လျှပ်စစ်ရထား၊ လျှပ်စစ်ကား၊ မြေအောက်ရထားများဖြင့် ခေတ်မီတိုးတက်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ကြွေးကြော်ခဲ့သည့် အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်မင်းလုပ်ခဲ့သည်မှာ တနှစ်ခွဲခန့် ရှိသွားပေပြီ။
လျှပ်စစ်ရထား၊ လျှပ်စစ်ကားမဆိုထားနှင့် လူနေအိမ်များအား လျှပ်စစ်မီးပင် မှန်မှန် မပေးနိုင်သော ကာလများကို ကြုံတွေ့နေရသည်။ ရှိပြီးသား မီးရထားပင် ပုံမှန်ဆွဲနိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။ ထို့အပြင် ရန်ကုန်မြို့၏ အချက်အခြာ လမ်းမကြီးများတွင် နှစ်ထပ်ဘန်ကာများ တခုပြီးတခုပြီး ဆောက်လုပ်လျက်ရှိ၏။
ထိုဘန်ကာများထဲ၌ အသင့်အနေအထားနှင့် စစ်သားရဲသားများကို မြင်တွေ့နေရသည်။ ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် သေနတ်တကားကားနှင့် စစ်ကားနှင့်စစ်သား၊ ရဲကားနှင့်ရဲသားများကို မြင်တွေ့နေရ၏။ ရန်ကုန်မြို့ကြီးသည် စစ်မြေပြင်အလားဖြစ်သည်။
စကစ သတင်းစာက ခြေလျင်လျှောက်သူများ လိုက်နာရမည့် ဥပဒေများ ဖော်ပြထားသော်လည်း လူကူးကုန်းကျော် တံတားများအား အရံအတားများဖြင့် ပိတ်ဆို့ထား၏။ တလွင့်လွင့်လူနေသော အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ခဏခဏ တက်ချိတ်နေကြသဖြင့် လူကူးဂုံးကျော်တံတားများကို ပိတ်ထားရသည်ဟု ဆိုသည်။
စကစ အာဏာသိမ်းပြီး ကတည်းက ရန်ကုန်မြို့ပေါ်တွင် တိုက်ခိုက်မှုပေါင်း ၂,၀၀၀ ကျော်ရှိခဲ့သည်ဟု စကစ က ဝန်ခံပြောဆိုသည်။ ပြီးခဲ့သည့် တနှစ်ခွဲအတွင်း တရက်လျှင် ပျမ်းမျှ လေးကြိမ်ခန့် တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်ဟု ဆိုရမည်။

ဤသို့သော တိုက်ခိုက်မှု မတည်ငြိမ်မှုများ ဖြစ်ပွားနေသော တိုင်းပြည်၏ စီးပွားရေးအခြေအနေက တနေ့တခြား ဆိုးဝါးလာနေသည်။ ဤသို့သော အခြေအနေတွင် စကစ ဥက္ကဋ္ဌက မြန်မာ့စီးပွားရေးအား ၆ လအတွင်း ဦးမော့အောင်လုပ်မည်ဟု ကြုံးဝါးလိုက်သည်ကို ကြားသိရ၏။ အမှန်တကယ် ဖြစ်နိုင်ပါမည်လော၊ လက်တွေ့ အခြေအနေအရ ဖြစ်နိုင်ပါမည်လော သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရပေသည်။
စကစ အာဏာသိမ်းပြီးနောက် ပထမဆုံး ရပ်တန့်သွားသည်မှာ ဘဏ်စနစ်ဖြစ်၏။ တိုင်းပြည်စီးပွားရေးတွင် အရေးပါသည့် ကဏ္ဍတခုသည် စကစ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုကင်းမဲ့မှုကြောင့် အပ်ငွေများ ပြန်လည် ထုတ်ယူရာမှစတင်၍ ရပ်တန့်သွားခဲ့သည်။ တနှစ်ခွဲကြာသည့်တိုင် လူထု၏ အပ်ငွေများကို ပုံမှန် ပြန်လည် ထုတ်ပေးနိုင်ခြင်း မရှိသေးပေ။
ငွေလွှဲလိုအပ်မှုကြောင့် လူထုက ဘဏ်စနစ်ကို အသုံးပြုနေသေးသော်လည်း ငွေသွင်းငွေထုတ်တွင် ရာခိုင်နှုန်းနှင့် ပေးနေရဆဲ ဖြစ်၏။ အဓိကအားဖြင့် အပ်ငွေနှင့် ချေးငွေစနစ်သည် မှန်တန်းအခြေအနေသို့ ပြန်မရောက်တော့ဘဲ ယုံကြည်မှုနှင့် လုပ်ဆောင်ခြင်းနှင့် မှောင်ခိုစနစ်သို့ ပြန်လည်ရောက်ရှိသွား၏။ အဆိုပါ ဘဏ်စနစ်သည် လာမည့် ၆ လအတွင်း ပုံမှန်ပြန်လည်ရောက်ရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။
ဒုတိယအချက်မှာ ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပါ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားသည်။ မဖြစ်မနေ ရပ်တည်နေသော လုပ်ငန်းများသည်ပင် စကစ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ရပ်တန့်စွန့်ခွာသွားကြသည်။ တနှစ်ခွဲခန့်အကြာတွင် ငွေကြေးဖောင်းပွမှုကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ ၄၀ ရာခိုင်နှုန်းကျော် ရှိလာပြီး မကြာမှီ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းရ၏။
စကစ အာဏာသိမ်းပြီး ကတည်းက ရန်ကုန်မြို့ပေါ်တွင် တိုက်ခိုက်မှုပေါင်း ၂,၀၀၀ ကျော်ရှိခဲ့သည်ဟု စကစ က ဝန်ခံပြောဆိုသည်။ ပြီးခဲ့သည့် တနှစ်ခွဲအတွင်း တရက်လျှင် ပျမ်းမျှ လေးကြိမ်ခန့် တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်ဟု ဆိုရမည်။
ဗဟိုဘဏ်၏ တနေ့တမျိုး ထုတ်ပြန်နေသော အမိန့်များအောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားသည်။
ဤသို့သော အခြေအနေများအောက်တွင် ပြည်တွင်းရေး မတည်ငြိမ်သည်သာမက ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်တွင်းရှိ လုပ်ငန်းရှင် အတော်များများသည် ပြည်ပသို့ ထွက်ခွာသွားကြသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ သယ်ဆောင်သွားကြ၏။ ဤသို့ အခြေအနေများ အောက်တွင် နောက် ၆ လအတွင်း မြန်မာငွေတန်ဖိုး ပြန်တက်လာရန် မဖြစ်နိုင်သည့်အပြင် ဆက်၍ ကျဆင်းရန် အလားအလာ ပိုများသည်ဟု ဆိုရမည်။
ငွေကြေးဖောင်းပွမှုနှင့် တဆက်တစပ်တည်း ပြဿနာမှာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာအား နှုန်းရှင်သတ်မှတ်ရာမှ နှုန်းသေ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်၏။ ထိုအချက်သည် လွန်ခဲ့သော ၁၀ နှစ် ကျော်က ပြုလုပ်လာခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲရေးအား ရပ်တန့်ဖျက်ဆီးလိုက်ခြင်းလည်း ဖြစ်ပေသည်။
နှုန်းသေ သတ်မှတ်စဉ်ကာလက အပြင်ဈေးဟုခေါ်သည့် ဈေးကွက်ပေါက်ဈေးနှင့် များစွာ မကွာဟသဖြင့် မသိသာဟု ဆိုနိုင်သေး၏။ သို့သော် လအချို့ကြာသည်အခါဈေးကွက်ပေါက်ဈေးနှင့် ၅၀၀ အထက် ကွာဟလာသည်ကို တွေ့ရပြီး မြန်မာငွေကြေးတန်ဖိုး ထိုးကျလာသည်။
ငွေကြေးတန်ဖိုး ကျဆင်းလာသည်နှင့် ၎င်းအား ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ပထမအဆင့်အနေနှင့် ပို့ကုန်မှ ရရှိလာသော နိုင်ငံခြားငွေအားလုံးကို စကစ သတ်မှတ်ဈေးဖြင့် မြန်မာကျပ်ငွေအဖြစ် အဓမ္မပြောင်းလဲစေခဲ့သည်။
ထို့နောက် ဘဏ်များတွင် အပ်နှံထားသည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ နိုင်ငံခြား ကုမ္ပဏီများ တစိတ်တပိုင်း ရှယ်ယာပါသော ကုမ္ပဏီများသာမက ပုဂ္ဂုလိကပိုင်ငွေများကိုပါ စကစ သတ်မှတ်နှုန်းထားဖြင့် အတင်းအကြပ် မြန်မာကျပ်ငွေ ပြောင်းလဲစေခဲ့သည်။ သို့နှင့် နိုင်ငံခြားငွေ အားလုံးအား စကစ က ချုပ်ကိုင်ပြီး ငွေကြေးစနစ်ရော စီးပွားရေးပါ ကမောက်ကမ ဖြစ်စေခဲ့တော့သည်။
ပို၍ဆိုးဝါးစေသည်မှာ ဗဟိုဘဏ်သည် ထုတ်ပြန်ချက်များကို တနေ့တမျိုး ထုတ်ပြန်နေခြင်း၊ ရှေ့ကြေညာချက်ကို နောက်ကြေညာချက်ဖြင့် ပြန်ပြင်ခြင်း သို့မဟုတ် ပြန်ဖျက်ခြင်း ပြုလုပ်နေသည်ကို တွေ့ရပေရာ စကစတွင် ငွေကြေးနှင့်ပတ်သက်၍ ခိုင်မာသောမူဝါဒ မရှိသည်ကို ပြသနေ၏။
ဤစကစ၏ ကမောက်ကမ ငွေကြေးမူဝါဒကြောင့် နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားခြင်း၊ သွင်းကုန်ပို့ကုန် လုပ်ငန်းများ ပုံမှန်လည်ပတ်မှု ရပ်တန့်ပြီး မှောင်ခိုစနစ်သို့ ကူးပြောင်းသွားခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျခြင်းစသည့် အကျိုးဆက်များကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။
ငွေကြေးတန်ဖိုး ကျဆင်းလာသည်နှင့် ၎င်းအား ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ပထမအဆင့်အနေနှင့် ပို့ကုန်မှ ရရှိလာသော နိုင်ငံခြားငွေအားလုံးကို စကစ သတ်မှတ်ဈေးဖြင့် မြန်မာကျပ်ငွေအဖြစ် အဓမ္မပြောင်းလဲစေခဲ့သည်။
နိုင်ငံခြားငွေ ရပေါက်ရလမ်းတခုမှာ ပို့ကုန်မှ ဖြစ်သည်။ သို့သော် စကစ၏ နိုင်ငံခြားငွေ ထိန်းချုပ်မှု၊ သွင်းကုန်ကို ကန့်သတ်ရန်ဆိုသော်လည်း ပို့ကုန်သမားများလည်း ထိခိုက်နေ၏။ ပို့ကုန်ရငွေများကို ချက်ခြင်း မြန်မာကျပ်ငွေကို သတ်မှတ်နှုန်းအတိုင်း လဲလှယ်ရသဖြင့် လက်ရှိငွေဈေး ခြားနားမှုကြောင့် ဒေါ်လာ ၁ သန်းဖိုး နိုင်ငံခြားသို့ ကုန်ပို့တိုင်း မြန်မာကျပ်ငွေ သန်း ၅၀၀ ခန့် အရှုံးပေါ်နေသဖြင့် တရားဝင် ပို့ကုန်လုပ်ငန်းများ ရပ်တန့်ကုန်သည်။ မှောင်ခို ဈေးကွက်ပေါ်ပေါက်လာ၏။
ထိုသို့သော အခြေအနေများက မြန်မာ့စီးပွားရေး ဦးမော့ဖို့ထက် အလားအလာမရှိပေ။ ထို့အပြင် နိုင်ငံခြားငွေများ လိုအပ်ချက် ကြီးမားလာသဖြင့် နိုင်ငံခြားငွေများဖြစ်သည့် ဒေါ်လာ၊ ယွမ်၊ ဘတ်ငွေတို့သာမက ရွှေဈေးသည်လည်း တရိပ်ရိပ်တက်နေသည်ကို မြင်တွေ့နေရပေ၏။
လက်ရှိ ထိုဂယက်များအောက်တွင် လူထုခံစားရသည်မှာ အခြေခံစားကုန်များ ဈေးတက်ခြင်း ဖြစ်သည်။ မြန်မာပြည်အတွက် အခြေခံစားကုန်တခုမှာ ဆန်ဖြစ်၏။ ယခုနှစ်အတွင်း နှစ်လည်ပိုင်းမှစ၍ ဆန်ဈေးများ ထိုးတက်လာသည်။ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းက ဆန်ဈေးကျစေရန် ဆောင်ရွက်နေသော်လည်း ဈေးမတက်ရန်တော့ အာမ မခံနိုင်ဟု ဆိုသည်ကို တွေ့ရ၏။

၂၀၂၂ ခုနှစ်အတွက် ဆန်စပါးစိုက်ပျိုးမှု အခြေအနေမှာ မကောင်းလှပေ။ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ် စသည့်ဒေသများတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် ဆန်စပါး စိုက်ပျိုးနိုင်ခြင်း မရှိပေ။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသများက လယ်သမားများအဖို့လည်း ငွေကြေးတန်ဖိုး ကျဆင်းမှု၊ စကစ က နိုင်ငံခြားငွေ ချုပ်ကိုင်မှုကြောင့် မြေဩဇာဈေးက အဆမတန် ထိုးတက်သွားရာ စားရိတ်ထောင်းသဖြင့် စိုက်ဧကများကို သုံးပုံတပုံမှ တဝက်အထိ လျော့ချစိုက်ပျိုးနေရသည်ဟု ဆိုသည်။
စကစ က လယ်သမားများအား စိုက်ပျိုးရေးချေးငွေ ထုတ်ပေးသည်ဆိုသည့် သတင်းများလည်း မတွေ့ရပေရာ လယ်သမားများအတွက် ယခုနှစ် စိုက်ပျိုးရာသီတွင် အခက်အခဲများ ကြုံနေရသည်။ ထို့အပြင် အတန်ငယ် တည်ငြိမ်၍ လယ်ယာစိုက်ပျိုးနိုင်သည့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ယခုလများအတွင်း မိုးခေါင်ပြီး ရေမရ၍ စိုက်ပျိုးပြီးလယ်မြေ တဝက်ခန့် ပျက်ဆီးနိုင်သည်ဟု ခန့်မှန်းနေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ၂၀၂၂ စပါးသီးနှံ ပေါ်ချိန်သည် ဆန်စပါးရှားပါးပြီး ဆန်ဈေးတက်နိုင်သည့် အခြေအနေတွင် ရှိသည်။
ပြည်တွင်းအတွက် အခြေခံ လိုအပ်ချက်တခုမှာ လောင်စာဆီ ဖြစ်သည်။
ယခုအခါ နိုင်ငံခြားငွေကို ထိန်းချုပ်ထားသည့် စကစ က လောင်စာဆီတင်သွင်းမှုကို ထိန်းချုပ်ထားသည်။ ထိုသို့ ကန့်သတ်မှုကြောင့် အချို့နေရာများတွင် လောင်စာဆီ ပြတ်လပ်မှုနှင့် ဈေးတက်မှုများကို တွေ့နေရ၏။ လက်ရှိတွင် စကစ က ၎င်းတို့ သတ်မှတ်ထားသော နှုန်းသေဖြင့် လောင်စာဆီကို အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားရာ ငွေဈေးကိုလိုက်၍ လောင်စာဆီဈေး မတက်ဟု ဆိုနိုင်သည်။
ထိုသို့သော အခြေအနေများက မြန်မာ့စီးပွားရေး ဦးမော့ဖို့ထက် အလားအလာမရှိပေ။ ထို့အပြင် နိုင်ငံခြားငွေများ လိုအပ်ချက် ကြီးမားလာသဖြင့် နိုင်ငံခြားငွေများဖြစ်သည့် ဒေါ်လာ၊ ယွမ်၊ ဘတ်ငွေတို့သာမက ရွှေဈေးသည်လည်း တရိပ်ရိပ်တက်နေသည်ကို မြင်တွေ့နေရပေ၏။
သို့သော်လည်း ကမ္ဘာ့ရေနံစိမ်း ဈေးတက်ခြင်းကြောင့် လောင်စာဆီဈေးသည် အာဏာမသိမ်းမီကထက် သုံးဆ ဈေးတက်သွားပြီ ဖြစ်၏။ ထို့ပြင် သတ်မှတ်ဈေးနှုန်းဖြင့် စကစ က သွင်းပေးနေခြင်းသည် အစိုးရဘဏ္ဏာမှ အရှုံးခံသွင်းပေးနေခြင်းဖြစ်ရာ တကယ်ပေါက်ဈေးနှင့် ကွာဟသည်။ နိုင်ငံခြားငွေ သတ်မှတ်နှုန်းထားနှင့် ဈေးကွက်တွင်းမှ ဈေးကွာခြားချက်ကြီးလေ အရှုံးကြီးလေဖြစ်သည်။
ယခုအခါ ထိုဈေးနှစ်ခုမှာ ၅၀၀ ခန့်ကွာနေပြီဖြစ်၍ လောင်စာဆီ ဒေါ်လာ ၁ သန်းဖိုးသွင်းတိုင်း မြန်မာကျပ်ငွေ သန်း ၅၀၀ ရှုံးသည်။ လက်ရှိတွင် ပုဂ္ဂလိကကုန်သည်များ၊ ကုမ္ပဏီများမှ အဓမ္မသိမ်းယူထားသည့် နိုင်ငံခြားငွေများဖြင့် အရှုံးခံနိုင်သည် ဆိုသော်လည်း ရေရှည်တွင် ပုဂ္ဂလိက ကုန်သည်များ၊ ကုမ္ပဏီများကရော အရှုံးခံ၍ ပြည်ပပို့ကုန်အား တရားဝင် ပို့နိုင်ပါမည်လော၊ သို့မဟုတ် စကစ က စိုက်ပေးနိုင်ဦးမည်လော ဆိုသည်မှာ အကျပ်အတည်းတခု ဖြစ်၏။
လူထုအတွက် အခြေခံလိုအပ်ချက်တခုမှာ ဆေးဝါးဖြစ်သည်။ မြန်မာပြည်အတွက် လိုအပ်သည့် ဆေးဝါးအများစုအား နိုင်ငံခြားမှ တင်သွင်းနေရသည်။ ယခုအခါ ဆေးဝါးတင်သွင်းခွင့်အား လိုင်စင်ချပေးမည် ဖြစ်သော်လည်း နိုင်ငံခြားငွေ ခွင့်မပြုတော့ဟု ဆိုသည်။ မိမိအစီအစဉ်ဖြင့် မိမိရှာရမည်ဟု ဆို၏။ ပို့ကုန်ဝင်ငွေ အားလုံးအား စကစ က ထိန်းချုပ်ထားရာ ပြင်ပဈေးကွက်မှ ပေါက်ဈေးအတိုင်းသာ ရှာရတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ လိုအပ်ချက် များပြားပြီး ဈေးပိုတက်သည်။ ထိုနှင့်အညီ လက်ရှိတွင် ဆေးဝါးရှားပါးခြင်းနှင့် ဆေးဝါးဈေးနှုန်းများလည်း နှစ်ဆခန့်တက်နေသည်ကို ကြုံတွေ့နေရသည်။ စကစ က တာဝန်ယူနိုင်စွမ်း မရှိပေ။ ဤသို့အခြေခံ ဆန်၊ လောင်စာဆီနှင့် ဆေးဝါးများ ဈေးတက်နေသဖြင့် ကျန် ကုန်ပစ္စည်းအားလုံးလည်း နှစ်ဆခန့် ဈေးတက်သွားနေပြီ ဖြစ်သည်။
ဤသို့ ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်သည့်ကာလတွင် လူထုရင်ဆိုင်ရသည့် နောက်ပြဿနာတခုမှာ အလုပ်အကိုင်ရှားပါးမှု ဖြစ်သည်။ တိုင်းပြည် မတည်ငြိမ်မှုနှင့် ဘဏ္ဏာရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားခြင်း၊ ထွက်ခွာသွားခြင်း၊ ထပ်မံ၍ အလုံးအရင်းနှင့် ဝင်ရောက်စရာ မရှိခြင်းတို့အပြင် ပြည်တွင်းရှိ နိုင်ငံသားလုပ်ငန်းရှင် အများအပြားကလည်း လုပ်ငန်းပိတ်သိမ်း၍ ငွေထုပ်ပိုက်၍ နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည်။
ထိုကြောင့် ပြည်တွင်းတွင် အရင်းအနှီးများ လျော့ကျခြင်း၊ အလုပ်အကိုင်များ လျော့ကျခြင်း၊ အလုပ်အကိုင်များ ရှားပါးခြင်းတို့ကြောင့် တိုင်းပြည် ဂျီဒီပီ တက်ရန် အကြောင်းမရှိပေ။ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးရှေ့တွင် နေ့စဉ်လူထောင်ချီကာ တန်းစီနေကြပြီး နိုင်ငံရပ်ခြားသို့ နေ့စဉ်ထောင်ချီ ထွက်ခွာနေကြသည်။ လုပ်သား အင်အားများအပြင် ပညာရှင်များ၊ လုပ်ငန်းရှင်များပါ တိုင်းပြည်ကို အလုံးအရင်းနှင့် စွန့်ခွာသွားနေချိန်တွင် တိုင်းပြည်စီးပွားရေး ဦးမော့ရန် မဖြစ်နိုင်ပေ။
စကစနှင့် တော်လှန်တိုက်ခိုက်သူများ နှစ်ဖက်လုံး၏ စစ်စရိတ်သည် မြင့်တက်နေ၏။ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရုံမက တိုင်းပြည်၏ အရင်းအမြစ်များ နေ့စဉ် အတိုင်းအဆမရှိ ပျက်ဆီးဆုံးရှုံးနေသည်။
ထို့အပြင် ပြီးခဲ့သော တနှစ်ခွဲကာလ စစ်ပွဲများအတွင်း အရပ်သား လူနေအိမ်၊ ဆိုင်ခန်း၊ ဘာသာရေး အဆောက်အအုံများအပါ အဆောက်အအုံ ၃၀,၀၀၀ နီးပါးခန့် မီးလောင်ပျက်စီးသွားခဲ့သည်။ မြို့များ ရွာများ ပြာပုံဖြစ်ခဲ့သည်။
အရပ်သားပိုင် စပါး၊ ဆိုင်ကယ်၊ ကား၊ လယ်ထွန်စက် အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရ၏။ အညာဒေသရှိ ရေနံတွင်း ရာနှင့်ချီ၍ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဆက်သွယ်ရေးတာဝါတိုင် ၅၀၀ ကျော်မျှ ပျက်စီးသွားခဲ့သည်။ စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရပြီး မည်သည့်စီးပွားရေးမျှ မလုပ်နိုင်ကြပေ။
ထို့အပြင် နိုင်ငံအနှံ့အပြား တိုက်ပွဲများဖြစ်ပွားနေသည်။ ဗုံးခွဲတိုက်ခိုက်မှုများစွာ ဖြစ်ပွားနေ၏။ လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ နေ့စဉ် စစ်ပွဲကြောင့် သေဆုံးသူများ ထွက်ပေါ်နေ၏။

စကစနှင့် တော်လှန်တိုက်ခိုက်သူများ နှစ်ဖက်လုံး၏ စစ်စရိတ်သည် မြင့်တက်နေ၏။ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရုံမက တိုင်းပြည်၏ အရင်းအမြစ်များ နေ့စဉ် အတိုင်းအဆမရှိ ပျက်ဆီးဆုံးရှုံးနေသည်။
ထိုသို့သော အခြေအနေအောက်တွင် တိုင်းပြည်စီးပွားရေးအား ၆ လအတွင်း ဦးမော့စေမည်ဆိုသည့် စကစ ခေါင်းဆောင်၏ ပြောဆိုချက်သည် ရယ်မောဖွယ် ပြက်လုံးတခုထက် မပိုပေ။
ယခုကာလတွင် စီးပွားရေး အကြပ်အတည်းကြောင့် ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်၊ လိမ်လည် စသည့် ရာဇဝတ်မှုများ ထူပြောနေသည်။ စကစ ကလည်း လေင်းကစားဝိုင်းများ နေရာတကာ ဖွင့်လှစ်နေသဖြင့် လူထုကြား အကျင့်ပျက်မှုများ ပိုတိုးလားနေသည်။ စကစ၏ စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ပြည်သူ့စစ် စသည့် လုံခြုံရေး တပ်ဖွဲ့များသည် စကစ၏ နိုင်ငံရေးရန်သူများအား နှိပ်ကွပ်နိုင်ရေး ဦးစားပေး လုပ်ဆောင်နေသဖြင့် ရာဇဝတ်မှုများကို ကိုင်တွယ်နိုင်ခြင်းမရှိပေ။
သို့ဖြစ်ရာ ရာဇဝတ်မှုများ ထူပြောလာသဖြင့် မြန်မာပြည် လူ့အဖွဲ့အစည်းသည် တည်ငြိမ်မှု မရှိပေ။ ဤသို့သော အခြေအနေအောက်တွင် ၆ လအတွင်း မြန်မာပြည်စီးပွားရေး ဦးမော့လာမည်ဆိုသည်မှာ ဖြစ်နိုင်ချေ မရှိပေ။
သို့ဖြစ်ရာ ဤသို့သော အကြောင်းအချက်များအောက်တွင် စကစ ခေါင်းဆောင်က ၆ လအတွင်း မြန်မာပြည် စီးပွားရေး ဦးမော့စေရမည်ဆိုသည်မှာ ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ စစ်တက္ကသိုလ်က ဆင်းလျှင် ဘာမဆို တတ်ပြီ၊ သိပြီဟု ထင်နေသည့် စစ်ဗိုလ်တယောက်၏ အခြေအမြစ်မရှိသည့် ပြောလုံးမျှသာ ဖြစ်၏။
လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကဲ့သို့ ပြောပြီးလျင် လေထဲပျောက်ကွယ်သွားမည့် စကားလုံးများသာ ဖြစ်သည်။ စကစ၏ ၆ လအအတွင်း မြန်မာ့စီးပွားရေး ဦးမော့မည်ဆိုသည်က ပဲ့နစ်၍ တစီးလုံး မြှုပ်နေသည့်ကာလတွင် တွေ့မြင်ရမည့် ဦးမော့နေခြင်းမျိုး ဖြစ်ပေလိမ့်မည်။
You may also like these stories:
မြန်မာ့စီးပွားရေး ဆက် ဆိုးရွားနေဦးမည် ဟု ကမ္ဘာ့ဘဏ် ဆို
နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များ မြန်မာမှ ‘တာဝန်သိစွာ ထွက်ခွာရန်’ တိုက်တွန်းခံရ
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်