥမကွဲတဲ့ WHO ဟာ ကိုဗစ်ကပ်ဘေး အဆိုးဆုံး ကာလအတွင်း မြန်မာနိုင်ငံမှာ သူတို့လုပ်နိုင်ခဲ့တာ ဆိုလို့ ကုသရေး လမ်းညွှန်ချက်လေးရေး၊ အွန်လိုင်းမှာတင်တာနဲ့ စစ်ကောင်စီထိန်းချုပ် ကျန်းမာရေး ဌာနကပေးတဲ့ အချက်အလက်တွေကို မှန် မမှန် မစိစစ်နိုင်ဘဲ ၎င်းတို့ ဝက်ဘ်ဆိုဒ်ပေါ် ကူးတင်တာပဲ ရှိတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းအတွင်းမှာ ဟာသနှောကြပါသေးတယ်။
ဒီအချိန်မှာ အမျိုးသားကာကွယ်ဆေးထိုး လုပ်ငန်းတွေဟာလည်း ဇောက်ထိုးဆင်းနေတာ ဖြစ်ပါတယ်။ နမူနာအားဖြင့် BCG (တီဘီရောဂါ) ကာကွယ်ဆေး လွှမ်းခြုံမှုဟာ ၂၀၂၀ ကိုဗစ်ကာလမှာတောင်မှ ၈၀ ရာနှုန်းကျော်ရှိရာက ၂၀၂၁ ခုနှစ်မှာ ၄၀ ရာနှုန်းကျော်သာ ရှိပါတော့တယ်။
ကလေးငယ်တွေဟာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ မရခဲ့ဘူးဆိုရင် နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးတွေ၊ ကပ်ဘေးတွေဟာ မတွေးဝံ့စရာပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေဟာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ မရခဲ့ဘူးဆိုရင် နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးတွေ၊ ကပ်ဘေးတွေဟာ မတွေးဝံ့စရာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အမှန်တကယ် လိုအပ်နေတဲ့ ဒေသက ကလေးငယ်တွေဆီကို ကာကွယ်ဆေးတွေ ရောက်ရှိဖို့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်းမာရေးဌာနတွေ လမ်းကြောင်းကိုသာ WHO ကို အသက်ဆက်ပေးဖို့ တွေးပါတယ်။ ဒီနည်းကလွဲရင် မလုပ်တတ်တာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ဘာအကြောင်းပြချက်မှ မရှိဘဲ ဆေးဝါးတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ လူ့အသက်ကို တန်ဖိုးမထားတဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနဟာ အဓိက လိုအပ်တဲ့ နေရာတွေဆီ ကာကွယ်ဆေးတွေရောက်အောင် စွမ်းဆောင်ပေးမယ်ဆိုတာ ပုံမှန်စိတ်ရှိသူ ဘယ်သူမဆို ယုံကြည်မှာ မဟုတ်ပါဘူး။
တတ်သိပညာရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများက နယ်စပ်ဖြတ်ကျော် ကာကွယ်ဆေးထိုး လုပ်ငန်းတွေ လုပ်နိုင်ဖို့ လမ်းကြောင်းတွေ ဖော်ထုတ်ပေမယ့် WHO ဟာ စစ်ကောင်စီ အလိုကျ မသိကျိုးကျွံပြုနေဆဲ ဖြစ်ပါတယ်။ နည်းပညာအရ ခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးခြင်းမျှသာ ဖြစ်ပါတယ်။
တကယ်လို့ WHO နဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့ လက်ရှိအခြေအနေဟာ အဆိုးဝါးဆုံး ကပ်ဘေးကြီးဆီ ဦးတည်နေပြီဆိုတာကို သိရှိလက်ခံပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ လိုအပ်အပ်ပါတယ်။ ဒီအထဲမှာမှ ဘက်မလိုက်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ ဆေးဝါးစောင့်ရှောက်မှုတွေကို လိုအပ်တဲ့ ပြည်သူတွေထံ ရောက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖြစ် ယာယီတာဝန်ယူထားတဲ့ မစ္စတာ ရာမာနသန် ဘာလာခရစ်ရှနန် ကတော့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေရဲ့ ကြားနေရပ်တည်ချက်ကို သက်ဆိုင်သူတွေ အားလုံးက လေးစားကြဖို့ ဆော်ဩတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူပြောသလို အမှန်တကယ်ပဲ ကြားနေ ဆောင်ရွက်နေရဲ့လား။
လက်တွေ့ အခြေအနေတွေကတော့ ပြောင်းပြန်လို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ WHO က အကြီးအကဲတွေဟာ နေပြည်တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေပြီးတော့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနဆီကနေ ခွင့်ပြုချက်တွေ ရရှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ်။ ဒါ့အပြင် အရေးပေါ် အခြေအနေတွေကို လျစ်လျူရှုပြီး ပိုနေမြဲကျားနေမြဲ လုပ်ငန်းတွေ ပြန်လုပ်နိုင်ဖို့ တာစူနေတာလည်း မြင်နေရပါတယ်။
လတ်တလောမှာကိုပဲ WHO ဟာ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ပံ့ပိုး ကူညီပေးဖို့အတွက် ဝန်ထမ်းတွေ ခေါ်ယူနေတာ တွေ့ရပါတယ်။ ဒီအထဲမှာဆိုရင် ကျန်းမာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းလုပ်ဆောင်ရန်၊ နည်းပညာ အကူအညီပေး ကြီးကြပ်ရန်ဆိုပြီး အတိအလင်း ရေးသားထားပါတယ်။
WHO ဟာ သာမန်အဖွဲ့အစည်း တရပ်ဆိုရင်တော့ သူ့သမိုင်းသူ ရေးတာလို့ ပြောချင် ပြောနိုင်ပေမယ့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတရပ် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကနေ သတ်မှတ်ထားတဲ့ “စစ်ကောင်စီကို အသိအမှတ် မပြုရေး ဆုံးဖြတ်ချက်” ကို မပျက်မကွက် လိုက်နာရန် တာဝန်ရှိပါတယ်။
ဒီမူကို လက်တွေ့ ကျင့်သုံးနိုင်ဖို့အတွက်လည်း မြန်မာပြည်တွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေနဲ့ လုပ်ငန်းတွေ မလုပ်ခင် “ဖြစ်နိုင်ခြေ” ဆန်းစစ်မှုတွေကို ပြုလုပ်ပြီး အဆိုပါ ဆန်းစစ်မှုတွေ အောင်မြင်မှသာ လုပ်ငန်းဆက်လက် ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ရှိပြီးသား ဖြစ်ပါတယ်။
WHO ရဲ့ အခုလို လုပ်ဆောင်နေမှုတွေဟာ အဆိုပါ လမ်းညွှန်ချက်များကို ဘယ်လို လက်တလုံးခြား လုပ်ထားသလဲ ဆိုတာကတော့ အဖွဲ့အစည်းမှာ လုပ်နေတဲ့ ဝန်ထမ်းတွေပဲ သိရှိကြမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ဌာနေကိုယ်စားလှယ်ကိုယ်နှိုက်က သဘောတူလို့ လုပ်ဆောင်တာလား ဆိုတာကလည်း သံသယ ဖြစ်စရာ ကောင်းပါတယ်။ မြန်မာပြည်သူတွေကတော့ စစ်ကောင်စီအလိုကျ ကပြမယ့် ဘယ်အဖွဲ့အစည်းကိုမဆို စောင့်ကြည့်ပြီး ရှုတ်ချနေကြမှာ မလွဲပါဘူး။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories:
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်း ထောင် ၃ နှစ် ချခံရ
UNICEF ထံ ကာကွယ်ဆေးရန်ပုံငွေ ပြန်အပ်သည့် ဒေါက်တာထားထားလင်း အဂတိဖြင့် အမှုဖွင့်ခံရ
စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ