၂၀၂၁ ခုနှစ် မြန်မာတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်သည် လူပေါင်း ၂,၂၀၀ ကျော်ကို သတ်ဖြတ်ထားသည်။ စစ်တပ်သည် နိုင်ငံရေးဖိနှိပ်မှုကို နှစ်ဆတိုးလုပ်လာပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ကာ လက်နက်ကိုင်ခုခံမှုတွင် ပါဝင်သည့် ကျေးရွာများကို မီးရှို့သည်။
မြန်မာမှ ဘဝလုံခြုံရေး ခြိမ်းခြောက်မှုများသည် ဒေသတွင်းသို့ ပျံ့နှံ့ပြီး ဒုက္ခသည်များ နိုင်ငံမှထွက်ပြေးခြင်း၊ အမျိုးသမီးများနှင့် ကလေးများကို လူကုန်ကူးခြင်း၊ မူးယစ်မှောင်ခိုခြင်း စသည်တို့ များပြားလာသည်ကို တွေ့ရသည်။
မြန်မာတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားသားများလည်း လူကုန်ကူးခံရသည့် သားကောင်များ ဖြစ်လာသည်။ ဒါဇင်ပေါင်းများစွာသော တရုတ်စကားပြောသူများကို ထိုင်းမှတဆင့် မြန်မာသို့ ပြန်ပေးဆွဲပြီး ငွေကြေးလိမ်လည်ခိုင်းသည်။
မြန်မာတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားသားများလည်း လူကုန်ကူးခံရသည့် သားကောင်များ ဖြစ်လာသည်။ ဒါဇင်ပေါင်းများစွာသော တရုတ်စကားပြောသူများကို ထိုင်းမှတဆင့် မြန်မာသို့ ပြန်ပေးဆွဲပြီး ငွေကြေးလိမ်လည်ခိုင်းသည်။ ၂၀၂၂ ခုနှစ်၊ မေလတွင် မလေးရှားနိုင်ငံသားများကို ထိုင်းတွင် လစာကောင်းသော အလုပ်ဟူ၍ လိမ်လည်ခေါ်ယူပြီး မြန်မာသို့ လူမှောင်ခိုကူးသည်။ နောက်ပိုင်းတွင် ထိုင်ဝမ်သားများနှင့် ဟောင်ကောင်သားများပါ အလုပ်အကိုင်ဖြင့် လိမ်လည်ခေါ်ယူ ကျွန်ပြုခံလာရသည်။
လူကုန်ကူးခံရသော သားကောင်များကို ဖမ်းဆီးချုပ်နှောင်ထားပြီး ရာဇဝတ်ဂိုဏ်းများက အွန်လိုင်းမှ ငွေကြေးလိမ်လည်ခိုင်းသည်။ ထိုသို့စေခိုင်းသည်ကို မလိုက်နာသူများ၊ လိုသလောက် မလိမ်လည်ပေးနိုင်သူများကို ညှဉ်းပန်းနှိပ်စက်သည်။ ထိုသားကောင်များကို ပြန်လွှတ်ပေးရန် မိသားစုများထံမှ ခြိမ်းခြောက် ငွေတောင်းသည်။
လူကုန်ကူးဂိုဏ်းများသည် မြန်မာတနိုင်ငံတည်းတွင် လှုပ်ရှားနေခြင်း မဟုတ်ပေ။ ကမ္ဘောဒီးယားနှင့် လာအိုမှ အထူးစီးပွားရေးဇုန်များသည်လည်း လူကုန်ကူးမှုအတွက် အမည်ဆိုးကျော်ကြားသော နေရာများဖြစ်သည်။ သို့သော် မြန်မာတွင် ကျွန်ပြုခံရခြင်းသည် နိုင်ငံတွင်းမှ မတည်ငြိမ်သော အခြေအနေကြောင့် အထူးပြဿနာ များသည်။
လူကုန်ကူးခံရသော သားကောင်များကို ကရင်ပြည်နယ် မြဝတီမှ ရွှေကုက္ကိုအနီးတွင် ဖမ်းဆီးထားသည်။ ရွှေကုက္ကိုသည် ထိုင်းနှင့် မြန်မာနယ်စပ်တွင် ရှိသည်။ ထိုဒေသကို မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ကရင် နယ်ခြားစောင့်တပ် (BGF) က ထိန်းချုပ်ထားသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများ၊ အလုပ်သမားများနှင့် ဧည့်သည်များဖြင့် ပြည့်နေသောကြောင့် ထိုနေရာကို ကရင်ပြည်နယ်မှ တရုတ်တန်းဟုလည်း အချို့က ခေါ်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသော တရုတ်အမျိုးသား ရှေကျင်ကျောင် ပိုင်ဆိုင်သည့် ယာထိုင် အင်တာနေရှင်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) ၏ လုပ်ငန်းဖြစ်သော ချစ်လင်းမြိုင် ကုမ္ပဏီလီမိတက်နှင့် ၂၀၁၇ ခုနှစ်တွင် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ရွှေကုက္ကိုတွင် ဒေါ်လာ ၁၅ ဘီလီယံတန်သည့် အထူးစီးပွားရေးဇုန်ကို တည်ဆောက်သည်။ ထိုစီမံကိန်းကို လေဆိပ်တခု၊ စက်မှုဇုန်တခု၊ အိမ်ခြံမြေများ၊ ဟိုတယ်များနှင့် အခြားအဆောက်အအုံများပါသည့် အဆင့်မြင့်နည်းပညာဇုန်အဖြစ် ပုံဖော်ထားသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများ၊ အလုပ်သမားများနှင့် ဧည့်သည်များဖြင့် ပြည့်နေသောကြောင့် ထိုနေရာကို ကရင်ပြည်နယ်မှ တရုတ်တန်းဟုလည်း အချို့က ခေါ်ကြသည်။
အဆိုပါ အဆင့်မြင့်နည်းပညာဇုန်ဟု ခေါ်သောနေရာသည် ကာစီနို လောင်းကစားရုံများဖွင့်ပြီး ငွေကြေးလိမ်လည်မှုနှင့် အခြား တရားမဝင်လုပ်ငန်းများ လုပ်ကိုင်သောနေရာဖြစ်ကြောင်း အထောက်အထားများက ပြသနေသည်။ ရှေကျင်ကျောင်သည် တရုတ်ပြည်တွင် ဝရမ်းပြေးဖြစ်သည်။ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်သောကြောင့် သူ့ကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
သူ၏ ယာထိုင် အင်တာနေရှင်နယ်က ရွှေကုက္ကိုစီမံကိန်းသည် ရပ်ဝန်းနှင့် လမ်းမအစီအစဉ် (BRI) ၏ အစိတ်အပိုင်း ဖြစ်သည်ဟုပြောပြီး ထိုအဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သော စီမံကိန်းကို အသုံးချသည်။ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဝှာ၏ ရန်ကုန်ရုံးက ရွှေကုက္ကိုသည် BRI ၏ အရေးပါသော အစိတ်အပိုင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ယင်းစီမံကိန်းကို တရုတ်နိုင်ငံပိုင် တရုတ်သတ္တုဗေဒအုပ်စု ကော်ပိုရေးရှင်း (MGC) က တည်ဆောက်နေသည်ဟုလည်း ဖော်ပြကြသည်။
ထိုစီမံကိန်းမှ ကာစီနိုနှင့် အခြား ရာဇဝတ်မှုသတင်းများ ထွက်လာသောအခါ ကရင်ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်တွင် ထိုစီမံကိန်းကို ဆိုင်းငံ့လိုက်သည်။ နောက်နှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ထိုကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်သည်။ ဘေဂျင်းသည် ထိုအငြင်းပွားမှုများမှ ခပ်ကင်းကင်းနေလိုက်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်းသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသာဖြစ်ကြောင်း ပြောသည်။
အာဏာမသိမ်းမီက ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် အပါအဝင် ကရင်အဖွဲ့အစည်းများက ရွှေကုက္ကိုနှင့် ပတ်သက်နေသည့် တရားမဝင်လုပ်ငန်းများကို ဖော်ထုတ်ကြသည်။ မြန်မာနိုင်ငံသားများကို ရွှေကုက္ကိုတွင် အလုပ်လုပ်ရန် လိမ်လည်ခေါ်ယူပြီး အတင်းအကျပ် လုပ်အားခိုင်းစေမှုများ လုပ်သည်။
အာဏာမသိမ်းမီက ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် အပါအဝင် ကရင်အဖွဲ့အစည်းများက ရွှေကုက္ကိုနှင့် ပတ်သက်နေသည့် တရားမဝင်လုပ်ငန်းများကို ဖော်ထုတ်ကြသည်။ မြန်မာနိုင်ငံသားများကို ရွှေကုက္ကိုတွင် အလုပ်လုပ်ရန် လိမ်လည်ခေါ်ယူပြီး အတင်းအကျပ် လုပ်အားခိုင်းစေမှုများ လုပ်သည်။
ထိုသို့ အတင်းအကျပ်ခိုင်းစေခံရသူ တဦးကို ကရင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ၂၀၂၀ ပြည့်နှစ်တွင် ကယ်တင်လိုက်ရသည်။ စစ်အာဏာသိမ်းပြီးသောအခါ ထိုသတင်းအချက်အလက်နှင့် ကယ်ဆယ်ရေးလမ်းကြောင်း ပိတ်သွားတော့သည်။
တရုတ်နှင့် ဟောင်ကောင်မှ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရန် ဘေဂျင်းက ကတိပြုထားသည်။ သို့သော် ထိုပြဿနာကို ကိုင်တွယ်ရန်အတွက် မြန်မာအစိုးရက လူကုန်ကူး ရာဇဝတ်သားများကို ဖြိုခွင်းရေးသည် အဓိကကျသည်။ ရွှေကုက္ကိုဒေသမှ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရန် အာဏာသိမ်း စစ်ကောင်စီက လုပ်ရမည် ဖြစ်သည်။
သို့သော် မြန်မာစစ်အုပ်စုသည် အရပ်သားများကို အကာအကွယ်ပေးသည့် အစဉ်အလာ မရှိပေ။ စစ်အုပ်စုသည် နိုင်ငံသားများ၏ နေအိမ်များကို လုယက်သည်။ ကလေးများကို ပစ်ခတ်သတ်ဖြတ်သည်။ အတိုက်အခံများကို အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်သည်။ ရွာများကို မီးရှို့သလို အခြားအစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ကျူးလွန်သည်။ နိုင်ငံခြားသားများ၏ ဘဝများကို စစ်တပ်က ဂရုစိုက်အောင် ဖြစ်စေမည့် အကြောင်းမရှိပေ။
ထို့ပြင် ကရင်နယ်ခြားစောင့်တပ်သည် တစိတ်တပိုင်းအားဖြင့် စစ်တပ်လက်အောက်ခံ ဖြစ်သည်။ ထိုအဖွဲ့သည် စစ်တပ်နှင့်အတူ ကရင်ပြည်နယ်မှ အခြားလက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်သည်။ အာဏာသိမ်း စစ်ကောင်စီသည် ရွှေကုက္ကိုစီမံကိန်းမှ အကျိုးအမြတ်များကို ခံစားနေသည်ဟု စုံစမ်းထောက်လှမ်း ရေးသားမှုများတွင် ဖော်ပြကြသည်။ ထိုနယ်ခြားစောင့်တပ်သည် စစ်ကောင်စီနှင့် ပတ်သက်နေသောကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို မနှိမ်နင်းလိုဘဲ ပြဿနာကို ပိုမိုဆိုးရွားစေသည်။
တရုတ်၏ သံတမန်အားထုတ်မှုဖြင့် လူကုန်ကူးခံရသူများကို အောင်မြင်စွာ ကယ်တင်နိုင်သည်ဟု မျှော်လင့်ရသည်။ သို့သော် ဘေဂျင်းသည် ပြန်ပေးဆွဲမှုများတွင် ကြံရာပါဖြစ်သော မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သင့်သည်။
ဘေဂျင်းနှင့် စစ်ကောင်စီအကြား နွေးထွေးသော ဆက်ဆံရေးကြောင့် ဘေဂျင်းသည် ထိုအခြေအနေတွင် ဖိအားပေးနိုင်သည့် သြဇာရှိသည်။ တရုတ်၏ သံတမန်အားထုတ်မှုဖြင့် လူကုန်ကူးခံရသူများကို အောင်မြင်စွာ ကယ်တင်နိုင်သည်ဟု မျှော်လင့်ရသည်။ သို့သော် ဘေဂျင်းသည် ပြန်ပေးဆွဲမှုများတွင် ကြံရာပါဖြစ်သော မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သင့်သည်။
အာဏာသိမ်းပြီး ဖြစ်ပေါ်လာသည့် နိုင်ငံတကာမှ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုများကို ဆန့်ကျင်ပြီး တရုတ်နှင့် ရုရှားတို့သည် စစ်ကောင်စီကို တရားဝင်မှုပေးသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်စဉ်မှ စတင်ပြီး ဘေဂျင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူ ကျင့်သုံးသည်။ မြန်မာစစ်တပ်သည် ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်မှုများကို စွန့်လွှတ်သည့်လက္ခဏာ မရှိသော်လည်း တရုတ်သည် ထိုမူကိုပင် ဆက်လက်ကျင့်သုံးသည်။
၂၀၂၂ ခုနှစ် ဧပြီလက အန်ဟွေးပြည်နယ်တွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လက်ခံတွေ့ဆုံစဉ်က တရုတ်သည် မြန်မာ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးအား အမြဲတမ်းထောက်ခံမည်ဟု အာမခံသည်။ နှစ်နိုင်ငံတို့သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) နှင့်တကွ BRI စီမံကိန်းများကို အကောင်အထည်ဖော်ရန်နှင့် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရန် ကတိပြုကြသည်။
BRI စီမံကိန်းသည် တိုက်ကြီးများကို ဆက်သွယ်ပေးမည့် စီမံကိန်းဖြစ်သည်။ ထိုအခြေခံ အဆောက်အအုံ စီမံကိန်းများသည် ပွင့်လင်းမြင်သာ တာဝန်ရှိရှိ အကောင်အထည်ဖော်ပါက တရုတ်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည့် စီမံကိန်းများ ဖြစ်သည်။ သို့သော် CMEC စီမံကိန်းကို အကောင်အထည်ဖော်ခြင်းသည် လက်ရှိ စစ်ကောင်စီအောက်တွင် အိမ်ရှင်မြန်မာမှ လူမှုနှင့် သဘာဝ ပတ်ဝန်းကျင် စံနှုန်းများကို လိုက်နာမည်၊ မလိုက်နာမည်ကို မေးခွန်းထုတ်စရာ ရှိနေသည်။
BRI စီမံကိန်းသည် မြန်မာတွင် လက်ရှိပြဿနာများကို ပိုမိုဆိုးရွားစေပုံရသည်။ စစ်အုပ်စုကို ငွေကြေးထောက်ပံ့ခြင်းနှင့် တရားဝင်မှု မြှင့်တင်ပေးခြင်းသည် ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေသည်။
BRI စီမံကိန်းသည် မြန်မာတွင် လက်ရှိပြဿနာများကို ပိုမိုဆိုးရွားစေပုံရသည်။ စစ်အုပ်စုကို ငွေကြေးထောက်ပံ့ခြင်းနှင့် တရားဝင်မှု မြှင့်တင်ပေးခြင်းသည် ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေသည်။ လူ့အခွင့်အရေး ချိုးဖောက်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူကုန်ကူးမှုများ မြင့်မားနေခြင်းသည် တရုတ်က ဖော်ပြထားသည့် ရည်မှန်းချက်များနှင့် ဆန့်ကျင်နေသည်။
အာဏာသိမ်းပြီးနောက်တွင် တရုတ်က မြန်မာမှ လူသားချင်းစာနာမှု အကျပ်အတည်း လျှော့ချရန် ဖိအားပေးသည့် နည်လမ်းထက် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းကိုသာ နှစ်သက်ကြောင်း ပြောသည်။ သို့သော် မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသတွင်းသို့ လျှံထွက်လာပြီဖြစ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနှင့် မည်သည့် ပြဿနာမျှ မရှိသလိုနေခြင်းသည် ဒေသတွင်း ဘဝများ လုံခြုံမှုကို ထိခိုက်စေသလို တရုတ်၏ နိုင်ငံတကာ ပုံရိပ်ကိုလည်း ထိခိုက်စေသည်။ တာဝန်သိသော အင်အားကြီး နိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံရရန် ရည်မှန်းပါက ဘေဂျင်းအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်သည်။
(The Diplomat မှ Debby S. W. Chan ၏ As Myanmar Coup Intensifies Regional Human Trafficking, How Will China Respond? ကို ဘာသာပြန် ဖော်ပြသည်။ Debby S. W. Chan သည် City University of Hong Kong ပြည်သူလူထုနှင့် နိုင်ငံတကာရေးရာ မူဝါဒ ဌာန၏ ဧည့်သုတေသီ ဖြစ်သည်။ သူသည် အရှေ့တောင်အာရှဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်း စီမံကိန်းကို အထူးပြု သုတေသန လုပ်နေသည်။)
You may also like these stories:
ဟောင်ကောင်သား ၈ ဦး မြန်မာတွင် ပျောက်ဆုံးနေ
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
ကင်ညာနိုင်ငံသား အများအပြား မြန်မာတွင် လူကုန်ကူးခံရ
တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး