ပြည်ထောင်စုကို အသက်ပေးလို့ ကာကွယ်စရာ မလိုပါ။ အကယ်၍များသာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်အစီအစဉ်တွေ (Federal arrangement) အောင်မြင်စွာ ချမှတ်နိုင်ခြင်း မရှိရင်ဖြစ်စေ၊ ချမှတ်ထားတယ့်အစီအစဉ်တွေ မအောင်မြင်ရင် ဖြစ်စေ ပြည်ထောင်တွေ ကတ္တီပါလမ်းခွဲကြဖို့ ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဆိုရင် လမ်းခွဲဖို့ အစီအစဉ်တွေ လုပ်ကြဖို့ လိုလာပါလိမ့်မယ်။
ဒီတော့ ပြည်ထောင်စုတွေ ခွဲကြတဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ခွဲကြမှာလဲ။ သွေးထွက်သံယိုယိုကိစ္စ များများနဲ့လား၊ နည်နည်းနဲ့လားဆိုတာကလည်း မေးရမယ့်မေးခွန်း ဖြစ်လာပါပြီ။
စာရေးသူအနေနဲ့ ၂၀ ရာစုအတွင်း ပြည်ထောင်စုတွေ လမ်းခွဲကြတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်စဉ်နှစ်ခုကို ဖော်ပြလိုပါတယ်။ ပထမတခုက ဆိုဗီယက်ပြည်ထောင်စုကြီး လမ်းခွဲကြတယ့် ဖြစ်စဉ်ပါပဲ။ သွေးထွက်သံယိုကိစ္စ အနည်းငယ်ရှိသည့်တိုင်အောင် မဆိုးလှတယ့်ဖြစ်စဉ်တခုလို့ ယူဆလို့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စုကြီးဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စီးပွားရေးအကြပ်အတည်း ကြီးကြီး ဆိုက်နေပြီဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာ ဖြုန်းခဲ့တဲ့ အာဖဂန်စစ်စရိတ်၊ ကျဆင်းလာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ဈေးနဲ့ ပြည်တွင်းဂျုံထွက်နှုန်း ကျဆင်းလာတာနဲ့အတူ ပြည်သူတွေကို ကျွေးမွေးဖို့ ပြည်ပမှ ဂျုံတင်သွင်းစရိတ်တွေက စီးပွားရေးကို အကြီးအကျယ် ဖိအားပေးတွေ ပေးနေခဲ့ပါပြီ။
ဆိုဗီယက်ပြည်သူ့ဘဝတွေကို ကြည့်ရင်လည်း ကုန်စုံဆိုင်မှာ ဝယ်စရာကုန်မရှိ၊ နိုင်ငံတော်ဝန်ဆောင်မှုတွေ ချွတ်ယွင်းနဲ့ တချိန်က ဂုဏ်ရောင်ထွန်းပြောင်တယ်လို့ ယုံကြည်ကြတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဟန်သာရှိပြီး အဆံမရှိမှုကို မြင်လာကြပါတယ်။
ဆိုဗီယက်နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီကိစ္စကို ကျကျနနသိလို့ ပြင်ဆင်မှုတွေလုပ်ဖို့ ကြိုးစားကြပါတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ် (Gorbachev) ဦးဆောင်တဲ့ ပယ်ရီစထရွိုက်ကာ (Perestroika) နဲ့ ဂလပ်စနော့ (Glasnost) လို နိုင်ငံရေး-စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေက ဆိုဗီယက်ပြည်ထောင်စုရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းဖို့ကြိုးစားတာပဲ ဖြစ်ပါတယ်။
ဆိုဗီယက်နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီကိစ္စကို ကျကျနနသိလို့ ပြင်ဆင်မှုတွေလုပ်ဖို့ ကြိုးစားကြပါတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ် (Gorbachev) ဦးဆောင်တဲ့ ပယ်ရီစထရွိုက်ကာ (Perestroika) နဲ့ ဂလပ်စနော့ (Glasnost) လို နိုင်ငံရေး-စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေက ဆိုဗီယက်ပြည်ထောင်စုရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းဖို့ကြိုးစားတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပြန်ဖွင့်ပေးလိုက်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့အတူ ဆိုဗီယက်ပြည်သူတွေအနေနဲ့ ဆိုဗီယက်ခေါင်းဆောင်မှုရဲ့ နှစ်ရှည်လများ ခြစားမှုတွေ၊ အသုံးမကျမှုတွေနဲ့ ဖိနှိပ်မှုတွေကို ပိုမိုမြင်လာနိုင်စေခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ဗဟိုချက်နဲ့ အလှမ်းဝေးတဲ့ ကော့ကေးဆပ်တောင်တန်း (Caucasus) နဲ့ ဘောလတစ်ဒေသ (Baltic) တွေမှာ တစတစနဲ့ အမျိုးသားရေးဝါဒီတွေ အားကောင်းလာသလို ဆိုဗီယက်နိုင်ငံရေးစနစ်အပေါ် ပိုပြီး အယုံအကြည် မဲ့လာကြပါတော့တယ်။ ၁၉၈၈ တဝိုက်မှာ ဘောလတစ်ဒေသက လတ်ဗီးယား (Latvia) နဲ့ အက်စတိုရီးယား (Estonia) တို့မှာ လွတ်လပ်ရေး မကြေညာရုံတမယ် နိုင်ငံရေးလွတ်လပ်ခွင့်တွေကို စတင်ဖော်ထုတ်နေကြပါပြီ။
ကော့ကေးဆပ်တောင်တန်းတွေမှာတော့ အာမေးနီးယား (Armenia)၊ ဂျော်ဂျီယာ (Gerogia) နဲ့ ချေချင်းညာ (Chechenya) ဒေသတွေဟာ ဆိုဗီယက်အစိုးရကို ပြောင်ပြောင်တင်းတင်း လက်နက်ကိုင်ပုန်ကန်တဲ့အထိ ဖြစ်လာပါတယ်။
ဒီလို ထိန်းမနိုင်သိမ်းမရ အခြေအနေတွေကြားထဲ ၁၉၉၁ ခုနှစ်မှာ ပါတီတွင်း သဘောထားတင်းမာတဲ့ အုပ်စုတွေက ခေါင်းဆောင်ကြီး ဂေါ်ဘာချော့ဗ်ဆီက အာဏာသိမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီတခါမှာတော့ ရုရှားပြည်သူတွေအနေနဲ့ ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ မပြီးနိုင်တဲ့ နန်းတွင်းအာဏာသိမ်းမှုတွေ (Palace coup) ကို သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ မော်စကိုမြို့နေ ရုရှားပြည်သူတွေဟာ လမ်းမပေါ်ထွက်လာ၊ ဆိုဗီယက်တင့်ကားတွေကို ပိတ်ဆို့လို့ ဆန္ဒပြပါတော့တယ်။
ရုရှားဆိုဗီယက်သမ္မတနိုင်ငံခေါင်းဆောင် ဘောရစ်ယဲဆင် (Boris Yeltsin) လူလုံးထွက် ဦးဆောင်လာတဲ့ နောက်မှာတော့ ဆန္ဒပြကြွေးကြော်သံတွေဟာ ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ ဆိုဗီယက်ပြည်ထောင်စုကို အယုံအကြည်မရှိဆိုတာကို ဦးတည်လာပြီး ကရင်မလင် (Kremlin) ရင်ပြင်မှာ ရုရှားအမျိုးသားအလံတွေနဲ့ သိမ်းငှက်ညီနောင်အလံတွေကို လွှင့်ပါတော့တယ်။
အာဏာသိမ်းမှုကြီးလည်း မအောင်မြင်သလို ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ်လည်း နုတ်ထွက်ရပါတယ်။ အချုပ်အခြာအာဏာကို ရုရှားခေါင်းဆောင် ယဲဆင်ဆီ ထိုးအပ်ရပြီးတဲ့နောက် ရုရှားတွေက ဦးဆောင်လို့ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖျက်သိမ်းပါတယ်လို့ ကြေညာပါတော့တယ်။
အာဏာသိမ်းမှုကြီးလည်း မအောင်မြင်သလို ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ်လည်း နုတ်ထွက်ရပါတယ်။ အချုပ်အခြာအာဏာကို ရုရှားခေါင်းဆောင် ယဲဆင်ဆီ ထိုးအပ်ရပြီးတဲ့နောက် ရုရှားတွေက ဦးဆောင်လို့ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖျက်သိမ်းပါတယ်လို့ ကြေညာပါတော့တယ်။
ဒီလိုနဲ့ ကမ္ဘာမှာ အားကျရပါတယ်ဆိုတဲ့ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားတွေရဲ့ မီးရှူးတန်ဆောင် ဆိုဗီယက်ပြည်ထောင်စုကြီးလည်း ပြိုကွဲသွားပါတော့တယ်။
ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတာကို အမေရိကန် စီအိုင်အေ (CIA) ခြေရှုပ်လို့၊ ဂေါ်ဘာချော့ဗ်ကြီးကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်လို့ စသဖြင့် ရူးနှမ်းနှမ်းယူဆချက်တွေ ရှိကြပါတယ်။တကယ်တော့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုဟာ အရင်းစစ်ရင် စီးပွားရေး-နိုင်ငံရေး အကြပ်အတည်းတွေကြောင့်နဲ့ ပြည်ထောင်စုတွင်းမှာ အင်အားအကြီးဆုံး ရုရှားတွေကိုယ်တိုင်က ခွဲထွက်သွားလို့သာ ဖြစ်ပါတယ်။
ပြိုကွဲမှုပြီးတဲ့နောက်မှာ ရုရှားအမှူးပြုတဲ့ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နိုင်ငံတွေမှာ နိုင်ငံရေးနဲ့ လူမှု-စီးပွား ချိန်ညှိရမှုတွေ လုပ်ကြရပါတယ်။ ကတ္တီလမ်းခွဲအစစ် မဟုတ်သည့်တိုင်အောင် ကမ္ဘာ့အင်အားကြီး စူပါပါဝါနိုင်ငံကြီး ပြိုကွဲမှုမှာ လူသန်းချီသေဆုံးမှုတွေ၊ ဘာသာရေး-လူမျိုးရေး ပဋိပက္ခတွေ၊ လူမျိုးတုံး အပြန်အလှန်သတ်ဖြတ်မှုလို အရုပ်ဆိုးအကျည်းတန်မှုတွေ မဖြစ်သွားခဲ့ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုဟာ ကမ္ဘာ့အင်အားကြီး (Global superpower) နိုင်ငံတခုဖြစ်သလို နျူကလီယား လက်နက်နိုင်ငံတခုလည်း ဖြစ်ပါတယ်။
ဒီလို အင်အားကြီး ပြည်ထောင်စုကြီး လမ်းခွဲကြရာမှာ ခြွင်းချက်အနေနဲ့ ချေချင်းညာစစ်ပွဲလို နှစ်ဘက် အကျအဆုံး အလွန်အင်မတန်များတဲ့ စစ်ပွဲတွေတော့ ဖြစ်ခဲ့ပေမယ့် နှိုင်းရသဘောနဲ့ပြောရင် တော်တော်လေးငြိမ်းချမ်းတဲ့ လမ်းခွဲမှုတခုဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ နျူကလီယားလက်နက်တွေ မသမာသူလက်ထဲ ရောက်မယ့်ဖြစ်ရပ်လို ကိစ္စတွေကိုပါ ရှောင်ရှားနိုင်ခဲ့ပါတယ်။
ဒီလိုလမ်းခွဲမှုနဲ့ ဆန့်ကျင်ဘက် အစွန်းတဖက်မှာကတော့ ယူဂိုဆလားဗီးယားပြည်ထောင်စု (Yugoslavia) လမ်းခွဲတယ့် ဖြစ်စဉ်ပါပဲ။ အလွန်အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အပြန်အလှန် ကျူးလွန်ကြပါတယ်။
ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာ ဘော်လကန် (Balkan) ဒေသမှာ တည်ရှိပြီး ဆာ့ဘ် (Serb)၊ ခရိုအက် (Croat)၊ အယ်လ်ဘေးနီးယန်း (Albanian)၊ စလိုဗေးနီးယန်း (Slovenian)၊ ဘော့စနီယက်(Bosniak) စသော လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ဒီလူမျိုးစုံကြားမှာ အရင်ကတည်းက လူမျိုးရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ မကျေနပ်ချက်တွေက အမြစ်တွယ်နေပြီး ဖြစ်ပါတယ်။
ဆာ့ဘ်တွေဟာ ပြည်ထောင်စုအတွင်းမှာ လူဦးရေနဲ့နိုင်ငံရေးအရ အင်အားကြီးတဲ့အလျောက် ပြည်ထောင်စုကို ဆာ့ဘ်နိုင်ငံအဖြစ် မရောက်ရေး အခြားလူမျိုးစုတွေက ကြိုးစားကြရပါတယ်။ ဆာ့ဘ်တွေအနေနဲ့လည်း သူတို့ကို အခြားလူမျိုးစုတွေပေါင်းပြီး နိုင်ငံရေး သင်းသတ်နေတယ်လို့ မြင်လာတာတွေ ရှိသလို ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေနဲ့ပေါင်းပြီး လူမျိုးရေးသတ်ဖြတ်မှုတွေ ကျူးလွန်ထားတဲ့ ခရိုအက် အူစတာစီ (Ustasi) တပ်ဖွဲ့တွေကြောင့် ခရိုအက်တွေအပေါ် အမြင်မကြည်ကြတာတွေ ရှိပါတယ်။
ပြည်ထောင်စုထဲမှာ လူနည်းစုအဖြစ် ပါနေတဲ့ မူဆလင်ဘာသာဝင် ဘော့စနီယက်နဲ့ အယ်လ်ဘေးနီးယန်း လူမျိုးတွေကိုလည်း ခရစ်ယာန်ဖြစ်တဲ့ ဆာ့ဘ်နဲ့ခရိုအက်တွေက ဘာသာရေးအကြောင်းပြုလို့ ရန်လိုမှုတွေ ရှိပါတယ်။
မာရှယ်တီးတိုး (Marshal Tito) လက်ထက်မှာ ယူဂိုဆလပ်ဗ် သွေးစည်းညီညွတ်ရေးနဲ့ ညီရင်းအစ်ကို ချစ်ကြည်ရေးစသော ဝါဒဖြန့်မှုတွေ၊ နောက်ပြီး သူ့ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးသြဇာ (Charisma) ကို အသုံးချပြီး ယူဂိုဆလပ်ပြည်ထောင်စု အတွင်းက မတူညီတဲ့အမျိုးသားအုပ်စုတွေ၊ လူမျိုးရေးနဲ့ဘာသာရေး တင်းမာမှုတွေနဲ့ ပြည်ထောင်တွေကို ထိန်းခဲ့ပါတယ်။
မာရှယ်တီးတိုးက ဘာလူမျိုးဖြစ်နေနေ အားလုံးဟာ ယူဂိုဆလပ်ဗ်တွေ ဖြစ်တယ်ဆိုတယ့် အတွေးအခေါ်တခုကိုလည်း သွတ်သွင်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အတင်းသွတ်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း စသော လူမျိုးအားလုံးဟာ မြန်မာတွေပါဆိုတဲ့ အယူအဆဟာလည်း ယူဂိုဆလားဗီးယားကနေ ယူလာတယ်လို့ ယူဆနိုင်ခြေရှိပါတယ်။
မာရှယ်တီးတိုးက ဘာလူမျိုးဖြစ်နေနေ အားလုံးဟာ ယူဂိုဆလပ်ဗ်တွေ ဖြစ်တယ်ဆိုတယ့် အတွေးအခေါ်တခုကိုလည်း သွတ်သွင်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အတင်းသွတ်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း စသော လူမျိုးအားလုံးဟာ မြန်မာတွေပါဆိုတဲ့ အယူအဆဟာလည်း ယူဂိုဆလားဗီးယားကနေ ယူလာတယ်လို့ ယူဆနိုင်ခြေရှိပါတယ်။
ဒီလို လူမျိုးရေးတင်းမာမှုတွေဟာ မာရှယ်တီးတိုး ဆုံးပါးပြီးနောက်မှာ ထိန်းလို့မရတော့သလို နိုင်ငံရေးပြိုင်ဆိုင်တွေလည်း ပြင်းထန်လာပါတယ်။ ဒီလိုနဲ့ တတိယ ဒီမိုကရေစီလှိုင်းနဲ့ ဆိုဗီယက်ပြည်ထောင်စုက နိုင်ငံရေးအပြောင်းအလဲတွေကြောင့်မို့လို့ ၁၉၉၀ လွန် နှစ်ဦးပိုင်းတွေမှာ ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင်း ခွဲထွက်ရေးနဲ့ပတ်သက်လို့ စကားသံညံလာပါတယ်။
ဒါကို ပြည်ထောင်စုကို ထိန်းသိမ်းလိုတဲ့ ဆာ့ဘ်တွေရဲ့ အလွန်အကျွံ လုပ်မှုတွေကြောင့် နိုင်ငံရေးပဋိပက္ခကနေ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာသလို လူမျိုးရေးစစ်ပွဲအသွင် ဆောင်သွားခဲ့ပါတယ်။ လူမျိုးစုတွေကြား အပြန်အလှန် သတ်ပွဲတွေဖြစ်သလို လူမျိုးတုံးသတ်ဖြတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုနဲ့ ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင်း ပြည်ထောင်တွေ အနိဋ္ဌာရုံတွေကြားက လက်ပြနှုတ်ဆက်ကြပြီး လက်ရှိအချိန်ထိ ဒေသတွင်းမှာ လူမျိုးရေးတင်းမာမှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ ၂၀ ရာစုဝက်တခုလုံးမှာ ပြည်ထောင်စုနိုင်ငံဆိုတဲ့ နိုင်ငံရေးစီမံကိန်း (Political Project) တခုကို စမ်းသပ်ကြည့်ရင်း ထွက်လာတယ့်ရလဒ်တခု ဖြစ်ပါတယ်။ နိုင်ငံအနှံ့နဲ့ လူအဖွဲ့အစည်းအတွင်းမှာ မတည်နိုင်တယ့်ကတိတွေ၊ အာဏာရှင်စနစ်၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဖွံ့ဖြိုးမှု မညီမျှပြဿနာတွေသာ ဝေနေခဲ့ပါတယ်။
ဒီတော့ လက်ရှိမြန်မာနိုင်ငံရဲ့အနာဂတ်ကို ဆွေးနွေးကြမယ်ဆိုရင် လက်တွေ့ကျကျဖြစ်သင့်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆွေးနွေးတာနဲ့အတူ ခွဲထွက်ကြရင် သွေးထွက်သံယို နည်းစေမယ့် အစီအစဉ်တွေကို မိုးပြိုခဲ့သည်ရှိသော် Doomsday Protocol ဆိုတဲ့သဘောနဲ့ ထည့်သွင်းစဉ်းစားကြဖို့ လိုပါလိမ့်မယ်။
အကယ်၍ ပြည်ထောင်တွေကို ခွဲကြမယ်ဆိုရင် အပေါ်က ဖြစ်စဉ်နှစ်ခုကို သင်ခန်းစာယူဖို့လိုပါမယ်။ လက်ရှိအချိန်မှာလည်း အမျိုးသားအုပ်စုများအကြား တင်းမာမှုနဲ့ ပြဿနာအချို့ ရှိနေပေမယ့် ယူဂိုဆလားဗီးယားလို အခြေအနေမျိုးကို ရှောင်လွှဲနိုင်ဆဲဖြစ်မယ်လို့ ယူဆပါတယ်။ နယ်မြေပိုင်းခြားမှုနဲ့ အချို့ကိစ္စတွေမှာ စာရွက်တွေ စာချုပ်တွေနဲ့အစား အင်အားနိုင်ငံရေး (Power politics) နဲ့ နယ်မြေထိန်းချုပ်နိုင်မှု (Lines of actual control) ကိုသုံး စကားပြောရမှာတွေ ရှိပေမယ့် ယဉ်ကျေးစွာ စကားပြောနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။
အမျိုးသားနိုင်ငံများ (Nations) အနေနဲ့လည်း ဆိုဗီယက်ပြည်ထောင်စု ခွဲထွက်တုန်းကထက်ကို ပိုတဲ့ ငြိမ်းချမ်းမှုမျိုးနဲ့ ခွဲထွက်နိုင်ရေးကို ပြင်ဆင်ထားကြဖို့လိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို သင်ခန်းစာထပ်ယူရရင် နောက်ဆုံးပိတ် ပြည်ထောင်စုကြီးကို အဆုံးသတ်သွားစေတာက လူများစုဖြစ်တဲ့ ရုရှားတွေကိုယ်တိုင်က ပြည်ထောင်စုကြီးကို အယုံအကြည်မရှိတော့ဘဲ ခွဲထွက်သွားလို့ဖြစ်တယ် ဆိုတာကိုလည်း သတိပြုကြဖို့လိုပါတယ်။
စာရေးသူအနေနဲ့ ယူဂိုဆလပ် ခွဲထွက်ဖြစ်စဉ်အစား မြန်မာပြည်မှာ ဆိုဗီယက်ခွဲထွက်ဖြစ်စဉ်လို ခွဲထွက်မှုမျိုးကိုသာ လိုလားပါတယ်။ လွန်ခဲ့သော၂၀ ရာစုဝက်အတွင်းမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာဖိနှိပ်မှုတွေ၊ နိုင်ငံရေးနဲ့ လူမှု-စီးပွား မညီမျှမှုတွေကို ပြည်ဖုံးကားချလို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးကြရင်း လက်ပြနှုတ်ဆက်ကြနိုင်မယ်လို့ မျှော်လင့်မိပါတော့တယ်။
(စာရေးသူသည် နိုင်ငံရေးလေ့လာသူတဦး ဖြစ်ပြီး ဆောင်းပါးပါ အယူအဆသည် စာရေးသူ၏ ကိုယ်ပိုင်အတွေးအမြင်သာ ဖြစ်ပါသည်။)
You may also like these stories:
စစ်ကောင်စီက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ လှည့်ဖြားနေဟုဆို
ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်
တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ
သူတို့မှလွဲ အခြားမရှိရဆိုတဲ့ အယူအဆက တော်တော် အတ္တဆန်တယ်
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ