စစ်ကောင်စီ
စကစ အတွက် ၂၀၂၂ ခုနှစ်သည် ပို၍ ခက်ခဲကြပ်တည်းသောကာလ ဖြစ်သည်။ စကစ အတွက် လူထု၏ဆန့်ကျင်ခံရမှုသည် မျှော်လင့်ထည့်သွင်းတွက်ချက်ထားခဲ့သည့် အခြေအနေမျိုး မဟုတ်ခဲ့ပေ။ နိုင်ငံရေးအရ လူထု၏ဆန့်ကျင်ခံရမှုသည် စစ်တပ်သမိုင်းတွင် အမြင့်ဆုံးဖြစ်ခဲ့၏။ ထို့ပြင် CDM လှုပ်ရှားမှုမှာလည်း ထိရောက်မှု ရှိခဲ့ပြီး အစိုးရလုပ်ငန်းအချို့ ရပ်တန့်ခဲ့ကာ အချို့မှာလည်း ပုံမှန်လည်ပတ်နိုင်စွမ်းမရှိပေ။
ဤသို့သော အခြေအနေအောက်တွင် လက်ရှိ စကစ၏ တုံ့ပြန်မှုမှာ ပို၍ ရက်စက်ကြမ်းကြုတ်လာသည်ကို တွေ့ရ၏။ လက်ရှိ စကစ၏ စဉ်းစားမှုမှာ အင်အားသုံး၍ ခပ်ကြမ်းကြမ်းကိုင်တွယ်လျှင် ငြိမ်၍ ကြောက်လန့်သွားမည်ဟူသည့် စဉ်းစားမှုကို အခြေခံ၍ လုပ်ကိုင်နေသည်။ စကစအဖို့ ကျားမြီးဆွဲမိသည့် အခြေအနေဖြစ်ရာ မည်သည့်အခြေအနေဖြစ်ဖြစ် အမိုက်ခံ၍ ဆက်ပြီးဆွဲရန် ဆုံးဖြတ်လုပ်ကိုင်နေပုံရ၏။ ထိုသို့သော အခြေအနေအောက်တွင် စကစ၏ အခြေအနေအား အောက်ပါအတိုင်း တွေ့ရသည်။
နိုင်ငံရေး
စကစ သည် ၂၀၂၃ ရွေးကောက်ပွဲအား သူ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထား၏။ သို့ဖြစ်ရာ UEC သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံမှန်လည်ပတ်နေအောင် ကြိုးစားနေသည်။ တဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်း၊ တဘက်က ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပရန် ပြင်ဆင်ခြင်းအား အလေးထားလုပ်ဆောင်နေ၏။ သို့ဖြစ်ရာ လောလောဆယ်တွင် NLD မှအပ ကျန်သော နိုင်ငံရေးပါတီအားလုံးအား UEC ၏ ရွေးကောက်ပွဲအခင်းအကျင်းတွင် ထည့်သွင်းနိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။
စကစ အတွက် ပထမပြဿနာမှာ NLD ဖြစ်သည်။ မူလက စကစ သဘောထားမှာ NLD အား လုံးဝဖျက်သိမ်းရေး ဖြစ်သော်လည်း တရုတ်အပါအဝင် နိုင်ငံတကာ၏ ဖိအားကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ လေသံပြောင်းလာ၏။
သိသာသည့်အချက်တခုမှာ SNLD နှင့် UEC ကြား တင်းမာနေသည့်ကိစ္စအား စကစ ဥက္ကဋ္ဌ၏ လူယုံဖြစ်သူက ကြားမှဝင်ရောက်ညှိနှိုင်းပေးပြီး ထွက်ပေါက်ရအောင် ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ၂၀၂၃ ရွေးကောက်ပွဲဖြင့် ကိုယ့်ကိုယ်ကိုယ် အသွင်ပြောင်းအာဏာလွှဲပေးပြီး ရွေးကောက်ပွဲဖြင့်တက်သော အစိုးရအဖြစ်ပုံဖော်ရန် ရည်ရွယ်ချက်ထားရှိသည်ဟု ဆိုရမည်။ ဤအချက်အား အကောင်ထည်ဖော်ရန် စစ်တပ်ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနေရာအား ဦးသန်းဌေးနေရာတွင် စကစ ခေါင်းဆောင်အကြိုက် ဦးခင်ရီနှင့် အစားထိုးပြောင်းလဲလိုက်သည်ကို တွေ့ရ၏။
စကစ အတွက် ပထမပြဿနာမှာ NLD ဖြစ်သည်။ မူလက စကစ သဘောထားမှာ NLD အား လုံးဝဖျက်သိမ်းရေး ဖြစ်သော်လည်း တရုတ်အပါအဝင် နိုင်ငံတကာ၏ ဖိအားကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ လေသံပြောင်းလာ၏။ NLD ထိပ်ပိုင်းခေါင်းဆောင်များအား ဆက်လက်ထိန်းသိမ်းထားပြီး သဘောထား ပျော့ပျောင်းသည့် သို့မဟုတ် ပျော့ညံ့သည့် NLD အလယ်အလတ်ခေါင်းဆောင်များအား ဆက်လက်ရပ်တည်ခွင့်ပေးကာ ရွေးကောက်ပွဲတွင် ဆွဲသွင်းရန် စဉ်းစားနေသည်ကို တွေ့ရသည်။ တနည်းအားဖြင့် အားပျော့သော NLD အား ၂၀၂၃ ရွေးကောက်ပွဲတွင် ရုပ်ပြအဖြစ် ပါဝင်ခွင့်ပြုရန် စဉ်းစားနေသည်ကို တွေ့ရ၏။ UEC ၏ စာရင်းစစ်မှုအား လာရောက်ခြင်းမပြုသည့် NLD နှင့်ပတ်သက်၍ မည်သို့မှ ပြောဆိုခြင်းမရှိသည်ကို တွေ့ရသည်။ လက်တွေ့တွင်လည်း မြို့ပေါ်ရှိ NLD အမတ်အချို့သည် လက်ရှိ NUG နှင့် PDF လက်နက်ကိုင်လမ်းစဉ်အား ဆန့်ကျင်ပြီး ပါတီရုံးပြန်ဖွင့်ရန်နှင့် ရွေးကောက်ပွဲပြန်ဝင်ရန် ကြိုးစားနေသည်ကို ကြားသိနေရ၏။
သို့သော် စကစ၏ ကြံရွယ်ချက်အောင်မြင်ရန် ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ပထမအချက်အနေနှင့် NLD ထိပ်ပိုင်းခေါင်းဆောင်များ အဖမ်းခံနေရသည့် အခြေအနေတွင် NLD သည် ၂၀၁၀ ရွေးကောက်ပွဲအား ဝင်ရောက်ခဲ့ခြင်းမရှိသည့် အစဉ်အလာရှိ၏။ ဒုတိယအချက်အနေနှင့် လက်ရှိ စကစအား အတိအလင်းဆန့်ကျင်နေသည့် NLD ဗဟိုအလုပ်ကော်မတီကလည်း ၂၀၂၃ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်းအပြင် NLD ရုံးများ ဖွင့်ခွင့်မပြုကြောင်း ကြေညာထားပြီးဖြစ်သည်။ တတိယအနေနှင့် လက်ရှိ ရွေးကောက်ပွဲပြန်ဝင်လိုသည့် NLD အချို့မှာ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ရပ်တည်နိုင်မည်မဟုတ်ပေ။

စတုတ္ထအချက်အနေနှင့် လူထုအများစုမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြမည်မှာ သေချာသလောက်ရှိနေခြင်း ဖြစ်သည်။ ပဉ္စမအချက်အနေနှင့် နိုင်ငံတကာက ရွေးကောက်ပွဲကို မြန်မာနိုင်ငံရေးထွက်ပေါက်ဟု ယူဆခြင်း မရှိကြပေ။ လက်ရှိ UEC သို့ သွားရောက်ထိတွေ့သည်မှာ တရုတ်နှင့် အိန္ဒိယသံအမတ် နှစ်ဦးသာရှိပြီး သူတို့မှာလည်း အားတက်သရောရှိသည်ကို မတွေ့ရပေ။ သိုဖြစ်ရာ ၂၀၂၃ ရွေးကောက်ပွဲအား စကစ က နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထားသော်လည်း လက်တွေ့တွင် ဖြစ်နိုင်ခြေမရှိပေ။
စကစ၏ ဒုတိယပြသနာမှာ တိုင်းပြည်တည်ငြိမ်မှုဖြစ်၏။ လက်ရှိတိုင်းပြည်၏ အခြေအနေမှာ စစ်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ရွေးကောက်ပွဲ လုပ်နိုင်လောက်အောင် တည်ငြိမ်မှုမရှိပေ။ ဤသည်ကို စကစ ဥက္ကဋ္ဌ၏ နောက်ဆုံးရုရှားခရီးစဉ်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတခုတွင် အတိအလင်းဝန်ခံခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေသည်ပင် ရေရာမှုမရှိဟုဆိုရပါမည်။
ဒေါ်အောင်ဆန်းစုကြည်
လက်ရှိ အာဆီယံနှင့် နိုင်ငံတကာက စဉ်းစားသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းတည်ပွဲထုတ်၍ မြန်မာပြဿနာ အဖြေရှာရန်ဖြစ်သည်။ ဤပြဿနာတွင် ဘက်နှစ်ဘက်ရှိသည်၊ တဘက်မှာ နစကဘက်မှ ဖြစ်သည်။ လက်ရှိ နစက၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပြုမူချက်သည် နိုင်ငံရေးအရ အသေသတ်ခြင်းဖြစ်သည်။ ထိုင်းမှ သက်ဆင်မောင်နှမအား နိုင်ငံရေးအရ အပြတ်ရှင်းသကဲ့သို့ ပြုမူခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေရှိသည်မှာ စကစအနေနှင့် အကျပ်အတည်း အဖြစ်ဆုံးအချိန်မှ မလွှဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးမည်ဟု ယူဆရသည်။ ဤသို့ဆိုပါကလည်း အချိန်နှောင်းပြီး ဆေးမီမည် မဟုတ်ပေ။
ထို့ပြင် စကစ ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ မနာလိုဝန်တိုမှု၊ မုန်းတီးမှုကြီးမားသည်ဟု နီးစပ်သူများ၊ သံတမန်များက ဆိုကြသည်။ ဤသို့သော အခြေအနေများကြောင့် အာဏာသိမ်းပြီး တနှစ်ကျော်ကာလအထိ တရုတ်အပါအဝင် မည်သူနှင့်မျှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးတွေ့ခဲ့ခြင်းမရှိပေ။ လက်ရှိတွင် အာဆီယံကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးတွေ့မည်ဆိုသော်လည်း အချိန်ကာလသတ်မှတ်ချက် မရှိသေးပေ။
ကုလသမဂ္ဂ အထွေအထွေအတွင်းရေမှူး၏ ကိုယ်စားလည်နှင့်လည်း ပေးတွေ့ခဲ့ခြင်းမရှိပေ။ ဖြစ်နိုင်ခြေရှိသည်မှာ စကစအနေနှင့် အကျပ်အတည်း အဖြစ်ဆုံးအချိန်မှ မလွှဲမရှောင်သာ ထုတ်သုံးမည်ဟု ယူဆရသည်။ ဤသို့ဆိုပါကလည်း အချိန်နှောင်းပြီး ဆေးမီမည် မဟုတ်ပေ။ ထို့ပြင် လက်ရှိ စကစ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားမှာ နိုင်ငံရေးအရရော ပုဂ္ဂိုလ်ရေးအရပါ အသေသတ်ရန် ဆောင်ရွက်နေခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ စကစ သဘောထားပြောင်းလဲရန် ခက်ခဲသည်။
တဘက်ကဆိုလျှင် လူထု၏ နာကျင်မှုဖြစ်သည်။ စကစ၏ ရက်စက်ကြမ်းတမ်းမှုများကို ပြင်းပြင်းထန်ထန်ခံရသော ဒေသများ၊ လူထုများမှာ မနည်းလှပေ။ ထိုသူများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်၍ ဖျောင်းဖျလျှင်တောင်မှ ထိုနာကျင်မှုကို ဖြေလျှော့ရန် လွယ်ကူလှမည် မဟုတ်သကဲ့သို့ အချိန်တိုတွင်းဖြစ်ရန် ခက်ခဲသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့သော အားနည်းချက်များရှိသည်ဖြစ်စေ လက်ရှိအချိန်တွင် မြန်မာပြည်၌ ပြည်တွင်းရော ပြည်ပ၌ပါ ဩဇာသက်ရောက်မှုရှိသော တဦးတည်းသူဖြစ်နေဆဲဖြစ်ရာ သူမ ထွက်လာပါက ပြဿနာဖြေရှင်းနိုင်သည်၊ မဖြေရှင်းနိုင်သည် ဆိုသည်ထက် တစုံတရာရိုက်ခတ်မှုရှိမည်ဖြစ်ရာ ထိုအချက်ကို အထူးဂရုပြုသင့်သည်။
သံတမန်ရေးရာ
လက်ရှိ ၂၀၂၂ ခုနှစ်တွင် စကစ၏ သံတမန်ရေးရာ အကျပ်အတည်းဆိုက်နေဆဲ ဖြစ်သည်။ ကုလသမဂ္ဂနှင့်၊ အာဆီယံတွင် နေရာပျောက်နေသည်။ တရုတ်နှင့်လည်း အဆင်မပြေပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ကာလက တရုတ်ပါတီနှင့်အစိုးရအာဘော် Global Times တွင် မြန်မာပြည်၏ နယ်မြေအများအပြားအား လက်နက်ကိုင် (EAO/PDF) များက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြန်မာပြည်၏ အခြေအနေသည် အားပြိုင်လွန်ဆွဲနေဆဲ ဖြစ်သည်။ မစ္စတာ ဝမ်ယိ၏ ခရီးစဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော တရုတ်ထိပ်တန်း ခေါင်းဆောင်တယောက် ခရီးစဉ် ဖြစ်သော်လည်း စကစအား အသိမှတ်ပြုခြင်း မဟုတ်သကဲ့သို့ စကစနှင့် နှစ်နိုင်ငံချင်းဆွေးနွေးရန်လည်း မဟုတ်ဘဲ ဒေသတွင်းအစည်းအဝေးတခုကို တက်ရောက်ခြင်းသာ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ် တရုတ်သံတမန် ဆွန်ကော့ရှန် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းသည်ကို စကစ ပယ်ချခဲ့သည့်အပြင် တရုတ်နှင့် ရင်းနှီးသော၊ တသဘောတည်းရှိသော အာဆီယံကိုယ်စားလှယ် ကမ္ဘောဒီးယားဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်မပေးခြင်းနှင့်ပတ်သက်၍ တရုတ်တို့ စကစအား စိတ်ပျက်နေပုံရသည်။
တရုတ်ပညာရှင်အသိုင်းအဝန်း၏ အာဘော်အရ တရုတ်အနေနှင့် လက်ရှိကာလတွင် စကစ ထိပ်တန်းခေါင်းဆောင်များအား တရုတ်သို့ ဖိတ်ခေါ်ခြင်းပြုမည် မဟုတ်သကဲ့သို့ မြန်မာပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုအကြီးစားများ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။
တရုတ်ပညာရှင်အသိုင်းအဝန်း၏ အာဘော်အရ တရုတ်အနေနှင့် လက်ရှိကာလတွင် စကစ ထိပ်တန်းခေါင်းဆောင်များအား တရုတ်သို့ ဖိတ်ခေါ်ခြင်းပြုမည် မဟုတ်သကဲ့သို့ မြန်မာပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုအကြီးစားများ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။ အနာဂတ်စီမံကိန်းများအတွက် လျာထားချက်များ မပျက်အောင် ထိမ်းသိမ်းထားရန်သာ သဘောထားသည်ဟု ဆိုပါသည်။
စကစသည် တရုတ်နှင့်ဆက်ဆံရေး အဆင်မပြေသဖြင့် ရုရှားအား ပို၍ပူးပေါင်းရန် ကြိုးစားသည်ကို တွေ့ရသည်။ သို့သော် ၂၀၂၁/၂၂ ခုနှစ်များတွင် ပြုလုပ်ခဲ့သော စကစ ခေါင်းဆောင်၏ ရုရှားခရီးစဉ်အား ရုရှားမှ နိုင်ငံတော်အဆင့်အဖြစ် အသိမှတ်မပြုခဲ့ပေ။ ၂၀၂၂ ခရီးစဉ်အား ပုဂ္ဂိုလ်ရေးခရီးစဉ်ဟုသာ ကြေညာခဲ့သည်။ လက်တွေ့တွင်လည်း ကာကွယ်ရေး ဒုဝန်ကြီးအဆင့်သာ တွေ့ခွင့်ရခဲ့သည်။ တကယ်တမ်းတွင် ရုရှားက စကစဥက္ကဋ္ဌအား လက်နက်အဝယ်တော် တယောက်အဆင့်သာ ဆက်ဆံခဲ့သည်ဟု ဆိုရမည်။ ဗလာဒီဗော့စတော့တွင် ရုရှားက ကြီးမှူးကျင်းပသည့် စီးပွားရေးဖိုရမ်တွင် ရုရှားသမ္မတပူတင်နှင့် တွေ့ခွင့်ရခဲ့သည့်အဆင့်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် လေ့လာသူအဖြစ် ပါဝင်ခွင့်ရခြင်းတို့ကို စကစ အနေနှင့် သံတမန်ရေးအောင်ပွဲဟု ယူဆထားပုံရသည်။
ရုရှား၏ မြန်မာပြည်နှင့် ပတ်သက်မှုသည် မသာအိမ် ဖဲဝင်ရိုက်သည့် အဆင့်သာရှိပေရာ စကစ အတွက် သံတမန်ရေးရာတွင် အားထားလောက်သည့် အဆင့်မရှိပေ။
သို့သော်လည်း ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားအား တရုတ်တို့က လက်ရှောင်နေသည်ဖြစ်ရာ တရုတ်၏ မဟာဗျူဟာနယ်မြေဖြစ်သော မြန်မာပြည်အရေးနှင့် ပတ်သက်၍ ရုရှားတို့အနေနှင့် တရုတ်အား ကျော်လွန်၍ ပတ်သက်လိမ့်မည် မဟုတ်ပေ။ ရုရှား၏ မြန်မာပြည်နှင့် ပတ်သက်မှုသည် မသာအိမ် ဖဲဝင်ရိုက်သည့် အဆင့်သာရှိပေရာ စကစ အတွက် သံတမန်ရေးရာတွင် အားထားလောက်သည့် အဆင့်မရှိပေ။

သို့ဖြစ်ရာ တရုတ်နှင့် အာဆီယံသဘောထားကို စကစ လက်မခံသရွေ့ အာဆီယံတွင် စကစ နေရာပျောက်နေဦးမည် ဖြစ်သကဲ့သို့ လာမည့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂညီလာခံတွင် ပါဝင်ရမည့် မြန်မာကိုယ်စားလှယ် ရွေးချယ်ရာတွင်လည်း ဦးကျော်မိုးထွန်း၏ နေရာတွင် စကစ ကိုယ်စားလှယ် အစားထိုးနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။ စကစသည် သံတမန်ရေးရာ အကျပ်အတည်းကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ သို့သော် စကစသည် သံတမန်အရေး အကျပ်အတည်းအား လိမ္မာပါးနပ်စွာ ကျော်လွှားသည်ထက် အာဆီယံမှ နုတ်ထွက်ရန် စဉ်းစားလာဖွယ်ရှိပြီး သံတမန်ရေးအရ ပို၍ အထီးကျန်ဆန်လာနိုင်သည်။
အာဆီယံမူ ၅ ချက်နှင့် စကစ
လက်ရှိတွင် တရုတ်ရော အနောက်တိုင်းပါ အလေးထားသည်မှာ မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံ၏ ညှိနှိုင်းမှုဖြစ်သည်။ မြန်မာအရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ် ထိပ်တိုက်တွေ့မှု (ဝါ) အငြင်းပွားမှုကို ရှောင်လွှဲရန် အာဆီယံသည် အခရာဖြစ်သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုနိုင်ငံကြီးများ အလွန်အကျွံပါဝင် ပတ်သက်မှု မဖြစ်အောင်၊ ထိပ်တိုက် မတွေ့အောင်အတွက်ဆိုလျှင် အာဆီယံက အရေးပါ၏။ အာဆီယံမူ ၅ ချက်နှင့် ပတ်သက်၍ အရေးပါသည့်အချက်မှာ မြန်မာ့အရေးနှင့် ပတ်သက်၍ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးရေးဖြစ်သည်။
တဘက်တွင်လည်း အာဆီယံအနေနှင့် NUG နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသင့်သည်ဟူသည့် အယူအဆသည် အာဆီယံအတွင်း အားကောင်းလာသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံသည့်သတင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့နှင့် အလွတ်သဘော တွေ့ဆုံသည့်သတင်းများ တွေ့ရသည်။
သို့သော် ယခုအချိန်ထိ စကစ က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသည့် NLD ထိပ်တန်းခေါင်းဆောင်များ၊ NUG/PDF ပါဝင်ရေးကို ငြင်းပယ်ထားဆဲဖြစ်သည်။ လက်ရှိတွင် အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကို မပြတ်တောင်းဆိုလျက်ရှိသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုရယူကာ မြန်မာပြည်ပြဿနာအား စေ့စပ်ညှိနှိုင်းရေးလမ်းစ ရှာလိုသည်။ စကစ သဘောထားတခုတည်းနှင့် မြန်မာပြည်ပြဿနာကို ဖြေရှင်း၍မရဆိုသည်ကို အာဆီယံ ကောင်းစွာသဘောပေါက်ပြီး ဖြစ်သည်။
တဘက်တွင်လည်း အာဆီယံအနေနှင့် NUG နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသင့်သည်ဟူသည့် အယူအဆသည် အာဆီယံအတွင်း အားကောင်းလာသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံသည့်သတင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့နှင့် အလွတ်သဘော တွေ့ဆုံသည့်သတင်းများ တွေ့ရသည်။
စကစက ခေါင်းမာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်အား ဆက်လက် ပိတ်ပင်ထားပါက အာဆီယံသည် NUG နှင့် ဆက်ဆံမှု ပိုတိုးလာဖွယ်ရာရှိရာ စကစအတွက် အကျပ်အတည်းတခု ဖြစ်သည်။ ထို့ပြင် အာဆီယံမူ ၅ ချက်အား ဗြောင်အတိအလင်း ငြင်းဆိုခြင်း မပြုရဲသေးသည့်အပြင် လက်ခံထားသည်ဟုဆိုထားသော စကစသည် အာဆီယံအတွက် အကျပ်အတည်းတခု ဖြစ်နေသည်။ သို့ဖြစ်ရာ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးဖြစ်သူက NUG/NUCC တို့နှင့် ဗြောင်အတိအလင်း တွေ့ဆုံပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံပေါ်လစီ ပြောင်းလဲရန် လိုအပ်ပြီဟု အဆိုပြုနေပြီဖြစ်၏။
သို့ဖြစ်ရာ စကစသည် အာဆီယံနှင့် အဆင်မပြေပါက တရုတ်နှင့်သော်လည်းကောင်း၊ အမေရိကန်အပါအဝင် အနောက်နှင့်သော်လည်းကောင်း ပြေလည်ဖွယ်မရှိရာ စကစအတွက် အကြပ်အတည်း ဖြစ်သည်။ စကစက ထိုအကြပ်အတည်းအား NLD/ NUG/ PDF မပါဝင်သည့် EAO များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပွဲထုတ်ရန်ကြိုးစားပြီး အာဆီယံကိုယ်စားလှယ်အား ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း စကစ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုသည် အောင်မြင်မှုမရခဲ့ပေ။
(ဆက်လက်ဖော်ပြပါမည်)
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စစ်ကောင်စီခေါင်းဆောင် လေသံပစ်
စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့
၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား