စကစ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
၂၀၂၁ ခုနှစ်အတွင်း ငြိမ်းချမ်းရေးကော်မတီ သုံးခုဖွဲ့ပြီး EAO များဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် စကစ ဥက္ကဋ္ဌကိုယ်တိုင် တွေ့ဆုံမည်ဟု ဖိတ်ခေါ်ခဲ့သည်။ NCA ထိုးထားသော ၇ ဖွဲ့၊ NCA မထိုးထားသည့် အဖွဲ့ ၃ ဖွဲ့က တွေ့ဆုံမည်ဟု စာရင်းပေးခဲ့၏။
လက်တွေ့တွင် NCA ထိုးပြီးသည့် အဖွဲ့ ၇ ဖွဲ့ တွေ့ဆုံခဲ့ပြီး RCSS, DKBA, KNU-PC အဖွဲ့ ၃ ဖွဲ့သာ ဥက္ကဋ္ဌများလာတွေ့ခဲ့ပြီး ကျန် ၄ ဖွဲ့မှ ဒုတိယတန်း ခေါင်းဆောင်များသာ လာတွေ့ရသည်။ ထို့ပြင် လာတွေ့သည့် LDU အတွင်းရေးမှူးအား LDU ဥက္ကဋ္ဌက တာဝန်က ဖယ်ရှားသည်ကို တွေ့ရသည်။ ထို ၇ ဖွဲ့ထဲမှ လက်ရှိ အင်အားရှိသည်ဟုဆိုရမည်မှာ RCSS တဖွဲ့သာရှိသည်။ RCSS မှာလည်း SSPP, UWSA, TNLA တို့နှင့် စစ်ရေးပဋိပက္ခဖြစ်ပြီး ရှမ်းမြောက်နှင့်ရှမ်းတောင်ရှိ နယ်မြေများမှ ဆုတ်ခွာပေးရသည့်အချိန်တွင် စကစနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
NCA မထိုးထားသော ၃ ဖွဲ့အနက် UWSA နှင့် NDAA တို့မှ ဒုဥက္ကဋ္ဌများ လာရောက်တွေ့ဆုံသည်။ ထိုနှစ်ဖွဲ့က ၎င်းတို့လိုလားသည့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့ကို တောင်းဆိုမှုရှိသော်လည်း တကယ်လက်တွေ့တွင် လက်ရှိအပစ်ရပ်ထားပြီး ၎င်းတို့ဒေသအား ၎င်းတို့အုပ်ချုပ်နေသည့် အနေအထားအား ခိုင်မာအောင် ပြုလုပ်သည်သာ ရှိသည်။ သီးခြားနိုင်ငံရေးအရ ဆက်လက်ဆွေးနွေးမည့် အလားအလာမတွေ့ရပါ။
SSPP ကတော့ တပ်စခန်းများ ဆုတ်ခွာရေးနှင့် ပတ်သက်၍ ပြေလည်မှုရှိပါမှ စကစ ဥက္ကဋ္ဌက တွေ့မည်ဟု ဆိုသည်။ လက်ရှိတွင် စစ်တပ်က SSPP အား အကြိမ်ကြိမ် ရာဇသံပေးနေသော်လည်း SSPP, UWSA မှ ဆုတ်ပေးရန်မရှိဘဲ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဖြစ်ရာ SSPP နှင့် စကစ တွေ့ဆုံရေးမှာ စကစဘက်မှ အလျှော့ပေးမှ ဖြစ်နိုင်မည်အခြေဆိုက်နေသည်။ သို့သော် ဇူလိုင်လကုန်ပိုင်းတွင်တော့ ပို၍တင်းမာနေသည်ကို တွေ့ရသည်။ နောက်ဆုံး ရာဇသံပေးနေသော စကစ က လေသံလျှော့ပြီး SSPP နှင့် တွေ့ဆုံလိုက်ရသည်ကို တွေ့ရ၏။
လက်ရှိ စကစသည် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေ့နေရာ တိုင်းရင်းသားများအခွင့်အရေး တစုံတရာ အလျှော့ပေးနိုင်ဖွယ်ရာရှိသည်ဟု ယူဆ၍ သွားရောက်တွေ့ ဆုံကြသည့်အခါ ဒို့တာဝန်အရေး ၃ ပါး၊ တပ်မတော်၏ နိုင်ငံရေးမူ ၆ ချက်နှင့် ၂၀၀၈ အခြေခံဥပဒေတို့မှ တပြားသားမှ မလျှော့ရာ စကစ၏ ဖက်ဒရယ်ဆိုသည်မှာ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည်ထက် မပိုကြောင်း တွေ့လိုက်ကြရသည်။
ထို့ပြင် လက်ရှိ စကစသည် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေ့နေရာ တိုင်းရင်းသားများအခွင့်အရေးနှင့် ပတ်သက်၍ တစုံတရာ အလျှော့ပေးနိုင်ဖွယ်ရာရှိသည်ဟု ယူဆ၍ သွားတွေ့သည့်အဖွဲ့အချို့လည်း ရှိသည်။ ယခုအခါ ဖက်ဒရယ်ဆိုသည်ကို ဆီမန်း မန်းသကဲ့သို့ ရေရွတ်လာသော စကစကြောင့် ဤသို့တွေးထင်ကြပုံရသည်။
သို့သော် လက်တွေ့သွားရောက်တွေ့ ဆုံကြသည့်အခါ စကစသည် ဒို့တာဝန်အရေး ၃ ပါး၊ တပ်မတော်၏ နိုင်ငံရေးမူ ၆ ချက်နှင့် ၂၀၀၈ အခြေခံဥပဒေတို့မှ တပြားသားမှ မလျှော့ရာ စကစ၏ ဖက်ဒရယ်ဆိုသည်မှာ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည်ထက် မပိုပေရာ စိတ်ပျက်လက်ပျက်ဖြစ်ကြရသည်ကို တွေ့ရှိရသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနှင့် လက်နက် ဆက်လက်ကိုင်လိုပါက စစ်တပ် သို့မဟုတ် နယ်ခြားစောင့်တပ်တွင်း ဝင်ရမည်ဟု စကစ ဥက္ကဋ္ဌက ဆိုခဲ့သဖြင့် တိုင်းရင်းသားအဖွဲ့များ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြ၏။ စကစ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်သည့်ရည်ရွယ်ချက်မှာ PDF အား ဦးတည်ချေမှုန်းနိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့များကို ခွဲထုတ်ပြီး အပစ်ရပ်ရန် ရည်ရွယ်ခြင်းသက်သက်သာ ဖြစ်သည်ကို တွေ့ရသည်။
ထို့ပြင် စကစ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လက်ရှိ စစ်အင်အားရှိပြီး တကယ်တိုက်ခိုက်နေသည့် တိုင်းရင်းသားအဖွဲ့များ မပါရာ တကယ်တမ်း ငြိမ်းချမ်းရေးလည်း မရနိုင်ပေ။ ပြည်တွင်းအကျပ်အတည်း ကြီးချိန်တွင် တိုင်းရင်းသားအဖွဲ့များအား လိုက်လျောမှုများပြုလုပ်ပြီး ပြည်တွင်းအခြေအနေကို ထိမ်းသိမ်းနိုင်ပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည်ဖိအားပေးနှိပ်ကွပ်သည့် မြန်မာစစ်တပ်၏အကျင့်နှင့် ရည်ရွယ်ချက်ကို ကောင်းစွာ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံခဲ့ဖူးသော တိုင်းရင်းသားအဖွဲ့များအနေနှင့် စကစ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို ယုံကြည်ကြရန် မဖြစ်နိုင်ပေ။
ထို့ပြင် လက်တွေ့စစ်မြေပြင်တွင် တိုင်းရင်းသားအဖွဲ့များနှင့် PDF များသည် အတူတကွ အပြန်ပေါင်းစပ်ပြီး ရပ်တည်နေကြရာ တိုင်းရင်းသားအဖွဲ့များအား သီးခြားခွဲထုတ်ပြီး အပစ်ရပ်ရန် မဖြစ်နိုင်ပေ။
စကစ၏ စစ်တပ်
လက်ရှိ စစ်တပ်အခြေအနေမှာ သမိုင်းတွင် အဆိုးဆုံးဖြစ်သည်။ တပ်ရင်းအလိုက် တိုက်ခိုက်ရေးအင်အား သိသာစွာလျော့ကျနေသည်။ တပ်တွင်း၌ သက်ကြီးရွယ်အို အချိုးအစား မြင့်တက်နေသည်။ တိုက်စိတ်ခိုက်စိတ် ကျဆင်းနေသည်။ တိုက်ရည်ခိုက်ရည် ကျဆင်းနေသည်။ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ မပါလျှင် ခြေလျင်တပ်က စစ်မတိုက်နိုင်တော့။ တပ်သားသစ်သာမက ဗိုလ်လောင်းပင် စုဆောင်းရန် အခက်အခဲရှိနေသည်။ လက်ရှိကာလတွင် မီးသတ်၊ ရဲနှင့် ဝန်ထမ်းများကို လုံခြုံရေးအင်အားများအဖြစ် စုစည်းနေသကဲ့သို့ ဒေသအသီးသီးတွင် ပြူစောထီးများ၊ ပြည်သူ့စစ်များ ဖွဲ့စည်းနေသည်။
လက်ရှိစကစ၏ စစ်တပ်သည် စည်းကမ်းပိုင်းအရ လိုက်နာမှုမရှိသော၊ ကျင့်ဝတ်ပိုင်းအရ ဂုဏ်သိက္ခာကင်းမဲ့သော စစ်တပ်ဖြစ်နေသည်။ ထိုသို့သော စစ်တပ်၏အနာဂတ်သည် ကောင်းနိုင်ဖွယ်ရာမရှိပေ။
စစ်ကြောင်းများသည် စစ်ဆင်ရေးဝင်ရောက်နယ်မြေများတွင် အရပ်သားပစ္စည်းများ ထင်သလို ယူဆောင်ခိုးယူလုယက်ခြင်း၊ အရပ်သားအိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေရာ ကျင့်ဝတ်နှင့် စည်းကမ်းမရှိသည့် စစ်တပ်ဖြစ်နေသည်။ မြို့ပြများတွင်လည်း ဝင်ရောက်ဖမ်းဆီးသည့်နေအိမ်များမှ အရပ်သားပိုင်ပစ္စည်းများအား ထင်သလို သိမ်းဆည်းယူဆောင်နေကြသည်။ ထို့ပြင် မသက်ဆိုင်သည့် အရပ်သားများဖမ်းဆီးပြီး ငွေညှစ်ခါ ပြန်ပေးဆွဲသကဲ့သို့ ပြုမူနေကြသည်။ သို့ဖြစ်ရာ လက်ရှိစကစ၏ စစ်တပ်သည် စည်းကမ်းပိုင်းအရ လိုက်နာမှုမရှိသော၊ ကျင့်ဝတ်ပိုင်းအရ ဂုဏ်သိက္ခာကင်းမဲ့သော စစ်တပ်ဖြစ်နေသည်။ ထိုသို့သော စစ်တပ်၏အနာဂတ်သည် ကောင်းနိုင်ဖွယ်ရာမရှိပေ။
တပြည်လုံးအနှံ့ ပုန်ကန်မှုများ
လက်ရှိ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တွေ့ရှိရမှုမှာ ကချင်ပြည်နယ်တွင် အရှေ့မြောက်ဘက်ရှိ ချီဖွေ၊ ပန်ဝါ၊ ဖီမော် ဒေသမှအပ တပြည်နယ်လုံးတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ကချင်ပြည်နယ်တွင် KIA, PDF တပ်ဖွဲ့များလှုပ်ရှားနေ၏။ ချင်းပြည်နယ်တွင် တပြည်နယ်လုံးနီးပါး ပုန်ကန်တော်လှန်မှု ဖြစ်ပွားနေသည်။ ချင်းပြည်နယ်တွင် CNF, CDF တပ်ဖွဲ့များလှုပ်ရှားနေ၏။ ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ စစ်ရေးတင်းမာမှုများ စတင်ခဲ့ပြီး ယခုအခါ ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကာ တပြည်နယ်လုံးတွင် စစ်ရေးတင်းမာနေ၏။ ရခိုင်တွင် ULA, AA တပ်ဖွဲ့ အဓိက လှုပ်ရှားနေသည်။ ကရင်နီ၊ ကရင်၊ မွန်ပြည်နယ်တို့တွင်လည်း ပြည်နယ်အနှံ့ တိုက်ပွဲများ ဖြစ်ပွားနေ၏။
ကရင်နီတွင် KNPP, KNDF, PDF တပ်ဖွဲ့များ၊ ကရင်နှင့်မွန်ပြည်နယ်တွင် KNU, PDF တပ်ဖွဲ့များ အဓိကလှုပ်ရှားနေသည်။ မွန်ပြည်သစ်ပါတီကတော့ တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိပါ။ ရှမ်းပြည်နယ်တွင်မူ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။ ရှမ်းမြောက်တွင် KIA, MNDAA, TNLA, SSPP, PDF တို့ လှုပ်ရှားနေ၏။ ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုက်ပွဲမရှိပေ။ မြန်မာစစ်တပ် တိုက်ပွဲလုံးဝမရှိသည့် ဒေသဟုဆို၍ရ၏။ သို့သော် ထိုဒေသတွင် UWSA, NDAA, SSPP စသည့် စစ်အင်အားတောင့်တင်းသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ရှိသည်။ RCSS ကမူ စကစနှင့် အပစ်ရပ်ထား၏။ ရှမ်းတောင်တွင် SSPP နှင့် စစ်ရေးတင်းမာမှုရှိနေပြီး မြန်မာစစ်တပ်က လိုက်လျောမှုမပြုပါက တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည်။
ပြည်မရှိ တိုင်းများကိုကြည့်ပါက စစ်ကိုင်းတွင် တတိုင်းလုံး တိုက်ပွဲများဖြစ်ပွားနေ၏။ မကွေးတိုင်းတွင် ဧရာဝတီအနောက်ခြမ်းရှိ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ သရက်ခရိုင်၊ မင်းဘူးခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ မန္တလေးတိုင်းတွင် မန္တလေးမြို့ပေါ်၊ မြင်းခြံခရိုင်၊ သပိတ်ကျင်းခရိုင်၊ ကျောက်ဆည်ခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ပဲခူးတိုင်းတွင် ပဲခူးအရှေ့ခြမ်း ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးရိုးမအနောက်ခြမ်းရှိ သာယာဝတီခရိုင်၊ နတ္တလင်းခရိုင်တို့တွင် PDF လှုပ်ရှားမှုနှင့် တိုက်ပွဲများတွေ့ရသည်။ ရန်ကုန်တိုင်းတွင် ရန်ကုန်မြို့ပေါ်သာမက နယ်များဖြစ်သည့် တိုက်ကြီးခရိုင်၊ တွံတေးခရိုင်၊ သံလျင်ခရိုင်တို့တွင်ပါ ဗုံးခွဲမှုများ၊ တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားနေသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကော့သောင်း၊ ဘုတ်ပြင်းဘက်တွင် လှုပ်ရှားမှုနည်းသည်။ တိုင်း ၇ တိုင်းအနက် ဧရာဝတီတိုင်းတွင်သာ လက်နက်ကိုင် လှုပ်ရှားမှု အနည်းဆုံးဖြစ်ပြီး ရခိုင်ရိုးမ အရှေ့ဘက်တကြောတွင်သာ လှုပ်ရှားမှုရှိသည်ကို တွေ့ရသည်။ တိုင်း ၇ တိုင်းတွင် အဓိက လှုပ်ရှားနေသည်မှာ PDF, PLA နှင့် ဒေသခံ PDF များဖြစ်ကြ၏။
စကစ၏ တပ်ဖြန့်ခွဲမှု
မြန်မာစစ်တပ်သည် တပြည်လုံးအား စစ်တိုင်းဌာနချုပ် ၁၄ ခုဖြန့်ခွဲပြီး တိုင်းစစ်ဌာနချုပ်အောက်တွင် စဗခ ခေါ် အခြေချ စစ်ဗျူဟာ၊ စဗဟ ခေါ် စစ်ဗျူဟာများဖြန့်ခွဲ့ပြီး တိုင်းတပ်များကို ဖြန့်ခွဲ့ချထားသည်။ နယ်မြေအတန်ငယ်ကျယ်ပြီး စစ်ရေးလှုပ်ရှားမှုရှိသော စစ်တိုင်း ၆ ခုတွင် စဗခ၊ စဗဟ များအပြင် ဒကစ ခေါ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဖွင့်လှစ်သည်ကိုတွေ့ရသည်။ စစ်တိုင်းအလိုက် အများဆုံး ၃၇ ရင်းထိ ခြေလျင်၊ ခြေမြန်တပ်များ ဖြန့်ခွဲထားရှိသည်။ စစ်တိုင်း ၁၄ ခုတွင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၂၀၀ ကျော်ရှိသည်။
တပ်မနှင့် စကခ တခုလျှင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ ရင်းစီဖြင့် ဖွဲ့စည်းထားပြီး တပ်ရင်း ၃၀၀ ရှိသည်။ ထိုအင်အားသည် မြန်မာစစ်တပ်၏ အဓိက မြေပြင်တွင် စစ်ဆင်ရေးလှုပ်နိုင်သည့် အင်အားဖြစ်သည်။ ထိုတပ်ရင်းများ ပျမ်းမျှစစ်ထွက်အင်အားမှာ ၁၅၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။
ထို့ပြင် ကကကြည်းမှ တိုက်ရိုက်ကွပ်ကဲသည့် တပ်မ ၁၀ ခုနှင့် စကခ ခေါ် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် ၂၀ ခု ဖွဲ့စည်းထားသည်။ တပ်မနှင့် စကခ တခုလျှင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ ရင်းစီဖြင့် ဖွဲ့စည်းထားပြီး တပ်ရင်း ၃၀၀ ရှိသည်။ ထိုအင်အားသည် မြန်မာစစ်တပ်၏ အဓိက မြေပြင်တွင် စစ်ဆင်ရေးလှုပ်နိုင်သည့် အင်အားဖြစ်သည်။ ထိုတပ်ရင်းများ ပျမ်းမျှစစ်ထွက်အင်အားမှာ ၁၅၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။
တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များနှင့် မထိန်းနိုင်သော နယ်မြေများသို့ ထိုတပ်မ၊ စကခ ၃၀ မှ တပ်များကို ဖြန့်ခွဲစေလွှတ်၍ စစ်ဆင်ရေးပြုလုပ်၏။ ထိုမြေပြင်တပ်များအား တိုင်းစစ်ဌာနချုပ် ၁၄ ခုတွင် ဖြန့်ခွဲချထားသည့် အမြောက်တပ်ရင်း ၁၀၀ ကျော်မှ အထောက်အကူပြု၏။ သို့ဖြစ်ရာ မြေပြင်စစ်ဆင်ရေးများတွင် ခြေလျင်၊ ခြေမြန်တပ်ရင်းများနှင့် အမြောက်တပ်ရင်းများသည် မြန်မာစစ်တပ်၏ အဓိက ကျောရိုးဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ လလယ်တွင်တွေ့ရသည့် မြန်မာစစ်တပ်၏ ဖြန့်ခွဲ့မှုမှာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်များအပြင် တပ်မ၊ စကခ ၃၀ အား အောက်ပါအတိုင်း ဖြန့်ခွဲမှုထားသည်ကို တွေ့ရ၏။
-ကချင်ပြည်နယ်တွင် တိုင်းတပ်များအပြင် စကခ ၃၊ စကခ ၂၁၊ တပ်မ ၃၃၊ တပ်မ ၈၈၊ စုစုပေါင်း တပ်မ၊ စကခ ၄ ခု။
-ချင်းပြည်နယ်တွင် တိုင်းတပ်များအပြင် စကခ ၁၉၊ စုစုပေါင်း စကခ ၁ ခု။
-ရခိုင်ပြည်နယ်တွင် တိုင်းတပ်များအပြင် စကခ ၅၊ စကခ ၉၊ စကခ ၁၅၊ တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၅၅၊ တပ်မ ၇၇၊ စုစုပေါင်း တပ်မ၊ စကခ ၇ ခု။
-ကရင်နီပြည်နယ်တွင် တိုင်းတပ်များအပြင် တပ်မ ၆၆၊ စုစုပေါင်း တပ်မ ၁ ခု။
-ကရင်နှင့် မွန်ပြည်နယ်တွင် တိုင်းတပ်များအပြင် တပ်မ ၄၄၊ စကခ ၆၊ စကခ ၈၊ စကခ ၁၃၊ စကခ ၂၀၊ စုစုပေါင်း တပ်မ၊ စကခ ၅ ခု။
-ရှမ်းမြောက်တွင် တိုင်းတပ်များအပြင် စကခ ၁၊ စကခ ၂၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၆၊ စကခ ၁၇၊ တပ်မ ၉၉၊ စုစုပေါင်း တပ်မ၊ စကခ ၇ ခု။
-ရှမ်းတောင်နှင့် ရှမ်းအရှေ့တွင် တိုင်းတပ်များအပြင် စကခ ၁၄၊ စကခ ၁၈၊ စုစုပေါင်း စကခ ၂ ခု။
-စစ်ကိုင်းတိုင်းတွင် စကခ ၄၊ စကခ ၁၀၊ စုစုပေါင်း စကခ ၂ ခု။
-မကွေးတိုင်းတွင် တပ်မ ၁၀၁၊ စုစုပေါင်း တပ်မ ၁ ခု
စသည်ဖြင့် တပ်မနှင့် စကခ ၃၀ လုံးအား ဖြန့်ခွဲ၍ စစ်ဆင်ရေးပြုလုပ်နေသည်ကို တွေ့ရ၏။ ရခိုင်နှင့် ရှမ်းမြောက်တွင် တပ်မ၊ စကခ ၇ ခုစီဖြင့် အများဆုံး တပ်ဖြန့်ခွဲ၍ ရင်ဆိုင်ထားသည်ကို တွေ့ရ၏။
ဤအချက်မှ တွေ့ရသည်မှာ စကစသည် လက်ရှိ ပြည်တွင်းတော်လှန်ပုန်ကန်မှုများကို ရင်ဆိုင်ရာတွင် တိုင်းစစ်ဌာနချုပ် တပ်ရင်းများသာမက တပ်မ၊ စကခ ၃၀ လုံးအား ဖြန့်ခွဲအသုံးပြုနေရသည်ကို တွေ့ရသည်။
တပ်အင်အား မလုံလောက်သည့်အတွက် ရှေ့တန်းထွက်နေသည့် တပ်မ၊ စကခ ၃၀ မှ နောက်တန်းဌာနချုပ် တပ်ခွဲများအား လက်ရုံးတပ်များမှ ထုတ်နုတ်အင်အားများဖြင့် ဖြည့်တင်းပြီး စစ်ကြောင်းများဖွဲ့စည်းခြင်း၊ လက်ရုံးတပ်များသက်သက်ကို ထုတ်နုတ်စုဖွဲ့ပြီး လက်ရုံးညွန့်ပေါင်းတပ်ခွဲများ ဖွဲ့စည်းပြီး ခြေလျင်၊ ခြေမြန် စစ်ကြောင်းများဖြင့် တွဲဖက်လှုပ်ရှားခြင်း ပြုလုပ်နေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ တပ်အင်အား မလုံလောက်သည့်အတွက် ရှေ့တန်းထွက်နေသည့် တပ်မ၊ စကခ ၃၀ မှ နောက်တန်းဌာနချုပ် တပ်ခွဲများအား လက်ရုံးတပ်များဖြစ်သည့် ထောက်ပို့၊ ဆက်သွယ်ရေး၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး၊ မော်တော်ယာဉ်၊ စစ်လက်နက်ပစ္စည်းတပ်၊ ကပစ၊ လေ့ကျင့်ရေး စသည်တို့မှ ထုတ်နုတ်အင်အားများဖြင့် ဖြည့်တင်းပြီး စစ်ကြောင်းများဖွဲ့စည်းခြင်း၊ လက်ရုံးတပ်များသက်သက်ကို ထုတ်နုတ်စုဖွဲ့ပြီး လက်ရုံးညွန့်ပေါင်းတပ်ခွဲများ ဖွဲ့စည်းပြီး ခြေလျင်၊ ခြေမြန် စစ်ကြောင်းများဖြင့် တွဲဖက်လှုပ်ရှားခြင်း ပြုလုပ်နေသည်ကို တွေ့ရ၏။ ထို့ပြင် ရဲများကို စစ်ဆင်ရေးတွင် အသုံးပြုခြင်း၊ ပသစများ၊ ပြူစောထီးများ ဖွဲ့စည်းခြင်းများကို ပြုလုပ်နေသည်ကို တွေ့ရသည်။
စကစ၏ တပ်ဖြန့်ခွဲမှုမှ တွေ့ရသည်မှာ ရှမ်းမြောက်နှင့် ရခိုင်စစ်မျက်နှာကို အထူးအလေးထား၍ တပ်စုဖွဲ့ထားသည်ကို တွေ့ရ၏။ ထို့ပြင် တနေရာရာတွင် တိုက်ပွဲများပြင်းထန်လာပါက တပ်မအလိုက်၊ စကခအလိုက် ထုတ်၍ အင်အားဖြည့်တင်းရန် မဖြစ်နိုင်သည်ကို တွေ့ရ၏။ အလွန်ဆုံး တပ်မ၊ စကခ တခုစီမှ တပ်ရင်း တရင်း၊ နှစ်ရင်းမျှလောက်သာ ထုတ်နုတ်နိုင်မည့် အခြေအနေသာရှိသည်ကို တွေ့ရသည်။ လောလောဆယ် တိုက်ပွဲမပြင်းထန်သည့် ဧရာဝတီတိုင်းရှိရာ နတခ စစ်တိုင်းမှ တပ်အချို့သာ ထုတ်နုတ်နိုင်မည့် အခြေအနေတွင်သာရှိ၏။ အခြားဒေသများမှ တပ်များထုတ်နုတ်ပါက ထိုဒေသတွင် အရေးနိမ့်မည့် အခြေအနေဖြစ်နေသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် ၂၀၂၁ မတိုင်မီကကဲ့သို့ ဒေသတခုတွင် တပ်အင်အားစုစည်းပြီး ထိုးစစ်ဆင်နိုင်မည့် အခြေအနေမရှိတော့ပေ။
လက်ရှိတွင် တပြည်လုံးအနှံ့ လက်လွတ်သွားသည့်စခန်းများကို မြန်မာစစ်တပ် ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း မရှိသည်ကို တွေ့ရ၏။ အဓိကအကြောင်းမှာ မြန်မာစစ်တပ်သည် တပြည်လုံးအနှံ့ တော်လှန်ပုန်ကန်မှုအား ရင်ဆိုင်ရန် စစ်အင်အား မလုံလောက်တော့ခြင်း ဖြစ်ပေသည်။
နယ်မြေအလိုက် ဖြန့်ခွဲသည့်တိုင်းတပ်များ၊ တပ်မ၊ စကခတပ်များဖြင့် မြို့ပြ၊ ဆက်သွယ်ရေးလမ်းကြောင်းနှင့် အရေးပါသောစခန်းကုန်းများ ထိန်းချုပ်နိုင်ရန်အတွက်သာ အလေးထားရသည့် ခံစစ်အခြေအနေသို့ တဖြည်းဖြည်း ဆိုက်ရောက်သွားပြီဖြစ်၏။ ထို့ပြင် ထိုခံစစ်ဆင်ရသည့်အခြေအနေတွင် လေတပ်အကူအညီ အဓိကရယူ ခံစစ်ဆင်ရသည့်အခြေအနေ ဆိုက်ရောက်သွား၏။ စစ်အင်အား မလုံလောက်သဖြင့် မြေပြင်မှ စစ်ကူပေးနိုင်ခြင်း မရှိတော့ပေ။ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနှင့် ခံစစ်ယူရသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
လက်ရှိတွင် တပြည်လုံးအနှံ့ လက်လွတ်သွားသည့်စခန်းများကို မြန်မာစစ်တပ် ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း မရှိသည်ကို တွေ့ရ၏။ အဓိကအကြောင်းမှာ မြန်မာစစ်တပ်သည် တပြည်လုံးအနှံ့ တော်လှန်ပုန်ကန်မှုအား ရင်ဆိုင်ရန် စစ်အင်အား မလုံလောက်တော့ခြင်း ဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါမည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၁)
ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု
၁နှစ်အတွင်း ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ကျနော်တို့ ထိန်းထားနိုင်ခဲ့တယ်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်
စစ်ကောင်စီကို အသက်ရှူကျပ်စေတဲ့ ကရင်နီမြေ
အင်အားဖြည့်နေသည့် စစ်တပ်နှင့် SSPP စစ်ရေးတင်းမာ