နောက်ဆုံးတွင် အာဏာသိမ်းခေါင်းဆောင်၏ ဆန္ဒပြည့်သွားသည်။
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ကာလကြာမြင့်စွာ စောင့်ဆိုင်းနေသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ကို ရုရှားနိုင်ငံ အရှေ့ပိုင်းမှ အဓိက ပြည်နယ်မြို့တော် ဗလာဒီဗော့စတော့ခ်တွင် မော်စကိုက ကျင်းပသည့် အရှေ့ဖျား စီးပွားရေး ဖိုရမ် (EEF) တွင် လွန်ခဲ့သောအပတ်က ရသွားသည်။
စကစခေါင်းဆောင် မင်းအောင်လှိုင်က မစ္စတာ ပူတင်သည် ကမ္ဘာ့ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောကာ ယူကရိန်းကျူးကျော်မှု၏ ဗိသုကာ ပူတင်သည် နိုင်ငံတကာနယ်ပယ်သို့ တည်ငြိမ်မှုများ ဆောင်ယူပေးသူ ဖြစ်ကြောင်း ချီးကျူးသည်။ “ကျနော်တို့က အဆွေတော်ကို ရုရှားခေါင်းဆောင် အဖြစ်သာမက အဆွေတော်ဟာ တကမ္ဘာလုံးတည်ငြိမ်မှုကို ထိန်းချုပ် စုစည်းပေးလို့ ကမ္ဘာ့ခေါင်းဆောင်တဦး အဖြစ်လည်း မြင်တယ်” ဟု သူက ပြောသည်။
မစ္စတာ ပူတင်၏ ခြေစုံရင်းတွင် ခဝပ်ပြီးနောက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် မစ္စတာ ပူတင်ကို အငမ်းမရ ချီးကျူးသည်။ “အဆွေတော်ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံဟာ အရမ်းတိုးတက်လာတယ်။ အဆွေတော်က နိုင်ငံကို စတင်အုပ်ချုပ်တဲ့ အချိန်ကစတင်ပြီး ရုရှားဟာ ကမ္ဘာ့ဦးဆောင်မှု အနေအထားကို ရောက်ရှိသွားတယ် လို့ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ယခုအခါ မြန်မာသည် ရုရှားအုပ်စုသို့ တရားဝင် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။ မြန်မာ၏ အစဉ်အလာ လွတ်လပ်တက်ကြွ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဗလာဒီဗော့စတော့ခ်တွင် အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ်လိုက်ပြီ ဖြစ်သည်။
စကစခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာမသိမ်းမီကပင် ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာမသိမ်းမီ ရက်အနည်းငယ် အလိုတွင် မော်စကိုကလည်း မြန်မာသို့ အဆင့်မြင့် စစ်ဘက်ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့သည်။
ထိုအချိန်မှစတင်ပြီး ရုရှားမှ မြန်မာသို့ ပေးပို့နေသည့် စစ်လက်နက်ပစ္စည်းများသည် လျော့ကျသည်မရှိ ဆက်တိုက်တိုးနေကာ မြန်မာ၏ အဓိက မဟာမိတ်နှင့် အဓိက စစ်လက်နက်ပစ္စည်း ထောက်ပံ့သူ ဖြစ်လာသည်။ တချိန်တည်းတွင် မြန်မာကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်သည့်စစ်ကို ကနဦးကပင် လူသိရှင်ကြား ထောက်ခံသည်။
မြန်မာသည် အင်အားကြီးမားလှသည့် အိမ်နီးချင်း တရုတ်ကို မည်သည့်အခါမျှ လျစ်လျူမရှုနိုင်သော်လည်း အပယ်ခံ နေပြည်တော် စစ်ကောင်စီက မော်စကိုနှင့် ပိုမိုကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့ခြင်းသည် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အခြေခံကျသည့် အပြောင်းအလဲတခု ဖြစ်သည်။
မြန်မာသည် အင်အားကြီးမားလှသည့် အိမ်နီးချင်း တရုတ်ကို မည်သည့်အခါမျှ လျစ်လျူမရှုနိုင်သော်လည်း အပယ်ခံ နေပြည်တော် စစ်ကောင်စီက မော်စကိုနှင့် ပိုမိုကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့ခြင်းသည် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အခြေခံကျသည့် အပြောင်းအလဲတခု ဖြစ်သည်။
စကစခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားသို့ နောက်ဆုံးခရီးစဉ်အတွင်း စစ်ကောင်စီသည် ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom တို့သည် မြန်မာတွင် မော်ဂျူလာ ဓာတ်ပေါင်းဖို စီမံကိန်း အကောင်အထည်ဖော်ရေး အလားအလာ အပါအဝင် နျူကလီးယားစွမ်းအင် ထပ်မံ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာသည် ရုရှားမှ ရေနံဝယ်ယူထားပြီး ထိုဖိုရမ်တွင် စကစခေါင်းဆောင် မင်းအောင်လှိုင်က သူသည် နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု လိမ်လည်ကာ ရုရှားစီးပွားရေးသမားများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သည်။ အမေရိကန်ဒေါ်လာကို တရုတ်ယွမ်၊ ရုရှားရူဘယ်နှင့် အိန္ဒိယရူပီးတို့နှင့် ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး ငွေပေးငွေယူများတွင် အစားထိုးသုံးမည့် သဘောလည်း စကစခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ရုရှားနှင့် မြန်မာဆွေးနွေးပွဲများတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရေးနှင့် ရေနံနှင့် ဓာတ်ငွေ့ကုန်သွယ်ရေး အပါအဝင် ပိုမိုကျယ်ပြန့်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် နေပြည်တော်သို့ သြဂုတ်လတွင် လည်ပတ်ပြီးနောက် မကြာသေးမီလများအတွင်း အဆင့်မြင့်လာသည်။ မြန်မာနှင့် ရုရှား ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်ကို ချီးကျူး ဂုဏ်ပြုပြီး နေပြည်တော်သို့ ရောက်ရှိချိန်အတွင်း မစ္စတာ လက်ဗရော့ဗ်က မြန်မာသည် ခင်မင်ရင်းနှီးသည့် သက်တမ်းရှည် မိတ်ဘက်ဖြစ်ကြောင်း ပြောသည်။
ဗလာဒီဗော့စတော့ခ် ဖိုရမ်တွင် သမ္မတ ပူတင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စကစခေါင်းဆောင် မင်းအောင်လှိုင်ကို ပထမဆုံး တွေ့ဆုံသည့် နိုင်ငံတကာ ခေါင်းဆောင် အနည်းငယ်တွင် ပါဝင်လာသည်။ ရုရှားသမ္မတနှင့်အတူထိုင်ပြီး စကစခေါင်းဆောင် မင်းအောင်လှိုင်က “ကျနော်တို့ ဆက်ဆံရေးဟာ အပြုသဘော တိုးတက်နေတယ်” ဟု ပြောသည်။
သြဇာကြီးသော ကမ္ဘာ့ခေါင်းဆောင်ထံ စကစခေါင်းဆောင် မင်းအောင်လှိုင် အခစားဝင်ခွင့်ရခြင်းကြောင့် မြန်မာမှ သဘောထားတင်းမာသည့် စစ်အုပ်စုဘက်တွင် စကစခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံရိပ်တက်လာသည်။ စစ်ကောင်စီ ထိန်းချုပ်သတင်းစာများက သူ၏ခရီးစဉ် အောင်မြင်သည်ကို စကစခေါင်းဆောင် မင်းအောင်လှိုင်ကို အကြီးအကျယ် ချီးကျူးပြီး ထိုသတင်းတွင် ရာစုနှစ်၏ အကြီးမားဆုံး သတင်းသဖွယ် ရေးသားကြသည်။
“ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်” ဟု စစ်ကောင်စီထိန်းချုပ် သတင်းစာက ဂုဏ်ယူဝံ့ကြွားစွာ ရေးသားသည်။
“ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်” ဟု စစ်ကောင်စီထိန်းချုပ် သတင်းစာက ဂုဏ်ယူဝံ့ကြွားစွာ ရေးသားသည်။
အားလုံး မျှော်လင့်ထားသည့်အတိုင်း စစ်ကောင်စီကို ဆန့်ကျင်သူများနှင့် မြန်မာနိုင်ငံသားအများစုက ထိုရေးသားဖော်ပြချက်များကို လှောင်ပြောင်ကြသည်။ နိုင်ငံတကာမှအများစုက မစ္စတာ ပူတင်နှင့် စကစခေါင်းဆောင် မင်းအောင်လှိုင်တို့ အတွဲအစပ်သည် အဆင့်အတန်း ကွာလွန်းသောကြောင့် အဆင်မပြေနိုင်သည့် ဆက်ဆံရေး ဖြစ်သည်ဟု မြင်ကြသည်။
အာဏာသိမ်းလိုက်သည့် အချိန်မှစတင်ပြီး မြန်မာနိုင်ငံသားများသည် ရုရှားလုပ် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၏ ဒဏ်ကို ခံနေရသည်။ ထိုလေယာဉ်၊ ရဟတ်ယာဉ်များကို စစ်ကောင်စီက တော်လှန်တိုက်ခိုက်ရေး သမားများကို တိုက်ခိုက်ရာတွင် သုံးရုံသာမက အရပ်သားများနှင့် ကျေးရွာများကိုလည်း ရွာလုံးကျွတ် တိုက်ခိုက်ရန်လည်း သုံးသည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မော်စကိုမှ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ဆက်လက် ရောင်းချနေခြင်းနှင့် စစ်ကောင်စီက SU-30 လေယာဉ် ၆ စင်းကို မှာယူထားသည့်အတွက် စိုးရိမ်နေကြသည်။ ထိုလေယာဉ် ၆ စီးအနက် ၂ စီးကို ပေးပို့ထားပြီး ဖြစ်သည်။
မြန်မာပြည်သူများအတွက်မူ မစ္စတာ ပူတင်နှင့် စကစခေါင်းဆောင် မင်းအောင်လှိုင်တို့ ဗလာဒီဗော့စတော့ခ်တွင် လက်ဆွဲနှုတ်ဆက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော လက္ခဏာဖြစ်ပြီး နိုင်ငံအတွက် ပိုမို ဒုက္ခရောက်မည်ဆိုသည့် အဓိပ္ပာယ်မှလွဲ၍ မည်သည့် အဓိပ္ပာယ်မျှ သက်ရောက်ခြင်း မရှိပေ။
ကရင်မလင်နန်းတော်သည် အနောက်နိုင်ငံအစိုးရများနှင့် ပျက်စီးယိုယွင်းနေသော ဆက်ဆံရေး၊ အရေးယူပိတ်ဆို့မှုများကို အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းကို အဓိက အာရုံစိုက်ခြင်းဖြင့် တန်ပြန်ရန် ဆန္ဒကို ဖော်ပြနေခြင်းဖြစ်သည်။ ထိုဒေသများသည် ရုရှားက ရေနံနှင့်၊ သို့မဟုတ် လက်နက်ရောင်းချပြီး ဆက်ဆံရေး တိုးမြှင့်နေသော ဒေသများဖြစ်သည်။
“ရုရှားကို ဘယ်သူကပဲ ဘယ်လောက်အထိ အထီးကျန်အောင် လုပ်နေလုပ်နေ ဘယ်သူမှ အောင်မြင်မှာ မဟုတ်ဘူး” ဟု မစ္စတာ ပူတင်က အထက်ပါ ဖိုရမ်တွင် ပြောသည်။
ထိုသို့သော စကားများသည် စကစခေါင်းဆောင် မင်းအောင်လှိုင်နားတွင် ဆည်းလည်းသံကလေးများ ဖြစ်သည်။ သူ၏ စစ်ကောင်စီသည် အနောက်နိုင်ငံများ၏ အရေးယူမှုကို ခံနေရပြီး တနေ့ထက်တနေ့ ပိုမိုဝိုင်းကျဉ် ခံနေရသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အသင်းဝင်ဖြစ်သော မြန်မာကို ထိုအသင်းကပင် ၎င်း၏ ဒေသတွင်း ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲများသို့ လွန်ခဲ့သောနှစ်မှ စတင်ပြီး ဖိတ်ကြားခြင်း မပြုတော့ပေ။
ASEAN သည် ၎င်းတို့၏ အခြားနိုင်ငံများအပေါ် ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူမှ လမ်းခွဲကာ မြန်မာသည် ပိုမိုပြင်းထန်လာနေကြောင်း ထုတ်ဖော် ပြောကြားသည်။ မစ္စတာ ပူတင်၏ ကျောထောက်နောက်ခံကြောင့် စကစခေါင်းဆောင် မင်းအောင်လှိုင်သည် အနောက်တိုင်း အနိုင်ကျင့်မှုဟု သူထင်နေသည့်အရာကို ပိုမိုအာခံပြီး နိုင်ငံအပေါ် သူ၏ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ၏ အုပ်ချုပ်ရေးကို တရားဝင်အောင် လုပ်ဆောင်မည်ဖြစ်သည်။
သို့သော် စကစခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ပူတင်တို့၏ အပြန်အလှန် ကြိုဆိုမှုနှင့် အာခံသည့် ဟန်ပန်များနောက်ကွယ်တွင် တူညီသည့် ပြဿနာတခုရှိသည်။
မစ္စတာ ပူတင်သည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများထံမှ ပိုမိုပြင်းထန်လာသည့် အရေးယူပိတ်ဆို့မှုများနှင့် ဒေါသကို ရင်ဆိုင်နေရသည်။ အထက်ပါ ဖိုရမ်တွင် မစ္စတာ ပူတင်က အနောက် နိုင်ငံများအပေါ် ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် အာခံမှုကို ပြသသည်။ ရုရှားစီးပွားရေးသည် အများအပြားက ကြိုတင်ခန့်မှန်းထားသကဲ့သို့ မပြိုလဲသေးသော်လည်း မစ္စတာ ပူတင်သည် ပြင်ပမှ ကြီးမားလှသည့် ဖိအားကို ရင်ဆိုင်နေရသည်။
မစ္စတာ ပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဥဇဘက်ကစ္စတန်တွင် တွေ့သောအခါ မစ္စတာ ပူတင်က ၎င်းသည် ယူကရိန်းစစ်နှင့် ပတ်သက်သည့် တရုတ်၏ မေးခွန်းများနှင့် စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း ပြောရသည်။ ထိုအချက်မှာ မစ္စတာ ရှီက သမ္မတ ပူတင်ကို ယူကရိန်းစစ်ပွဲအပေါ် ပိုမို ခိုင်မာသည့် ထောက်ခံမှု မပေးတော့မည့် လက္ခဏာ ဖြစ်သည်။
မြန်မာတွင်လည်း စကစခေါင်းဆောင် မင်းအောင်လှိုင်သည် နေ့စဉ် ပိုမိုကြီးမားလာသည့် ဖိအားများကို ရင်ဆိုင်နေရသည်။
သူ၏စစ်တပ်သည် နေ့စဉ် ပိုမိုဆိုးရွားလာသည့် လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေချိန်တွင် မြန်မာ့စီးပွားရေးသည် အကျပ်အတည်း ကျရောက်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာမှ ထွက်ခွာကာ ပြည်တွင်းစစ်သည် ရေရှည်စစ်ဖြစ်မည်ဟု သုတေသီ အများစုက ပြောသည်။
သူ၏စစ်တပ်သည် နေ့စဉ် ပိုမိုဆိုးရွားလာသည့် လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေချိန်တွင် မြန်မာ့စီးပွားရေးသည် အကျပ်အတည်း ကျရောက်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာမှ ထွက်ခွာကာ ပြည်တွင်းစစ်သည် ရေရှည်စစ်ဖြစ်မည်ဟု သုတေသီ အများစုက ပြောသည်။
မြန်မာစစ်တပ်က ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲသည့် အမှုကိုလည်း နိုင်ငံတကာတရားရုံးက ဆက်လက်စစ်ဆေးရန် ဇူလိုင်လတွင် ထူးထူးခြားခြား ခွင့်ပြုလိုက်သည်။
သူပြောသည့် စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ စကစခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသလို ပုံမှန်အခြေအနေလည်း ပြန်လည် မရောက်သေးခြင်းဖြစ်သည်။
သူ့စကားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပြည်တွင်းပြည်ပ မီဒီယာများနှင့် အခြားလေ့လာသုံးသပ်သူများ သဘောတူထားသည့်အချက်မှာ စစ်ကောင်စီသည် ၎င်း၏ အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များထံ နယ်မြေများကို ဆုံးရှုံးနေသည် ဆိုသည့်အချက် ဖြစ်သည်။
တော်လှန်သော အင်အားစုများသည် နိုင်ငံပိုင်နက် ၅၂ ရာခိုင်နှုန်းကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်သည်ဟု မကြာသေးမီက သုတေသနတခုတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောသည်။ စစ်ကောင်စီသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားသည့် ခံစစ် အနေအထားသို့ ကျရောက်နေသည်။
သမ္မတ ပူတင်နှင့် စကစခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ၎င်းတို့အပေါ် အနောက်နိုင်ငံများက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ပယ်ချသော်လည်း ထိုအရေးယူမှုများ မည်သည့်အတွက် ဖြစ်လာသည်ကို ပြောဆိုခြင်း မပြုကြပေ။ ရုရှားကို အရေးယူခြင်းသည် ယူကရိန်းကို ကျူးကျော်သောကြောင့် ဖြစ်သည်။ မြန်မာတွင် စစ်ကောင်စီက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး တော်လှန်ရေး အင်အားစုများကိုသာမက အရပ်သားများကိုပါ လူအခွင့်အရေး အတိအလင်း ချိုးဖောက်မှုများ၊ အကျဉ်းရုံး စီရင်သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက မစ္စတာ ပူတင်သို့ မကြာသေးမီက ပေးပို့လိုက်သည့် သတင်းစကားသည် စိတ်အားတက်ကြွဖွယ် ဖြစ်သည်။
ယူကရိန်းတပ်များက အရှေ့မြောက် ခါကိဗ်ဒေသကို သိမ်းပိုက်ကာ ရုရှားတပ်များ ထွက်ပြေးစေပြီး ရုရှားက အရပ်ဘက် အခြေခံအဆောက်အအုံများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း သမ္မတက “အအေးဒဏ်၊ အငတ်ဘေး၊ အမှောင်ထု၊ ရေငတ်မွတ်ခြင်းတို့က ကျုပ်တို့အတွက် ခင်ဗျားတို့ရဲ့ ညီအကို သူငယ်ချင်းတွေပါလို့ ဆိုတာလောက် ကြောက်စရာ သေလောက်စရာ မကောင်းဘူး။ သမိုင်းက အရာရာ ပြန်ဖန်တီးလိမ့်မယ်။ ခင်ဗျားတို့ မရှိဘဲ ဓာတ်ငွေ့၊ လျှပ်စစ်မီး၊ ရေနဲ့ အစားအစာ ကျုပ်တို့ ပြန်ရစေ့မယ်” ဟုပြောသည်။
မြန်မာနိုင်ငံသည်လည်း ပျော်ရွှင်ရမည့် နေ့တနေ့ကို မျှော်လင့်နိုင်သည်။ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် မရှိ၊ စစ်ရာဇဝတ်မှု မရှိ လူယုတ်မာ မရှိသော ခေတ်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ Increasingly Isolated, Myanmar and Russian Butchers Embrace ကို ဆီလျော်အောင် ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ မီဒီယာကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့
ယူကရိန်းစစ်ပွဲတွင် ရှီနှင့် မိုဒီတို့ ပူတင်နှင့်အတူ မရပ်တည်
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အကဲဖြတ်မည်
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ