စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ

အေးချမ်းဆု
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် / AFP

စစ်ကောင်စီ (စကစ) ဥက္ကဋ္ဌအနေနှင့် လက်ရှိအခြေအနေမှန်ကို ဝန်ခံရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်၏။ နှစ်ကြိမ်လုံးတွင် အခြားသူများကိုသာ အပြစ်ဖို့သွားသည်ကို တွေ့ရသည်။ ပထမအကြိမ်ကလည်း တိုင်းပြည်ဒီနေ့လိုအခြေအနေမျိုး ရောက်ရတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မဲလိမ်လို့ဟုဆိုခါ NLD ကို အပြစ်ဖို့ပြီး တိုင်းပြည်အခြေအနေ ဆိုးနေကြောင်း သွယ်ဝိုက်ဝန်ခံသွားခဲ့၏။

ယခု တပ်တွင်းမှ ပေါက်ကြားလာသော လေးလပတ်အစည်းအဝေး မှတ်တမ်းအရ စကစ ဥက္ကဋ္ဌသည် စစ်တပ် အသေအပျောက် အကျအဆုံးများနေသည်ကို မလွှဲမရှောင်သာ ဝန်ခံခဲ့သော်လည်း ထိုအတွက် တရားခံအဖြစ် အောက်ခြေအရာရှိ စစ်သည်များကိုပင် အပြစ်ဖို့သွားသည်ကို တွေ့ရ၏။

ယခုဆောင်းပါးတွင် မြန်မာစစ်တပ် စစ်ရေးအခြေအနေ ဆိုးဝါးနေသည်ကို ဦးစားပေးတင်ပြလိုပါသည်။ ဦးစွာအားဖြင့် စကစ ဥက္ကဋ္ဌဆိုသူ ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ယူသည့် ၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်ကြား ၁၀ နှစ်ကာလအတွင်း စစ်ရေးအခြေအနေကို ကြည့်ပြီး သုံးသပ်ရပါက ကာကွယ်ရေးဦးစီးချုပ်ဆိုသူ၏ ခေါင်းဆောင်မှုအရည်အချင်းကို တွေ့မြင်နိုင်၏။

စကစ ဥက္ကဋ္ဌဆိုသူ ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ယူသည့် ၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်ကြား ၁၀ နှစ်ကာလအတွင်း စစ်ရေးအခြေအနေကို ကြည့်ပြီး သုံးသပ်ရပါက ကာကွယ်ရေးဦးစီးချုပ်ဆိုသူ၏ ခေါင်းဆောင်မှုအရည်အချင်းကို တွေ့မြင်နိုင်၏။

အဆိုပါ ၁၀ နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသစ်အဖြစ် ရက္ခိုင့်တပ်တော် AA နှင့် တအာင်း TNLA တို့ပေါ်ပေါက်လာသကဲ့သို့ ကိုးကန့်ဒေသမှ ဆုတ်ခွာပေးခဲ့ရသည့် MNDAA သည်လည်း တကြော့ပြန် ခေါင်းထောင်ထလာသည်။ ထို ၁၀ နှစ်ကာလအတွင်း မြန်မာစစ်တပ်က ပြင်းထန်သည့် စစ်ဆင်ရေးများ ပြုလုပ်နေသည့်ကြားမှ AA က အင်အား ၂၀,၀၀၀ ခန့်၊ TNLA က အင်အား ၇,၀၀၀ ခန့်၊ MNDAA က အင်အား ၄,၀၀၀ ခန့်အထိ တိုးပွားလာသည်ကိုတွေ့ရ၏။

ထို့ပြင် ၂၀၁၁ မှ ၂၀၂၀ ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း မြန်မာစစ်တပ်၏ သဘောထား တင်းမာမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် KIA, UWSA, NDAA, SSPP, RCSS, KNU စသည့် အဖွဲ့အစည်းများသည်လည်း မိမိအင်အားကို ထောင်ဂဏန်းအရေအတွက် တိုးချဲ့ဖွဲ့စည်းလာသည်ကို တွေ့ရသည်။ သို့‌ဖြစ်ရာ လက်ရှိ စကစ ဥက္ကဋ္ဌ တပ်ချုပ်တာဝန် စတင်ယူသည့် ၁၀ နှစ်အတွင်း လက်နက်ကိုင်ပုန်ကန်တော်လှန်သူ အင်အား ၅၀,၀၀၀ ခန့်အထိ တိုးလာသည်ကို တွေ့ရ၏။

မြေပြင်မှ မချီတက်ရဲသဖြင့် လေကြောင်းချီတက် တိုက်ခိုက်မှုများ ပြုလုပ်ရာ စစ်စရိတ် မြင့်တက်လာသည့်အပြင် အမြဲတမ်း ချီတက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ/AFP

ထို ၁၀ နှစ်ကာလအတွင်း KIA, SSPP, TNLA, AA, MNDAA တို့နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သကဲ့သို့ RCSS, KNU တပ်မဟာ ၅ တို့နှင့်လည်း တိုက်ပွဲများဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထိုစစ်ဆင်ရေးများနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသည့် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဆင်ရေးဗျူဟာကို ကြည့်ပါက သမားရိုးကျ လှေကြီးထိုးရိုးရိုးသာဖြစ်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူကို အဓိက အားထားသည်ကို တွေ့ရ၏။ စစ်ရေးနည်းပရိယယ် ဆန်းဆန်းပြားပြားမတွေ့ရပါ။ လက်နက်ကြီး ပစ်ကူပစ်ခတ်ခြင်း၊ လေကြောင်းပစ်ကူပေးခြင်းတို့ ပြုလုပ်ပြီး ခြေလျင်တပ်ကို တက်ရောက်ရှင်းခိုင်းသည့် သမားရိုးကျ စစ်ဆင်ရေးသာဖြစ်၏။

ထို့ပြင် မြန်မာစစ်တပ်စခန်းတခု အဝိုင်းခံရပါက အဆောတလျင် စစ်ကူပေးရန် ချီတက်သဖြင့် စစ်ကူလိုက်သည့်စစ်ကြောင်းများ ချေမှုန်းသုတ်သင်ခံရခြင်းကို ထိုစစ်ဆင်ရေးများအတွင်း တွေ့ခဲ့ရသည်။ ဆိုရလျှင် ထိုကာလက စစ်လော်ဘီများ လူမှုကွန်ရက်တွင် ရေးသားနေသကဲ့သို့ စခန်းတခု အတိုက်ခံရသည်နှင့် အမြောက်တွေပစ်ပါ၊ ဗုံးတွေကြဲပါ၊ စစ်ကူအမြန်လိုက်ကြပါဆိုသည့် စစ်တပ်လော်ဘီတို့ စဉ်းစားမှုလောက်နှင့် မြန်မာစစ်တပ် တပ်ချုပ်က စစ်ဆင်ရေးများ ပြုလုပ်နေသည်ကို တွေ့ရ၏။

စစ်လော်ဘီများ လူမှုကွန်ရက်တွင် ရေးသားနေသကဲ့သို့ စခန်းတခု အတိုက်ခံရသည်နှင့် အမြောက်တွေပစ်ပါ၊ ဗုံးတွေကြဲပါ၊ စစ်ကူအမြန်လိုက်ကြပါဆိုသည့် စစ်တပ်လော်ဘီတို့ စဉ်းစားမှုလောက်နှင့် မြန်မာစစ်တပ် တပ်ချုပ်က စစ်ဆင်ရေးများ ပြုလုပ်နေသည်

ကချင်ပြည်နယ်နှင့် ကိုးကန့်ဒေသ တကြော့ပြန်စစ်ပွဲများတွင် မြန်မာစစ်တပ်သည် စခန်းများ၊ တောင်ကုန်းများကို အဓိက တိုက်ခိုက်သိမ်းပိုက်ခြင်းအား အောင်ပွဲရသည်ဟု ယူဆခဲ့သည်။ သို့သော်လည်း KIA ကိုသော်လည်းကောင်း၊ MNDAA ကိုလည်းကောင်း ချေမှုန်းနိုင်ခြင်းမရှိခဲ့ပါ။ KIA နှင့် MNDAA တို့က ပြောက်ကျားစနစ်ဖြင့် တုံ့ပြန်ပြီး အမာစခန်းများရှောင်၍ ပြောက်ကျားစနစ်ဖြင့် လှုပ်ရှားရာ ထို ၁၀ နှစ်ကာလအတွင်း KIA က မူရင်း တပ်မဟာများအပြင် တပ်မဟာ ၅ ခုခန့် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ MNDAA ကလည်း တပ်မဟာ ၃ ခုအထိ ဖွဲ့စည်းနိုင်ခဲ့သည်။ အလားတူပင် TNLA သည်လည်း ပြောက်ကျားစနစ်ဖြင့် ရင်ဆိုင်ရာ ၁၀ နှစ်အတွင်း တပ်မဟာ ၅ ခုအထိ တိုးချဲ့ ဖွဲ့ စည်းလာနိုင်၏။ ထို့အတူ ၁၀ နှစ်ကာလအတွင်း SSPP ဌာနချုပ် ဝမ်ဟိုင်းအား ဦးတည်တိုက်ခိုက်ခဲ့သော်လည်း SSPP က ပြောက်ကျားစနစ်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ရာ SSPP အင်အားပင် နှစ်ဆတိုးလာခဲ့သည်ကို‌ တွေ့ရ၏။

၂၀၁၉ ခုနှစ် ရခိုင်တွင် တိုက်ပွဲများ စတင်ခဲ့စဉ်က AA အား ဓာတ်ခဲဟုလည်းကောင်း၊ ရဲသာ တိုက်ရဲသည့် ရဲတိုက်ဟုလည်းကောင်း သရော်ခဲ့သော်လည်း လက်တွေ့တကယ်တမ်း ၂ နှစ်ခန့် တိုက်လာရသည့်အခါ။ နပခ တိုင်းစစ်ဌာနချုပ်တပ်များနှင့် တိုင်းအတွင်းရှိ စကခ ၃ ခုအပြင် အပြင်မှ တပ်မ ၅ ခုခန့် ထည့်သွင်းပြီး လေကြောင်းရေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများအသုံး ပြုခဲ့သော်လည်း အနိုင်မရသည့်အပြင် AA က အားပိုကောင်းလာသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်မှာ တပ်ရင်းလိုက်ချေမှုန်းခံပြီး တပ်ရင်းမှူးပင် အဖမ်းခံသွားရသည်ကို တွေ့ရသည်။ နောက်ဆုံး AA အနေနှင့် အားကောင်းမောင်းသန်ဖြင့် ရခိုင်တွင် အခိုင်အမာ အခြေချသွားနိုင်သည်ကို မြင်တွေ့ခဲ့ရသည်။

မြန်မာစစ်တပ် ထိန်းချုပ်နိုင်သည့်နယ်မြေ လျော့နည်းလာခြင်းအတွက် အဓိက တာဝန်ရှိသူမှာ မြန်မာစစ်တပ်အား တသွေးတသံတမိန့်ဖြင့် ထိန်းချုပ်ထားသည့် တပ်ချုပ် ဟုခေါ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွင် တာဝန်အရှိဆုံးဖြစ်၏။

ဤ ၁၀ နှစ်ကာလ စစ်ဆင်ရေးများနှင့် ပတ်သက်၍ တပ်ချုပ်ဆိုသူအနေနှင့် ‌ရွေးကောက်ပွဲမှတက်လာသော အစိုးရများကို အပြစ်ဖို့၍မရပေ။ ၂၀၀၈ အခြေခံဥပဒေအရ စစ်ရေးကိစ္စများတွင် တပ်ချုပ်က လုပ်ပိုင်ခွင့် အပြည့်အဝ ရှိသည့်အပြင် လက်တွေ့တွင် ၎င်းသဘောထားနှင့် ဆုံးဖြတ်လုပ်ကိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရများက လိုက်လံထောက်ခံပေးရသည်ကိုပင် တွေ့ရ၏။ သို့ဖြစ်ရာ ထိုမြန်မာစစ်တပ်၏ စစ်ဆင်ရေးများ မအောင်မြင်ခြင်း၊ တော်လှန်ရေးအင်အားများ တိုးပွားလာခြင်းအတွက် တာဝန်ရှိသူမှာ တပ်ချုပ်သာ ဖြစ်သည်ကို ရှင်းလင်းစွာမြင်နိုင်သည်။

KNU နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပြန်လည် တိုက်ခိုက် သိမ်းပိုက်လိုက်သည့် သေ့ဘောဘိုး စခန်း (ဓာတ်ပုံ – Cobra)

၂၀၁၁ မှ ၂၀၂၀ အတွင်း တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များတိုးလာခြင်း၊ တိုင်းရင်းသားတပ်ဖွဲ့များ ထိမ်းချုပ်နိုင်သည့် နယ်မြေကျယ်ပြန့်လာပြီး မြန်မာစစ်တပ် ထိန်းချုပ်နိုင်သည့်နယ်မြေ လျော့နည်းလာခြင်းအတွက် အဓိက တာဝန်ရှိသူမှာ မြန်မာစစ်တပ်အား တသွေးတသံတမိန့်ဖြင့် ထိန်းချုပ်ထားသည့် တပ်ချုပ် ဟုခေါ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွင် တာဝန်အရှိဆုံးဖြစ်၏။ တပ်ချုပ်နှင့် မြန်မာစစ်တပ်သည် ပြောက်ကျားစစ်ပွဲကို တုံ့ပြန်နိုင်သည့် စစ်ရေးစွမ်းရည်မရှိသည်ကို သက်သေပြနေခြင်းလည်း ဖြစ်သည်။ ထိုသို့ လေယာဉ်၊ လက်နက်ကြီး၊ တင့်ကားမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များကိုပင် မနိုင်သည့် တပ်ချုပ်နှင့် မြန်မာစစ်တပ်သည် လူသူလက်နက်အင်အား ပြည့်စုံသည့် ပြည်ပနိုင်ငံတပ်များအား ခုခံနိုင်စွမ်းရှိမည် မဟုတ်သည်ကို ရှင်းလင်းစွာ တွေ့မြင်ရ၏။

သို့သော် ထို ၁၀ နှစ်ကာလအတွင်း စစ်ပွဲများသည် နယ်မြေအကန့်အသတ်နှင့် ဖြစ်နေသည့်အပြင် ကာလအပိုင်းအခြား မတူညီကြရာ မြန်မာစစ်တပ်အတွက် တပ်အင်အား ထုတ်နုတ်သုံးစွဲရန်အဆင်ပြေသည်။ စစ်ရုံးချုပ်မှ တိုက်ရိုက်ကိုင်တွယ်သော တပ်မ ၁၀ ခုနှင့် စကခ ၂၀ ခု၊ စုစုပေါင်း ၃၀ နှင့် လက်အောက်ခံတပ်ရင်း ၃၀၀ အား လိုသလို ထုတ်နှုတ်သုံးစွဲနိုင်၏။ ထို့အပြင် စစ်ဆင်ရေးမရှိသည့်တိုင်းများမှ တပ်များအား ဗျူဟာအလိုက် ထုတ်နှုတ်သုံးစွဲနိုင်သည်။ သို့ဖြစ်ရာ တပ်ရင်းတရင်းစီ၌ စစ်ထွက်အင်အား လျော့ကျနေသော်လည်း စစ်ဆင်ရေးတခုချင်းအရ တပ်အင်အား မလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်နေသေးသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပုန်တော်လှန်မှုသည် တပြည်လုံးအနှံ့အပြား ပျံ့နှံ့သွားသည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲမရှိသည်မှာ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းအရှေ့သာရှိသည်။ ရှမ်းအရှေ့နှင့် ရှမ်းတောင်တွင် စကခ ၂ ခုနှင့် တိုင်းတပ်များ၊ ပြည်သူ့စစ်များကို အသုံးပြု၍ ထိန်းထားနိုင်သော်လည်း ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်တို့သာမက မန္တ လေး၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းများတွင်လည်း တပ်များ ဖြန့်ကျက်နေရာချထားရ၏။ စစ်ဆင်ရေးများ ပြုလုပ်နေရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသာမက ဖြစ်နိုင်ခြေရှိသည့်နေရာများတွင်ပါ စစ်ပြင်နေရသဖြင့် စစ်မျက်နှာတခုချင်းတွင် တိုက်ပွဲကြီးများ ဖြစ်ပွားပါက ထုတ်နုတ်ရ၍ စစ်ကူပို့ရန် တပ်အပိုမရှိပေ။

သို့ဖြစ်ရာ သူတွင်ရှိသည့် ဒေသခံတိုင်းတပ်များသာမက တပ်မ ၁၀ ခုနှင့် စကခ ၂၀ ခုအား တိုက်ပွဲဖြစ်သည့် နေရာ‌ဒေသများရော ဖြစ်လာနိုင်သည့်ဒေသများတွင်ပါ ဖြန့်ခွဲ့ချထားသည်။ အစောပိုင်းကတည်းက တိုက်ပွဲများဖြစ်နေသည့် ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင်သာမက စစ်ပွဲဖြစ်နိုင်သည့် နေရာများဖြစ်သည့် ရခိုင်၊ ရှမ်းမြောက်၊ စစ်တောင်းမြစ်ရိုးတွင်ပါ တပ်များဖြန့်ခွဲချထားသည်ကို တွေ့ရ၏။

ရခိုင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ ငြိမ်သက်နေသော်လည်း တပ်မအင်အားအချို့သာ ထုတ်နုတ်နိုင်၏။ တိုင်းတပ်၊ စကခ ၃ ခုအပြင် တပ်မ ၃ ခု ထားရှိပြီး AA နှင့် ရင်ဆိုင်နိုင်ရန် စစ်ပြင်ထားခဲ့သည်။ သူတို့ ပြင်ဆင်ထားခဲ့သလိုပင် ယခုအခါ ရခိုင်တွင် တိုက်ပွဲများဖြစ်နေပြီဖြစ်၏။ အလားတူ ရှမ်းမြောက်တွင်လည်း တိုင်းတပ်၊ နယ်ခံစကခ ၂ ခုအပြင် အခြားဒေသမှ စကခ ၄ ခုနှင့် တပ်မ ၁ ခု အားဖြည့်ထားခဲ့ပြီး KIA, TNLA, MNDAA နှင့် AA တို့ ပူးပေါင်းစစ်ဆင်ရေး လုပ်လာနိုင်မည့်အရေးအား မျှော်လင့်ပြီး ပြင်ဆင်ထား၏။ ထို့ပြင် စစ်တောင်းမြစ်တလျှောက် သံတောင်၊ ရွှေကျင်၊ ကျောက်ကြီး၊ မုန်းတလျှောက် စကခ တခု ဖြန့်ချပြီး ကရင်ပြည်နယ်မှ KNU နှင့် PDF များ ပဲခူးရိုးမသို့ ထိုးဖောက်လာမည်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။ နတခ၊ လပခ၊ နမခ ရှိတပ်များကလည်း ရခိုင်ရိုးမကို အခြေပြုပြီး ရခိုင်ရိုးမ အရှေ့ခြမ်းသို့ ထိုးဖောက်လာမည်ကို တွက်ဆပြီး ပုသိမ်-ချောင်းသာ၊ ဂွ-ငသိုင်းချောင်း၊ တောင်ကုတ်တောင်ကြား၊ အမ်းတောင်ကြားလမ်းများကို ပိတ်ဆို့ရန် တပ်များချထားရ၏။

ကရင်ပြည်နယ်တွင် အဖမ်းခံရသော မြန်မာစစ်သားများ

သို့ဖြစ်ရာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသာမက ဖြစ်နိုင်ခြေရှိသည့်နေရာများတွင်ပါ စစ်ပြင်နေရသဖြင့် စစ်မျက်နှာတခုချင်းတွင် တိုက်ပွဲကြီးများ ဖြစ်ပွားပါက ထုတ်နုတ်ရ၍ စစ်ကူပို့ရန် တပ်အပိုမရှိပေ။ ထို့ကြောင့် လက်ရုံးတပ်များဖြစ်သည့် ထောက်ပို့၊ ကပစ၊ ဆက်သွယ်ရေး၊ အင်ဂျင်နီယာ စသည်တို့မှ တပ်အင်အားများ ထုတ်နုတ်၍ လက်ရုံးညွန့်ပေါင်းတပ်ခွဲများဖွဲ့စည်းကာ စစ်ဆင်ရေးဝင်သည့် တပ်ရင်း၊ စစ်ကြောင်းများနှင့် တွဲဖက်ပေးနေသည်ကို၎င်း၊ စစ်တပ်အား အထောက်အကူပြုရန် ပြူစောထီးများ ဖွဲ့စည်းနေသည်ကို၎င်း တွေ့မြင်နေရပေ၏။

ထို့ပြင် မြေပြင် စစ်ဆင်ရေးများတွင် နေရာအနှံ့ ပုန်ကန်တိုက်ခိုက်နေသည့်အပြင် ပြီးခဲ့သည့် တနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များက မိုင်းစစ်ဆင်ရေးကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခြင်း၊ လမ်းဖြတ်တိုက်ခိုက်ခြင်းတို့ကြောင့် မြေပြင်မှ ခြေလျင်ချီတက်ခြင်း မပြုရဲကြတော့ရာ ထိမ်းချုပ်နယ်မြေများ လျော့ကျလာသည်။ စခန်းငယ်များ အတိုက်ခိုက်ခံရသည်များ၍ စခန်းငယ်များဆုတ်ပြီး ပူးပေါင်းရရာ ထိမ်းချုပ်နယ်မြေ လျော့ကျလာ၏။

ထို့ပြင် မြေပြင်မှ မချီတက်ရဲသဖြင့် လေကြောင်းချီတက် တိုက်ခိုက်မှုများ ပြုလုပ်ရာ စစ်စရိတ် မြင့်တက်လာသည့်အပြင် အမြဲတမ်း ချီတက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ ထို့ပြင် ခြေလျင်တပ်များ တိုက်ခိုက်စွမ်းရည် ကျဆင်းခြင်းနှင့် တိုက်စိတ်ခိုက်စိတ် ကျဆင်းခြင်းကို ကုစားရန် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူအား အများအပြားသုံးစွဲရ၍ စစ်စားရိတ်မြင့်တက်လာ၏။ စစ်စားရိတ်မြင့်တက်ခြင်းကြောင့် စကစအစိုးရတွင် ဘတ်ဂျက်လိုငွေပြခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့ကို မထိမ်းသိမ်းနိုင်ဘဲ စီးပွားရေးအခြေခံ အဆောက်အအုံများထိခိုက်ရာ စစ်စားရိတ်သုံးစွဲမှုကို ပြန်လည်သက်ရောက်မည်ဖြစ်ပြီး မြန်မာစစ်တပ်အတွက် စစ်ရေးအကြပ်အတည်းအပြင် ဘဏ္ဍာရေး အကြပ်အတည်းပါ ရင်ဆိုင်နေရသည်။

ပြီးခဲ့သော လေးလပတ်အစည်းအဝေးတွင် မြန်မာစစ်တပ် တပ်ချုပ်ဆိုသူက အကျအဆုံးများကြောင်း ဝန်ခံခဲ့သော်လည်း ထိုအကြောင်းအချက်သည် တပ်နေရာချထားမှု မမှန်ခြင်း၊ ချီတက်ရှင်းလင်းမှု မမှန်ခြင်း၊ တပ်တည်လိမ်တင်ပြခြင်း၊ စစ်နည်းဗျူဟာနှင့် ပစ်ခတ်မှုအား ကောင်းစွာ အသုံးမချနိုင်မှုဟုကြောင့်ဟု ဆိုခဲ့သော်လည်း မြန်မာစစ်တပ်၏ တကယ့်ပြသနာမှာ တိုက်စိတ်ခိုက်စိတ် ကျဆင်းခြင်း၊ တိုက်ရည်ခိုက်ရည် ကျဆင်းခြင်းအပြင်စစ်အင်အား မလုံလောက်သည့်ပြဿနာဖြစ်သည်။

ထို့ပြင် တပ်သားသစ် ဖြည့်တင်းရေးမှာလည်း အခက်အခဲရှိနေ၏။ လက်ရှိတပ်သားသစ် ပေါက်ဈေးမှာ သိန်း ၃၀ ခန့်ရှိသည်ဟု ဆိုသည်။ ငွေပေး၍ ဝယ်ယူသော်လည်း တပ်သားသစ်မရ။ တပ်သားသစ် မဆိုထားနှင့် ဗိုလ်သင်တန်းပင် တက်မည့်သူ မရှိသည့်ကာလဖြစ်နေရာ တပ်အင်အားဖြည့်တင်းရန် အခက်အခဲဖြစ်နေ၏။ ၂၀၂၂ နှစ်ဆန်းတွင် တပ်မ ၇၇၊ ၂၀၂၂ နှစ်လည်ပိုင်းတွင် တပ်မ ၆၆ တို့ ဖွဲ့စည်းပုံပျက်သွားရာ ရသမျှ တပ်သားသစ်များကို ထိုတပ်များအား ဦးစားပေး၍ ပြန်လည်ဖွဲ့စည်းနေရသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ်က ပျမ်းမျှ စစ်ထွက်အင်အား ၁၅၀ ခန့်ရှိသေးသော်လည်း ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ အချို့တပ်များ စစ်ထွက်အင်အား ၈၅ ယောက်ပင် မပြည့်တော့ပေ။ ပြန်လည်၍ မဖြည့်တင်းနိုင်ခဲ့ရာ စစ်ထွက်အင်အား ၈၅ ယောက် အနည်းဆုံးရှိရန် ညွှန်ကြားနေသည်ကို တွေ့ရ၏။

ထို့ပြင် တိုင်းရင်းသားတပ်ဖွဲ့များ၊ PDF များအား စစ်ရေးအရ တိုက်ခိုက်ရန်မှာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ ရှိရုံနှင့်မရပေ။ ပထမအချက် ဒေသခံလူထုအား ကိုယ်ဖက်ပါအောင် စည်းရုံးနိုင်ရမည့်အပြင် သာလွန်သော မြေပြင်စစ်အင်အားကို စုစည်းပြီး အချိန်ယူခါ ဝိုင်းပတ်ချေမှုန်းသည့် စစ်ဆင်ရေးမျိုး ဆင်နွှဲရန်လိုအပ်၏။ မြန်မာစစ်တပ်အဖို့ လူထုထောက်ခံမှု မရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်နှင့် PDF အား ချေမှုန်းနိုင်ရန် လက်ရှိမြန်မာစစ်တပ်အား ခြေလျင်၊ ခြေမြန်စစ်သည် ၅ သိန်းခန့် ထပ်မံဖြည့်တင်းရန် လိုအပ်သည်။ စစ်သည် ၅ သိန်းမဆိုထားနှင့် တပ်သားသစ် ၅ သောင်းပင် မစုဆောင်းနိုင်သဖြင့် မြန်မာစစ်တပ်အဖို့ စစ်အင်အားအကြပ်အတည်းကို ကြုံတွေ့နေရပြီဖြစ်၏။

ပြီးခဲ့သော လေးလပတ်အစည်းအဝေးတွင် မြန်မာစစ်တပ် တပ်ချုပ်ဆိုသူက အကျအဆုံးများကြောင်း ဝန်ခံခဲ့သော်လည်း ထိုအကြောင်းအချက်သည် တပ်နေရာချထားမှု မမှန်ခြင်း၊ ချီတက်ရှင်းလင်းမှု မမှန်ခြင်း၊ တပ်တည်လိမ်တင်ပြခြင်း၊ စစ်နည်းဗျူဟာနှင့် ပစ်ခတ်မှုအား ကောင်းစွာ အသုံးမချနိုင်မှုဟုကြောင့်ဟု ဆိုခဲ့သော်လည်း မြန်မာစစ်တပ်၏ တကယ့်ပြသနာမှာ တိုက်စိတ်ခိုက်စိတ် ကျဆင်းခြင်း၊ တိုက်ရည်ခိုက်ရည် ကျဆင်းခြင်းအပြင်စစ်အင်အား မလုံလောက်သည့်ပြဿနာဖြစ်သည်။

ကရင်ပြည်နယ်ရှိ မြန်မာစစ်တပ် စိုးမိုးကုန်းတကုန်း အသိမ်းခံရစဉ်

စစ်တိုင်းဌာနချုပ်နယ် မြေတခုအတွင်း တိုက်ပွဲတပွဲဖြစ်ပါက စစ်ကူမလိုက်နိုင်သကဲ့သို့ စစ်တိုင်းနယ်မြေတခုချင်း စစ်အင်အား လိုအပ်ပါကလည်း အခြားနယ်‌မြေမှ စစ်အင်အား ထုတ်နုတ်ဖြည့်တင်းရန် မဖြစ်နိုင်တော့ပေ။ လက်ရှိအခြေအနေတွင် စစ်ဆင်ရေးနယ်မြေ လျှော့ချရန် တိုင်းရင်းသားအဖွဲ့များအား ငြိမ်းချမ်းရေးကမ်းလှမ်းသည် ဆိုသည်ကလည်း ထင်သလောက်အလုပ်မဖြစ်ပေ။ တိုင်းရင်းသားအဖွဲ့များ၏ စစ်ဆင်ရေးများက ပိုတိုးလာသည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၂၁ မှ လက်နက်ကိုင်လာကြသည့် PDF, KNDF, CDF စသည့် တပ်ဖွဲ့များကလည်း တိုက်ခိုက်ရည်မြင့်လာပြီး ချေမှုန်းရေးတိုက်ပွဲများ တိုက်လာနိုင်သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်အင်အားမလုံလောက်သည့် စကစ အတွက် စစ်အင်အားအကြပ်အတည်းကို တပြည်လုံးအနှံ့၌ တချိန်တည်း တပြိုင်တည်း ဖြစ်ပွားနေသော စစ်ပွဲတွင်ကြုံနေရပြီဖြစ်၏။ ပြီးခဲ့သော ၁၀ နှစ်အတွင်း ဒေသတခုစီ၊ အချိန်ကာတခုစီတွင် ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများတွင် စစ်အင်အား အလုံအလောက် စုစည်းနိုင်ခဲ့‌သော်လည်း အနိုင်မတိုက်နိုင်ခဲ့သော မြန်မာစစ်တပ်အဖို့ လက်ရှိတွင် စီးပွားရေးအကြပ်တည်းလည်း ကြုံနေရသည်။

တပြည်လုံးရှိ စစ်တိုင်းဌာနချုပ်နယ်မြေတခုခုမှ တပ်အင်အားထုတ်နုတ်ပါက ထုတ်နုတ်သည့်နယ်မြေတွင် စစ်ရေးအထိနာသွားနိုင်သည် သို့မဟုတ် လက်လွတ် ဆုံးရှုံးသွားနိုင်သည်

ထို့ပြင် လာမည့်ဆောင်းရာသီတွင် တော်လှန်ရေးတပ်ဖွဲ့များက တက်ကြွသည့် တိုက်ခိုက်မှုများ ပြုလုပ်လာသည်နှင့်အမျှ မြန်မာစစ်တပ်သည် မြို့ပြနှင့် အဓိကဆက်သွယ်ရေး လမ်းကြောင်းများကိုသာ ထိန်းချုပ်၍ ခံစစ်ဆင်ရသည့် အခြေအနေသို့ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဆိုက်ရောက်တော့မည်ဟု သုံးသပ်ရပေသည်။

ဤအခြေအနေသည် တပြည်လုံးရှိ စစ်တိုင်းဌာနချုပ်နယ်မြေတခုခုမှ တပ်အင်အားထုတ်နုတ်ပါက ထုတ်နုတ်သည့်နယ်မြေတွင် စစ်ရေးအထိနာသွားနိုင်သည် သို့မဟုတ် လက်လွတ် ဆုံးရှုံးသွားနိုင်သည်ဖြစ်ရာ နယ်မြေအနှံ့ ဖြန့်ခွဲ ခံစစ်ဆင်ရန် မဖြစ်မနေ စဉ်းစားရသည့် အကြောင်းအချက်ကြောင့်လည်းဖြစ်၏။

သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ် ခံစစ်အနေအထားသို့ ဆိုက်ရောက်တော့မည့် အခြေအနေမှာ တပြည်လုံးအနှံ့အပြား ပုန်ကန်မှုများရှိနေခြင်း၊ စကစ အား လူထုထောက်ခံမှု ကင်းမဲ့ခြင်းတို့အပြင် လက်တွေ့မြေပြင် စစ်ဆင်ရေးများတွင် စစ်အင်အားမလုံလောက်သည့် အခြေအနေ၊ မြန်မာစစ်ခေါင်းဆောင်၏ ညံ့ဖျင်းသော စစ်ရေးစွမ်းရည်တို့ကြောင့် မြန်မာစစ်တပ် မလွှဲမရှောင်သာ ရင်ဆိုင်ရမည့် အခြေအနေလည်း ဖြစ်ပေသည်။

ယခုအချိန်တွင်ပင် အချို့ဒေသများ၌ မြန်မာစစ်တပ်က အင်အားစုစည်းပြီး စစ်ဆင်ရေးများမလုပ်နိုင် (ဝါ) ထိုးစစ်မဆင်နိုင်တော့ဘဲ ခံစစ်သာယူ‌ နေရသည်က လက်တွေ့ပင်ဖြစ်၏။

You may also like these stories:

ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်

အာဏာသိမ်းပြီး ခြေကုပ်စခန်း ၉၀ ခန့် စစ်ကောင်စီဆုံးရှုံး

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်

စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့

စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်

Loading