ရုရှားသို့ နောက်ဆုံးသွားရောက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် စစ်ဝါဒီ မင်းအောင်လှိုင်သည် ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအိပ်မက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေကြောင်း ပိုမိုထင်ရှားလာသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်အကြာက စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေသည် ပြည်ပရန်စ ခြိမ်းခြောက်မှုများကို အတားအဆီးအဖြစ် အနုမြူဗုံး ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ကို ပြောကြားပြီး သူ၏လူယုံဖြစ်သူ ထိုစဉ်က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းအား “ကိုသောင်း၊ ဖြစ်နိုင်ရင် အနုမြူဗုံး တလုံးလုပ်ဗျာ၊ ဥသျှစ်သီး အရွယ်ပဲဖြစ်ဖြစ်” ဟု ပြောသည်။ ထိုစစ်အာဏာရှင်က ဤစကားများကို စစ်ရုံးတွင်လုပ်သည့် ဗိုလ်ချုပ်များ ပုံမှန် အစည်းအဝေးတွင် ပြောခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သည့် စစ်အရာရှိတဦးက ပြောသည်။ ဦးသောင်းသည် စစ်အရာရှိဟောင်း ဖြစ်သည်။
သူ၏ အိပ်မက်ကို အမွေပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဦးသန်းရွှေက ရွေးချယ်ခဲ့သည်။
လွန်ခဲ့သောအပတ်က ရုရှားသို့ သွားရောက်စဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှား အနုမြူစွမ်းအင် ကုမ္ပဏီ Rosatom ဒါရိုက်တာ အလက်ဆီ လစ်ခါချက်ဗ်နှင့် ထပ်မံတွေ့ဆုံသည်။ စစ်ကောင်စီ ခေါင်းဆောင်သည် ဇူလိုင်လက ကိုယ်ရေးကိုယ်တာ ခရီးအဖြစ် ရုရှားသို့ သွားရောက်စဉ်ကလည်း သူနှင့်တွေ့ဆုံသည်။ ထိုခရီးစဉ်သည် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။
ထိုစဉ်က မြန်မာတွင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြသည်ဟု Rosatom ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သော အပတ်က ရုရှားသို့ သွားရောက် လည်ပတ်ချိန်တွင်မူ မြန်မာတွင် မော်ဂျူလာ နျူကလီးယား ဓာတ်ပေါင်းဖို အကောင်အထည်ဖော်ရန် အထက်ပါ ရုရှား အနုမြူစွမ်းအင်အေဂျင်စီနှင့် ပဏာမ သဘောတူညီချက် လက်မှတ်ထိုးကြသည်။
ထိုစီမံကိန်းသည် နျူကလီးယားစွမ်းအင်ကို မြန်မာတွင် ငြိမ်းချမ်းစွာ အသုံးပြုရန် သက်သက်အတွက်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများကို ပြောသည်။
မြန်မာစစ်အုပ်စုနှင့် Rosatom တို့ နျူကလီးယား စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
၂၀၀၇ ခုနှစ်က စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေသည် မြန်မာတွင် နျူကလီးယား သုတေသနဌာန တည်ဆောက်ရန် Rosatom နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုသုတေသနဌာနသည် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိမည်ဖြစ်ကြောင်း Rosatom က ပြောသည်။ သို့သော် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဆန့်ကျင်သောကြောင့် ထိုသုတေသနဌာနကို မတည်ဆောက်ဖြစ်ပေ။
သူ၏ မိန့်ခွန်းများတွင် ဦးသန်းရွှေက နိုင်ငံကို လုံးဝကာကွယ်နိုင်မည့် ကာကွယ်ရေးစွမ်းရည် လိုအပ်ကြောင်းနှင့် စစ်တပ်ကို ခေတ်မီစေရန် သိပ္ပံနှင့်နည်းပညာသုံးရန် မကြာခဏ ပြောခဲ့သည်။
ထိုသို့ လိုအပ်သည်ထင်သောကြောင့် ဦးသန်းရွှေသည် နျူကလီးယား စွမ်းအင်ထုတ်လုပ်ရန် နည်းပညာ ရရှိရေးအတွက် ရုရှားနှင့် မြောက်ကိုရီးယားကို ချဉ်းကပ်သည်။ သူအုပ်ချုပ်စဉ်က ရုရှားနှင့် မြောက်ကိုရီးယားမှ ကျွမ်းကျင်သူများ မြန်မာသို့ ရောက်လာပြီး မြန်မာစစ်အရာရှိ ရာနှင့်ချီပြီးလည်း နျူကလီးယားသိပ္ပံနှင့် ဒုံးကျည်နည်းပညာများ လေ့လာရန် ရုရှားစစ်တက္ကသိုလ်များသို့ သွားရောက်ကြသည်။
နျူကလီးယားစွမ်းအင်ကို ပြည်သူလူထုအကျိုးအတွက် ငြိမ်းချမ်းစွာ အသုံးပြုမည်ဖြစ်ကြောင်း စစ်အုပ်စုက ခုခံကာကွယ်ပြောကြားသည်။ မင်းအောင်လှိုင်၏ စစ်ကောင်စီကလည်း ထိုသို့သော ဆင်ခြေမျိုးသာ ပေးသည်။
ဦးသန်းရွှေစစ်အုပ်စု၏ တတိယခေါင်းဆောင် ဦးရွှေမန်းနှင့် အခြားစစ်အရာရှိများသည် ၂၀၀၈ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းသို့ လျှို့ဝှက်သွားရောက်ပြီး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးကြသည်။ ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသော ဦးရွှေမန်းက ထိုခရီးစဉ်သည် လေကြောင်း ကာကွယ်ရေးစနစ်ကို လေ့လာရန်သာဖြစ်ကြောင်း၊ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကိုသာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောသည်။
သို့သော် စစ်တပ်၏ နျူကလီးယားတပ်ဖွဲ့ဖြစ်သည့် သိပ္ပံနှင့်နည်းပညာအလုပ်ရုံမှ အင်ဂျင်နီယာ တဦးဖြစ်သူ ရုရှားမှ အနုမြူစွမ်းအင်ဆိုင်ရာ ပါရဂူဘွဲ့ရထားသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ၂၀၁၀ ပြည့်နှစ်တွင် ဓာတ်ပုံများ အပါအဝင် အချက်အလက်များကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပြီး စစ်တပ်သည် မြောက်ကိုရီးယားမှ နည်းပညာအကူအညီဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် သုတေသနလုပ်နေကြောင်း ဖော်ထုတ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အမည်ခံများကို စတင်လုပ်ဆောင်သောအခါ ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရက ထိုသုတေသန အစီအစဉ်များကို ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် ကျယ်ပြန့်သော နျူးကလီးယား စမ်းသပ်မှု ပိတ်ပင်ရေး နိုင်ငံတကာသဘောတူစာချုပ် (Comprehensive Nuclear Test Ban Treaty) ကို ၂၀၁၆ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းပြီးနောက် မြန်မာနှင့် ရုရှားနိုင်ငံတို့သည် ပိုမိုအနီးကပ် ပူးပေါင်းလာပြီး မော်စကိုက မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံသလို မြန်မာကလည်း ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံသည်။ ၂ နိုင်ငံလုံးသည် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ပိုမိုအထီးကျန်နေသော နိုင်ငံများဖြစ်သည်။ ရုရှားသည် စစ်ကောင်စီကို လက်နက် အဓိက ထောက်ပံ့သည့် နိုင်ငံဖြစ်လာပြီး တော်လှန်ရေးအင်အားစုများကို ချေမှုန်းရန် လက်နက်များ ရောင်းချပေးသည်။
မြန်မာပြည်သူများ စီးပွားတိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်ဟု စကစခေါင်းဆောင် မင်းအောင်လှိုင်က အများပြည်သူကို ပြောသော်လည်း သူ၏ရည်ရွယ်ချက်မှာ ထိုမျှ ရိုးရှင်းခြင်း မရှိကြောင်း ထင်ရှားသည်။
သူ၏ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအဖြစ် အရပ်သားများကို သွေးချောင်းစီး ဖြိုခွဲမှုကြောင့် ကမ္ဘာက သူ့ကို ပစ်ပယ်ထားခြင်းအား မင်းအောင်လှိုင် မကျေမနပ်ဖြစ်နေသည်မှာ သေချာသည်။ မြောက်ကိုရီးယားကဲ့သို့ စစ်ဘက်သုံး နျူကလီးယား နည်းပညာပိုင်ဆိုင်ခြင်းသည် ထိုကိစ္စကို အပြောင်းအလဲ ဖြစ်စေမည်လားဟု သူ သိလိုကောင်း သိလိုပေမည်။
ပြည်သူများ ဘဝ သာယာစိုပြေရေးကို လုံးဝ ဂရုမစိုက်သော စစ်အာဏာရှင်အဖြစ် စကစခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့သောနည်းပညာကို ကျန်းမာရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သုံးမည်ဟု ကတိပေးခြင်းသည် လွန်စွာ သံသယဖြစ်စရာ ကောင်းသည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းသည် သူ၏ အာဏာရှင်ရာထူးကို တသက်တာ တည်မြဲစေရန် အာမခံချက်ရှိစေမည်ဟု ယူဆကြောင်း ထင်ရှားနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Like Previous Regime, Myanmar Junta Pursuing Nuclear Weapons ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
အပယ်ခံ စစ်ကောင်စီခေါင်းဆောင် ရုရှားသာ ထပ်သွားလို့ရ
အထီးကျန်ခေါင်းဆောင်များ အလွန်မှားယွင်းစွာ ဆုံးဖြတ်တတ်ကြောင်း ရုရှားနှင့် မြန်မာက သက်သေ
နျူကလီးယား ဆွေးနွေးပွဲ၌ အမေရိကန် လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ရှိဟု ကင်ဂျုံအန်း ပြော
နျူလက်နက် တားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ရေးထိုး