စက်တင်ဘာ ၇ ရက်နေ့သည် မြန်မာစစ်တပ်အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ခုခံတော်လှန်စစ် ကြေညာမှု ပထမဆုံးနှစ်ပတ်လည်နေ့ ဖြစ်သည်။ ထိုသို့ ကြေညာခဲ့သည့် အချိန်က လူအနည်းစုကသာ နှစ်ပေါင်း ၆၀ အတွင်း ၇ နှစ်တာကာလတခုမှအပ တိုင်းပြည်ကို တလျှောက်လုံး အုပ်ချုပ်နေခဲ့သော လက်နက်ကောင်းစွာ တပ်ဆင်ထားမှုဖြင့် ရက်စက်ကြမ်းကြုတ်သည့် စစ်တပ်ကို ဆန့်ကျင်မည့် ခုခံတော်လှန်စစ်အပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် ၁၉ လ အကြာတွင်မူ မြန်မာစစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများစွာတွင် လက်လွှတ်ဆုံးရှုံးရမှုများနှင့် နစ်မွန်းလာခဲ့ရသည်။ သို့ရာတွင် ယခုအချိန်အထိ စစ်အုပ်စု၏ အကြီးမားဆုံးသော အစစ်အမှန်ပျော့ကွက်မှာ ပြိုဆင်းလာနေသည့် စီးပွားရေး ဖြစ်သည်။
စစ်မြေပြင်တွင် စစ်အုပ်စု၏ ဆုံးရှုံးရမှုများက အမှန်တကယ် ဖြစ်သည်။ NUG ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၇၅ ဖွဲ့နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအများအပြား ပါဝင်ကြသည့် အံ့သြဖွယ်ကောင်းလောက်အောင် ခံနိုင်ရည်ရှိကြသော မဟာမိတ်အဖွဲ့အား စစ်တပ်က နည်းပါးလျော့ကျလာနေသည့် အရင်းအမြစ်များ သုံးစွဲလျက် တိုက်ခိုက်နေရသည်။ ပြီးခဲ့သည့်နှစ်အတွင်း နှစ်ဘက်အကြား ထိတွေ့တိုက်ခိုက်မှုပေါင်း ၆၆၀၀ ကျော် ရှိခဲ့သည်။
ယခုအချိန်အထိ စစ်အုပ်စု၏ အကြီးမားဆုံးသော အစစ်အမှန်ပျော့ကွက်မှာ ပြိုဆင်းလာနေသည့် စီးပွားရေး ဖြစ်သည်။
ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အထူးအကြံပေးအဖွဲ့ (SAC-M) ၏ အစီရင်ခံစာသစ်က တိုင်းပြည်အကျယ်အဝန်း၏ ၅၂ ရာခိုင်နှုန်းကို NUG နှင့် ၎င်း၏မဟာမိတ်များက ထိန်းချုပ်ထားစဉ် စစ်အုပ်စုက ၁၇ ရာခိုင်နှုန်းကိုသာ ထိရောက်စွာ ထိန်းချုပ်ထားနိုင်သည်ဟု အခိုင်အမာ ဖော်ပြထားသည်။ ကျန်ဒေသများမှာ ဆက်လက်ပြိုင်ဆိုင်နေဆဲဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကိုင်နှင့် အရပ်သား ခွဲခြားမှုမရှိဘဲ အရပ်သား အသိုက်အဝန်းများက ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေလှန်မီးရှို့မှုများ၏ ပစ်မှတ်ဖြစ်လာကာ ယခုအချိန်အထိ နေအိမ် ၂၈,၀၀၀ ခန့်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။
ထို့အပြင် NUG နှင့် တရားဝင် မဟာမိတ် မဖြစ်သေးသော်လည်း လက်နက်တပ်ဆင်မှု အားကောင်းသော ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ် တို့အကြား ရန်လိုမှုများကလည်း ပိုမိုပြင်းထန်လာနေကာ စစ်တပ်အပေါ် ဖိအားများ ပိုမိုကျရောက်နေစေသည်။
NUG က မြို့ကြီးများတွင် တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိလာရာ ဗုံးခွဲတိုက်ခိုက်မှုများနှင့် စစ်အရာရှိများနှင့် ၎င်းတို့၏ နီးစပ်ဆက်နွယ်မှုရှိသူများအား ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်းများ ပါဝင်ကြသည်။ ဤကဲ့သို့သော မြို့ပြတိုက်ခိုက်မှုများက စစ်မက်ဖြစ်ပွားမှုနှင့် ကြုံတွေ့ရလေ့ မရှိသည့် မြို့နေလူထုအား တည်ငြိမ်မှု ရှိပြီး အခြေအနေပုံမှန် ဖြစ်နေသည်ဟု စစ်ကောင်စီက အခိုင်အမာ အာမခံထားမှုအပေါ် ထိခိုက်လာစေသည်။
ယခုအချိန်အထိ စစ်တပ်က အရပ်သားလူထုကို ဒူးထောက်အညံ့ခံ လာစေနိုင်ခြင်း မရှိသေးပေ။ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကလည်း ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတဝန်း နေ့စဉ်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
စစ်အုပ်စု၏ အသေအပျောက် ခန့်မှန်းချက်များက အမျိုးမျိုးကွဲပြားလျက် ရှိသည်။ NUG က စစ်သား ၂၀၀၀၀ သေဆုံးပြီး ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရဟု ဆိုသည် (သမားရိုးကျ ခန့်မှန်းချက်မှာ ဒဏ်ရာရရှိသူ အရေအတွက်သည် တိုက်ပွဲများအတွင်း သေဆုံးသူများ၏ အရေအတွက်ထက် သုံးဆမျှ များပြားလေ့ရှိသည်)။ အခြားသူများက ထိုအရေအတွက်ထက် လျော့နည်းဖော်ပြခဲ့ကြသော်လည်း စစ်တပ်အနေဖြင့် သိသာသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်မှာ ရှင်းလင်းထင်ရှားနေသည်။ NUG နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်တပ်တပ်ဖွဲ့ဝင်များကို ပိုမို၍ ဖမ်းဆီးရမိနေချိန်တွင် ဘက်ပြောင်းသွားမှုများနှင့် တပ်ပြေးမှုများလည်း စစ်တပ်က ရင်ဆိုင်နေရသည်။
စစ်တပ်က လူထုအား ကြောက်ရွံ့ထိတ်လန့်ပြီး ဒူးထောက်အညံ့ခံလာစေရန် အကြမ်းဖက်ခြိမ်းခြောက်သည့် အယူအဆအပေါ် အခြေခံသည့် “ဖြတ်လေးဖြတ်” ဗျူဟာကို ဆက်လက်ကျင့်သုံးနေသည်။ ယခုနှစ်အတွင်း ခုခံတော်လှန်ရေးသမား ၁၅၀၀ ခန့်နှင့် အရပ်သား ၂,၂၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း NUG က အသိအမှတ်ပြု ဖော်ပြခဲ့သော်လည်း ထိုထက်ပိုကောင်းပိုနိုင်သည်။
ယခုအချိန်အထိ စစ်တပ်က အရပ်သားလူထုကို ဒူးထောက်အညံ့ခံ လာစေနိုင်ခြင်း မရှိသေးပေ။ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကလည်း ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတဝန်း နေ့စဉ်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
အတားအဆီးမဲ့ စီးပွားရေး ကျဆင်းမှု
စစ်မြေပြင် အခြေအနေက စစ်တပ်အတွက် အလေးထားပူပန်စရာ ဖြစ်သော်လည်း ပိုမိုကြီးမားသည့် စိုးရိမ်သောကက အတားအဆီးမရှိသည့် စီးပွားရေးကျဆင်းမှုက လာသည်။
မြန်မာကျပ်သည် ဒေါ်လာနှင့်ယှဉ်လျင် ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏တန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။
တိုင်းပြည်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းကျုံ့ဝင်သွားပြီး ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းချက်များတွင်လည်း တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် အပါအဝင် အကောင်းမြင်မှု သိပ်မရှိကြပေ။
ငွေကြေးဖောင်းပွမှုက ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုအခါ ဆန်ဈေး ၃၅ နှင့် ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွမှုက ၁၈ ရာခိုင်နှုန်း ကျော်လာသည်။ ရှားပါးလာမှုများကြား မီးဖိုသုံးဓာတ်ငွေ့ဈေးများက ထိုးတက်လာခဲ့ကြသည်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လုပ်ငန်းအများအပြားက မီးစက်များကို သုံးစွဲနေရသဖြင့် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုများ ရှိလာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်အတွင်း လုပ်သားအင်အား၏ စုစုပေါင်း ၇ ရာခိုင်နှုန်းခန့်ရှိသည့် အလုပ်အကိုင် ၁ ဒသမ ၆ သန်း ဆုံးရှုံးခဲ့ရသည်။ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ယခုအခါ ဆင်းရဲမွဲတေမှုမျဉ်း၏အောက်တွင် နေထိုင်လျက် ရှိနေကြသည်။
မြန်မာကျပ်သည် ဒေါ်လာနှင့်ယှဉ်လျင် ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏တန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။ တရားဝင် ငွေလဲလှယ်နှုန်းက တဒေါ်လာလျင် ၂၁၀၀ ကျပ် ဖြစ်နေချိန် ဈေးကွက်အတွင်း စံချိန်တင် အနိမ့်ဆုံးဖြစ်သည့် ကျပ်ငွေ ၄,၀၀၀ အောက်နှုန်းဖြင့် ခေတ္တမျှ အရောင်းအဝယ် ဖြစ်နေခဲ့သည်။
နိုင်ငံတကာ ငွေကြေးဆိုင်ရာ အသိုက်အဝန်းက မြန်မာအာဏာသိမ်း စစ်ကောင်စီကို မည်သည့်ဘဏ္ဍာရေး ကြီးကြပ်မှုကိုမျှ မစွမ်းဆောင်နိုင်သော ရာဇဝတ်ဂိုဏ်းတခုအဖြစ် တံဆိပ်ကပ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ကျပ်ငွေတန်ဖိုး ပြိုဆင်းကျမှုကို မည်သည့်အရာက ဖြစ်လာစေခဲ့သနည်း။
ပထမအချက်မှာ လွန်စွာ ရှားပါးလာသည့် နိုင်ငံခြားငွေ ဝယ်လိုအား ဖြစ်သည်။ စစ်အုပ်စုက စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ နိုင်ငံခြားငွေများကို တရားဝင် သတ်မှတ်နှုန်းဖြင့် ရောင်းချရန် စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။
လူတိုင်းက ယခုအခါ စံချိန်တင် အရောင်းအဝယ် ဖြစ်နေသည့် နိုင်ငံခြားငွေနှင့် ရွှေကို စုဆောင်းသိမ်းဆည်းလာကြသည်။ စက်တင်ဘာလတွင် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် ၎င်း၏အရန်ရွှေအချို့ကို ထုတ်ရောင်းခဲ့ကြောင်း စစ်အုပ်စုက ကြေညာသည်။
နိုင်ငံခြားငွေ ပြတ်လပ်မှုက အလွန်အမင်း စိုးရိမ်စရာ ဖြစ်လာနေသည့်အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်က ကုမ္ပဏီများအား ၎င်းတို့၏ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ပြန်လည်ပေးဆပ်နေမှုကို ရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရေရှည်အကျိုးဆက်များကို ဖြစ်လာစေမည့် ပေးဆပ်မှု စည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းရန် ဇူလိုင်လအတွင်းက အမိန့်ထုတ်ပြန်ခဲ့သည်။
ဒုတိယအချက်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် လစဉ် ရောင်းချ ငှားရမ်းခများမှလွဲ၍ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အပါအဝင် ပို့ကုန်များ ခန်းခြောက်သွားခြင်း ဖြစ်သည်။ ထိုသို့ဆိုသည့်တိုင် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက သဘာဝဓာတ်ငွေ့ ပို့ကုန်ဝင်ငွေ တခုတည်းအတွက် သုံးလပတ် ကာလတိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ မျှ ရရှိနေဆဲ ဖြစ်သည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ ပိုက်လိုင်းသွယ်တန်းခြင်းမှ ရရှိသည့်ဝင်ငွေမှာ ပုံမှန်အချိန်တွင် အစိုးရဝင်ငွေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း ရှိသည်။ ဤဝင်ငွေက စစ်အုပ်စုအတွက် ဘဏ္ဍာရေးအရ အသက်သွေးကြောအဖြစ် ဆက်၍ ကျန်ရှိနေသည်။
တတိယအချက်မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် နိုင်ငံခြား အရန်ငွေများ လျော့ကျလာနေခြင်း ဖြစ်သည်။ အာဏာသိမ်းမှု မတိုင်မီက အရန်ငွေအဖြစ် ဒေါ်လာ ၇ ဒဿမ ၆၇ ဘီလီယံ ရှိနေခဲ့သည်။ ယခုအခါ စစ်အုပ်စုက ဒေါ်လာ ၆ ဘီလီယံ ရှိသည်ဟု ပြောဆိုထားသည့်အထဲ အမေရိကန် ပြည်ထောင်စုက တားမြစ်ထားသည့် ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံလည်း ပါဝင်နေသည်။
၂၀၂၅ ခုနှစ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုကို တန်ချိန် ၂ သန်းမှ ၂ ဆတိုးစေရန် ထားရှိခဲ့သည့် ရည်မှန်းချက်မှာလည်း လက်လှမ်းမမီနိုင်တော့ပေ။
စတုတ္ထအချက်မှာ နီကေးအေရှား Nikkei Asia သတင်းအရ ပဲရစ်အခြေစိုက် ငွေကြေးရာဇဝတ်မှု စောင့်ကြည့်ရေး အထူးအဖွဲ့က မြန်မာနိုင်ငံအား ငွေကြေးခဝါချမှု နာမည်ပျက်စာရင်းတွင် ထည့်သွင်းတော့မည့် အချက်ဖြစ်သည်။ လက်ရှိ အီရန်နှင့် မြောက်ကိုရီးယားတို့သည်သာ အမည်ပျက်စာရင်းတွင် ပါဝင်နေကြသည်။ ဤအချက်သည် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အသိုက်အဝန်းက မြန်မာအာဏာသိမ်း စစ်ကောင်စီကို မည်သည့်ဘဏ္ဍာရေး ကြီးကြပ်မှုကိုမျှ မစွမ်းဆောင်နိုင်သော ရာဇဝတ်ဂိုဏ်းတခုအဖြစ် တံဆိပ်ကပ်လိုက်ခြင်းဖြစ်သည်။
ဤသို့ အမည်ပျက်စာရင်း အသွင်းခံရခြင်းက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ခြင်းကို မတားဆီးသော်လည်း ငွေကြေးလွှဲပြောင်းမှုတိုင်းအတွက် အလွန်ခက်ခဲလေးလံသည့် အစီရင်ခံမှုများကို ထည့်သွင်းထားရှိ သွားရလိမ့်မည်ဖြစ်သည်။ ထိုအချက်တခုတည်းက ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းကုမ္ပဏီများ အပါအဝင် စီးပွားရေးလုပ်ငန်းများအား စစ်အုပ်စုနှင့် ဆက်လက်၍ အလုပ်လုပ်နေမှုများမှ ဟန့်တားလိမ့်မည် ဖြစ်သည်။
သတိပြုရမည့် ပဉ္စမအချက်မှာ ကျပ်ငွေတန်ဖိုး ပြိုလဲသွားခြင်းသည် အရည်အချင်းမရှိမှုကြောင့် နောက်ဆုံးတွင် စစ်အုပ်ချုပ်ရေးအပေါ် အယုံအကြည် လုံးဝမဲ့သွားခြင်း ဆိုသည့် အချက်ဖြစ်သည်။
စစ်ကောင်စီသည် ဗဟိုဘဏ်အပေါ် အခွင့်အာဏာ အပြည့်အဝ ထိန်းချုပ်ရန် လုပ်ဆောင်လာခဲ့သည်။ ဇူလိုင်လအတွင်းက ဗဟိုဘဏ်၏ လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ်ရန် ဒုဗိုလ်မှူးကြီး ခြောက်ဦးကို စစ်တပ်က စေလွှတ်ခဲ့သည်။ ဘဏ် ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် ကိုယ်ကျိုးရှာ အလိုတော်ရိများဖြင့် အစားထိုးလဲလှယ်ခဲ့သည်။ ဥက္ကဋ္ဌသစ် ဖြစ်သူသည် ဘဏ်အပ်ငွေများ ထိန်းချုပ်ရန် အမိန့်ထွက်အပြီး ဧပြီလအတွင်း လုပ်ကြံသတ်ဖြတ်မှုတခုမှ အသက်ရှင်ကျန်ခဲ့သူ ဖြစ်ပြီး ဒုတိယဥက္ကဌမှာ စစ်တပ်၏ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဘဏ်စနစ်က ကြိုးတန်းပေါ်တွင် ရောက်ရှိနေသည်။ စစ်အုပ်စုက ဘဏ္ဍာငွေကြေးများ NUG ထံ သို့မဟုတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုထံသို့ ရောက်ရှိမသွားစေရေး ဘဏ်များအားလုံးတွင် ငွေလွှဲမှုများကို စောင့်ကြည့်ရန် အရာရှိများကို ထားရှိခဲ့သည်။ ထိုအချက်ကြောင့်ပင် နိုင်ငံ၏ ကြီးထွားလာနေသည့် မိုဘိုင်းလ်ဘဏ်လုပ်ငန်း ဈေးကွက်အပေါ် အဟန့်အတား ဖြစ်စေခဲ့ပြီး အထူးသဖြင့် တောင်သူလယ်သမားများနှင့် ပြည်တွင်းကုန်သည်များအတွက် ပြုပြင်၍ မရနိုင်သည့် ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။
စိုက်ပျိုးရာသီအတွင်း တောင်သူများအတွက် လိုအပ်နေသည့် အရင်းအနှီး ရှားပါးသွားမှုက စိုက်ပျိုးရေး ကဏ္ဍအတွင်း အမှန်တကယ် ရှိနေသည့် ပြဿနာကို ပို၍ ဆိုးရွားလာစေခဲ့သည်။ နိုင်ငံခြားငွေ မရှိခြင်းကြောင့် အရေးကြီးသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ တင်သွင်းမှုကို လျှော့ချလိုက်သည်။ ၂၀၂၅ ခုနှစ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုကို တန်ချိန် ၂ သန်းမှ ၂ ဆတိုးစေရန် ထားရှိခဲ့သည့် ရည်မှန်းချက်မှာလည်း လက်လှမ်းမမီနိုင်တော့ပေ။
စစ်အုပ်စု၏ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၂၁ ခုနှစ်တွင် လွန်ခဲ့သည့်နှစ်ကထက် ဝင်ငွေ ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။ ထိုပမာဏမှာ အခွန်ပေးဆောင်ခြင်းအပေါ် သပိတ်မှောက်မှုများနှင့် ကျဆင်းနေသည့် စီးပွားရေးတို့ကြောင့် ကျပ်ငွေ ၇ ဒဿမ ၂၉၆ ထရီလျံ (ဒေါ်လာ ၄ ဒဿမ ၀၈၆ ဘီလီယံ) ရရှိခဲ့ရာမှ ကျပ် ၄ ဒဿမ ၇၄၅ ထရီလီယံ (ဒေါ်လာ ၂ ဒဿမ ၆၅၇ ဘီလီယံ) အထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။
မြန်မာ့စီးပွားရေးကို လွှမ်းမိုးထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ထိန်းချုပ်ထားသည့် စစ်တပ်၏ လုပ်ငန်းစုကြီး နှစ်ခုတို့သည်လည်း ပြည်ပမှ ဒဏ်ခတ်အရေးယူမှုများနှင့် ပြည်တွင်းမှ သပိတ်မှောက်မှုများကြောင့် နောက်ပြန်ဆုတ် ကျဆင်းသွားခဲ့သည်ကိုလည်း သတိပြုသင့်ကြသည်။ ၎င်းတို့၏ ဆုံးရှုံးမှုအတိုင်းအတာများကို မသိရသော်လည်း ထိုကုမ္ပဏီနှစ်ခုက ၎င်းတို့၏ “အစုရှယ်ယာရှင်များ” ကို ၂၀၂၁ ခုနှစ်အတွက် အမြတ်ဝေစုများကို ခွဲဝေမပေးဘဲ ၂၀၂၂ ခုနှစ်တွင်လည်း ထိုသို့ ခွဲဝေပေးရန် ဖြစ်နိုင်ဖွယ် မရှိချေ။ (စစ်သည်များသည် ၎င်းတို့၏ ရာထူးအဆင့်အပေါ် မူတည်၍ အစုရှယ်ယာများကို လစဉ် ဝယ်ယူရန် အတင်းအကျပ် စေခိုင်းခံကြရသည်။)
မြန်မာစစ်တပ်က နိုင်ငံအနှံ့ တိုက်ပွဲများနှင့် ပြောက်ကျားတိုက်ခိုက်မှုများအတွင်း ယိုယွင်းချည့်နဲ့လာနေချိန် ၎င်း၏ စီးပွားရေးအခြေခံ အထောက်အကူပြုမှုကလည်း ခြိမ်းခြောက်ခံနေရသည်။
ဗီယက်နမ်စစ်တပ်နှင့် ဖက်စပ်လုပ်ကိုင်သည့် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ မိုင်တယ်လ် MyTel ကဲ့သို့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဗုံးဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများ နှစ်ခုစလုံးတွင် ပုံမှန် ပစ်မှတ်ထားခံနေရသည်။
ထို့ကြောင့် မြန်မာစစ်တပ်က နိုင်ငံအနှံ့ တိုက်ပွဲများနှင့် ပြောက်ကျားတိုက်ခိုက်မှုများအတွင်း ယိုယွင်းချည့်နဲ့လာနေချိန် ၎င်း၏ စီးပွားရေးအခြေခံ အထောက်အကူပြုမှုကလည်း ခြိမ်းခြောက်ခံနေရသည်။
ကမ်းကုန်အောင် ဆိုးရွားလှသည့် စီမံခန့်ခွဲမှုကြောင့် စစ်အုပ်စုအောက် စီးပွားရေးပြိုကျမှုက ပြန်လည်ဆယ်တင်၍ ရနိုင်တော့မည်မဟုတ်ဟု မြင်လာကြခြင်းက စစ်တပ်ထောက်ခံသူများအား ဖယ်ရှားပစ်ခွင့် NUG ကို ပေးလာလိမ့်မည် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုနှင့် လုပ်ပိုင်ခွင့်ပေးအပ်ထားသည့် ပညာရှင်များနှင့်အတူ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကသာ နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် ပေးနိုင်လိမ့်မည် ဖြစ်သည်။
(ဇက်ခရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ဘက်ဆိုင်ရာကောလိပ်မှ ပါမောက္ခတဦးဖြစ်ပြီး ဂျော့တောင်း တက္ကသိုလ်၏ တွဲဖက်ပညာရှင်တဦး ဖြစ်သည်။ RFA မှ Zachary Abuza ၏ The Myanmar military’s real weak spot: economic ineptitude ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ