သူတို့ရဲ့ သေဆုံးခြင်းတွေက ကြီးကျယ်မြင့်မြတ်တယ်။ ပြည်သူတရပ်လုံး ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေ ပြန်ရဖို့၊ သူတို့ရဲ့နိုင်ငံကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့၊ စစ်ဖိနပ်အောက်မှာ ခေတ်အဆက်ဆက် ကြေမွပျက်စီးခဲ့ရတဲ့ တိုင်းပြည်ကို အနာဂတ် မျိုးဆက်တွေအတွက် ပြန်လည် တည်ထောင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သူတို့ရဲ့အသက်တွေကို ပေးဆပ်ခဲ့ကြတယ်။
ကြီးကျယ်မြင့်မြတ်စွာ သေဆုံးသူတွေထဲမှာ နောက်ဆုံး ကမ္ဗည်းတင် ဂုဏ်ပြုရမယ့်သူတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ‘၈၈’ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ပါပဲ။ သူတို့လေးဦးကို ပြီးခဲ့တဲ့လ စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဇူလိုင် ၂၃၊ ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီက ကြိုးပေးစီရင်ခဲ့တယ်။
သူတို့ကို သေဒဏ်ကွပ်မျက်ဖို့ နောက်ဆုံးအတည်ပြု သတ်မိန့်ပေးခဲ့တဲ့ စစ်ကောင်စီ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အာဏာရှင် စစ်ခေါင်းဆောင်တွေထဲမှာတောင် ရက်စက်အကြမ်းကြုတ်ဆုံး အနေနဲ့ မြန်မာ့သမိုင်းမှာ ကမ္ဗည်းတင်ခဲ့ပါပြီ။ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် သူ့ရှေ့က စစ်ခေါင်းဆောင်တွေတောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေး ကွပ်မျက်မှုတွေ ရပ်တန့်ခဲ့တာ ၁၉၇၀ ကျော်ကာလတွေတည်းက ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာပြီးမှ ဒီလူမဆန် ရက်စက်တဲ့ ကွပ်မျက်သတ်ဖြတ်မှုကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြန်အသက်သွင်းပြီး ဒီမိုကရေစီ ဘက်တော်သားတွေကို သတ်ခဲ့တာပါ။
သေဒဏ်ကွပ်မျက်ဖို့ နောက်ဆုံးအတည်ပြု သတ်မိန့်ပေးခဲ့တဲ့ စစ်ကောင်စီ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အာဏာရှင် စစ်ခေါင်းဆောင်တွေထဲမှာတောင် ရက်စက်အကြမ်းကြုတ်ဆုံး အနေနဲ့ မြန်မာ့သမိုင်းမှာ ကမ္ဗည်းတင်ခဲ့ပါပြီ။
ဒီနေရာမှာ ကျနော်တို့ကြားရတဲ့ အတွင်းသတင်း တခုအရဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စဉ်းစားတာ စိတ္တဇလူသတ်သမားတွေ စဉ်းစားသလိုပါပဲ။
ကိုဂျင်မီတို့ ၄ ဦးကို ကွပ်မျက်ပြီးပြီးခြင်း သတင်းထုတ်ပြန်ကြေညာဖို့ သူညွှန်ကြားခဲ့ပါတယ်။ သူ့လက်အောက် ဗိုလ်ချုပ်တချို့ကတောင် ဒီလိုသတင်းဆိုးကို ချက်ချင်း မထုတ်ပြန်စေချင်ပေမယ့် သူတို့ခေါင်းဆောင် ခိုင်းတာကိုတော့ မငြင်းရဲခဲ့ကြပါဘူး။ ကြိုးပေးသတ်ဖြတ်ပြီးတာကို တိုင်းပြည်နဲ့ ကမ္ဘာကို ချက်ချင်း အသိပေးဖို့ စိတ်အားထက်သန်နေခြင်းက စိတ္တဇလူသတ်သမား တယောက်က သူလူသတ်နိုင်တဲ့ အစွမ်းအစကို အောင်မြင်မှုတခု အနေနဲ့ အမြန်ထုတ်ပြချင်နေတဲ့ သဘောပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက တိုင်းပြည်တဝှမ်း အချိန်မဆိုင်း နေရာမရွေး ဥပဒေမဲ့ ပြည်သူတွေကို တောက်လျှောက် သတ်ဖြတ်ခဲ့တယ်။ အခုထိလည်း သတ်နေဆဲပါ။
ဒါပေမယ့် ပြည်သူတွေချစ်ခင်လေးစားရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီ ဘက်တော်သား ၄ ဦးကို မင်းအောင်လှိုင် ကြိုးပေးသတ်ခြင်းဟာ သူ့ကို ဆန့်ကျင်နေတဲ့သူတွေ အားလုံးနဲ့ ပြစ်တင်ရှုတ်ချနေတဲ့ ကမ္ဘာ့နိုင်ငံတွေကို သူ့ရဲ့ စစ်ခုံရုံးတွေက ချမှတ်တဲ့ မတရားတဲ့ “တရားဥပဒေ” ကိုသုံးပြီး သွေးအေးအေးနဲ့ လက်တုံ့ပြန်လိုက်တာပါ။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေ အားလုံးဟာ လူတွေမှာရှိတဲ့ ဆင်ခြင်တုံတရား၊ ဂရုဏာတရားနဲ့ နောင်တတရားတွေ လုံးဝပျောက်ကင်းနေပြီး အင်မတန်မှအန္တရာယ်ကြီးကာ ကောက်ကျစ်စဉ်းလဲတဲ့ အာဏာရှင်တယောက်ဆိုတာ ပြနေပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကိုဂျင်မီတို့ ၄ ယောက်ကို သတ်မိန့်ပေးပြီး ၁ လကျော်အတွင်း အမြန်ကွပ်မျက်ခဲ့ပြီး ချက်ချင်း သတင်းထုတ်ပြန်ခြင်းရဲ့ နောက်ကွယ်က သူ့စိတ်ကို သုံးသပ်ကြည့်မယ်ဆိုရင် (၁) သူ့ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတွေကို ကြောက်လန့်စေဖို့၊ (၂) ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို ခင်မင်ရင်းနှီးပြီး တန်ဖိုးထားတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကို စိတ်ဓာတ်ပျက်ပြားသွားစေဖို့၊ (၃) သူတို့ကို မသတ်ဖို့ ဝိုင်းဝန်းဖိအားပေး တောင်းဆိုနေတဲ့ ကမ္ဘာ့နိုင်ငံတွေကို ဂရုမစိုက်ဘဲ အာခံပြတဲ့သဘောကို တွေ့ရပါတယ်။ ဒီအချက်တွေက သူဟာ အငြိုးအတေးကြီးပြီး စိတ်ရိုင်းဝင်နေတာကို ပြတာပါ။
၂၁ ရာစုရဲ့ ဂဠုန်ဦးစော
ပြီးခဲ့တဲ့တနင်္လာနေ့မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် စစ်ကောင်စီရဲ့ ကြိုးပေးသတ်ပြီးကြောင်း ထုတ်ပြန်ချက်ဟာ ပြည်သူတရပ်လုံးကို (စစ်ကောင်စီရဲ့ အလိုတော်ရိတွေက လွဲလို့) ထိတ်လန့်တုန်လှုပ် ဝမ်းနည်းပူဆွေးစေခဲ့တာ အမှန်ပါ။ ပြည်သူတွေရဲ့ ခံစားချက်ကို ခန့်မှန်းတိုင်းတာကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဂဠုန်ဦးစောက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နောက်ပိုင်း တိုင်းပြည်အတွက် ဝမ်းနည်းကြေကွဲရဆုံး နေ့တနေ့လို့ပြောရင် မမှားပါဘူး။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေ အားလုံးဟာ လူတွေမှာရှိတဲ့ ဆင်ခြင်တုံတရား၊ ဂရုဏာတရားနဲ့ နောင်တတရားတွေ လုံးဝပျောက်ကင်းနေပြီး အင်မတန်မှအန္တရာယ်ကြီးကာ ကောက်ကျစ်စဉ်းလဲတဲ့ အာဏာရှင်တယောက်ဆိုတာ ပြနေပါတယ်။
မြန်မာပြည်သူတွေအတွက် ဂဠုန်ဦးစောဟာ နိုင်ငံတော်လုပ်ကြံမှုကို ကျူးလွန်ခဲ့တဲ့ တိုင်းပြည်ရဲ့ သစ္စာဖောက်ပါ။
မင်းအောင်လှိုင်က ၂၁ ရာစုရဲ့ ဂဠုန်ဦးစော ပါပဲ။
သူကအများကြီးတောင် ပိုဆိုးတယ်လို့ ပြောရမယ်။ ဦးစောက တိုင်းပြည်ခေါင်းဆောင် ၉ ဦးကို လုပ်ကြံခဲ့တာ မှန်ပေမယ့် မင်းအောင်လှိုင်ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက အဆမတန် ပိုများပါတယ်။ အခုချိန်အထိ သူ့စစ်တပ်က သတ်ခဲ့တဲ့ လူပေါင်း ၂,၀၀၀ ကျော်နေပြီး ဖမ်းထားတာလည်း သောင်းချီပါတယ်။
သူ့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ သူတို့မိသားစုတွေ အားလုံးကို အမှုန့်ကြိတ်သလို ချေမှုန်းပစ်ခဲ့တယ်။ ရွေးကောက်ခံ ခေါင်းဆောင်တွေကိုလည်း မတရားထောင်သွင်း အကျဉ်းချခဲ့တယ်။ တိုင်းပြည်ရဲ့ ဖူးပွင့်လာတဲ့ ဒီမိုကရေစီအညွန့်ကို ချေမွခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးကို ဖျက်ဆီးခဲ့တယ်။
ပြည်သူတွေရဲ့ မျက်စိထဲမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူတရပ်လုံးကို ဆန့်ကျင်ရန်လုပ်၊ နိုင်ငံကိုဖျက်ဆီးခဲ့ပြီး သမိုင်းမှာ နှိုင်းယှဉ်စရာမရှိတဲ့၊ တတိုင်းပြည်လုံးကို သစ္စာဖောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ပါ။

ကိုဂျင်မီတို့ ၄ ဦးကို ကြိုးပေးပြီးပြီးချင်း နောက်ထပ် သေဒဏ်ကျခံထားရတဲ့ သူတွေကိုလည်း ဆက် ကွပ်မျက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခုထောင်ထဲမှာ သေဒဏ်ပေးခံထားရတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ သူ ၇၆ ဦး ရှိနေပြီး သူတို့ထဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ အမျိုးသမီးငယ် ၈ ဦးလည်း ပါပါတယ်။ နောက်ထပ် ၄၁ ဦးကတော့ မျက်ကွယ် သေဒဏ်ချခံထားရသူတွေ ဖြစ်ပါတယ်။
အပေါ်မှာ သုံးသပ်ခဲ့သလို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စိတ်ဟာ ရက်စက် ကြမ်းတမ်းတာကြောင့် ကွပ်မျက်သတ်ဖြတ်မှုတွေ ထပ်ကြားရမယ့်သဘော ရှိနေပါတယ်။ မင်းအောင်လှိုင်က ဂဠုန်ဦးစောထက် အများကြီး ပိုရက်စက်ဆိုးဝါး ကောက်ကျစ်တယ်ဆိုတာ ကျနော်တို့အားလုံး ကိုယ်တိုင်ကြုံတွေ့ပြီးပါပြီ။
ပြည်သူတွေရဲ့ မျက်စိထဲမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူတရပ်လုံးကို ဆန့်ကျင်ရန်လုပ်၊ နိုင်ငံကိုဖျက်ဆီးခဲ့ပြီး သမိုင်းမှာ နှိုင်းယှဉ်စရာမရှိတဲ့၊ တတိုင်းပြည်လုံးကို သစ္စာဖောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ပါ။
စိတ္တဇလူသတ်သမားလို သတ်နည်းမျိုးစုံသုံးပြီး ဆက်တိုက်သတ်နေတဲ့ သူ့ကို ဘယ်သူက၊ ဘယ်နည်းနဲ့မှ လတ်တလော တားနိုင်မယ့်သဘော မတွေ့ရပါဘူး။ သူ့ရဲ့ နောက်ဆုံးနည်းကတော့ ကြိုးပေးသတ်ဖြတ်ခြင်းပါ။ ဒီနည်းနဲ့ ကွပ်မျက်ပြီး သူ့ကိုဆန့်ကျင်တဲ့သူတွေ အားလုံးကို ကြောက်ရွံ့ နောက်တွန့်သွားဖို့ ကြိုးစားတာပါ။
ဒါပေမယ့် ပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲမှုတွေက ဒေါသတွေအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးအတွက် အင်အားတွေ ဖြစ်စေနိုင်တယ်ဆိုတာကို အာဏာယစ်မူးဖို့ပဲသိတဲ့ စစ်ခေါင်းဆောင်တယောက် နားမလည်တာတော့ အံ့သြစရာ မဟုတ်ပါဘူး။
ကိုဂျင်မီတို့ ၄ ဦးကို သေဒဏ်ကွပ်မျက်ပြီးနောက် ပြည်သူ့တော်လှန်ရေးရေချိန် ချက်ချင်း မြင့်တက်လာတာ တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက သူတို့တိုက်ပွဲတွေကို အရှိန်မြှင့်ပြီး စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ ပြင်ဆင်လာနေတယ်။ မြို့ပြပြောက်ကြား တပ်ဖွဲ့တွေလည်း သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ပိုအရှိန်မြှင့်နေကြတယ်။
ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကြိုးစင်ပေါ်မှာ ပြည်သူချစ်တဲ့ နိုင်ငံ့သားကောင်း ဒီမိုကရေစီဘက်တော်သားတွေ ထပ်ဆုံးရှုံးရမယ်ဆိုရင်တော့ ရင်နာဖို့ ကောင်းပါတယ်။
ဂဠုန်ဦးစော သတ်ခဲ့တဲ့သူတွေ နိုင်ငံရဲ့အာဇာနည်တွေ ဖြစ်ခဲ့သလို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ ထောင်ချီတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေလည်း အာဇာနည်တွေပါ။
ဂဠုန်ဦးစော သတ်ခဲ့တဲ့သူတွေ နိုင်ငံရဲ့အာဇာနည်တွေ ဖြစ်ခဲ့သလို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ ထောင်ချီတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေလည်း အာဇာနည်တွေပါ။
စဉ်းလဲဖိနှိပ်ရက်စက်တဲ့ အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ ရဲရင့်တဲ့ မြန်မာပြည်သူတွေကြားက တိုက်ပွဲဟာ မပြီးသေးပါဘူး။ နိုင်ငံတဝှမ်း ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ တော်လှန်ရေးသမားတွေက သူတို့ရဲ့ တရားတဲ့တိုက်ပွဲအတွက် ရဲရဲရင့်ရင့် အသက်ပေးဖို့ သတ္တိတွေ ပြည့်ဝနေတာ တွေ့ရပါတယ်။ မြင့်မြတ်တဲ့ သေခြင်းအတွက် သူတို့အသက်တွေကို စွန့်လွှတ်ဖို့ပေါ့။
ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကို တွန်းလှန်ပြီး ကြီးကျယ်မြင့်မြတ်စွာ အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ မရေတွက်နိုင်တော့ပါဘူး။ ဒါကြောင့် “အာဇာနည်တွေ နေတဲ့တိုင်းပြည်” လို့တောင်တင်စားကြတယ်။
မြန်မာနိုင်ငံဟာ ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်ပါ။
You may also like these stories:
ကြိုးပေးခံရတဲ့ လှိုင်သာယာက အညတရ သူရဲကောင်းနှစ်ဦး
မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်
ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို
ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေလိုခြင်းဖြင့် စစ်ကောင်စီခေါင်းဆောင် စိတ်ထင်ရာလုပ်နေ
မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း